Home
မြန်မာသတင်း
ဥပဒေနှင့်မညီဘဲ ဆောက်နေသည့် အဆောက်အအုံများကို လွှတ်တော် စောင့်ကြည့်မည်
DVB
·
January 8, 2016
ဥပဒေစည်းမျဉ်းတွေနဲ့ မကိုက်ညီဘဲ ရန်ကုန်မှာတည်ဆောက်နေတဲ့ အထပ်မြင့် ဆောက်အအုံတွေကို ဥပဒေနဲ့ အညီဖြစ်အောင် ဆောင်ရွက်ပြီးတဲ့အထိ ရပ်ဆိုင်းထားဖို့ အရေးကြီးအဆိုကို ဇန်န၀ါရီ ၇ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ မရမ်းကုန်းမဲဆန္ဒနယ်က ဒေါက်တာမေ၀င်းမြင့်က တင်သွင်းခဲ့တာဖြစ်ပြီး ၀န်ကြီးဌာနတွေအနေနဲ့ အဆောက်အအုံဆောက်ချင်ရင် အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနဆီမှာ တင်ပြပြီး ပြည်ထောင်စု လွှတ်တော်ကိုလည်း တင်ပြရဦးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တည်ဆောက်နေတဲ့ အထပ်မြင့် အဆောက်အအုံဟာ ပြည်ထောင်စု လွှတ်တော်မှာ ခွင့်ပြုထားတာမရှိသလို မြို့တော်စည်ပင်ကလည်း လုပ်ငန်းရပ်ဆိုင်းဖို့ စာပို့ထားတယ်လို့  ဥပမာပေး ပြောဆိုသွားပါတယ်။ ဒီအဆိုကို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၄၆ မဲရှိပြီး ကန့်ကွက်မဲ ၂၀၊ ကြားနေ ၃၈ မဲပဲ ရှိတာကြောင့် ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ “ရန်ကုန်ဆေးရုံကြီးမှာ လူနာဆောင်ထပ်မံလိုအပ်နေပါတယ်။ ဒါကြောင့် Procedure (လုပ်ထုံးလုပ်နည်း) အတိုင်း ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိဆွေးနွေးချက်တွေအရ ဆောက်လုပ်နေတဲ့ အဆောက်အအုံကို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းအောင်က လွှတ်တော်ကို တင်ပြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတ၀န်းမှာ ဒီလို အဆောက်အအုံတွေ ရှိနေပြီး ဒါဟာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုင်နိုင်တာကြောင့် အဆိုကို မှတ်တမ်းတင်ထားပေးဖို့ အဆိုရှင် ဒေါက်တာမေ၀င်းမြင့်က လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ ဇန်န၀ါရီလ ၇ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို တာဝန်ယူ ကျင်းပနေတဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကတော့ မှတ်တမ်းတင်မှာ ဖြစ်တဲ့အပြင် ဒီလိုကိစ္စတွေကို စောင့်ကြည့်ဖို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024