ထိုင်းနိုင်ငံတွင်း ၀င်ရောက်လာသူ မြန်မာ ၁၇ ဦး တောထဲတွင် ပစ်ထားခံရ
နန်းမြနဒီ
·
October 2, 2015
ထိုင်းနဲ့ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ပွဲစားအကူအညီနဲ့ ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦး ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်က တောထဲမှာ ပစ်ထားခံရတယ်လို့ တီအန်အန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်ဆေးရေးဂိတ်တွေ ရှောင်တဲ့အနေနဲ့ တောထဲတောင်ထဲ ၄ ရက်တာ လမ်းလျှောက်ခဲ့ရာမှာ လာကြိုမယ့်သူရောက်မလာဘဲ ဘန့်ဟိန်လိုက်ကျေးရွာအုပ်စုထဲမှာ အစာရေစာပြတ်ပြီး လာရောက်တောင်းရမ်းစားသောက်စဉ် ရွာသားတွေက သက်ဆိုင်ရာကို တိုင်ကြားခဲ့တာလို့ ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။
သူတို့မှာ ထိုင်းနိုင်ငံထဲကို ၀င်ရောက်လာဖို့ အထောက်အထား၊ ခွင့်ပြုချက်စာ တစုံတရာ ပါမလာတဲ့အတွက် အားလုံးကို ချွန်းဖွန်းလူဝင်မှုကြီးကြပ်ရေးရုံးကို ခေါ်ဆောင်သွားပြီး အစာရေစာပေးကာ ဆက်လက်စစ်ဆေးမေးမြန်းခဲ့ပါတယ်။
စစ်ဆေးချက်အရသူတို့ကို မြန်မာပွဲစားက မြန်မာပြည်ထဲထိ လိုက်လံခေါ်ဆောင်ခဲ့ပြီး ကော့သောင်းမှ ရနောင်းဘက်ကို ကူးလာကာ ပွဲစားခတဦးကို ဘတ်ငွေ ၁ သောင်းပေးရ တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ချွန်းဖွန်းခရိုင်ကို ခရီးဆက်ခဲ့ရာ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ ရှောင်ရှားတဲ့အနေနဲ့ တတောင်တက်တတောင်ဆင်း ၄ ရက်တာ ခရီးဆက်ခဲ့ကြောင်း၊ သူတို့ကို လက်နက်ကိုင် ၂ ဦးက တောထဲမှာ လာပို့ထားပြီး နောက်ထပ်ခရီးဆက်ဖို့ လာကြိုမယ့်သူကို စောင့်ဆိုင်းရာ အစာရေစာပြတ်သွားတဲ့ထိ လာခေါ်မယ့်သူမရှိတာကြောင့် အရဲစွန့်ပြီး ရွာထဲဆင်းလာခဲ့တာလို့ စကားပြန်ကတဆင့် ပြောခဲ့ပါတယ်။
သူတို့ကို ထိုင်းလ၀က ဥပဒေအရအရေးယူဖို့ ချွန်းဖွန်းလ၀ကရဲစခန်းမှာ ထိန်းသိမ်းထားပြီး လူကုန်ကူးသူများကိုလည်း ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ရဲအရာရှိ တဦးရဲ့အပြောကို ကိုးကားပြီး ထိုင်းသတင်းမှာဖော်ပြပါတယ်။
ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်မှာ ပြီးခဲ့တဲ့ မေလကလည်း မြန်မာနိုင်ငံသား ၇၀ ကျော်ကို ပွဲစားတွေက တောထဲလာပစ်ထားကာ အမျိုးသမီးငယ်တချိ့ပါ မတရားကျင့်ခံခဲ့ရပါတယ်။