Home
မြန်မာသတင်း
ပဲခူးက မြေနိမ့်ရပ်ကွက်များတွင် ရေကြီး
DVB
·
July 23, 2011
ပဲခူးမှာ မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေလျှံရေကြီးနေတဲ့အတွက်  ရေဘေးဒဏ် ခံရသူတွေဟာ ယာယီဖွင့်ပေးထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်း နေထိုင်ရတာ ၂ ရက်လောက် ရှိနေပါတယ်။ [caption id="attachment_13168" align="alignleft" width="310" caption="ရေဘေးသင့်သူများကို​ ပရဟိတအလှူရှင်များ​​ ထမင်းထုပ်​ ​ဝေငှနေစဉ်"][/caption] မိုးများလို့ ပဲခူးမြစ်ရေတက်လာတဲ့အပြင် ဆည်ကိုပါ ဖောက်ချလိုက်တဲ့အတွက် မြေနိမ့်ရပ်ကွက်တွေမှာ ရေလျှံရေကြီးတာတွေ ဖြစ်ရတာလို့ ပဲခူးက ဒေသခံ လူငယ်တယောက်က ခုလိုပြောပြပါတယ်။ “မိုးရွာရင် ရေတက်မယ် ဒါက နှစ်စဉ်လို ဖြစ်နေတာလေ။ ရေထိန်းတံတား လွှတ်တော့မယ်ဆိုပြီး ရပ်ကွက်တွေမှာ အကြောင်းကြားတာလည်း ဘာမှ မရှိဘူး။ သူတို့လွှတ်ချင်ရင် လွှတ်ချလိုက်တာပဲ။ လွှတ်ချလိုက်တဲ့အခါကျတော့ အောက်မှာ ရှိတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေက အောက်ခြေ လူတန်းစားတွေက ဒုက္ခတွေ ရောက်ကုန်ရောပေါ့။ မဒေး ၁ လမ်း၊ အိုးလေးစု၊ စက်ပိုင်းမှာ ကြီးတယ်၊ ကျောက်ကြီးစု၊ ရွာသစ် အဲလို နေရာမျိုးတွေမှာ ရေကြီးတယ်။ “လက်ရှိ အတိုင်းအတာမှာ ရေဘေး ဒုက္ခသည်စခန်းက ၆ ခု ဖွင့်ထားတယ်။ ရွာသစ် အမက မူလွန်ကျောင်းမှာ တခု၊ ကျောက်ကြီးစု အလက ၁ မှာ တခု၊ ဇိုင်းဂနိုင်း တောင်ပိုင်းမှာ ရွှေဘုန်းပွင့် ဘုန်းကြီးကျောင်းမှာ တခု၊ ဇိုင်းဂနိုင်းတောင်ပိုင်း ကျောင်းသစ်ကျောင်းမှာ တခု၊ ကျွန်းသာယာမှာတခု၊ စေတနာ ဘုန်းကြီးကျောင်းမှာ တခု ဖွင့်ထားတယ်။ “စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့ အဆင်ပြေဖို့အတွက် အာဏာပိုင်အဖွဲ့က အကူအညီတော့ သိပ်မတွေ့ရသေးဘူး။ အဓိက တွေ့ရတာကတော့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမှုဝန်ထမ်းတွေပဲ တွေ့တယ်။ အထူးသဖြင့် ပရဟိတ ဆရာတော် ဦးကိတ္တိကတော့ ရေကြီးတဲ့ နေကစပြီး ထမင်းထုပ်တွေ ပို့တယ်။ ဆန်တွေဝေတယ်။” ဆည်က တာဝန်ရှိသူတွေဟာ ရေတွေ ဖောက်ချမယ်ဆိုတာ ရေစီးဆင်းရာ လမ်းကြောင်းက မြေနိမ့်ပိုင်းနေ ပြည်သူလူထုကို ကြိုတင် အကြောင်းကြား သင့်ပါလျက်နဲ့ အကြောင်းကြားတာတွေ မလုပ်ခဲ့ဘူးလို့ ရေဘေး ကယ်ဆယ်ရေး စခန်းမှာ ရောက်နေရတဲ့ ဒုက္ခသည်တွေ အချင်းချင်း ပြောနေကြတယ်လို့လည်း ပြောပြပါတယ်။ ဒီကနေ့ မနက်ပိုင်းအထိ ရေဘေးဒုက္ခသည် ၂ ထောင်ကျော်နေပြီး အိမ်ထောင်စုပေါင်း ၈၀ ကျော် လောက်လို့ သိရှိရပါတယ်။ ရေဘေးဒဏ်သင့်သူတွေအတွက် နေထိုင်စားသောက်ရေး အဆင်ပြေအောင်  ထမင်းထုပ်၊ ဆန်နဲ့ ခေါက်ဆွဲခြောက်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး စတာတွေကို သံဃာတော်တွေက ဦးစီး ဦးဆောင်ပြုပြီး  လှူဒါန်းပေးကမ်းနေပါတယ်။ ဆန်နဲ့ ခေါက်ဆွဲခြောက်တွေကို ရေဘေးဒုက္ခသည်တွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းနေတဲ့ ပရဟိတဆရာတော် ဦးကိတ္တိရဲ့ မျက်မြင် တွေ့ကြုံရသမျှကို စုံစမ်းမေးမြန်း လျှောက်ထားကြည့်တော့ … “ဒီကနေ့နဲ့ ဆိုရင်တော့ သုံးရက်ရှိသွားပြီ။ ရပ်ကွက်တွေမှာ နီးစပ်ရာ နေရာတွေပေါ့၊ ရွှေသာလျောင်းရယ်၊ လေးမျက်နှာဘုရားရယ်၊ နောင်တော်ကြီး ဘုရားရယ် အဲဒီနေရာတွေမှာ သူတို့က လာတက်နေတော့ ဘုန်ကြီးတို့က ကားတွေနဲ့ တက်လာပြီး ဒကာဒကာမတွေနဲ့ ၀ိုင်းဝန်းပြီး လှူကြတာပါ။ သူတို့ကို မေးကြည့်တော့ ဘယ်သူမှ မလာဘူးတဲ့ ဘုန်းကြီးတို့ပဲ ရောက်သေးတယ်တဲ့။ ကလျာဏီဘက် ဆိုရင် လူဦးရေပေါင်းက ၇၃၀ ရှိတယ်။ လေးမျက်နှာက အိမ်ထောင်စု ၁၇ စုက ၁၅၀ လောက် ရှိတာပေါ့။ နောက်တခုက အိမ်ထောင်စု ၈ စုက ၆၀-၇၀ လောက် ရှိပါတယ်။” အစိုးရပိုင်း တာဝန်ရှိသူတွေ အနေနဲ့ကတော့  ရေဘေးဒဏ်ခံပြည်သူတွေကို ဘုန်းကြီးကျောင်းတွေ ဘုရားတွေမှာ နေရာချထားပေးရုံပဲ လုပ်ပေးပါသေးတယ်။ လှူဒါန်း ကူညီလိုသူတွေအနေနဲ့ အာဏာပိုင်တွေဆီကနေ ဒုက္ခသည်စာရင်းကို တောင်းပြီး လှူဒါန်းရပါတယ်။ မိုးရွာသွန်းတာ နည်းသွားပြီး ဆည်ကရေတွေ မလွှတ်ချတော့ဘူး ဆိုရင်တော့ နောက် သုံးလေးရက်လောက်မှာ ရေကျသွားဖို့ မျှော်လင့်ကြောင်းလည်း ဆရာတော်က မိန့်သွားပါသေးတယ်။ ဒီနေ့ နေ့လည် တနာရီမှာ ပဲခူးမြစ်ရေတိုင်းတာချက်အရ  စိုးရိမ်ရေမှတ် ၉၁၀ ရောက်ဖို့ အဆစ် ၃ ဆစ်သာ လိုတော့ပြီး တနာရီကို ၈ ဆင်တီမီတာ ရေတက်နေတယ်လို့ သိရတဲ့အကြောင်း ပဲခူးဒေသခံလူငယ်က ထပ်ဖြည့်ပြောပါတယ်။ ဒေသခံ တော်တော်များများကတော့ နောက် လေးငါးဆယ်ရက်လောက်အထိ ရေမကျနိုင်သေးဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024