Home
ဆောင်းပါး
ဇင်ဘာဘွေ မဲလိမ်မှုကြီး
DVB
·
November 1, 2015
လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ နေ့က အာဖရိကတောင်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဇင်ဘာဘွေမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ သက်တော်ရှည်အာဏာရှင်ကြီးအဖြစ် ကမ္ဘာကျော်တဲ့ ရောဘတ် မူဂါဘီ ( Robert Mugabe ) နဲ့ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်မယ့် အတိုက်အခံခေါင်းဆောင် မော်ဂန် ရှန်ဂီရိုင်း ( Morgan Tsvangirai)  တို့ ယှဉ်ပြိုင်တဲ့ပွဲ ဖြစ်ပါတယ်။ အာဏာရှင်အုပ်စုနဲ့ ဒီမိုကရေစီအုပ်စုတို့ရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်ပွဲကြီးတစ်ခုအဖြစ် ကမ္ဘာက အလွန်စိတ်ဝင်စားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အသက် ၉၁ နှစ် ရှိပြီဖြစ်တဲ့ မူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံကို ၁၉၈၀ ပြည့်နှစ်က စပြီး အုပ်စိုးခဲ့တာပါ။ ၁၉၈၀ ပြည့်နှစ်ကနေ ၁၉၈၇ ခုနှစ်အထိ ၀န်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ပြီး ၁၉၈၇ ခုနှစ် ကနေ ယနေ့ အထိ သမ္မတအဖြစ် တောက်လျှောက်အုပ်ချုပ်နေခဲ့ပါတယ်။ ၆ နှစ်တစ်ကြိမ် ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲတိုင်းမှာ အနိုင်ယူလာခဲ့တဲ့သူ ဖြစ်ပြီး သူအနိုင်ယူခဲ့တဲ့ ရွေးကောက်ပွဲတိုင်းဟာလည်း မဲလိမ်မှုတွေ မဲခိုးမှုတွေနဲ့ အမြဲအငြင်းပွားခဲ့ရတဲ့ ရွေးကောက်ပွဲတွေချည်း ဖြစ်ပါတယ်။ မော်ဂန်ရှန်ဂီရိုင်းကတော့ ဒီမိုကရေစီအပြောင်းအလဲအတွက် တိုက်ပွဲဝင်သူအဖြစ် နာမည်ကြီးပါတယ်။ ၂၀၀၈ ခုနှစ်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ မူဂါဘီကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် အင်အားပြနိုင်ခဲ့သူဖြစ်ပါတယ်။ ပထမအကျော့ပြိုင်ပွဲမှာ ရှန်ဂီရိုင်းက မဲအသာရခဲ့ပေမယ့် မဲက ၅၀ ရာနှုန်းမကျော်ခဲ့တာကြောင့် ဒုတိယအကျော့ကို မူဂါဘီနဲ့ ပြန်ပြိုင်ရဖို့ ဖြစ်လာပါတယ်။ ဒီအခါမှာ မူဂါဘီ ဘက်တော်သားတွေက ရှန်ဂီရိုင်းရဲ့ ဘက်တော်သားတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်ပါတယ်။ ဒါကြောင့် ဒုတိယအကျော့ ပြန်ယှဉ်ပြိုင်ရမယ့်ပွဲကို ရှန်ဂီရိုင်းက မပြိုင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆုံးတော့ အခြေခံဥပဒေကို ပြင်ပြီး မူဂါဘီက သမ္မတ၊ ရှန်ဂီရိုင်းက ၀န်ကြီးချုပ်လုပ်ဖို့ သဘောတူညီခဲ့ကြတယ်။ ဒီအခြေခံဥပဒေကို ၂၀၁၃ နှစ်စပိုင်းမှာ ပြန်ပြင်ရာမှာ သမ္မတရာထူးကိုပဲ ချန်ထားပြီး ၀န်ကြီးချုပ်ရာထူးကို ပြန်ဖြုတ်ပစ်ပါတယ်။ ၂၀၁၃ ရွေးကောက်ပွဲဟာ ဒီလို ပြင်ထားတဲ့ အခြေခံဥပဒေကို