Home
မေးမြန်းခန်း
တိုင်းပြည်ရဲ့လမ်းကြောင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့မှပဲ ပြီးမယ့်အပိုင်းမှာ ရှိတယ် - ချင်းအမတ် ဦးကျွန်းခဲန်း
အေးနိုင်
·
December 7, 2015
ဒီနှစ် နှစ်လယ်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြစဉ် မအောင်မမြင် ဖြစ်ခဲ့ရစဉ်တုန်းက အောင်မြင်ချင်ရင်  ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေထံ သွားရောက် နည်းနာခံလိုက်ဖို့ပဲ ရှိတော့တယ်ဆိုပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်းက လွှတ်တော်မှာ ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒီနောက် နိုဝင်ဘာရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ အနိုင်ရပါတီ ခေါင်းဆောင်ဟာ ဦးသန်းရွှေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ၂ နာရီခွဲကြာမြင့်တဲ့ တွေ့ဆုံပွဲအပြီးမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ‘မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်တယ်။ တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီဖြစ်ထွန်းတိုးတက်မှုနဲ့ ပတ်သက်လို့ ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက အခုချိန်ထိကို မြန်မာ့စစ်ရေး၊ နိုင်ငံရေးမှာ လွှမ်းမိုးနေတုန်းပဲလို့ ဦးကျွန်းခဲန်းမြင်လား။ “အခု ကျနော်တို့ ပြောရမယ်ဆိုရင် အခုအစိုးရလည်း ဒီမိုကရေစီအုပ်စိုးတဲ့ ပုံစံတော့ မဟုတ်သေးဘူးပေါ့နော်။ တပ်မတော်က ၂၅ ရာခိုင်နှုန်းလည်းပါတယ်။ နောက်ထပ် ပုဒ်မ ၄၃၆ ကလည်း တပ်မတော်က တယောက်တလေမှ မပါဘူးဆိုရင် မပြောင်းလဲနိုင်ဘူးဆိုတဲ့ အခြေအနေမှာ ရှိတဲ့အခါကျတော့ အဲဒီဟာ ဒီတပ်မတော်ကို ကွပ်ကဲတဲ့ အခုလောလောဆယ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြေတောင်မြှောက်ပေးတဲ့လူက ဘဘ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်း ဖြစ်နေတယ်။ အဲဒီအခါကျတော့ ဒီကိစ္စကို ပြင်မယ်ဆိုရင်လည်းပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မနည်းနာဘဲနဲ့ သူ့ရဲ့အာဘော်ကို မခံယူဘဲနဲ့၊ သူ့သဘောထား မခံယူဘဲနဲ့ မတည်မြဲဘူးလို့ပဲ ကျနော်ယူဆနေတယ်။ ကျနော့်အယူအဆက မှားရင်လည်း မှားမှာပေါ့နော်၊ ကျနော့်တယောက်တည်း အနေနဲ့နော် အဲလိုပဲ ယူဆနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီကို ကြည့်လိုက်လို့ရှိရင် သူ့ရဲ့နောက်ကွယ်မှာ တပ်မတော်ရှိတယ်ဆိုတာ လူတိုင်းလူတိုင်းလည်း သိနေတယ်၊ ဒါ မြင်နေတယ်။ ကျနော်အပါအ၀င်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ခုန ကျနော်တို့ နေ့လယ်ပိုင်း (ဒီဇင်ဘာ ၇ ရက် နေပြည်တော်) ဆွေးနွေးပွဲ လုပ်ပေးတဲ့အခါမှာ ကျနော်တော့ မသိဘူး၊ သူများပြောတာကြားတာမှာ ဘယ်လိုပြောလဲဆိုတော့ သမ္မတ ဦးသိန်းစိန်ရယ်၊ သူရရွှေမန်းရယ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဲဒါကို သန်းရွှေက ခေါ်ပြီးမှ ‘မင်းတို့ တိုင်းပြည်ကို ကောင်းကောင်းထိန်းကြ၊ မထိန်းနိုင်ဘူးဆိုရင် ငါပဲ ပြန်ဝင်မလား’ ဆိုပြီးတော့ နည်းနည်း သတိပေးတာတွေလည်း နည်းနည်းပြောသံကြား၊ အဲလိုနဲ့ ကျနော် ပြန်ကြားရတယ်ဗျ။ ဒါပေမယ့် အဲဒါလည်း ဟုတ်မဟုတ်တော့ မသိဘူးပေါ့နော်၊ ကောလာဟလလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ အဲလိုဖြစ်တဲ့အခါကျတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျနော့်အမြင်ကတော့ သူရှိနေသရွေ့ ကာလပတ်လုံးတော့ တပ်မတော်ရဲ့ ဖခင်ကြီးပဲ ဖြစ်သေးတယ်။ ကျနော်တို့တိုင်းပြည်အနေနဲ့လည်း ဖခင်ကြီးပဲဆိုလည်း မမှားဘူးပေါ့နော်။ ကျနော် အဲလိုပဲ ယူဆတဲ့အခါကျတော့ သူကပဲ နည်းနည်းတောင် မဟုတ်တောင်မှပေါ့နော် တိုင်းပြည်ကိုတော့ နည်းနည်း ပါဝါတော့ ရှိသေးတယ်လို့ အဲလိုပဲမြင်တယ်။ အဲလိုပဲမြင်တယ်။” အပြင်မှာ ဝေဖန်ကြတဲ့ကိစ္စ။ အန်ကယ်က လွန်ခဲ့တဲ့ခြောက်လလောက်က ပြည်ထောင်စုလွှတ်တော်မှာ ဒဲ့ကြီးကို ဦးသန်းရွှေကို နာမည်တပ်ပြောခဲ့တယ်။ ဒီနောက် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရတယ်။ အနိုင်ရပါတီခေါင်းဆောင်ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ခွင့်တောင်းပြီး တွေ့ခဲ့ကြတယ်။ အနိုင်ရပါတီခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီးကို ဘယ်လိုအရာထားပြီး တွေ့တာလို့ ထင်လဲ။ “ဟုတ်တယ်၊ ကျနော်ခန့်မှန်းတာကတော့ အဓိက အဲဒါပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့လမ်းကြောင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့မှပဲ ပြီးမယ့်အပိုင်းမှာ ရှိတဲ့အခါကျတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့မှာ အကြီးအကဲဖြစ်နိုင်တဲ့ အရည်အချင်း ရှိရဲ့သားနဲ့ သူက မဖြစ်နိုင်တဲ့အပိုင်းမှာ ရှိနေတဲ့အခါကျတော့ သူကိုယ်တိုင်ကလည်း မေးလည်း မေးသင့်တယ်လို့ ထင်တယ်။ နောက် မေးလည်း မေးကောင်းမယ်လို့ ကျနော်ထင်တယ်။ နောက် မေးလည်း