Home
မြန်မာသတင်း
သေဒဏ်ကျ မြန်မာ ၂ ဦးကို ဗဟိုထောင်သို့ ပြောင်းရွှေ့
အေးနိုင်
·
January 28, 2016
ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး အသတ်ခံရမှုနဲ့ သေဒဏ်စီရင်ခံထားရတဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း (ဝေဖြိုး) တို့ကို ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင် ဘန်ခွမ် ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့  သူတို့ကို ထောင်ဝင်စာသွားတွေ့သူက ဒီဗွီဘီကို ပြောပါတယ်။ ဗြိတိန်နိုင်ငံသား ဒေးဗစ်မေလာ ၂၄ နှစ်နဲ့ ဟန်နာ ၀စ်သ်သာ ၂၃ နှစ်တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့ဖငန်းမြို့နယ် ခိုတောင်ကျွန်းကို အလည်လာရင်း မနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလူငယ် ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားလိုပြုလုပ် တရားစွဲဆိုခဲ့တဲ့အမှုတွေကို မနှစ်ဒီဇင်ဘာလ ၂၄ ရက်နေ့က စူရတ်ဌာနီခရိုင်တရားရုံးက လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ အမှုထိန်ချန်မှုစတဲ့အမှုတွေနဲ့ တပေါင်းတည်းသေဒဏ်ကျခံဖို့ စီရင်ခဲ့ပြီးနောက် သူတို့ကို ချုပ်နှောင်ထားရာ  ကော့စမွီအကျဉ်းထောင်ကနေ ၂၆ ရက်နေ့မှာ လုံခြုံရေး ပိုမိုတင်းကျပ်တဲ့ နခွန်စီထမရတ် ထောင်ကို ပြောင်းထားတာပါ။ လူငယ်နှစ်ဦးကို နခွန်စီထမရတ်ထောင်မှာ နှစ်ပတ်တကြိမ်ထောင်ဝင်စာသွားတွေ့နေသူ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မအေးမာချိုက “မနေ့က ကျမနဲ့ ထိုင်းရှေ့နေတယောက် နခွန်စီထမရတ် ထောင်ကိုလာပြီး ကလေးတွေနဲ့ဒီမနက် ၈ နာရီမှာ တွေ့ခွင့်တောင်းတယ်။ တောင်းတော့ နွန်ထဘူရီခရိုင် ဘန်ခွမ်ထောင်ကို ပြောင်းသွားတယ်။ အဲဒီမှာ အပြစ်ကြီးတဲ့သူတွေ ထားတာပေါ့နော်။ နခွန်စီထမရတ်မှာက ခနရွှေ့လာတဲ့သဘောပေါ့။ တလပြည့်လို့ရှိရင် ဘန်ခွမ်ထောင်ကို ပြောင်းသွားတာပေါ့နော်။ ထောင်ဝန်ထမ်းက ပြောတာ။” လို့ ပြောပါတယ်။ “ပြီးတော့ ဇော်လင်းနဲ့ ဝေဖြိုးတို့ရဲ့ပစ္စည်းတွေပေါ့၊ ကျမတို့လာတိုင်း သူတို့အတွက် စားသောက်တဲ့ဟာတွေပေါ့နော်၊ ငါးသေတ္တာတို့၊ ရေချိုးဆပ်ပြာတို့၊ အတွင်းခံတို့၊ ဖိနပ်တို့ဘာတို့ မုန့်တွေ၊ ဘာတွေ အချိုရည်တို့၊ နို့ချဉ်တို့တွေပေါ့နော် ၀ယ်ပေးထားတာတွေလည်း သူက ပေးသွားတယ်တဲ့၊ ငွေကိုလည်း လာတိုင်း (ကျမတို့) တယောက် ၂ ထောင် နှစ်ပတ်တခါ လာတိုင်း ထည့်ထားပေးတယ်လေ။ အဲဒါကိုလည်း သူက ဘဏ်ထဲ ပြန်လွှဲပေးမယ်တဲ့။ ထောင်မှူးက အဲလို ရှင်းလင်းလာတယ်။” လို့ ပြောပါတယ်။ ဘန်ကောက်ကို ပြန်ရောက်တဲ့အခါ ဒီလူငယ်နှစ်ဦး စိတ်ဓာတ်မကျဆင်းရလေအောင် ဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာသွားတွေ့နိုင်ဖို့ အမှုလိုက်ရှေ့နေတွေနဲ့ တွေ့ဆုံသွားမှာပါလို့ သူက ပြောပါတယ်။ မနှစ်စက်တင်ဘာလလယ်ပိုင်းက ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ ဗြိတိသျှလူငယ်နှစ်ဦး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး မြန်မာနိုင်ငံသား ရခိုင်လူငယ်နှစ်ဦး တရားစွဲခံရပြီး ခရိုင်တရားရုံးက သေဒဏ်စီရင်ထားတာပါ။ အမှုဖြစ်စဉ်ကာလတလျောက် ထိုင်းရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ချက်တွေအပေါ် ဝေဖန် ပြောကြားခံခဲ့ရသလို လူသတ်မှု၊ မုဒိမ်းမှုရဲ့ အဓိကအချက်ဖြစ်တဲ့ မျိုးရိုးဗီဇမတူကွဲပြားမှု၊ မျက်မြင်သက်သေမရှိဘဲ စီရင်ချက်အပေါ် မေးခွန်းထုတ်ခံနေရတာပါ။ မြန်မာနိုင်ငံသားတွေ သန်းနဲ့ချီအလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံတွင်းဖြစ်ပွားတဲ့  ဒီအမှုမှာ မြန်မာအစိုးရဘက်က လူအား၊ ငွေအား စိုက်ထုတ်ကုန်ကျခံပြီး မြန်မာသံရုံးအထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သလို ထိုင်းရှေ့နေများကောင်စီက လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ သေဒဏ်စီရင်ချက်ချပြီးနောက်မှာ စီရင်ချက်ကို မကျေနပ်လို့ မြန်မာနိုင်ငံတွင်း မြို့နယ်အတော်များများမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ လူငယ်နှစ်ဦးအတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မတိုင်မီ အယူခံတက်ရမှာဖြစ်ပါတယ်။ ဒီအမှုအယူခံမှာ မြန်မာဘက်က ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တဖွဲ့ ထပ်မံဖွဲ့စည်းပြီး လွန်ခဲ့တဲ့ ရက်ပိုင်းက လူငယ်နှစ်ဦးကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အယူခံနဲ့ပတ်သက်လို့ မြန်မာသံရုံးအထူးအဖွဲ့က ဦးအောင်မျိုးသန့်က “အယူခံအတွက်လေ မြန်မာပြည်က လူကြီးတွေက ဖုန်းဆက်လာတယ်၊ သူတို့အဖွဲ့က ဒီမှာလာပြီးတော့ အချက်အလက်တွေယူသွားတယ်။ ဟိုမှာလည်း ရေးနေတယ်။ ရှေ့နေများကောင်စီကလည်း ရေးတာနဲ့ပေါင်းပြီးတော့ အဲဒီအချက်အလက်တွေကို ပူးတွဲပြီးတော့ အယူခံတင်ဖို့လုပ်နေ ပါတယ်” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024