Home
မြန်မာသတင်း
မသန်စွမ်းသူအားလုံး မှတ်ပုံတင်ရေး ဆွေးနွေးညှိနှိုင်း
အေးနိုင်
·
July 1, 2015
မသန်စွမ်းသူတွေရဲ့အခွင့်အရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့အတွက် အစိုးရ ၀န်ကြီးဌာနဆိုင်ရာ၊ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ယူနီဆက်ဖ်အဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိဟိုတယ်မှာ ဆွေးနွေးကြပါတယ်။ ဇွန်လဆန်းမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးဥပဒေ ပြဌာန်းခဲ့ပြီးနောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖိတ်ကြားဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ ဇွန် ၃၀ ရက်နေ့ကစလို့ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ မသန်စွမ်းဥပဒေရဲ့ နည်းဥပဒေ ရေးဆွဲရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက ဥပဒေမှာပါရှိတဲ့ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်တာရယ်၊ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ပထမဆုံးအကြိမ် အကြိုညှိနှိုင်းတာလို့ ပြောပါတယ်။ မှတ်ပုံတင်တာဟာ စာရင်းသွင်းတာသာဖြစ်ပြီး အမျိုးသားမှတ်ပုံတင်လိုမျိုးနဲ့ မရောထွေးဖို့ သူက ပြောပါတယ်။ “မသန်စွမ်းသူတွေကို မှတ်ပုံတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီဥပဒေမှာပါတဲ့ အခွင့်အရေးတွေ မသန်စွမ်းသူတွေရဖို့၊ မှတ်ပုံတင်တယ်ဆိုတာက register လုပ်တာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မဟုတ်ဘူးနော်၊ မသန်စွမ်းသူအဖြစ် မှတ်ပုံတင်တာ။ မသန်စွမ်းသူရဲ့ ဆန္ဒအလျောက် လုပ်ချင်လို့လည်းရတယ်၊ မလုပ်ချင်လို့လည်းရတယ်။ အဲဒီကနေ အသိအမှတ်ပြုမှုတခုခု ထွက်မှာဖြစ်ပြီး မသန်စွမ်းသူတယောက် ရပိုင်ခွင့် အခွင့်အရေးရှိတဲ့သူ ဖြစ်တယ်ဆိုတာကို တို့က ဖော်ထုတ်တာ၊ အဲဒီကိစ္စလေးကို ဆွေးနွေးတာ။” လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်းကောင်စီ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ရွှေမင်းသားဖောင်ဒေးရှင်း စတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲတက်သူ မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးညွန့်အောင်က “မသန်စွမ်းဥပဒေအရ မသန်စွမ်းသူတွေသည် မှတ်ပုံတင်ရမယ်။ မသန်စွမ်း အမျိုးအစားနဲ့ မသန်စွမ်းဖြစ်မှု အတိုင်းအတာကို စစ်ဆေးရမယ်ဆိုတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးတာ။” လို့ ပြောပါတယ်။ သူက “အဓိကကတော့ မသန်စွမ်းအမျိုးအစားကို ဘယ်လိုသတ်မှတ်မလဲ။ မသန်စွမ်းမှု အတိုင်းအဆကို ဘယ်လို အချက်အလက်တွေနဲ့ သတ်မှတ်မလဲ။ အဲဒီဟာ စစ်ဆေးဖို့ ကော်မတီထဲမှာ ဘယ်သူတွေ ပါဝင်သင့်သလဲ။ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိသင့်သလဲ ဆိုတာကို ဆွေးနွေးဖို့ ခေါ်တာပါ။” လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ မကြာသေးခင်တုန်းက ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ စုစုပေါင်း ၂ ဒသမ ၄ သန်းရှိကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024