သရုပ်ဖော်တာ ဖြစ်ပါတယ်။ မပြောင်းလဲနိုင်သေးတဲ့ ဇင်ဘာဘွေ Mugabe Campaign 2မော်ဂန်ရှန်ဂီရိုင်းရဲ့ ပါတီက အတိုကောက်  MDC ပါတီလို့ ခေါ်ပါတယ်။ ဒီမိုကရေစီ ပြောင်းလဲရေး လှုပ်ရှားမှုပါတီ    (Movement for Democratic Change ) ပါ။ ပါတီရဲ့ အဓိကမူဝါဒက ဒီမိုကရေစီကျတဲ့ ပြောင်းလဲမှုကို ဖော်ဆောင်ရေး ဖြစ်ပါတယ်။ ရောဘတ်မူဂါဘီရဲ့ ပါတီက ZANU- PF  ဇင်ဘာဘွေ အာဖရိကန် အမျိုးသား စည်းလုံးရေး မျိုးချစ်တပ်ဦးပါတီ ( Zimbabwe African National Union - Patriotic Front)  ဖြစ်ပါတယ်။ ပါတီရဲ့ အဓိကမူဝါဒက အမျိုးသားရေးဝါဒဖြစ်ပါတယ်။ ဇင်ဘာဘွေလွတ်လပ်ရေးရခဲ့တဲ့ ၁၉၈၀ ပြည့်နှစ်ကစပြီး မူဂါဘီနဲ့ သူ့ပါတီက တောက်လျှောက်အုပ်ချုပ်ခဲ့ရာမှာ ဇင်ဘာဘွေနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဇင်ဘာဘွေလူဦးရေနဲ့ ၈၀ ရာနှုန်းကျော်ဟာ တစ်ရက်ဝင်ငွေ ၂ ဒေါ်လာအောက်မှာပဲ ရှိတဲ့ ဆင်းရဲသားတွေ ဖြစ်ပါတယ်။ ဇင်ဘာဘွေနိုင်ငံသားတစ်ဦးချင်းရဲ့ တစ်နှစ်ထုတ်ကုန် တန်ဖိုးဟာလည်း ဒေါ်လာ ၆၀၀ ၀န်းကျင်ပဲ ရှိပါတယ်။ စီးပွားရေးချွတ်ခြုံကျမှုနဲ့အတူ ငွေကြေးတန်ဖိုးလည်း နိမ့်ကျခဲ့တဲ့အတွက် ဇင်ဘာဘွေဒေါ်လာ သန်း တစ်သောင်း (၁၀ ဘီလျံ) ဟာ အမေရိကန် တစ်ဒေါ်လာပဲ တန်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဇင်ဘာဘွေငွေစက္ကူမှာ ဇင်ဘာဘွေဒေါ်လာ သန်းပေါင်း တစ်သန်းတန် ငွေစက္ကူအထိ ရှိပါတယ်။ အမေရိကန် ဒေါ်လာ တစ်ရာနဲ့ ညီမျှတဲ့ ငွေစက္ကူပါ။ ဒါပေမယ့် ဘယ်သူမှ ဇင်ဘာဘွေ ငွေစက္ကူကို မကိုင်ရဲဘူး။ နာရီပိုင်းအတွင်းမှာ ခေါက်ချိုးတန်ဘိုးကျတတ်တဲ့ သဘာဝရှိလို့ပါပဲ။ အမျိုးသားရေးဝါဒကို အသုံးချပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ မူဂါဘီကို ဇင်ဘာဘွေနိုင်ငံသားများက စက်ဆုပ်နေပေမယ့်လည်း သေနတ်ပြောင်းကို မလှန်နိုင်တဲ့အတွက် နှစ်ပေါင်းများစွာ ငုံ့ခံနေခဲ့ကြရပါတယ်။ ဒီမိုကရေစီစနစ်ပြောင်းလဲရေးကို ဖော်ဆောင်ပေးမယ့် ရှန်ဂီရိုင်းနဲ့ သူ့ရဲ့MDC ပါတီကိုလည်း ခြိမ်းခြောက်မှုတွေကြားက အင်တိုက်အားတိုက် အားပေးခဲ့ကြပါတယ်။ ဒါပေမယ့် အာဏာရှင် မူဂါဘီက ၂၀၁၃ ခုနှစ်ရွေးကောက်ပွဲကိုလည်း အနိုင်ယူသွားခဲ့ပြန်ပါတယ်။ ရွေးကောက်ပွဲမှာ ထည့်ခဲ့တဲ့ မဲတွေရဲ့  စုစုပေါင်း ၆၀ ရာနှုန်းကျော်ကို အရယူသွားပါတယ်။ အတိုက်အခံခေါင်းဆောင် ရှန်ဂီရိုင်းက ၃၀ ရာခိုင်နှုန်းကျော်ပဲ ရပါတယ်။ ဇင်ဘာဘွေပြည်သူလူထုက တခဲနက်ထောက်ခံအားပေးတဲ့ ရှန်ဂီရိုင်းကို  အာဏာရှင်သမ္မတ မူဂါဘီက ဘယ်လို အနိုင်ယူခဲ့သလဲ။ ရွေးကောက်ပွဲအပြီး ရှန်ဂီရိုင်းတို့ဘက်က ထုတ်ပြန်တဲ့ ဇင်ဘာဘွေ ၂၀၁၃ ရွေးကောက်ပွဲ အစီရင်ခံစာထဲမှာ အဖြေပေးထားပါတယ်။ မဲလိမ်မဲခိုး အကျိုးဆောင်ကုမ္ပဏီများ သမ္မတမူဂါဘီဟာ ၂၀၁၃ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ အတွက် မဲလိမ် မဲခိုးလုပ်ပေးတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို ငှားရမ်းခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီကုမ္ပဏီတွေဟာ အဆင့်မြင့် နည်းပညာတွေနဲ့ မဟာဗျူဟာ နည်းဗျူဟာချမှတ်ပြီး မူဂါဘီအနိုင်ရအောင် လုပ်ပေးခဲ့တယ်လို့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၁၃ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မူဂါဘီဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် သုံးစွဲခဲ့ပါတယ်။ မဲလိမ်မဲခိုးလုပ်ငန်းကို မဟာဗျူဟာ နည်းဗျူဟာ ချပြီး စီမံခန့်ခွဲပေးဖို့ Nikuv Projects အမည်ရှိတဲ့ အစ္စရေးကုမ္ပဏီတခုကို ဒေါ်လာ ၁၅ သန်းနဲ့ ငှားရမ်းခဲ့တယ်လို့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။ မဲစာရင်းတွေကို ဘယ်လိုထည့်သွင်းမလဲ၊ ဘယ်လို ပုံစံနဲ့ ထုတ်ပြန် မလဲဆိုတာကို ဒီကုမ္ပဏီက စီမံခန့်ခွဲပေးပါတယ်။ အစ္စရေးကုမ္ပဏီဟာ အစ္စရေး ထောက်လှမ်း ရေးအဖွဲ့  မော့ဆက်ရဲ့ လက်တံ တစ်ခုဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုထားပါတယ်။ Mugabe CampaignNikuv Projects ကုမ္ပဏီက မူဂါဘီ အောင်နိုင်ရေးအတွက် မူဂါဘီရဲ့ ဗဟိုထောက်လှမ်းရေး တပ်ဖွဲ့နဲ့ ပူးတွဲအလုပ်လုပ်ရပါတယ်။ အလုပ်ရုံးခန်းတွေအများစုဟာ စစ်တပ်စခန်းတွေထဲမှာ အခြေ စိုက်ထားပြီး  မူဂါဘီကိုယ်တိုင်ဟာလည်း ဒီကုမ္ပဏီရဲ့ အကြီးအကဲတွေနဲ့  တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဒီထောက်လှမ်းရေးအရာရှိတွေဟာ ခရိုင်ရုံးတွေကို ကြီးကြပ်ရတယ်လို့  ဆိုထားပါတယ်။ Nikuv Projects ကုမ္ပဏီ ရဲ့  ပဓာနအလုပ်တစ်ခုကတော့ မဲစာရင်းပြုစုရေးကော်မရှင်နဲ့ ပူးပေါင်းပြီး မဲစာရင်းအလွဲအမှားတွေ ထုတ်ပြန်ပေးတာဖြစ်ပါတယ်။ မြို့ကြီးတွေမှာ မဲထည့်ရမယ့် မဲစာရင်းတွေကို ထုတ်ပြန်ရာမှာ လူတစ်သန်းနီးပါးကို စာရင်းဖျောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဇင်ဘာဘွေရဲ့  မြို့ တော် ဟာရာရေး တစ်မြို့တည်းမှာ မဲစာရင်းထဲမှာ မပါတဲ့သူပေါင်း သုံးသိန်း ငါးသောင်းရှိပါတယ်။ မဲစာရင်းထဲ မပါသူတွေအနေနဲ့ မဲစာရင်းထဲ ပါဝင်ဖို့အတွက် မဲထည့်ခွင့် လျှောက်လွှာတွေ တင်ရပါတယ်။ လျှောက်လွှာတင်တဲ့အခါမှာ အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ လက်ထပ်စာချုပ်၊ အလုပ်ရှင်ထောက်ခံစာ စတာတွေနဲ့အတူ ပူးတွဲ တင်ပြရပါတယ်။ မဲထည့်ခွင့်ရဖို့အတွက် အလုပ်ပျက်အကိုင်ပျက်ဖြစ်အောင် တမင်ဖန်တီးထားတာလို့ ဆိုပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေအနေနဲ့ လျှောက်လွှာတင်နိုင်ဖို့  ခက်ခဲပါတယ်။ မဲထည့်ခွင့်ရှိသူတွေကို စာရင်းထဲ မပါဝင်အောင် ချန်ထားသလို  သက်ဆိုင်ရာ ရပ်ကွက်တွေမှာ အမှန်တကယ် နေထိုင်ခြင်းမရှိဘဲ ကျေးလက်တောရွာမှာ နေထိုင်သူတွေရဲ့ အမည်များကိုတော့ မဲစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။  ဒီအရေအတွက်က နှစ်သိန်းငါးသောင်း ရှိပါတယ်။ နောက်ပြီး ဇင်ဘာဘွေနိုင်ငံရဲ့ အပြင်ကို ရောက်နေသူတွေ၊ သေဆုံးသူတွေနဲ့ တကယ်မရှိတဲ့ သူတွေရဲ့ အမည်စာရင်းတွေကိုလည်း ထည့်သွင်းထားပါတယ်။ အသက် ၁၈နှစ်မပြည့်သူတွေကို မဲစာရင်းထဲ ထည့်ထားတာတွေလည်း ရှိတယ်။ ဒီအရေအတွက်က တစ်သန်း ငါးသိန်း ရှိပါတယ်။ မဲဆန္ဒနယ်တစ်ခုမှာဆိုရင် မဲထည့်ခွင့်ရှိသူက သန်ခေါင်စာရင်းအရ (၂၀၀၀၀ ) မပြည့်ပေမယ့် မဲစာရင်း ထဲမှာတော့ (၂၈၀၀၀) ရှိနေတယ်။ နောက်မဲဆန္ဒနယ်တစ်ခုမှာတော့ မဲစာရင်းထဲပါတဲ့ လူ (၃၀၀၀၀) မှာ (၈၀၀၀) က သေဆုံးပြီးသူတွေဖြစ်နေတယ်။ သေဆုံးပြီးသူ ရှစ်သိန်းကို မဲဆန္ဒနယ် အသီးသီးမှာ ထည့်သွင်းထားပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေရဲ့ အမည်စုစုပေါင်း ကိုးသိန်း ဟာ မဲစာရင်းထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် လူမရှိဘဲနဲ့ ထည့်ထားတဲ့ မဲဆန္ဒရှင်ပေါင်းက အနည်းဆုံး တစ်သန်းခုနစ်သိန်းကျော် ရှိနေပါတယ်။ ဒီလို မဲစာရင်းအမှားတွေ မဲစာရင်းအပိုတွေ ထည့်သွင်းနိုင်ဖို့အတွက် Nikuv Projects ကုမ္ပဏီက မှတ်ပုံတင်အတုတွေ စာရွက်စာတန်းအတုတွေ ပြုလုပ်ပေးရပါတယ်။ ကုမ္ပဏီရဲ့ ကျွမ်းကျင်ပညာရှင်များဟာ ရွေးကောက်ပွဲမကျင်းပခင် ကိုးလအလို (၂၀၁၂ နိုဝင်ဘာ) မှာ ဇင်ဘာဘွေနိုင်ငံကို စတင်ရောက်ရှိလာကြပြီး သေဆုံးပြီးသူတွေရဲ့ အမည်စာရင်းနဲ့ နိုင်ငံခြားသွားရောက်နေထိုင်သူတွေရဲ့ အမည်စာရင်းကို အသေးစိတ်ပြုစုနေခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ၂၀၁၂ ခုနှစ်က ပြုလုပ်တဲ့ သန်းခေါင်စာရင်းကောက်ခံမှုအရ ဇင်ဘာဘွေနိုင်ငံမှာ လူဦးရေ ၁၃ သန်း ကျော်ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ မဲထည့်ခွင့်ရသူ (အသက် ၁၈နှစ်ပြည့်သူ) စုစုပေါင်းက ၅ သန်း ၇ သိန်း ရှိပါတယ်။ ဒါပေမယ့် မဲစာရင်းထုတ်ပြန်တဲ့အခါမှာ မဲထည့်ခွင့်ရသူအရေအတွက်က ၆သန်း ၄သိန်း ရှိနေပါတယ်။ တကယ်မဲထည့်ခွင့်ရှိသူပေါင်း တစ်သန်းကို ချန်ထားခဲ့ပြီး ထည့်သူမရှိတဲ့ တစ္ဆေမဲ ဆန္ဒရှင် (Ghost Voter) ပေါင်း တစ်သန်းခုနစ်သိန်းကျော် ထည့်သွင်းခဲ့တာလို့  အစီရင်ခံစာက ဆိုပါတယ်။ နောက်ဆုံး အတည်ပြုတဲ့ မဲစာရင်းကို ရွေးကောက်ပွဲ ကျင်းပမယ့်ရက် မတိုင်မီ ကိုးရက်အလို မှာ ထုတ်ပြန်လိုက်တယ်။ အတိုက်အခံဘက်က ဒီမဲစာရင်းကို ကန့် ကွက်ခဲ့ပေမဲ့ မဲစာရင်းထဲ မပါသူ တွေကိုလည်း လျစ်လျူရှုခဲ့သလို တစ္ဆေမဲတွေကိုလည်း မပယ်ဖျက်ပေးခဲ့ပါဘူး။ ခေတ်မီနည်းပညာနဲ့  မဲခိုးခြင်း ဇင်ဘာဘွေရဲ့ ၂၀၁၃ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က အစီရင်ခံစာ ထုတ်ပြန်ရာမှာ ခေတ်မီနည်းပညာကို သုံးပြီး မဲခိုးပေးတဲ့ ကုမ္ပဏီအကြောင်းလည်း ပါဝင်ပါတယ်။ ဒီကုမ္ပဏီကတော့ တရုတ်နိုင်ငံက ဖြစ်ပြီး ရေစာပါတဲ့ မဲပြားစာရွက်တွေကို ထုတ်လုပ်ပေးရတာပါ။ ဒီရေစာပါတဲ့ မဲစာရွက်မှာ ထူးခြားချက်ရှိပါတယ်။ မဲစာရွက်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် တံဆိပ်တုံးနဲ့  ထုလိုက်ရင် မဲစာရွက်ပေါ်မှာ ထင်ကျန်ရစ်တဲ့  မင်ကို ရေစာပါတဲ့ နေရာကနေ စုပ်ယူလိုက်ပါတယ်။ ရေစာက ကြက်ခြေခတ်ပုံသဏ္ဌာန်ဖြစ်တဲ့အတွက် မင်ရောက်သွားတဲ့အခါ ကြက်ခြေခတ်ပုံ ပေါ် လာပါတယ်။ အဲဒီရေစာပါတဲ့ နေရာဟာ မူဂါဘီရဲ့ ကိုယ်စားလှယ်နာမည်ရှိတဲ့ နေရာလို့ ဆိုပါတယ်။ အတိုက်အခံပါတီကို သဘောကျလို့ တံဆိပ်တုံးနှိပ်တာမှန်သမျှဟာ မူဂါဘီရဲ့ လူတွေဆီကို ရောက်သွားတာချည်းဖြစ်ပါတယ်။ ဒါက ခေတ်မီနည်းပညာကို အသုံးပြုပြီး တီထွင်ထုတ်လုပ်ထားတဲ့ မဲစာရွက်ဖြစ်ပါတယ်။ ဒီလို မဲစာရွက်ပေါင်း တစ်သန်းကို တရုတ်ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဆိုပါ တယ်။ ဇင်ဘာဘွေ ၂၀၁၃ အထွေထွေရွေးကောက်ပွဲမှာ မဲနှစ်ခု ထည့်ရပါတယ်။ တစ်ခုက သမ္မတအတွက်ဖြစ်ပြီး တစ်ခုက လွှတ်တော်အမတ်အတွက် ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီက ထုတ်လုပ်ပေးတဲ့ ရေစာပါမဲစာရွက်တစ်သန်းကို သမ္မတရွေးပွဲအတွက် ငါးသိန်း၊ လွှတ်တော်အမတ် ရွေးပွဲအတွက် ငါးသိန်း သုံးခဲ့ပြီး သီးသန့်မဲဆန္ဒနယ် လေးခုမှာ သုံးခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မဲထည့်သူလား၊ မဲရေတွက်သူလား အာဏာရှင်မူဂါဘီဟာ ရွေးကောက်ပွဲမှန်သမျှကို အနိုင်ယူခဲ့ရာမှာ ရုရှအာဏာရှင်ကြီး စတာလင်ရဲ့ နည်းလမ်းကို လက်ကိုင်ပြုပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စတာလင် ပြောခဲ့တဲ့ စကားကို ကြည့်ရင် စတာလင်နည်းကို သိနိုင်ပါတယ်။ “ပြည်သူလူထုအတွက် စိတ်ကျေနပ်မှုရအောင် ရွေးကောက်ပွဲတစ်ခု ဖန်တီးပေးရမယ်။ မဲထည့်ချင်တဲ့ဆန္ဒပြည့်အောင် လုပ်ပေးရမယ်။ ဒါပေမယ့် မဲထည့်သူတွေက ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်တာမဟုတ်ဘူး။ မဲရေတွက်သူတွေကသာ ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်တာ ဖြစ်တယ်” တဲ့။ မူဂါဘီဟာ ၂၀၁၃ ရွေးကောက်ပွဲကို အနိုင်ယူဖို့အတွက် မဲရေတွက်သူအဖွဲ့ကို စနစ်တကျ ပြင် ဆင်ခဲ့တာပါ။ မူဂါဘီဖွဲ့ စည်းထားတဲ့ မဲရေတွက်သူအဖွဲ့ က လုပ်ခဲ့တာတွေကို အနှစ်ချုပ်ရင် (၁) ရွေးကောက်ပွဲကော်မရှင်ကို ဟန်ပြထားပြီး မဲစာရင်းတွေကို စိတ်တိုင်းကျ ထုတ်ပြန်နိုင်ဖို့  အတွက် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ထောက်လှမ်းရေးအရာရှိတွေကို သုံးခဲ့တယ်။ မဲစာရင်း ပြုစု ထုတ်ပြန်ရေးနဲ့ မဲရေတွက်ခြင်းအလုပ်အတွက် ပင်စင်စား စစ်တပ်အရာရှိဟောင်း တစ်ထောင်ကို ပြန်ခန့်အပ်ခဲ့တယ်။ ခရိုင်ရုံးတွေကို ကြီးကြပ်တယ်။ (၂) မဲစာရင်းထုတ်ပြန်တဲ့အခါ အတိုက်အခံဘက် ထည့်မယ့် မဲတွေကို အချက်အလက် မှားအောင် လုပ်ခဲ့တယ်။  မြို့ နေပြည်သူတွေထဲက အသက် ၁၈ နှစ်နဲ့ အသက် ၃၅ နှစ်အကြား မဲဆန္ဒရှင် သိန်းနဲ့ချီပြီး မဲစာရင်းထဲက ဖျောက်ခဲ့တယ်။ မဲစာရင်းထဲ ပါချင်တဲ့သူက ထောက်ခံချက်တွေ ပူးတွဲပြီး လျှောက်လွှာတင်ရတယ်။ ဒီမဲအများစုက အတိုက်အခံဘက်ကို ရောက်မှာ ဖြစ်တဲ့အတွက် တမင်မှားယွင်းဖော်ပြတာဖြစ်ပါတယ်။ (၃) ကျေးလက်တောရွာမှာ နေထိုင်သူတွေရဲ့ အမည်စာရင်းတွေကို မြို့တွေပေါ်က မဲစာရင်းထဲမှာ လိပ်စာပြောင်းပြီး ထည့်သွင်းတယ်။ မှတ်ပုံတင်အတုတွေ လုပ်ပေးတယ်။ (၄) မဲထည့်သူက ခြောက်သန်းကျော်ပဲ စာရင်းရှိပေမယ့် မဲစာရွက်ပေါင်း ဆယ်သန်းကျော် ပုံနှိပ်ထုတ်လုပ်ခဲ့တယ်။ မဲစာရွက် လေးသန်းအထိ ပို ထုတ်ခဲ့တယ်။ (၅) တကယ်မရှိသူတွေ၊ ပြည်ပမှာ နေတဲ့အတွက် မဲမထည့်နိုင်သူတွေ၊ သေဆုံးပြီးသူတွေကို မဲစာရင်းထဲမှာ ထည့်သွင်းခဲ့တယ်။ (ခန့်မှန်းချက်အရ ဇင်ဘာဘွေနိုင်ငံသား ၃ သန်းကျော်ဟာ နိုင်ငံခြားမှာ နေထိုင် အလုပ်လုပ်ပါတယ်) (၆) ခေတ်မီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ရေစာပါတဲ့ မဲစာရွက်တွေသုံးပြီး ထည့်တဲ့ မဲတိုင်းကို ကိုယ့်မဲဖြစ်အောင် လုပ်ခဲ့တယ်။ ဇင်ဘာဘွေသင်ခန်းစာ Schvangirai Campaignဇင်ဘာဘွေနိုင်ငံရဲ့ သက်တော်ရှည်အာဏာရှင်ကြီး မူဂါဘီဟာ ၂၀၁၃ ရွေးကောက်ပွဲကို နည်းမျိုးစုံ အသုံးပြုပြီး အနိုင်ယူသွားခဲ့ပါတယ်။ ဒီမိုကရေစီပြောင်းလဲရေးသမား ရှန်ဂီရိုင်းကတော့ ၀န်ကြီးချုပ် နေရာကနေ ဖယ်ပေးလိုက်ရပါတယ်။ ဇင်ဘာဘွေ ၂၀၁၃ ရွေးကောက်ပွဲအကြောင်း ပြန်လည်သုံးသပ်တင်ပြတဲ့ အစီရင်ခံစာကို ထောက်ဆပြီး လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲအတွက် စိုးရိမ်စရာတွေ ရှိလာပါတယ်။ စိုးရိမ်စရာကောင်းတဲ့ အချက်အလက်တွေကို သတင်းစာဂျာနယ်တွေနဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အထင်အရှားတွေ့ နေရတာကြောင့်ပါ။ (၁) ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သလို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အများစုဟာလည်း စစ်ဗိုလ်တွေ ဖြစ်နေတယ်လို့ မိုးဇေငြိမ်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ အသေးစိတ်ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ တပ်မတော်အရာရှိ (၇၀) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ လွှဲပြောင်းတာဝန်ထမ်းစေခဲ့တယ်။ ၂၀၁၄ ခုနှစ် ကုန်ကာနီးမှာ နောက်ထပ် တပ်မတော်အရာရှိ (၃၅) ဦး (ဗိုလ်မှူး ၃၀ နဲ့ ဗိုလ်ကြီး ၅ ဦး) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ရွှေ့ ပြောင်းတာဝန်ထမ်းစေခဲ့တယ်လို့  ဆိုပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်အောက်က ပြည်နယ်နဲ့ တိုင်းဒေသကြီးရုံး (၁၄) ရုံးမှာ ရွေးကောက်ပွဲကြီးကြပ်မယ့် ထိပ်ဆုံးအရာရှိ (၁၄) ယောက်ဟာ တပ်မတော်သားတွေချည်း ဖြစ်တယ်။ မြန်မာနိုင်ငံရှိ ခရိုင်ပေါင်း (၆၉) ခရိုင် နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (၆) ခုရဲ့ ရွေးကောက်ပွဲ ကြီးကြပ်ရေး အရာရှိအားလုံးဟာလည်း တပ်မတော်သားတွေချည်းဖြစ်တယ်လို့ မိုးဇေငြိမ်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ (၂) ရွေးကောက်ပွဲကော်မရှင်က  ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာမှာ အမှားအယွင်း ၃၀ ရာနှုန်းအထိ ရှိနေတယ်။ ဒါကို ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် ၀န်ခံခဲ့ပါတယ်။ (၃) ပထမအကြိမ်မဲစာရင်းမှာ မပါဝင်သူများနဲ့ အချက်အလက်လွဲသူများကို နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုဇယားများ၊ ရပ်ကွက်တာဝန်ခံထောက်ခံစာများနဲ့ ပူးတွဲပြီး လျှောက်လွှာ တင်ခိုင်းတယ်။ ဒါပေမယ့် ဒုတိယအကြိမ် မဲစာရင်းထုတ်တော့ ထပ်မှားတယ်။ (၄) မဲစာရင်းထဲမှာ သေဆုံးသူများ၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေထိုင်သူများ၊ သက်ဆိုင်ရာ ရပ်ကွက်အတွင်း မနေထိုင်သူများ ပါဝင်နေတယ်။ (မဲဆန္ဒနယ်တော်တော်များများမှာ လူမရှိဘဲနဲ့ နာမည်တွေပါဝင်နေတာဟာ ထောင်ဂဏန်း၊ သောင်းဂဏန်း အရေအတွက် ဖြစ်နေတယ်လို့  ဂျာနယ်များမှာ ရေးသားဖော်ပြပါတယ်) (၅) မဲပြားစာရွက်တွေကို မဲထည့်မယ့်သူ အရေအတွက်ထက်ပိုပြီး ရိုက်နှိပ်ထားတာ သန်းနဲ့ ချီပြီး ရှိနေတယ်။ မဲထည့်ခွင့်ရသူပေါင်းဟာ သန်းသုံးဆယ်ကျော်ပဲ ရှိပါမယ်။ (၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်းဝင်သူက ၂၉  သန်းရှိခဲ့ပြီး မဲထည့်သူက ၂၃သန်းနီးပါး ရှိခဲ့ပါတယ်)။ မဲဆန္ဒရှင် တစ်ဦးဟာ မဲပြားသုံးပြားထည့်ရမှာ ဖြစ်တဲ့အတွက် မဲပြားလိုအပ်ချက်ဟာ သန်းတစ်ရာမကျော်ပါဘူး။  ယခု ရိုက်နှိပ်ထားတာက သန်း ၁၃၅ သန်းကျော် ဖြစ်ပါတယ်။ တချို့တိုင်းဒေသကြီးတွေမှာ တိုင်းရင်းသားတချို့အနေနဲ့ မဲလေးပြားထည့်ရမှာ ဖြစ်ပေမယ့် အရေအတွက်က သန်းဂဏန်းကို