ဆီမီးတွင်တွေ့မည့် လက်ရှိချန်ပီယံကို ကြောက်မည်မဟုတ်ဟု အင်္ဂလန်နောက်ခံလူ ပြော

ဓာတ်ပုံ - ဖီဖာ
အင်္ဂလန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမယ့် ဂျပန်အသင်းကို ကြောက်နေမှာ မဟုတ်ဘူးလို့ အင်္ဂလန် နောက်တန်းလူ လူစီ ဘရောင့်စ်က ပြောလိုက်ပါတယ်။ အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ပထမဆုံးအကြိမ်အဖြစ် ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး လက်ရှိချန်ပီယံ ဂျပန်နဲ့ ဇူလိုင် ၂ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။ “ဒီပွဲမှာ ဂျပန်က နိုင်ဖို့ ရေပန်းစားပေမယ့် ကျမတို့ ယုံကြည်မှု အပြည့်ရှိပါတယ်။” လို့  အင်္ဂလန် နောက်တန်းသမား လူစီ ဘရောင့်စ်က ပြောပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့တပတ်က ကွာတားဖိုင်နယ်မှာ အိမ်ရှင် ကနေဒါကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာတာပါ။ အင်္ဂလန် အမျိုးသမီးအသင်းကို ဒေးဗစ် ဘက်ခမ်းနဲ့ မန်ယူ တိုက်စစ်မှူး ရွန်နီတို့ကလည်း ချီးကျူးအားပေးစကားတွေ ပြောဆိုထားပါတယ်။ တကယ်လို့ အင်္ဂလန် အမျိုးသမီးအသင်းဟာ ဗိုလ်လုပွဲကို တက်နိုင်မယ်ဆိုရင် အမျိုးသားအသင်း ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲရောက်ပြီး နောက်ပိုင်း ပထမဆုံး ဗိုလ်လုပွဲကို တက်နိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up