လောင်းကစားကင်းစင်သည့် မြို့များဖြစ်ရေး စီမံချက်ချဆောင်ရွက်နေ
ရွှေအောင်
·
July 5, 2011
ဧရာဝတီတိုင်းထဲက မြို့တချို့မှာ မည်သည့်လောင်းကစားမှ မပြုလုပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဇူလိုင်လဆန်းကစပြီး အသံချဲ့စက်တွေနဲ့ လိုက်လံနှိုးဆော် သတိပေးနေပါတယ်။
ဧရာဝတီတိုင်းထဲ လောင်းကစားကင်းစင်တဲ့ မြို့တွေဖြစ်ရေး စီမံချက်ချ ဆောင်ရွက်နေတယ်လို့ သိရကြောင်း မြို့ခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ခံတဦးက “ဒီမှာလည်း ဆိုင်းဘုတ်တွေ ဘာတွေလည်း ထောင်တယ်။ စပီကာနဲ့ မြို့ထဲမှာ လိုက်အော်တယ်။ အဲဒီအလုပ်တွေတော့ လုပ်တယ်။ အဲဒီရက်ပိုင်းကတော့ တယောက်၊ နှစ်ယောက်တော့ အဖမ်းပြလိုက်တယ်။ ရုပ်တွေတော့ မပေါ်ပါဘူး။ သေးသေးမွှားမွှားပါ” လို့ ပြောပါတယ်။
ဖျာပုံမြို့ခံတဦးကလည်း လောင်းကစားကိစ္စနဲ့ပတ်သက်ပြီး သူတို့မြို့မှာ အခုရက်ပိုင်း တွေ့မြင်နေရပုံတွေကို အခုလိုပြောပြပါတယ်။
“ရပ်နေကြတယ်။ နောက်ပြီးတော့ ခြိမ်းခြောက်ထားတာက ဖျာပုံဆိုရင်တော့ ဖျာပုံရဲက မဖမ်းဘူး။ တခြားမြို့က လာဖမ်းမှာ၊ မြောင်းမြပေါ့။ ဖျာပုံဆို မြောင်းမြက ရဲတွေ လာဖမ်းမယ်ပေါ့။”
ဧရာဝတီတိုင်းထဲက လောင်းကစားဒိုင်ချုပ်တွေရဲ့ စာရင်းရထားပြီး အမြန်ဆုံး ဖော်ထုတ်အရေးယူသွားဖို့ တိုင်းရဲမှူးက တိုင်းဝန်ကြီးချုပ်ကို အစီရင်ခံတင်ပြထားတယ်လို့ ရဲအသိုင်းအဝိုင်းက သိရပေမယ့် အခုအချိန်ထိတော့ နာမည်ကြီးဒိုင်ချုပ်တွေ တဦးတယောက်မျှ ဖမ်းတာ မကြားရသေးဘူးလို့လည်း အဲ့ဒီမြို့ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲမှာ နှစ်လုံး၊ သုံးလုံး လောင်းကစားကြောင့် တောင်သူ လယ်သမားတွေ ဆင်းရဲတွင်းနက်နေတာတကြောင်းပါတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
လောင်းကစားဒိုင်တွေနဲ့ အရေးယူမယ့်ရဲတွေရဲ့ အပေးအယူ ပပျောက်မှပဲ လောင်းကစားကိစ္စ ချုပ်ငြိမ်းပပျောက်နိုင်မယ်လို့ အမည်မဖော်လိုတဲ့ ပြည်နယ်လွှတ်တော်အမတ်တဦးက မှတ်ချက်ပေး ပြောဆိုပါတယ်။