ကျောက်တုံးကို ခြေနှင့်စမ်းကာ မြစ်ကို ဖြတ်သန်းခြင်း

အာဏာအလွှဲအပြောင်း မလုပ်ရသေးသော်လည်း လာမည့် အစိုးရသစ်အတွက် ဝေဖန် စောကြောမှုတွေက စတင်နေပြီ။ အဓိကက အန်အယ်လ်ဒီ အစိုးရသည် အများပြည်သူတို့၏ ကြီးမားသော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ပါမည်လား ဟူသောအချက်ဖြစ်၏။ ဤတွင် မလိုလားသော စိတ်အခံဖြင့် ဝေဖန်သူအချို့က လက်ရှိအစိုးရ မဖြေရှင်းနိုင်ခဲ့သည့် မြောက်မြားလှစွာသော ပြဿနာတို့ကို လာမည့်အစိုးရက ဖြေရှင်းပေးနိုင်မည်ဟု အားကိုး ယုံကြည်ရလောက်အောင် ၎င်းတို့၌ မည်သို့သော တန်ခိုးဣဒိ္ဓပါဒ်မျိုး ရှိသနည်းဟု မေးငေါ့ ပြောဆိုလျက်ရှိပြီး ထောက်ခံသူ၊ လိုလားသူတို့ကမူ ရင်ဆိုင်ရမည့် ပြဿနာများသည် ကြီးမားလေးလံလွန်းသည်၊ ဒါကို ဘယ်လိုများ ဖြေရှင်းနိုင်ပါ့မလဲဟု စိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။ အဲသည်လို ပူပန်လောက်စရာ ကြီးမားသည့် မြန်မာပြည်၏ ပြဿနာများ၊ သို့မဟုတ် လာမည့် အစိုးရ ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စရပ်များက အဘယ်တို့နည်း။ ပြဿ     နာက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည့် နယ်ပယ်စုံ၌ ရှိနေသည်။ ပထမ ကဏ္ဍနှစ်ခုကို ပေါင်းစပ်ကာ လူမှု-စီးပွား နယ်ပယ်ဟု စဉ်းစားလျှင် အဲသည်အောက်မှာ ဆင်းရဲ-ချမ်းသာ ကွာဟမှုပြဿနာ ရှိသည်။ သန်းနှင့်ချီသော ပြည်သူတို့ ဆင်းရဲတွင်း၌ နစ်မွန်းလျက်ရှိပြီး လက်တဆုပ်စာ လူတစုသည် မတန်တဆ ချမ်းသာကြွယ်ဝလျက် ရှိသည်။ အကြောင်းရင်းခံက ယခင်ခေတ်များက ကျင့်သုံးခဲ့သည့် အာဏာဖြင့် စီးပွားရှာသော အကျင့်ဆိုးကြောင့် ဖြစ်သည်။ ယင်းကြောင့် ဥစ္စာ-အာဏာသမားတို့က သူတပါးမြေယာကို မတရား သိမ်းပိုက်ခြင်း အပါအ၀င် လူ့အဖွဲ့အစည်းအတွင်း အနိုင်ကျင့် ကြီးစိုးမှု ပြဿနာတွေ ပေါ်ပေါက်လာသည်။ ထို့နောက် အဆိုပါ မတရားသော အာဏာ-စီးပွားစနစ်ကြောင့် ဖြစ်ပေါ်သည့် အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးမှု ပြဿနာ၊ ယင်းတို့နှင့် ဆက်စပ်၍ တရားဥပဒေစိုးမိုးရေး ချွတ်ခြုံကျမှု ပြဿနာ၊....စသည် စသည်များ ရှိနေသည်။ နိုင်ငံရေးနယ်ပယ်တွင် မပြီးဆုံးသေးသည့် အပစ်အခတ်ရပ်စဲရေး၊ ထို့နောက် ပစ်ခတ်တိုက်ခိုက်ရသော အဆင့်ထိ ရောက်ရှိစေသည့် အခြေခံ နိုင်ငံရေးပြဿနာများကို ညှိနှိုင်း အဖြေရှာရေးတို့အပြင် နိုင်ငံရေးရပ်တည်ချက် မတူညီမှုကြောင့် ဖမ်းဆီး အရေးယူခံရသည့် ကိစ္စရပ်များလည်း ရှိနေသည်။ ထို့ပြင် စီးပွားရေး၊ နိုင်ငံရေးတို့နှင့် ဆက်စပ် ဖြစ်ပေါ်သည့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ပြဿနာများလည်း ရှိသေးသည်။ ဥပမာ မြစ်ဆုံကိစ္စ၊ နယ်စပ်ဒေသရှိ လက်နက်ကိုင် ပဋိပက္ခ စသည်။ အသေးစိတ်တွေ ပြောလျှင် မနည်းမနော။ ဥပမာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဘယ်လိုလုပ်မည်လဲ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရား အဆင့်ဆင့်မှာ အဂတိတွေဖြင့် ချိတ်တွယ် ဆက်စပ်လျက် ရှိနေရာ သွားရှင်းလျှင် တနွယ်ငင်တစင်ပါ ဖြစ်ကုန်မည်။ တချို့ တိုင်းပြည်များမှာ အောက်ကကိစ္စရှင်းရင်း အထက်က ပုဂ်္ဂိုလ်တွေပါ အမှုထဲပါလာကာ ထွက်ပြေး တိမ်းရှောင်ကြတာမျိုး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥက္ကဋ္ဌကိုယ်တိုင်ကို အရေးယူရတာမျိုးတွေ ရှိသည်။ သည်မှာရော အဲဒါမျိုးတွေ ဖြစ်လာလျှင် ဘယ်လို လုပ်မည်လဲ၊ စသဖြင့် ပြောကြ ဆိုကြသည်။ အဲသည်တော့ အားလုံးရှင်းမလား၊ ဘယ်သူဘယ်ဝါကိုတော့ အကြောင်းအမျိုးမျိုး ထောက်ကာ ချန်ထား၊ ဆိုတာမျိုး လုပ်မလား၊ အဲသလို ရှင်းတ၀က် မရှင်းတ၀က် လုပ်တာမျိုးကော ဖြစ်နိုင်မလား စသဖြင့် ဝေဖန်ကြသည်။ ကမ္ဘာ့ဂန္ထ၀င်ထဲမှာတော့ အဲသည်လို အားလုံး ငြိတွယ်ချိတ်ဆက်နေသည့် အရှုပ်ထုပ်၊ အညစ်အကြေးထုပ်ကြီးမျိုးကို ရှင်းလင်းသည့် နည်းလမ်းတခုရှိသည်။ ဂရိ ဒဏ္ဍာရီတွင် ဘုရင် အောဂျီးယပ်(စ)၌ ဧရာမ နွားခြံနှင့် နွားတင်းကုပ်များရှိသည်။ သူ့နွားခြံ၌ နွားကောင်ရေ ထောင်ချီရှိသည်။ အဲဒါတွေကို အစာကျွေး၊ ရေတိုက်ထားသော်လည်း အညစ်အကြေးများကို နှစ်ပေါင်း ၃၀ လုံးလုံး ရှင်းလင်းသုတ်သင်ခြင်း မပြုသဖြင့် နွားခြံတခုလုံး နွားချေး၊ နွားကျင်ငယ်ရေ အဟောင်းအသစ်တွေနှင့် နွားစာအကြွင်းအကျန်တွေ ရောပေါင်းပြီး အညစ်အကြေး အဆောက်အအုံကြီးဖြစ်ကာ ၀င်မရ ထွက်မရအောင် ဖြစ်နေသည်။ အဲဒါကြီးကို ရှင်းလင်းပေးရန် လူစွမ်းကောင်း ဟာကျူလီအား အပ်သည့်အခါ ဟာကျူလီက ဦးစွာ နွားခြံ ဟိုဘက်ထိပ် သည်ဘက်ထိပ် အကာအရံများကို ဖြိုဖျက်ပစ်သည်။ ပြီးလျှင် မလှမ်းမကမ်းရှိ မြစ်နှစ်စင်းမှ ရေကို တူးမြောင်းဖောက်၍ သွယ်ကာ နွားခြံတွင်း ဒလဟော စီးဆင်းစေသည်။ နွားတွေ စားကျက်သို့ ထုတ်ထားသဖြင့် မသေမကျေ။ သို့သော် နွားခြံရော တခြံလုံးရှိ အမှိုက်သရိုက်များပါ ရှင်းပြောင်သွားသည်။ အဲဒါကို အောဂျီယပ်(စ) နွားခြံကို ဟာကျူလီ ရှင်းလင်းသောနည်းဟု ခေါ်ဝေါ်ကြသည်။ ယခုလည်း အဲသည်လို ရှင်းမည်ဆိုလျှင် အဂတိ အညစ်အကြေးတွေရော၊ အဂတိလိုက်စားသူတွေပါ အားလုံး ရှင်းသွား ပြောင်သွားနိုင်သည်။ သို့သော် အဲဒါဆိုလျှင် အမျိုးသားရင်ကြားစေ့ရေး၊ အဟောင်းအသစ်များ သင့်မြတ်ရေးတွင် ထိခိုက်သွားနိုင်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေအရ လာမည့်အစိုးရ ရင်ဆိုင်ရမည့် ပြဿနာက သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုချိန်ဆ ဆောင်ရွက်ကြမည်လဲ ဆိုတာပဲ ဖြစ်သည်။ “ချိန်ဆ” ရမည်။ သင့်မြတ်ရေးကို အလေးပေးကာ လိုအပ်တာထက် ညှာတာမည်၊ အထူးအခွင့်အရေးတွေ ပေးမည်ဆိုလျှင် ပြုပြင်ပြောင်းလဲရေး အောင်မြင်မည်မဟုတ်။ ပြုပြင်ပြောင်းလဲရေးကို အလေးထားကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ယန္တရားထဲက အမှိုက်သရိုက်တွေ အားလုံး ရှင်းမည်ဆိုလျှင် သင့်မြတ်ရေးကို ထိခိုက်မည်။ အဲသည်တော့ ရှင်းတန်တာရှင်း၊ ရှောင်တန်တာရှောင်ကာ ဖြတ်သန်းရမည့် သဘောဖြစ်သည်။ အမှိုက်သရိုက် ရှင်းရင်းက ဆူးငြောင့်ခလုတ်ကို နင်းမိလျှင် အန္တရာယ် ဖြစ်နိုင်သည် မဟုတ်လား။ ကြီးကြီးကျယ်ကျယ် ပြောလျှင်တော့ ဒါသည် အကူးအပြောင်း၊ သို့မဟုတ် အပြောင်းအလဲများမှာ ကြုံရတတ်သည့် ပြဿနာ  သို့မဟုတ် အန္တရာယ်တခု ဖြစ်သည်။ သို့သော် ဒါကို ရှောင်လွှဲ၍မရ။ နောက်တွန့်နေ၍လည်း မဖြစ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီကို မဖျက်ဘဲ ကွန်မြူနစ်စနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ စမ်းသပ် ပြောင်းလဲခဲ့သည့် တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန် ပြောခဲ့သော စကားတခု ရှိသည်။ ရေအောက် ကျောက်တုံးတွေ စမ်း၍ နင်းကာ မြစ်ကို ဖြတ်သန်းခြင်း ဟူသော စကား။ အသွင်ကူးပြောင်းခြင်းဟူသည် မလွယ်ကူ။ ယခင် အတွေ့အကြုံ မရှိခဲ့သော အလုပ်ကို လုပ်ရတာ ဖြစ်သည်။ အန္တရာယ်ရှိသည်။ သို့သော် မလုပ်လျှင်လည်း မဖြစ်။ ထို့ကြောင့် သတိဝီရိယထားကာ တလှမ်းချင်း လှမ်းရလိမ့်မည်ဟူသော အဓိပ္ပာယ်။ ယခုလည်း အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းမည့် ကျနော်တို့၏ရှေ့မှာ မြစ်တစင်း ရှိနေပြီ။ မြစ်က ဘယ်လောက် ရေစီးသန်မည် မသိ။ ရေက ဘယ်နားမှာတိမ်၍ ဘယ်နေရာတွင် ရုတ်တရက် ချောက်တခုလို နက်ရှိုင်းသွားမည်မသိ။ မြစ်ထဲမှာ ကျောက်တုံး ကျောက်ခဲတွေလည်း အပြည့်အနှက် ရှိနေသည်။ ဒါတွေကို စမ်း၍ နင်းရလိမ့်မည်။ သို့သော် ကျောက်တုံးဆိုတာက တခုလုံး ရေညှိတွေဖုံးလျက်၊ တက်နင်းလျှင် ခြေချော်ကျအောင် ချောနေတာမျိုးလည်း ဖြစ်နိုင်သည်။ ထက်ရှသော ဇောင်းတွေကြောင့် ခလုတ်တိုက်မိလျှင် ခြေထောက်အက်သွား ကွဲသွား ပဲ့ရွဲ့သွားတာမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် တဘက်ကမ်းမှာ လှပသော အနာဂတ် ရှိနေသည်။ သည်ဘက်မှာက ခါးသီးသော အတိတ်။ သည်အတိတ်ကို စွန့်ခွာကာ အန္တရာယ်ပေးနိုင်သော ကျောက်တုံး ကျောက်ခဲများကို ခြေနင်းတုံးများအဖြစ် အသုံးပြုလျက် မသိကျွမ်းသေးသော မြစ်ကို သတိ ၀ီရိယဖြင့် ဖြတ်သန်းကြရပေလိမ့်မည်။ ဖေမြင့် ၂၇၊ ၁၂၊ ၂၀၁၅ (ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၆၊ ဖေမြင့် ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ဖော်ပြသည်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up