Search Results For: လီဗာပူး

ကိုဗစ်စည်းကမ်းကြောင့် လိုက်ဇစ်နှင့် လီဗာပူးတို့ ပွဲစဉ် ကြားကွင်း၌ ကစားရဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သက်မှတ်ချက်တွေကြောင့် ဂျာမနီနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့အတွက် လီဗာပူးအသင်းရဲ့ လိုက်ပစ်ဇ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မရေရာ မသေချာမှုတွေ ဖြစ်ပေါ်နေပါတယ်။ 

ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ပထမအကျော့ကို လိုက်ပစ်ဇ်အသင်းရဲ့ ရက်ဘူးလ်အရီနာမှာ လာမယ့်ဖေဖော်ဝါရီ ၁၆ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဂျာမနီနိုင်ငံဟာ ဗြိတိန်လို ရောဂါဖြစ်ပွားမှုမြင့်တက်နေတဲ့ ဒေသတွေကနေ လာမယ့် နိုင်ငံတကာခရီးသွားတွေကို ဝင်ရောက် ခွင့်ပိတ်ပင်ထားပါတယ်။

ဒီလိုဒေသတွေက လာမယ့်လေကြောင်းလိုင်းတွေကို ဖေဖော်ဝါရီ ၁၇ ရက်အထိ ပိတ်ပင်ထားတာဖြစ်ပြီး ဒါဟာ ပွဲကစားဖို့ သတ်မှတ်ထားတဲ့အချိန်ထက် တစ်ရက်နောက်ကျပြီးမှ ဝင်ရောက်ခွင့်ရှိမယ့်အနေအထားပါ။ 

ဂျာမနီရဲ့ ဖက်ဒရယ်ပြည်ထဲရေးဌာန BMI က အခုသီတင်းပတ်အစပိုင်းကတည်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်အရ တိုးမြင့်ခဲ့တဲ့ ကိုဗစ်စည်းကမ်းချက်တွေထဲမှာ ပရော်ဖက်ရှင်နယ်အားကစားသမားတွေကို  လျော့ပေါ့ပေးမယ့် သတ်မှတ်ချက်တွေ ပါဝင်နေခြင်းမရှိဘူးလို့ ဆိုပါတယ်။ 

ချန်ပီယံလိဂ်ပွဲအတွက် အထူးခွင့်ပြုချက်တွေ လုပ်ဆောင်ပေးမှာမဟုတ်ဘူးလို့လည်း BMI က ကြာသာပတေးနေ့မှာ ထပ်မံပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ကန့်သတ်ချက်တွေကြောင့် လိုက်ပစ်ဇ်အသင်းအနေနဲ့ ဒီပွဲကို ပြောင်းလဲစီစဉ်ရတော့မှာဖြစ်ပြီး ယူအီးအက်ဖ်အေကတော့ ဖေဖောဝါရီ ၈ ရက်မတိုင်ခင်ပွဲကို ကျင်းပမနိုင်တဲ့ တခြားအစီစဉ်တစ်ခုကို လုပ်ဆောင်သွားဖို့ လိုက်ပစ်ဇ်အသင်းကို သတ်မှတ်ပေးထားပါတယ်။ 

ဒီအခြေအနေကြောင့် ကြားကွင်းမှာကန်မလား၊ ဒါမှမဟုတ် ပထမအကျော့နဲ့ ဒုတိယအကျော့ကို ကွင်းချင်းလဲကန်မလားဆိုတဲ့ ရွေးချယ်စရာရှိလာပါတယ်။ 

လီဗာပူးအိမ်ကွင်းမှာကန်မယ့် ဒုတိယအကျော့ပွဲစဉ်ဟာ မတ်လ ၁၀ ရက်မှဖြစ်တာကြောင့် ဖေဖော်ဝါရီ ၁၆ ရက် အန်ဖီးလ်မှာကန်ပြီး မတ် ၁၀ ရက်မှ လိုက်ပစ်ဇ်ကွင်းမှာ ကန်တာက သတ်မှတ်ချက်တွေကို ဖြေရှင်းဖို့အတွက် အချိန်ပိုရစေပါတယ်။

ဒါပေမယ့် အဆုံးအဖြတ်ပေးမယ့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကန်ခွင့်ရရှိထားတဲ့အခြေအနေမှာ လီဗာပူးဘက်က ဒါကိုလက်ခံသွားဖို့ခက်ခဲပါတယ်။ 

