ရထားပေါ်ဗုံးခွဲမှုသည် ကေအန်ယူ၏ ခိုင်းစေချက်ဟု စွပ်စွဲ
DVB
·
June 10, 2011
နေပြည်တော်အနီး ရထားပေါ်မှာ ခရီးသည်တွေ သေဆုံးဒဏ်ရာရတဲ့ ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီးရမိပြီဖြစ်ပြီး ဒါဟာ ကေအန်ယူရဲ့ ခိုင်းစေချက်ပါလို့ မြန်မာအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကတော့ ဒါဟာ သူတို့လက်ချက် မဟုတ်သလို သူတို့ခိုင်းစေချက်လည်း မဟုတ်ပါဘူးလို့ ပြောကြားပါတယ်။
အရင်လ ၁၈ ရက်တုန်းက နေပြည်တော်ဘူတာကြီးအလွန်မှာ ရန်ကုန်-မန္တလေး အဆန်ရထားပေါ်မှာ ဗုံးတလုံးပေါက်ကွဲလို့ ခရီးသည်နှစ်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရ တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဗုံးဖောက်ခွဲတဲ့ တရားခံဟာ ကရင်ပြည်နယ် သံတောင်မြို့နယ် လိပ်သိုရာဒို ကျေးရွာအုပ်စု ဒဝါလော်ချီးရွာက ကျော်ဒီ(ခေါ်) မာရီနို ဖြစ်ပြီး ဖမ်းဆီးရမိထားပြီလို့ ကြာသပတေးနေ့ထုတ် အစိုးရသတင်းစာမှာ ဖော်ပြပါတယ်။
ဒီရွာသားဟာ ကေအန်ယူရဲ့ ခိုင်းစေချက်အရ ဗုံးဖောက်ခွဲခဲ့တာပါလို့ ဝန်ခံထွက်ဆိုတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဒီရွာသားဟာ လွန်ခဲ့တဲ့သုံးနှစ်က ကေအန်ယူမှာ မိုင်းထောင်သင်တန်း နှစ်ပတ်ကြာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကေအန်ယူ တပ်မဟာ ၂ တပ်ရင်း ၅ က ခိုင်းစေချက်အရ ခုလို ဗုံးဖောက်ခွဲတာလို့ ဆိုပါတယ်။
မေလ ၁၈ ရက်မှာ ရထားတွဲအမှတ်သုံးပေါ်မှာ ဗုံးထောင်ခဲ့ပြီး ရထားပေါ်ကနေ ခုန်ဆင်းသွားတယ်ဆိုတဲ့သူကို မေလ ၂၉ ရက်မှာ ဖမ်းဆီးရမိတယ်လို့ အစိုးရသတင်းက ဆိုပါတယ်။
အစိုးရသတင်းဖော်ပြချက်နဲ့ပတ်သက်လို့ ကေအန်ယူ ပြန်ကြားရေးတာဝန်ခံ ပဒို စောလှငွေက အခုလို တုံ့ပြန်ပြောကြားပါတယ်။
“ကျနော်တို့ကတော့ ဗုံးသင်တန်းတွေ ပေးပြီးတော့ အတွင်းကို သွားဗုံးဖောက်ဖို့ အတွက် ညွှန်ကြားထားတာ မရှိဘူး။ အဲဒီအလုပ်ကို ကျနော်တို့ မလုပ်ဘူးလို့ ပြောထားပြီးပြီ။ သူတို့ ဖန်တီးပြီးတော့ လုပ်လို့ ရတာတွေ အများကြီးရှိပါတယ်။ အဲဒီလိုပဲ သူတို့ စွပ်စွဲပြီးတော့ သင်္ကြန်တွင်း ဗုံးဖောက်တဲ့ ကိစ္စတွေတုန်းကလည်း ထိုနည်းလည်းကောင်းပဲ မီရာတွေကို ဆွဲပြီးတော့ သူတို့ကတော့ ဒီလိုပဲ အတင်းဝန်ခံခိုင်း ပြီးတော့ လုပ်နေကြတာပဲ။ အစဦးကတည်းက ကျနော်တို့ ငြင်းပယ်ပါတယ်။ ကျနော်တို့ မခိုင်းစေခဲ့ပါဘူး။”
ပဒိုစောလှငွေ ရည်ညွှန်းသွားတဲ့ သင်္ကြန်ဗုံးပေါက်မှုကတော့ မနှစ်က ရန်ကုန် သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုဖြစ်ပါတယ်။ အဲဒီတုန်းက လူ ၈ ဦး သေ ဆုံးပြီး ၁၇၀ ဒဏ်ရာရတယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုအတွက် အတိုက်အခံတွေကို စွပ်စွဲပြီး မသင်္ကာသူတွေကို ဖမ်းဆီးခဲ့ပေမယ့် စီရင်ချက်ချရာမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ မပတ်သက်တဲ့ ဥပဒေပုဒ်မတွေနဲ့ စီရင်ချက်ချခဲ့တာပါ။