Home
မြန်မာသတင်း
သမ္မတ မဖြစ်နိုင်ပေမယ့် ပြည်သူလက်ခံမည့်အစီအစဉ်တခု လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
July 12, 2015
  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ မဖြစ်နိုင်ပေမယ့် ပြည်သူတွေ လက်ခံနိုင်မယ့် အစီအစဉ်တခုကို လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉  (စ) အရ သူ့အနေနဲ့ သမ္မတ ဖြစ်ခွင့် မရှိပေမယ့် ပြည်သူတွေလက်ခံနိုင်မယ့် အစီအစဉ်တခုကိုတော့ စီစဉ်သွားမယ်လို့ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဗဟိုကော်မတီစည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာနဲ့ ပတ်သက်လို့ လုံးဝစိတ်ဓာတ်မကျပါဘူး။ ဒီဖွဲ့စည်းပုံဟာ ပြင်ရမယ် ပြောင်းရမယ်ဆိုတာ ကျမတို့ ပြည်သူတွေ လက်ခံထားပြီးသားဖြစ်တဲ့ အတွက် ပြင်ပစ်ပြောင်းပစ်မယ်ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။ အဲ့တော့ ဘယ်တော့ ပြင်မလဲဆိုတာကိုတော့ အန်အယ်လ်ဒီ ရွေးကောက်ပွဲနိုင်မယ်ဆိုရင် မြန်မြန်ပြင်ပေးမယ်လို့ ပြောချင်ပါတယ်။ မမေးခင်ဖြေထားမှာနော် တချို့ကမေးမှာပဲ၊ ၅၉  (စ) မပြင်ဘူးဆိုလို့ရှိရင် ကျမအနေနဲ့ သမ္မတ ဖြစ်နိုင်ခြေမရှိဘူး ဒီတော့ အန်အယ်လ်ဒီက ဘယ်လို ဒီကိစ္စကို ကိုင်တွယ်မလဲ ဆိုတာကို ကျမတို့ စဉ်းစားထားပါပြီ။ အချိန်မတန်သေးလို့ မပြောသေးတာပါ။ ပြည်သူတွေလက်ခံနိုင်မယ့် အစီအစဉ် တခုကို ကျမတို့လုပ်မှာဖြစ်ပါတယ်။” လောလောဆယ်တော့ အန်အယ်လ်ဒီ ပါတီထဲမှာ နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်တို့ဟာ စစ်မှုထမ်းဟောင်းတွေ ဖြစ်တဲ့အတွက် သမ္မတ ဖြစ်နိုင်ချေ ရှိတဲ့လူတွေအဖြစ် နိုင်ငံရေး အသိုင်းအ၀ိုင်းက ခန့်မှန်းနေပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။ အဖွဲ့ချုပ် ကိုယ်စားလှယ် ၁၂၀၀ ကျော်ထဲက မဲဆန္ဒနယ် အားလုံးနီးပါးကို ဝင်ရောက်ယျဉ်ပြိုင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “တတ်နိုင်သမျှ မဲဆန္ဒနယ် အားလုံးကို ဝင်ရောက်ယျဉ်ပြိုင်မှာဖြစ်ပါတယ်။ အားလုံးသိတဲ့ အတိုင်းပဲ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ဆိုရင် ၁၂၀၀ ကျော်ပါတယ်။ ၁၂၀၀ အားလုံးကိုတော့ ဝင်ပြိုင်မှာတော့ မဟုတ်ပါဘူး။ တချို့တလေမှာတော့ ဝင်မပြိုင်တဲ့နေရာတွေ ရှိပါတယ်၊ အများစုကြီးကိုတော့ ကျမတို့ဝင်ပြိုင်မှာဖြစ်ပါတယ်။ ကိုယ်စားလှယ်စာရင်းတွေကိုလည်း ရွေးကောက်ပွဲကော်မရှင်ကို ၈ ရက်နေ့ ၉ လပိုင်း နောက်ဆုံးထားပြီးတော့ ထည့်သွင်းရမယ်ဆိုတာ ဒီဟာတွေကိုလည်း ကျမတို့လုပ်နေပါတယ်။” တချို့မဲဆန္ဒနယ်တွေမှာတော့ မဟာမိတ်ပါတီတွေနဲ့ ညှိနှိုင်းပြီး ၀င်ပြိုင်တာမျိုးလည်း ရှိနိုင်တယ်လို့ ဒီဗွီဘီရဲ့ မေးမြန်းချက်ကို ဖြေဆိုသွားပါတယ်။ ပြီးတော့ ကိုယ်တိုင်လည်း ကော့မှူးမဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လွှတ်တော်ထဲ ရောက်ခဲ့ပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံပြင်ဖို့အရေး စိတ်ဝင်တစား ရှိလာတယ်လို့လည်း ပြောပါတယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါ အရည်အချင်းရှိသူ၊ လူငယ်၊ အမျိုးသမီး နဲ့ တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်မယ်လို့ သိရပါတယ်။ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးမှ ရွေးကောက်ပွဲဝင် မ၀င် ကြေညာမယ်လို့ ပြောဆိုထားတဲ့အတိုင်း ကော်မရှင်ကြေညာအပြီး ၃ ရက်မြောက်နေ့မှာ ရွေးကောက်ပွဲဝင်မယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024