ဒါ့ကြောင့် ကိုဗစ်နဲ့ပတ်သက်ပြီး စည်းကမ်းတင်းကြပ်မှုမရှိတဲ့ ကြားကွင်းတစ်ခုမှာကန်ဖို့သာ ရွေးချယ်စရာရှိနေပြီး ရုရှား၊ ဟန်ဂေရီကကွင်းတစ်ခုခုမှာပွဲကို ယှဉ်ပြိုင်ဖို့ဖြစ်လာ နိုင်တယ်လို့ ဂျာမာန်သတင်းတွေမှာ ဖော်ပြပါတယ်။ 

လိုက်ပစ်ဇ်အနေနဲ့ ယူအီးအက်ဖ်အေရဲ့ သတ်မှတ်ချက်အတိုင်း ဖေဖောဝါရီ ၈ ရက်မတိုင်ခင် ကွင်းကို ရွေးချယ်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ လီဗာပူးအသင်းဟာ အလိုအလျောက် ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားမှာလည်း ဖြစ်ပါတယ်။

3 months Ago

ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်မခေါ်နိုင်တော့ဟု လီဗာပူးနောက်ခံလူ ဝန်ခံ

လက်ရှိအနေအထားအရ လီဗာပူးအသင်းဟာ ပရီမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ နောက်ခံလူအန်ဒီရော်ဘတ်ဆန်က ဝန်ခံပါတယ်။ 

ဗုဒ္ဓဟူးနေ့ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ အခုလို ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို စတီဗင် အယ်လ်ဇာတီက ပွဲချိန် ၅၆ မိနစ်မှာ သွင်းယူခဲ့ ပါတယ်။ 

ဒီပွဲမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားပုံဟာ တော်တော်လေးဆိုးရွားခဲ့ပြီး ပွဲချိန်အတွင်း ဂိုးပေါက်တည့်မှုဟာ ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ 

ဒီရှုံးပွဲကြောင့် လီဗာပူးအသင်းဟာ ထိပ်ဆုံးက မန်စီတီးအသင်းနဲ့ ၇ မှတ်အထိ ကွာဟ သွားခဲ့ပြီဖြစ်ပြီး မန်စီတီးက ပွဲကျန်တစ်ပွဲရှိနေပါသေးတယ်။ 

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီအတွင်း သူတို့ လုပ်ပြနိုင်ခဲ့တာတွေကို လိုက်မီဖို့ ရုန်းကန်နေရပြီး အိမ်ကွင်း တိုက်စစ်စွမ်းဆောင်ရည်ကလည်း သိသိသာသာကျဆင်းနေပါတယ်။

လီဗာပူးဟာ ၁၉၈၄ နောက်ပိုင်း ပထမဆုံးအဖြစ်အိမ်ကွင်း ၃ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ ခြင်းမရှိဘဲ အန်ဖီးလ်မှာ သူတို့ရဲ့ ဂိုးမဲ့အနေအထားဟာ ၃၄၈ မိနစ်အထိရှိလာပြီလည်း ဖြစ်ပါတယ်။

ပွဲအပြီး ဘီဘီစီသတင်းနဲ့တွေ့ဆုံရာမှာရော်ဘတ်ဆန်က “ဘရိုက်တန်က ပိုကောင်းခဲ့ပါတယ်။ ဒီအခြေအနေကြောင့် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အသင်းက ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း ကစားကာ အခွင့်အရေးတွေလည်း ဖန်တီးခဲ့တာကြောင့် ချီးကျူးဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ရှုံးပွဲမရှိ စံချိန်ဟာလည်း ကျိုးပျက်သွားခဲ့ပြီဖြစ်ပြီး မစွမ်းဆောင်နိုင်ဘူးဆိုရင် လိုချင်တဲ့ ရလဒ်ကို ရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာ မန်စီတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူရေး စိန်ခေါ်နိုင်ဖို့ အဝေးမှာ ကျန်ခဲ့ပြီလို့ ဝန်ခံပါတယ်။

3 months Ago

ချန်ပီယံရှစ်ကလပ် ပရက်စတန်နောက်ခံလူ ဒေးဗီးစ်ကို လီဗာပူးအသင်းခေါ်ယူ

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် ပရက်စတန်နောက်ခံလူ ဘင်ဒေးဗီးစ်ကို ပေါင် ၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပါတယ်။

လူငယ်နောက်ခံလူ ဗန်ဒင်ဘက်ချ်ကိုတော့ ပရက်စတန်အသင်းကို ရာသီအကုန်အထိ အငှားချပေးရမှာ ဖြစ်ပါတယ်။ 

အသက် ၂၅ နှစ်ရှိ အင်္ဂလန်နောက်ခံလူ ဘင်ဒေးဗီးစ်ဟာ ပရက်စတန်အကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းက အသင်းမှာ ရောက်ရှိနေတာပါ။

