Live
Home
မြန်မာသတင်း
ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ဒုတိယအများဆုံး ထုတ်လုပ်ရန် လျာထား
DVB
·
December 31, 2015
အမျိုးသားလျှပ်စစ်ဓာတ်အား ပင်မစီမံချက်အရ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ဒုတိယ အများဆုံး ထုတ်လုပ်ဖို့ လျာထားတယ်လို့ လျှပ်စစ် ဒု-ဝန်ကြီး ဦးအောင်သန်းဦး က ပြောပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့တာပါ။ “လျှပ်စစ်ကို အဓိကအနေနဲ့ ရေအားနဲ့ ကျောက်မီးသွေးကနေ ထုတ်လုပ်မှာဖြစ်ပါတယ်။ ရေအားက မဂ္ဂါဝပ် ၉ ထောင်လောက်ထုတ်လုပ်မှာဖြစ်ပြီး ကျောက်မီးသွေးကတော့ မဂ္ဂါဝပ် ၈ ထောင်လောက် ထုတ်မှာ ဖြစ်ပါတယ်။ ရေအားက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ်ဆိုရင် တည်ဆောက်ချိန်ကြာမြင့်တာ၊ ရင်းနှီး မြှုပ်နှံမှုပမာဏများတာ၊   ရာသီမရွေး ရေအပြည့်အဝရဖို့ လိုတာ စတဲ့ အခက်အခဲတွေ ကြုံရမယ်” လို့ ဒု ၀န်ကြီးက ပြောပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားထုတ်မယ်ဆိုရင်တော့ တစ်ယူနစ်မှာ ထုတ်လုပ်မှုစရိတ် ၁၇၀ ကျပ် လောက် ရှိမှာ ဖြစ်ပြီး ဓာတ်ငွေ့မလုံလောက်သေးဘူးလို့ သူက ပြောပါတယ်။ နေနဲ့ လေက ထုတ်မယ်ဆိုရင်လည်း ကုန်ကျစရိတ်များတယ်လို့ သူက ဆက်ပြောပါတယ်။ ကျောက်မီးသွေးနဲ့ ထုတ်မယ်ဆိုရင်တော့ ပျမ်းမျှ ဓာတ်အားခ တစ်ယူနစ်မှာ ဒီနေ့ ငွေပေါက်ဈေးနဲ့ ကျပ် ၁၀၀ ကျော်ပဲ ကုန်မှာဖြစ်ပြီး တည်ဆောက်ချိန် လေးနှစ်လောက်ပဲ လိုမယ်လို့ ဒု ၀န်ကြီးက ပြောပါတယ်။ အမျိုးသားလျှပ်စစ်ဓာတ်အားပင်မစီမံချက် National Electricity Master Plan ကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ ပညာရှင်တွေက ရေးဆွဲပြီး ၂၀၃၀-၃၁ ဘဏ္ဍာနှစ်မှာ တနိုင်ငံလုံး ဓာတ်အား ရရှိဖို့ စက်တပ်ဆင် အင်အား ၂၃၅၆၁ မဂ္ဂါဝပ်ရှိအောင်  ရေးဆွဲထားတယ်လို့ သူက ဆိုပါတယ်။ နိုင်ငံအနေနဲ့ နှစ်စဉ် ဓာတ်အားလိုအပ်ချက် ရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်းအထိ ရှိနေတာပါ။ အဲဒါကြောင့် နှစ်စဉ် စက်တပ်ဆင်အင်အား ၈၀၀ မဂ္ဂါဝပ်က ၁၀၀၀ မဂ္ဂါဝပ်အထိ တိုးတက် တည်ဆောက်သွားမှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်မှာ တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိမယ်လို့လည်း ဒု  ၀န်ကြီးက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024