နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ လုပ်ငန်းလုပ်ပါက အရေးယူမည်
DVB
·
October 1, 2015
ထိုင်းနိုင်ငံတောင်ပိုင်း နယ်စပ်တလျှောက်မှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအ၀င် နိုင်ငံခြားသားတွေကို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုကြောင်း ထိုင်းအစိုးရက ဆိုင်းဘုတ်တွေထောင်ပြီး တားမြစ်လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းတွေအဖြစ် ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းချတာ၊ ကိုယ်ပိုင်ဆိုင် ဖွင့်လှစ်ရောင်းချတာတွေ အပါအ၀င် အသေးစားလုပ်ငန်း လုပ်ကိုင်တာတွေကို ထိုင်းအစိုးရက ဆိုင်းဘုတ်တွေထောင်ပြီး တားမြစ်လိုက်ပါတယ်။
စစ်ဆေးတွေ့ရှိပါက ဘတ် ၂၀၀၀၀ ထက် မပိုတဲ့ ဒဏ်ငွေပေးဆောင်ရမယ်လို့ သတိပေးတားမြစ်ထားပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့် အလုပ်သမားမှတ်ပုံတင် မရှိကြောင်းစစ်ဆေး တွေ့ရှိရင် ၅ နှစ်ထက်မကျော်တဲ့ ထောင်ဒဏ်နဲ့ ဒဏ်ငွေဘတ် ၂ ထောင်မှ ၁ သိန်း ထိ ကျခံရမယ်လို့ ထိုင်းနိုင်ငံ အာဏာပိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်တာလို့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနှစ်ဘာသာနဲ့ သတိပေးချက်တွေရေးထားတဲ့ အဲဒီဆိုင်းဘုတ်တွေကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားအများစုရှိတဲ့ ရနောင်းခရိုင်နဲ့ ကရဘူရီခရိုင်တွင်းက မြို့တွေမှာ စက်တင်ဘာ ၂၉ ရက်နေ့က စတင်ပြီး စိုက်ထူသတိပေးထားတာ ဖြစ်ပါတယ်။