Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဌာနချုပ်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
နန်းမြနဒီ
·
November 11, 2015
ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ရဲ့ ၀မ်ဟိုင်းဌာနချုပ်စခန်းကို အစိုးရတပ်က လေကြောင်း ကနေဗုံကြဲတိုက်ခိုက်သွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့က ဒီကနေ့ ကြေညာပါတယ်။ နိုဝင်ဘာလ ၁၀ ရက် မနက် ၁၀နာရီလောက်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ၀မ်ဟိုင်းရှိဝေပုလဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ပွဲပြီး ဘုန်းကြီးကျောင်း ပျက်စီးသွားတဲ့အကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့်လည်း ၀မ်ဆော့ဘုန်းကြီး ကျောင်း ဆွမ်းစားဆောင် မီးလောင်ပျက်စီးသွားတယ်လို့ ပြောပါတယ်။ စစ်တပ်ပိုင် မြ၀တီသတင်းမှာတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ရှိ တပ်မတော်ဌာနချုပ်ကို အက်စ်အက်စ်အေ (၀မ်ဟိုင်း) အဖွဲ့က အင်အား ၁၂၀ လောက်နဲ့ နိုဝင်ဘာ ၉ရက်ညပိုင်းနဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်း အချိန်တွေမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဗုံးပစ်လောင်ချာတွေနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ တပ်မတော်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအ၀င် စစ်ရဟတ်ယာဉ်တွေနဲ့ တန်ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေကြောင့် တပ်မတော်ဘက်က အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာတာရှိသလို ရဲတပ်ဖွဲ့ဝင် တချို့လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားပုံနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “နိုဝင်ဘာ ၁၀ ရက် မနက် ၇ နာရီလောက်ကျတော့ သူတို့က ကျူမောက်ခေါင်တောင်ကုန်း ဘက်ကနေ ဌာနချုပ် ၀မ်ဟိုင်းကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာကျတော့ တိုက်လေယာဉ် ၁ စီး၊ ရဟတ်ယာဉ် ၂ စီး  ရောက်လာပြီး ဝေဟင်ကနေ ကူပစ်တယ်၊  ဗုံးကြဲတယ်၊ စက်သေနတ်တွေနဲ့ ပစ်ခတ်သွားတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။ လေယာဉ်နဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် ၀မ်ဟိုင်းဌာနချုပ်တောင်ဘက် ၆ မိုင်အကွာ မိုင်းအတ်ရွာဘက်မှာ မနက် ၁၀ နာရီကျော်ကနေ မွန်းလွဲ ၂ နာရီထိ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေကြောင့် ၀မ်ဟိုင်းက စစ်သည်မိသားစုဝင်တွေရော မိုင်းနောင်မြို့က ဒေသခံတွေပါ လူပေါင်း ၂ ထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ၀မ်ဆော့ဒုက္ခသည်စခန်းကစစ်ဘေးရှောင်လာသူတွေကတော့  နိုဝင်ဘာ ၁၀ ရက်နေ့က မိုင်းရှူးမြို့ပေါ်ကို ရောက်လာကြတယ်လို့ မိုင်းရှူးမြို့နယ် လူမှုအခြေပြု အဖွဲ့အစည်းက နန်းဆိုင်ဟိန်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။ “မိုင်းရှူးမြို့လယ်ကျောင်းတိုက်မှာ ၀မ်ဆော့ကပြေးလာတဲ့ ဒုက္ခသည်တွေ ပြည့်နေပါတယ်၊ ကျမတို့ မိုင်းရှူးမြို့မှာလည်း မြို့တောင်ဘက်မှာရှိတဲ့ စစ်တပ်က မြို့ပြင်ပတ်ပတ်လည်ကို လှမ်းပစ်နေတယ်။ မြို့ပြင်ဈေးထဲကို လက်နက်ကြီးတလုံးကျလို့ မိုင်းရှူးမြို့ထဲမှာ ဈေးတွေ၊ လမ်းဘေးဈေးဆိုင်တွေ အကုန်ပိတ်ထားကြတယ်။” မိုင်းနောင်မြို့ထဲမှာလည်း မနေ့က လက်နက်သံတွေ ဆူညံနေပြီး တမြို့လုံး ရှုပ်ထွေးပြေးလွှားနေကြတယ်လို့ လဲချားရောက် စစ်ဘေးရှောင်ဒုက္ခသည် ဦးစိုင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ လုံးဝနေလို့ မရတော့ဘူးဗျ။ သေနတ်သံ ဗုံးသံတွေ ညံနေတယ်။ ရပ်ကွက် ၁ ဘောလုံးကွင်းဘေးက ဦးစိုင်းချာလီနဲ့ ပါနန်းနုတို့ အိမ်ဝင်းထဲမှာ အိမ် ၂ လုံး မီးလောင်တယ်။  ထော်လာဂျီတွေရော၊ ဆိုင်ကယ်ရော လက်နက်မှန်ပြီး မီးလောင်တယ်။ အခု ကျနော်တို့ ကိုယ်ပိုင်ကားရှိတဲ့လူက မိသားစုရော၊ အိမ်နီးချင်းတွေရော တင်နိုင်သလောက်တင်ပြီး လဲချားမြို့ထိ ပြေးလာကြတာ၊ အခု လဲချားမြို့လယ်ကျောင်းတိုက်မှာ၊ အယောက် ၅၀ ကျော်ရှိတယ်။ တချို့လည်း လမ်းမှာလာနေတုန်းပဲ၊ တချို့က ၀မ်ကျင်းရွာဘက်၊ တချို့က ခိုလမ်ဘက်ကို ပြေးသွားတယ်။ ကားမရှိလို့ မပြေးနိုင်တဲ့လူတွေလည်း အများကြီးပဲ။” လဲချားမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းကျော်ဇေယျကလည်း လက်ရှိ လဲချားမှာ မိုင်းနောင်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ပြည်သူ ၃၅၀ လောက်ရှိကြောင်း၊ သူတို့ကို ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ နေရာချထားတယ်လို့ ပြောပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်မထိုးသေးပေမယ့်  သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်မှာပါ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဓာတ်ပုံ - Seng Jaw  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024