မြန်မာလူငယ်နှစ်ဦးအပေါ် သေဒဏ်ချမှတ်မှု ကော့သောင်းစက်လှေသမားများ မပြေးဆွဲဘဲ ဆန္ဒပြ
DVB
·
December 27, 2015
ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး တနင်္သရီတိုင်း ကော့သောင်းမြို့က စက်လှေသမားတွေ ဒီကနေ့ ထိုင်းနိုင်ငံ ရနောင်းမြို့ကို စက်လှေတွေ မပြေးဆွဲတော့ပဲ ဆန္ဒပြကြပါတယ်။
ကော့သောင်းမြို့မှာ စက်လှေအစီးပေါင်း ၁၂၀ လောက်ရှိပြီး ဒီကနေ့ ဆန္ဒပြခဲ့ကြတယ်လို့ ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်မောင်ကဒီဗွီဘီကို ပြောပါတယ်။
“စက်လှေတွေကတော့ ဆန္ဒပြတဲ့အနေနဲ့ မပြေးဆွဲကြတော့ဘူး၊ ထိုင်းက စက်လှေတွေကတော့ တစ်စီး၊ နှစ်စီး သွားလာတာတော့ တွေ့တယ်လို့ ဆိုပါတယ်။ စက်လှေသမားတွေအနေနဲ့ ဒီကနေ့ တရက်တည်း ဆန္ဒပြကြမှာ ဖြစ်ပါတယ်။"
လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ အမိန့်ချလိုက်တဲ့အပေါ်မှာ ကော့သောင်း နယ်ခံတွေကလည်း တရားမမျှတဘူးဆိုတဲ့အမြင်နဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ ဦးမြင့်မောင်က ဆိုပါတယ်။ ဆန္ဒပြဖို့အတွက် ဒေသခံ အစိုးရ တာဝန်ရှိသူထံမှာ ခွင့်ပြုချက် ရထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ဇော်လင်း နဲ့ ၀င်းဇော်ထွန်းတို့ကို ဗြိတိန်နိုင်ငံသား ၂ ဦးအား သတ်ခဲ့တဲ့ အမှုနဲ့ ကော့စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။