မကျော်ပါဘူး။ (၆) နိုင်ငံခြားမှာ အလုပ်လုပ်နေထိုင်သူတွေ အနည်းဆုံး လေးသန်းရှိပါတယ်။ ဒါပေမယ့် သံရုံးတွေမှာ မဲထည့်ခွင့်ရသူက သောင်းဂဏန်းအရေအတွက်ပဲ ရှိပါတယ်။ မဲထည့်ရာမှာ အဆင်ပြေချောမွေ့အောင် သံရုံးတွေက မစီစဉ်ပေးဘူးလို့ ဝေဖန်ကြပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေထိုင်သူတွေရဲ့ အမည်တွေကို မဲစာရင်းထဲမှာ တွေ့ရတယ်လို့  ရေးသားကြပါတယ်။ (၇)  ကြိုတင်မဲတွေ ထည့်ရာမှာ တံဆိပ်တုံးမှာ သုံးတဲ့မင်တွေ အမြန်မခြောက်ဘူး၊ မဲစာရွက်တွေကို အ၀ါရောင်စက္ကူတွေနဲ့ ပုံနှိပ်ထားတဲ့အတွက် ပါတီတံဆိပ်တွေ မသဲကွဲဘူး၊ ကြိုတင်မဲထည့်တဲ့ ပလတ်စတစ်ပုံးတွေ အလွယ်နဲ့ ဖွင့်လို့ ရတယ် စတဲ့ ဝေဖန်ချက်တွေ ထွက်နေပါတယ်။ (၈) အတိုက်အခံပါတီများအားကောင်းတဲ့ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်ပြီး ရွေးကောက်ပွဲမဖြစ်အောင် ဖန်တီးနေတယ်လို့ တိုင်းရင်းသားအဖွဲ့ အစည်းတွေက ပြောနေပါတယ်။ (၉) ရွေးကောက်ပွဲမှာ ဘယ်လို မဲထည့်ရမလဲ ဆိုတာကို ပညာပေးမှုအားနည်းတဲ့အတွက် တချို့ ဒေသက ပြည်သူတွေ ဘယ်လို မဲထည့်ရမလဲ မသိကြဘူး။ (၁၀) စက်တင်ဘာလအတွင်းမှာ မြန်မာ့တပ်မတော်က အကြီးအကဲတွေ အစ္စရေးနိုင်ငံနဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာဟာ ရွေးကောက်ပွဲနဲ့ ဘယ်လိုပတ်သက်မလဲလို့ တွက်ချက်တာတွေ ရှိနေပါတယ်။ (၁၁) မြန်မာနိုင်ငံရဲ့  ၂၀၁၅ ရွေးကောက်ပွဲမှာ ဇင်ဘာဘွေရွေးကောက်ပွဲနဲ့ ထူးထူးခြားခြား တိုက်ဆိုင်နေတဲ့ အချက်က ဒီမိုကရေစီအပြောင်းအလဲ ဆိုတဲ့ ရှန်ဂီရိုင်းတို့ ပါတီက အနီရောင် ၀တ်စုံတွေ ၀တ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀တ်စုံနဲ့ အရောင်တူနေပါတယ်။ မူဂါဘီရဲ့ ပါတီက အစိမ်းရောင်ဦးထုပ်တွေ ဆောင်းကြတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အစိမ်းရောင်ဝတ်စုံနဲ့ ဆင်တူပါတယ်။ တပ်မတော်ရဲ့ ၀တ်စုံသစ်အရောင် အစိမ်းနုနဲ့  အထူးဆင်တူပါတယ်။ ဒီလို အချက်အလက်တွေ အဖြစ်အပျက်တွေကြောင့် မြန်မာ့ရွေးကောက်ပွဲဟာလည်း ဇင်ဘာဘွေလို ဖြစ်လေမလားလို့ စိုးရိမ်နေကြရတာပါ။ ဘာပဲဖြစ်စေ မြန်မာနိုင်ငံရဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဟာ မဲစာရင်းအမှားအယွင်းတွေ တင်းကြမ်းနဲ့ပဲ နောက် တပတ်အကြာ နိုဝင်ဘာ ၈ ရက် နေ့မှာ ကျင်းပပါတော့မယ်။ ရွေးကောက်ပွဲရလဒ်က အမှန်တရားကို မထင်ဟပ်ရင် ဘာဆက်လုပ်ကြမလဲ ဆိုတာကို မဲထည့်ခွင့်ရတဲ့ ပြည်သူတွေရော၊ မဲထည့်ခွင့်မရတဲ့ ပြည်သူတွေပါ စဉ်းစားထားကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီခရီး  မနီးလှပါ။ မောင်သာမည
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024