မြောက်ကိုရီးယားပေါ် ဒဏ်ခတ်မှု တရုတ်သဘောတူ

တောင်ကိုရီးယား အထူးသံတမန် Hwang Joon-kook (ယာ) နှင့် တရုတ်အထူးကိုယ်စားလှယ်Wu Dawei။ (ဓာတ်ပုံ - atimes.com)
မြောက်ကိုရီးယားနိုင်ငံပေါ် ကုလသမဂ္ဂက မကြာခင် ပိတ်ဆို့ဒဏ်ခတ်မှု တိုးမြှင့်ဖို့ ဆုံးဖြတ်ရင် လိုက်နာမယ်လို့ ကိုရီးယားကျွန်းဆွယ်ရေးရာ တရုတ်အထူးကိုယ်စားလှယ် ၀ူဒါဝေ (Wu Dawei) က တောင်ကိုရီးယား တာဝန်ရှိသူတွေကို ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံရောက် ၀ူဒါဝေဟာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာ တောင်ကိုရီးယား အထူးသံတမန် Hwang Joon-kook နဲ့ မနေ့ နေ့ခင်းပိုင်း တွေ့ရာမှာ ပြောကြားချက်ကို ကိုရီးယား ယွန်ဟတ်သတင်းက ရေးပါတယ်။ မစ္စတာ ၀ူက “မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်ပစ်မှုနဲ့ နျူကလီးယား စမ်းသပ်မှုတွေ လုပ်တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့ နှစ်နိုင်ငံက သဘောတူတယ်” လို့ ပြောပါတယ်။ နှစ်နိုင်ငံလုံးက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ပူးတွဲအားထုတ် ကြိုးပမ်းကြမယ်လို့ ဖြည့်စွက်ပြောပါတယ်။ မြောက်ကိုရီးယားက ဒီလဆန်းပိုင်း ဒုံးကျည်ပစ်လွှတ်မှုအပြီးမှာ တောင်ကိုရီးယားမှာ အမေရိကန် ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကျက်မယ့် အစီအစဉ်ကိစ္စလည်း ဆွေးနွေးကြဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကို တရုတ်က အပြင်းအထန် ဆန့်ကျင်နေပြီး ဒေသတွင်း တည်ငြိမ်မှုကို လျော့ပါးစေမယ်လို့ ပြောထားပါတယ်။ တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားအပေါ် သီးခြားစီ ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေလို တခြားကိစ္စတွေလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ မစ္စတာ ၀ူဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Yun Byung-seo နဲ့ တခြား လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး မတ်လ ၃ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up