ကံမလယ်သမား ၅ ဦးကို ရွာစဉ်တလျှောက် ကြိုဆို
အေးနိုင်
·
July 1, 2011
သရက်ထောင်မှာ ကျခံရာကနေ မင်ဘူးခရိုင်တရားရုံးက ပြစ်ဒဏ်လျှော့ပေါ့စီရင်လို့ ပြန်လွတ်လာကြတဲ့ ကံမမြို့နယ် စစ္စရံရွာသား ငါးဦးကို အိုးစည်ဗုံဗောင်း တီးခတ်ကြိုဆိုဖို့ စစ္စရံကျေးရွာကမ်းနဖူးမှာ ရွာသားတွေ ကမ်းလုံးညွတ်နီးပါး ရောက်ရှိ အောင်ပွဲခံနေကြပါတယ်။
မနေ့ညနေက ပြန်လွတ်လာသူတွေဟာ လမ်းခရီးကားပေါ်မှာပဲ ရှိနေသေးပြီး ကံမမြို့ပေါ် ရောက်ရှိလာမယ့် သူတို့တတွေကို တခမ်းတနားကြိုဆိုမယ့်အဖွဲ့ဟာ မော်တော်ပေါ်မှာ အိုးစည်ဝိုင်းကို အသံချဲ့စက်နဲ့ အောင်ပွဲခံ အော်ဟစ်နေကြပါတယ်။
“ပျော်သလားဟေ့ မောင်တို့ရေ။ ပျော်တယ်ဟေ့” ဆိုတဲ့ အသံတွေ စစ္စရံမြစ်ကမ်းနဖူးမှာ အသံချဲ့စက်ကနေ အတိုင်အဖောက် လုပ်နေကြတာပါ။
ရွာသားတွေ အခုလို အောင်ပွဲခံနေတာကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အန်တုရင်ဆိုင်တဲ့ ရွာသားငါးဦး ပြစ်ဒဏ်စီရင်ခံရပေမယ့် ပြန်လည် လွတ်မြောက်လာတဲ့အတွက် ဖြစ်ပါတယ်။
ထူးနဲ့ဦးပိုင်ကုမ္ပဏီတွေက ရွာသားပိုင်မြေတွေပေါ်မှာ ကော့စတစ်စက်ရုံတည်ဖို့ မြေသိမ်းတာကို မကျေနပ်လို့ တရားစွဲတဲ့ရွာသားတွေကို ထူးနဲ့ ဦးပိုင်ကုမ္ပဏီဘက်က တရားလိုလုပ်ပြီး ပြန်ဆွဲတဲ့အမှုတွေနဲ့ရှစ်နှစ်ကနေ ၁၂ နှစ်ကျော်ထိ ချမှတ်ခံရအပြီးမှာ မနေ့က ခရိုင်တရားရုံးက ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။
ရွာသားတွေအမှုကို လိုက်ပါကူညီနေသူ ကိုရဲထင်က ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကို ခုလို ပြောပါတယ်။
“ဒီလိုဗျ။ ဒီလယ်သမားကြီးတွေက မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ ထူးကုမ္ပဏီက သူတို့လယ်ပေါ်ကျူးကျော်တဲ့အခါ တရားစွဲဆိုတဲ့အတွက်ကြောင့် လယ်သမားတွေကို အခု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မဇစ်အခြေစိုက်ရုံးက တာဝန်ရှိတဲ့လူတွေက လုပ်ကြံရိုက်နှက်ပြီး အောက်ခြေအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ထောင်ချတဲ့ကိစ္စဗျ။ အခု လယ်သမားကြီးတွေက ဒါ တရားဥပဒေရဲ့ တစိတ်တပိုင်း အမှန်တရားမျှတမှုကို တောင်းဆိုတာ ရရှိလို့ ပြန်လွတ်လာတာပါ။ အခု ရွာသူရွာသားတွေ အားလုံးလည်း ပျော်ရွင်နေကြပါတယ်ဗျ။”
ဒီနေ့ခင်း ၂ နာရီခွဲမှာ စစ္စရံကျေးရွာကမ်းနဖူးက ရွာသားတွေ မြင်ကွင်းကို မေးရာမှ သူက ခုလို ပြောပါတယ်။
“ဟာ ရွာသားတွေဗျာ ကမ်းလုံးညွတ်ပါပဲဗျာ။ ရွာသူရွာသား ရာချီပြီးတော့ လာကြတာဗျ။ ကမ်းတလျှောက်မှာရှိတဲ့ ရွာတွေရွာတွေအားလုံးကလည်း ရွာသူရွာသားတွေ ကြိုကြတယ်ဗျ။”
“ကိုသန်းဦးတို့က အပြင်ရောက်ပြီး ကျနော်တို့ဆီကို ဖုန်းဆက်ထားပြီးပြီ။ သူတို့ သရက်က ထွက်လာပြီ၊ ကံမကို သုံးနာရီ ဆိုက်မယ်လို့ ပြောတယ်။ ကျနော်တို့ ကံမကို သွားကြိုမယ်ပေါ့။ ကျနော်တို့မော်တော်ပေါ်မှာ ရွာသား အယောက် (၇၀) ပေါ့ဗျာ။ ရွာအုပ်ချုပ်ရေးတွေကလည်း ဘာမှ မပြောပါဘူး။”