ဂျပန် ကျည်ဆံရထားပေါ် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့၊ ၂ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
ဂျပန်နိုင်ငံက ကျည်ဆန်ရထားပေါ်မှာ ဇွန် ၃၀ ရက်က အမျိုးသားတယောက် သူ့ကိုယ်သူ မီးရှို့ခဲ့လို့ လူ ၂ ယောက် သေဆုံးတယ်လို့ မီဒီယာတွေက ပြောပါတယ်။ ခရီးသည် အယောက် ၁၀၀၀ လောက် တင်လာတဲ့ ကျည်ဆန်ရထားဟာ တိုကျိုကနေ အနောက်ဘက် အိုဆာကာမြို့ကို ခုတ်မောင်းနေတုန်း ရထားတွဲ အနည်းဆုံးတတွဲကို မီးခိုးတွေ ပြည့်လာခဲ့လို့ အရေးပေါ် ရပ်တန့်ခဲ့ရတယ်လို့ မီးသတ်ဌာန အရာရှိတွေက ပြောပါတယ်။ အမျိုးသားဟာ သူ့ကိုယ်သူ ဆီတွေသုတ်လာပြီး မီးတင်ရှို့ခဲ့တာလို့ မျက်မြင်သက်သေ တယောက်ကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။ မီးသတ်ဌာန အရာရှိတယောက်ကတော့ အမျိုးသားတယောက် သေဆုံးတယ်လို့ အတည်ပြုပါတယ်။ ဒီအမျိုးသားရဲ့ လုပ်ပုံအတွက် လှုပ်ရှားမှု တစုံတရာ မရှိသေးပါဘူး။ NHK သတင်းဌာနကတော့ အမျိုးသမီး ခရီးသည်တယောက်လည်း သေဆုံးပြီး အနည်းဆုံး တယောက်က ဒဏ်ရာပြင်းထန်တယ်၊ တခြားလူအတော်များများလည်း ဒဏ်ရာတွေ ရခဲ့တယ်လို့ မီးသတ်ဌာနက အရာရှိတွေက ပြောတဲ့အကြောင်း အစီရင်ခံခဲ့ပါတယ်။ ရထားတွဲထဲမှာ မီးခိုးတွေ စပြည့်လာတာနဲ့ ခရီးသည် အများအပြားက တခြားတွဲဆီ ပြောင်းစီးခဲ့ကြတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ကျည်ဆန်ရထား လည်ပတ်မောင်းနှင်နေတဲ့ ဗဟိုဂျပန်မီးရထားကုမ္ပဏီ JR တိုခအိရဲ့ အရာရှိက အရေးပေါ်ခလုတ်ကို နှိပ်ကာ ရထားကို ရပ်တန့်ခဲ့ပြီး ခရီးသည်ကို ရှာတွေ့ခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ် အချက်တွေကိုတော့ မပြောပါဘူး။ ဂျပန်နိုင်ငံတွင်း ရှင်းကန်းဆဲင်းလို့ခေါ်တဲ့ ကျည်ဆန်ရထားတွေဟာ မြန်နှုန်းနဲ့ ဘေးကင်းမှုတွေကြောင့် လူသိများပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up