လိင်တူသမဂ္ဂ တရားဝင်ရေးအတွက် ကျင်းပသည့် တရုတ်အမျိုးသမီးလိင်တူ မင်္ဂလာပွဲ

ဓာတ်ပုံ - အေပီ
တရုတ်နိုင်ငံမှာ လိင်တူသမဂ္ဂ တရားဝင်ဖြစ်ရေး တွန်းအားပေးဖို့ အတွက် ထင်ရှားတဲ့ တရုတ် အမျိုးသမီး လိင်တူစုံတွဲက လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်က လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို ခွင့်ပြုပေးခဲ့အပြီး ၆ ရက်အကြာ လီတင်းကျိန်ရဲ့ အခွင့်အရေး လှုပ်ရှားမှုအတွက် ထိန်းသိမ်းခံရပြီး ၄ လအကြာ ဇူလိုင် ၂ ရက်မှာ လက်ထပ်တာလို့ အေပီသတင်းက ရေးပါတယ်။ လက်ထပ်လိုက်တဲ့သူ ၂ ဦးကတော့ တရုတ်အမျိုးသမီး လီတင်းကျိန်နဲ့ ထရီဇာဇူးတို့ ဖြစ်ပါတယ်။ တရုတ်မှာ လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုထားခြင်းမရှိသလို အဲဒီဥပဒေကို တွန်းအားပေးမယ့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေလည်း မရှိပါဘူး။ ဘေဂျင်းမြို့ ဆင်ခြေဖုံးရပ်ကွက်မှာ ကျင်းပခဲ့တဲ့ ဒီမင်္ဂလာပွဲမှာ အမျိုးသမီး ၂ ဦးက အပြန်အလှန် လက်ထပ်လက်စွပ် လဲလှယ်ဝတ်ဆင်ကာ ကတိသစ္စာဆိုခဲ့ကြပါတယ်။ သီးသန့်စားသောက် ဆိုင်တဆိုင်ထဲမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲကို ရောင်စုံဘောလုံးတွေ၊ သက်တံ့ပုံအလံတွေ၊ လက်ထပ်လိုက်သူ ၂ ဦးရဲ့ ဓာတ်ပုံတွေနဲ့ ဆင်ယင်ခဲ့ပြီး မိတ်ဆွေ အယောက် ၂၀ နဲ့ သတင်းထောက် အယောက် ၂၀ ကို ဖိတ်ကြားခဲ့တာပါ။ လီတင်းကျိန်က “လိင်တူထိမ်းမြားလက်ထပ်ခွင့်ကို ထောက်ခံအားပေးမယ့် လုပ်ရပ်တွေ ကျမတို့ လုပ်ချင်ပါတယ်။ ဒါဟာ မဖြစ်နိုင်တာကိုလုပ်လိုက်တာပါ။ သမိုင်းကို ပြောင်းလဲပစ်ဖို့ တစိုက်မတ်မတ် ကြိုးစားသွားမယ်” လို့ ပြောပါတယ်။ မတ်အစောပိုင်းက နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားမှုနဲ့ အမျိုးသမီးအခွင့် အရေးဆိုင်ရာ လှုပ်ရှားမှုတွေအတွက် လီဟာ အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၃၇ ရက်အကြာမှာ ပြန်လည် လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ အခုလို လက်ထပ်ဖို့ဆုံးဖြတ်ချက်ချလိုက်တာဟာ လိင်တူခြင်း တရားဝင် လက်ထပ်ထိမ်းမြားခွင့်ပြုဖို့ ဆုံးဖြတ်တဲ့ အမေရိကန် တရားရုံးချုပ်ရဲ့ တစိတ်တပိုင်းလှုံ့ဆော်မှု ပါတယ်လို့ လီက ပြောပါတယ်။ လီက “တရုတ်က လိင်တူချစ်သူတိုင်း နောက်ပိုင်းမှာ ဒီလိုလက်ထပ်ပွဲတွေကျင်း ပလာတော့မှာပါ။ ဒါပေမယ့်ဒါက အမေရိကန်ဥပဒေလေ။ တရုတ်မှာရော ဘယ်လိုဆုံးဖြတ်ကြမလဲ။ ကျ မတို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုတော့လုပ်သင့်တယ်လို့ထင်ပါတယ်”လို့ပြောပါတယ်။ ဒီလက်ထပ်ပွဲကြောင့် တရုတ် အစိုးရ လုံခြုံရေး အရာရှိတွေက စစ်ဆေးခဲ့ပြီး နောက်တကြိမ် ဖမ်းဆီးထိန်းသိမ်းခံရဖို့အတွက် စိတ်ပူတယ်လို့ လီက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up