တိုင်းရင်းသားများအတွက် မိုးပွင့်အထူးစီမံချက် တိုးမြှင့်လုပ်ဆောင်
DVB
·
July 5, 2015
တိုင်းရင်းသားတွေအတွက် အိမ်ထောင်စု လူဦးရေစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ဖို့အတွက် မိုးပွင့်အထူးစီမံချက်ကို ဇူလိုင်လကုန်အထိ တိုးမြှင့်ဆောင်ရွက်ပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
၂၀၁၁ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိမိုးပွင့်အဆင့် (၁) မှ အဆင့် (၇) အထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၂ သိန်းကျော် ထုတ်ပေးဆောင်ရွက်နိုင်ပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူတွေ ကျန်ရှိနေသေးသူတွေကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ၆ လတာ မိုးပွင့်(အထူး)စီမံချက်အနေနဲ့ ဆောင်ရွက်ပေးခဲ့တာပါ။
တချို့ကျေးရွာတွေမှာ ကတ်ပြားမပြုလုပ်ရေသေးသူတွေ ကျန်ရှိနေသေးတဲ့အတွက် စီမံချက်ကာလတိုးမြှင့်ပေးဖို့ တင်ပြလာတာကြောင့် မိုးပွင့်(အထူး)စီမံချက်ကို ဇူလိုင် ၁ လ ထပ်မံတိုးပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။