မေးသင့်တယ်လို့ ကျနော်ယူဆယ်၊ ဘာဖြစ်လို့လဲဆိုတော့ အခု အစိုးရအသစ် တက်လာမယ့်ပုဂ္ဂိုလ် အားလုံးထဲမှာ ဒေါ်အောင်ဆန်းစုကြည်လောက် နာမည်ကြီးတဲ့လူလည်း မရှိဘူး။ နောက် တိုင်းပြည်ကိုတော့ လက်ရှိအနေအထားနဲ့ဆိုရင်တော့ သူကပဲ ကိုင်တွယ်နိုင်မယ်လို့ ကျနော်မြင်တယ်။ နောက် သူကိုယ်နှိုက်က ကိုင်တွယ်နိုင်မယ်ဆိုတာက သူတဦးတယောက်တည်း မဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့  သူ ဆက်ဆံပြီးသားလည်း ဖြစ်တဲ့အခါကျတော့ သူက နိုင်ငံတကာရဲ့ အမြင်ကလည်း နည်းနည်း အကြံဉာဏ်လည်း တောင်းရင်းနဲ့၊ နောက် ပြည်တွင်းက အကြံဉာဏ်နဲ့ ပူးပေါင်းပြီးမှ တိုင်းပြည်ကို တည်ငြိမ်အောင် သူ ဦးဆောင်သွားနိုင်မယ်လို့ ကျနော်ယူဆတယ်။ ဒါပေမယ့်လို့ အခုလောလောဆယ်တော့ သူ့မှာ အဲလိုအနေအထားမှာ ရောက်နိုင်တဲ့ အခြေအနေ မရှိသေးတဲ့ အခါကျတော့ သူလည်း အဲလိုပဲ သွားပြီးမှ မေးမြန်းသလားတော့ မပြောတတ်ဘူး။” အန်အယ်လ်ဒီက ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ တိုင်းရင်းသားနယ်တွေမှာပါ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာ တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့အစိုးရ တက်လာရင် ချင်းတိုင်းရင်းသားပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက် အနေနဲ့ ဘာဖြစ်ချင်လဲ။ ဘယ်လိုကြံရွယ်ထားလဲ။ “ဟုတ်ကဲ့ ပြိုင်ပွဲထဲမှာလည်း ကျနော်လည်း ရှုံးတဲ့အထဲမှာ ပါတဲ့အခါကျတော့ ကျနော်တို့ တိုင်းရင်းသား အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပဲ၊ သူ့ဆီမှာတော့ ကျနော်တို့ ပူးပေါင်းဖို့ကတော့ ကျနော်တို့ အာသီသရှိပြီးသားပေါ့နော်။ အခု ပြိုင်တဲ့အခါကျတော့ အဲလိုပဲ သူ့ပါတီထဲမှာ မဟုတ်တဲ့အခါကျတော့ အဲဒီပါတီထဲမှာ ၀င်ပြိုင်ခွင့်ပါတဲ့ ချင်းအမျိုးသားထဲကပေါ့နော်၊ မဟုတ်ရင်လည်း တိုင်းရင်းသားထဲကနေ၊ ကျနော်တို့ရဲ့ လိုအင်ဆန္ဒအတိုင်း သူတို့ ပြောရဲပါ့မလားဆိုတာ ကျနော် နည်းနည်းစိုးရိမ်တယ်။ ကျနော်တို့ အရင်တုန်းက လွတ်လွတ်လပ်လပ်လုပ်တယ်။ အားမနာတမ်း အဲလိုပဲ ပြောချလိုက်တာလေ။ ဒါပေမယ့် အခု ဒီတိုင်းရင်းသားထဲက အန်အယ်လ်ဒီထဲမှာ ပါဝင်တဲ့ ပါတဲ့လူတွေကကျတော့ အဲလိုပဲ ဘွင်းဘွင်းကြီး ပြောရဲပါ့မလားဆိုတာ အဲဒါတော့ နည်းနည်းတော့ စိုးရိမ်စိတ်ရှိတဲ့ သဘောမှာ ရှိပါတယ်။” နိုင်ငံရေးပါတီတွေရဲ့ ခေါင်းဆောင်တွေ အမြောက်အမြားရှိတဲ့အနက် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမှာရော၊ ကမ္ဘာမှာရော ဘာဖြစ်လို့ ဒီလောက်တောင် နာမည်ကြီးပြီး ထင်ရှားနေတာလို့ ထင်ပါသလဲ။ “ကျနော့်အမြင်ကတော့ သူ့ရဲ့ နောက်ခံသမိုင်းပေါ့နော်။ နောက်ခံသမိုင်းအရ လူထုက သူ့ကို သနားတာလည်းပါတယ်။ ဘာလို့လဲဆိုတော့ သူက အမျိုးသမီးတယောက်ဖြစ်ပြီး ၁၅ နှစ်ကျော်ကျော်လောက် အချုပ်ထဲမှာပေါ့နော်၊ အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ အကျဉ်းပဲဖြစ်ဖြစ် အဲလိုနေရတဲ့အခါကျတော့ လူထုကနေပြီးတော့ သူ့အပေါ်မှာ သနားစာနာစိတ်တော့ ရှိတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ ကျနော် စည်းရုံးရေးသွားတဲ့အခါမှာ သူ အောင်ဆန်းစုကြည်ဓာတ်ပုံနဲ့ ပုံနဲ့ပေါ့နော် အဲလို ပိုစတာကပ်ထားတာ၊ အဲဒီအောက်မှာ အဖွားကြီးတယောက်က ထိုင်နေတယ်။ ကဲ အဲဒါ အဖွားကြီး၊ ဒီပုံက ဘယ်သူ့ပုံလဲလို့ ကျနော် မေးလိုက်တဲ့ အခါကျတော့ ဒါက အောင်ဆန်းစုကြည်ပုံပါတဲ့။ အော် ဟုတ်လားလို့ သူ ဒီမှာ မဲပုံးထောင်မလားဆိုတော့ မဲပုံးထောင်မရတဲ့ ချင်းပြည်နယ်၊ မဲပုံးထောင်လို့ရတော့ မဲပေးမလားမေးတော့ ပေးမှာပေါ့တဲ့ အဲလိုမျိုးပြောကြတယ်ဗျ အဲဒီအဖွားကြီးတွေက။ ဆိုတော့ သူက  အန်အယ်လ်ဒီရဲ့ ပါတီကို ထောက်ခံတာ မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာ ဖြစ်ကြတယ်။ မဲထည့်တဲ့အခါလည်း သူတို့က ကျနော်ပြောသံကြားတာက ဘယ်သူ့ထည့်မလဲဆိုတော့ စုကြည်ထည့်မယ်တဲ့။ တယောက်မေးတော့လည်း စုကြည်ပဲ၊ တယောက်က စုကြည်၊ အဲလိုပဲ စုကြည်နဲ့ မဲထည့်တာ။ အဲဒီက ၀င်ပြိုင်တဲ့ကိုယ်စားလှယ်တွေ နာမည်ကို မပြောတော့ဘူး။ စုကြည်ပဲ စုကြည်ပဲ အဲလိုပြောကြတယ်။ ပြောတဲ့အခါကျတော့ ခုန ပြောသလို လူထုကနေပြီးတော့မှ သူ့ကို မိန်းမသားတယောက်ကို သနားကြင်နာတဲ့ အပိုင်းမှာလည်း  ရှိတယ်လို့ပဲ ကျနော်ယူဆတယ်။" ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့တဲ့ပွဲမှာ ပုဒ် ၄၃၆ ကိစ္စတို့၊ ပုဒ်မ ၅၉ (စ) ကိစ္စတို့ ပါကောင်းပါနိုင်မယ်။ ဦးသန်းရွှေက သမ္မတတို့ ကာချုပ်တို့အပေါ် သြဇာရှိတယ်ဆိုရင် ဒီပုဒ်မတွေ ပြင်ဆင်ရေး ချောမွေ့သွားနိုင်မလား။ "ချောမွေ့နိုင်တယ်လို့ ထင်တာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်နှိုက် နှစ်ယောက်အကြားမှာ အပေးအယူ တခုခုတော့ လုပ်လိမ့်မယ်ထင်တယ်။ တခုခု မလုပ်လို့ကတော့ သူက အဲလိုပဲ လက်လွတ်စပယ်တော့ မလုပ်ရဲဘူးထင်တယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေနဲ့ပေါ့နော်။ နည်းနည်းတော့ အပေးအယူ လုပ်လိမ့်မယ်ထင်တယ်။ အဲဒီအပေးအယူ လုပ်လို့ကတော့ နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ စဉ်းစားရမှာက အခု အန်အယ်လ်ဒီကနေ အလုံးလိုက်အခဲလိုက် နိုင်တဲ့အခါ ဦးဆောင်မယ့် သူတို့ အန်အယ်လ်ဒီထဲမှာ ဘယ်သူရှိလဲလို့ ကြည့်တဲ့အခါကျတော့ ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်၊ နောက်မှ ကျန်တဲ့သူတွေကတော့ နာမည်တော့ မပေါ်သေးဘူးပေါ့နော်။ လူပုဂ္ဂိုလ်ကလည်း မထင်ပေါ် မကျော်ဇောသေးဘူးပေါ့နော် တခြားလူတွေ။ ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် သူပဲဦးဆောင်ရင် သဘောကျလိမ့်မယ်လို့ပဲ ကျနော်ယူဆတယ်။ ကျနော့်အမြင်ပေါ့နော်။" အန်အယ်လ်ဒီက တနိုင်ငံလုံးမှာ အပြတ်အသတ် အနိုင်ရရှိသွားတဲ့ အခါကျတော့ တိုင်းရင်းသားတွေအနေနဲ့ ဘွင်းဘွင်းပြောရရင် စိုးရိမ်ပူပန်ချက်ရှိလား။ ဘာတွေရှိသလဲ။ “သြော်၊ သူ့အနေနဲ့ ကျနော်တို့ လိုအပ်တဲ့ဟာကိုလေ၊ တိုင်းရင်းသားထဲက လိုအပ်တဲ့ဟာတွေ၊ သူတို့ထဲမှာပါတဲ့ တိုင်းရင်းသားတွေ အန်အယ်လ်ဒီထဲမှာ ပါတဲ့ပုဂ္ဂိုလ်တွေက၊ ကိုယ်စားလှယ်တွေက မပြောရဲတဲ့ဟာလေးတွေများ ရှိတာကို သူက သိပါ့မလား၊ အဲဒါတွေပေါ့နော်။ အဓိကကတော့ တိုင်းရင်းသားတွေ လိုချင်တဲ့ဟာကတော့ ကျနော်တို့ ဘာခေါ်လဲ အာဏာခွဲဝေမှုပေါ့နော်။ ဖက်ဒရယ်အစိုးရ တည်ထောင်ဖို့၊ အဲဒါကို အဓိကလိုချင်ကြတာပဲ။ သူတို့လူထဲက တိုင်းရင်းသားပုဂ္ဂိုလ်တွေက အဲဒါကို ထုတ်ဖော်ပြောရဲပါ့မလား ဆိုတာပါပဲ အဓိက။” တွေ့ဆုံဆွေးနွေးရေးတောင်းဆိုတာ ဆယ်စုနှစ်တွေချီ ကြာညောင်းခဲ့ပြီးမှ ဖြစ်ပေါ်လာတဲ့ အနေအထားအပေါ်ကို ဘယ်လို မှတ်ချက်ပြုမလဲခင်ဗျ။ “ဘယ်လိုခေါ်မလဲ၊ နောက်ဆုံးအကြံပဲ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ တခြားနည်းလမ်းကိုင်စရာ ဖိအားပေးမှုမရှိတဲ့ အခါကျတော့ နောက်ဆုံးအကြံ ဘယ်လိုခေါ်မလဲ ပွိုင့်ပေါ့နော်၊ နောက်ဆုံးပွိုင့်ပဲလို့ ကျနော်မြင်ပါတယ်။ သူတို့နှစ်ယောက် မတွေ့ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း ပုဒ်မ ၄၃၆ တို့ ပုဒ်မ ၅၉ (စ) တို့ကလည်း ပြင်နိုင်စရာ အကြောင်းမရှိဘူး။ အဲဒီအခါကျတော့ သူ့ကိုတွေ့မှဖြစ်တော့မယ် ဆိုတဲ့အခါနဲ့ သူတွေ့တာဖြစ်လိမ့်မယ်လို့ပဲ ကျနော် ယူဆပါတယ်။ ဦးသန်းရွှေဘက်ကို အမြင်ကတော့ လိုက်လျောလိမ့်မယ်လို့ပဲ ကျနော်ယူဆပါတယ်။ အဲလိုပဲ ကျနော်မျှော်လင့်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024