Home
မြန်မာသတင်း
ရေဘေးသင့်ပြည်သူများအတွက် အိုင်စီတီးဝိုင်း ဂီတဖျော်ဖြေပွဲတွေ ကျင်းပမည်
DVB
·
August 17, 2015
မြန်မာနိုင်ငံတ၀န်း မိုးကြီးရေလျှံမှုကြောင့် သဘာဝဘေးဒုက္ခ ခံစားနေရတဲ့ ပြည်သူတွေအတွက် အကူညီပေးဖို့ ရန်ပုံငွေရှာတဲ့ အနေနဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ၀ိုင်ဝိုင်းတို့ ပါဝင်သီဆိုမယ့် Iron Cross ဂီတအဖွဲ့ ဖျော်ဖြေပွဲတွေကို ရန်ကုန်မှာ ကျင်းပဖို့ ရှိနေပါတယ်။ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းက ဦးစီးကျင်းပတဲ့ ဒီဖျော်ဖြေပွဲကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့ ည ၇ နာရီကနေ ၁၀ နာရီအထိ ရန်ကုန် အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကို ကျပ်ငွေ ၃ သောင်း၊ ၅ သောင်း၊ ၁ သိန်းနဲ့ ၃ သိန်းအထိ သတ်မှတ်ထားပြီး လက်မှတ်ရောင်းချရာမှ ရရှိလာတဲ့ ငွေကြေးအားလုံးကို ရေဘေးသင့် ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် အသုံးပြုသွားမယ်လို့ ကမ္ဘောဇရဲ့ လက်မှတ်ရောင်းဝယ်ရေးနဲ့ ၀န်ဆောင်မှုဌာနက ပြောပါတယ်။ “ကျနော်တို့က ဘဏ်မှာ အကောင့် သီးသန့်ဖွင့်ထားတယ်။ ပြီးရင် ပွဲမှာလည်း ရေဘေးကို လှူချင်တဲ့ အလှူရှင်တွေအတွက်ကို အလှူငွေလည်း လက်ခံဦးမယ်။ ကျနော်တို့ ဘဏ်ကနေပြီး ၀င်ပေါက်တွေမှာ ၀န်ထမ်းတွေထားမယ်။ လာတဲ့သူတွေက ရေဘေးလှူချင်လို့ရှိရင် အလှူခံမယ်ပေါ့။ အလှူရှင်တွေဆီက ရတဲ့ငွေကို သီးသန့်အကောင့်တခုထဲ ထည့်တယ်။ ပြီးတော့ လက်မှတ်ရောင်းရတဲ့ငွေကို အကောင့်တခုထဲ ထည့်တယ်ပေါ့။ ပြီးတော့မှ အကောင့်ထဲက ပိုက်ဆံတွေကို ရေဘေး ပြန်လည်ထူထောင်ရေးအတွက် သုံးမှာပါ။” အလားတူ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းနိုင်ဖို့ဆိုပြီး အိုင်စီအဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလ ၆ ရက်နေ့မှာလည်း ရန်ကုန် ပြည်သူ့ရင်ပြင်မှာ ဖျော်ဖြေသွားဖို့ရှိပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ ကျပ် ၅၀၀၀ သတ်မှတ်ထားပြီး ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို ရေဘေးသင့်ပြည်သူတွေဆီကို လှူဒါန်းသွားမယ်လို့လည်း ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024