Home
မြန်မာသတင်း
မသန်စွမ်းသူများအတွက် စက်ရုပ်ထောက်ကူ လမ်းလျှောက်လေ့ကျင့်ရေးစက်
DVB
·
July 4, 2015
၁၂ နှစ်သားအရွယ် ကာအဲလ်ဟာ ခြေထောက်တွေ ချည့်နဲ့ပြီး အကြောအခြင်တွေ တောင့်တင်းတဲ့ မျိုးဗီဇ ဖောက်ပြန် သွက်ချာပါဒရောဂါကို ခံစားနေရပါတယ်။ ဒီရောဂါကြောင့် သူ့မှာ လမ်းလျှောက်ရ ခက်သွားခဲ့ပါတယ်။ ဒါပေမယ့် Lokomat (လိုကိုမတ်) လို့ခေါ်တဲ့ စက်ရုပ်ထောက်ကူ လမ်းလျှောက် လေ့ကျင့်ရေးစက်ရဲ့ကျေးဇူးနဲ့ ဒီအခြေအနေက မကြာခင်မှာ ပြောင်းလဲသွားတော့မှာပါ။ ဗွီဒီယိုဂိမ်းတွေကတဆင့် လှုပ်ရှားမှုတွေကို စေ့ဆော်ပေးတဲ့ ဒီစက်နဲ့ ကာအဲလ်ဟာ ၁ ပတ်ကို ၃ ကြိမ် လေ့ကျင့်ပါတယ်။ "လိုကိုမတ်က လမ်းဖြောင့်ဖြောင့် လျှောက်နိုင်အောင် လုပ်ပေးတယ်။ ဒီတော့ လမ်းအများကြီး လျှောက်နိုင်တာပေါ့။" လိုကိုမတ်ဟာ နယူးယောက်မြို့ စိန့်မေရီကလေးဆေးရုံက အာရုံကြော ပြန်လည်လေ့ကျင့်ရေး ပရိုဂရမ်ရဲ့ အစိတ်အပိုင်းတရပ် ဖြစ်နေပါပြီ။ ဒီစက်နဲ့ ကလေးတွေမှာဖြစ်တဲ့ ဦးနှောက်တွင်း ထိခိုက်မှုများစွာကို ကုသပေးပါတယ်။ ခုဆိုရင် ရလဒ်တွေမှာ အလားအလာကောင်းတွေ တွေ့နေရပြီလို့ စီအီးအို ဒေါက်တာ အက်ဒွင်ဆင်မ်ဆာက ဆိုပါတယ်။ "ဒီဆေးရုံမှာ တင်ထားတဲ့ ကလေးတွေဆိုရင် လမ်းလျှောက်နိုင်တော့မယ်လို့ လုံးလုံးမျှော်လင့်လို့ မရတဲ့ ကလေးတွေပါ။ စက်ရုပ်ထောက်ကူစက်နဲ့ အာရုံကြော လေ့ကျင့်ရေးတွေ လုပ်လိုက်တဲ့အခါ ကလေးတွေက အံ့သြစရာ ကောင်းလောက်အောင် လမ်းသွက်သွက်လျှောက်လာနိုင်တာကို တွေ့ရတယ်။" ကလေးလူနာဖြစ်တဲ့ အသက် ၁၅ အရွယ် လင်ဆေးဟာ လွန်ခဲ့တဲ့ ၅ နှစ်က သွက်ချာပါဒ ဦးနှောက်ကူးစက်ရောဂါပိုး ကူးစက်ခံခဲ့ရတယ်လို့ သူမရဲ့ဖခင် ကင်နက်မာရိုးက ဆိုပါတယ်။ "သမီးက အတော်လေးကို မသန်မစွမ်း ဖြစ်သွားတာ ဘာမှ မတုံ့ပြန်နိုင်တော့ဘူး။ ဘာမှ မလှုပ်မရှားနိုင်တဲ့ အခြေအနေကို အချိန်အကြာကြီး ဖြတ်သန်းခဲ့ရတယ်။ ကိုယ်တိုင် မစားနိုင်ဘူး။ ကိုယ်တိုင် ဘာမှ မလုပ်နိုင်တော့ဘူး။" ဒါပေမယ့် ArmeoSpring (အာမီယိုစပရင်း) ဆိုတဲ့စက်နဲ့ လေ့ကျင့်လိုက်တဲ့အခါမှာတော့ လင်ဆေးတယောက် သူ့လက်တွေ လှုပ်ရှားလာနိုင်ပြီ ဖြစ်သလို တက်ဘလက်ကိုသုံးပြီး ဆက်သွယ်လာနိုင်ပြီမို့ ဖခင် ကင်နက်အဖို့ အားတက်စရာ ဖြစ်လာခဲ့ပါပြီ။ "ခုလိုမျိုး သမီးလေးအနေနဲ့ လက်တွေ လှုပ်ရှားလို့ ရလာပြီး ခရင်းကောက်ကိုင်ပြီး စားနိုင်တာ၊ အဖေကို လက်ဝှေ့ယမ်း နှုတ်ဆက်တာ၊ အိုင်ပက်သုံးနိုင်လာတာကို မြင်ရတော့ သိပ်ကို အံ့သြရပါတယ်။" ဒီဆေးရုံကတော့ သူတို့ရဲ့ သမားရိုးကျ ပြန်လည်လေ့ကျင့်ထူထောင်ရေး အစီအစဉ်နဲ့ စက်ရုပ်ထောက်ကူ ကုထုံးရယ် ပေါင်းစပ်ထားတဲ့ ဒီစနစ်နဲ့ဆိုရင် လူနာတွေအဖို့ သိသိသာသာကို အခြေအနေ တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024