အခုနှစ်ရာသီမှာတော့ ပရက်စတန်အတွက် ၁၉ ပွဲကစားပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ မာတစ်အစရှိတဲ့ ဗဟိုနောက်ခံလူတွေ ဒဏ်ရာရရှိနေတာကြောင့် ဘင်ဒေးဗီးစ် ကို အရေးပေါ်အခြေအနေအရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

3 months Ago

လီဗာပူးခံစစ်ပိုင်းဒဏ်ရာပြဿနာ အပြောင်းအရွှေ့မပိတ်ခင် အဖြေရှာရမည်ဟု ကလော့ပ်ပြော

နောက်ခံလူ မာတစ် ဒဏ်ရာရခဲ့ပြီးနောက် အပြောင်းအရွှေ့မပိတ်ခင် အဖြေရှာဖို့ လိုတယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာ စပါးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ မာတစ်က ဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတာပါ။ 

နောက်ခံလူ မာတစ်ရဲ့ ဒဏ်ရာက ပြင်းထန်မှုမရှိပေမယ့်လည်း အပြောင်းအရွှေ့မပိတ်ခင်မှာ အဖြေတစ်ခုရှာသွားရမယ်လို့ နည်းပြကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နဲ့ ဖာဘင်ညိုတို့ ဒဏ်ရာရရှိနေချိန်မှာ မာတစ်ပါ ဒဏ်ရာထပ်ရခဲ့တာကြောင့် ကွင်းလယ်လူ ဟန်ဒါဆန်ကို ဗဟိုခံစစ်မှာ အသုံးပြုနေရတာပါ။

လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားသွားရမှာဖြစ်ပြီး မာတစ်နဲ့ ဖာဘင်ဟိုဟာလည်း ပြန်ကစားနိုင်သေးမှာမဟုတ်တာကြောင့် ဟန်ဒါဆန်နဲ့ လူငယ်ခံစစ်မှူး ဖိလစ်ကို ဆက်ပြီးအသုံးပြုသွားရဖို့ ရှိပါတယ်။

4 months Ago

လီဗာပူးနှင့်ပွဲတွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရပြီး သီတင်းပတ် အနည်းငယ်နားရမည်

တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ခြေကျင်းဝတ်  နှစ်ဖက်စလုံး ဒဏ်ရာရရှိသွားခဲ့ပြီး သီတင်းပတ် အနည်းငယ် လောက်အနားယူရတော့မယ်လို့ စပါးအသင်း နည်ပြ မော်ရင်ဟိုက ပြောပါတယ်။

  ကိန်းဟာ မနေ့ညက လီဗာပူးနဲ့  ပွဲမှာ ပထမပိုင်း ကတည်းက ဒဏ်ရာကြောင့် ထွက်ခွာသွားခဲ့ရပါတယ်။

ကိန်းဟာ အစောပိုင်း သီယာဂိုနဲ့ ရင်ဆိုင်တွေ့စဉ်ကတည်းက သူ့ခြေထောက်ကို နာနာ ကျင်ကျင် ဆုပ်ကိုင်ထားတာကို တွေ့ရပြီး နောက်ပိုင်းမှာလည်း ထပ်မံလဲကျခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ကို လာမယ်လာနဲ့ လူစားလဲခဲ့ရပြီး အသင်းရဲ့ ရှုံးပွဲကို ပွဲကြည့်စင်က နေထိုင်ကြည့်ခဲ့ရပါတယ်။ 

ပွဲအပြီးမှာမော်ရင်ဟိုက “ ခြေကျင်းဝတ် နှစ်ဖက်စလုံးပါ။ ပထမတစ်ကြိမ်က သီယာဂိုရဲ့ ဆိုးဆိုးရွားရွား ဖြတ်ထုတ်မှုကြောင့်ဖြစ်ပြီး ဒုတိယ တစ်ခုကိုတော့ မမြင်ခဲ့ရပါဘူး။ ဒါ့ကြောင့် နှစ် ဖက်စလုံးမှာ ဒဏ်ရာရရှိခဲ့ပြီး ဒုတိယတစ်ခုက ပထမအကြိမ်ထက်ပိုပြီးဆိုးရွားခဲ့ပါတယ်။ သီတင်း ပတ်အနည်းငယ်လောက်နားရမှာဖြစ်ပြီး တိတိကျကျတော့ မသိရသေးပါဘူး။ အသင်းမှာ အစား ထိုးလို့ မရတဲ့ ကစားသမား တချို့ ရှိနေပါတယ်။ ဒါဟာ ဖြစ်ပြီးခဲ့ပြီဖြစ်တာကြောင့် ဘာမှ မလုပ်လို့ မရတော့ပါဘူး။” လို့လည်း ပွဲအပြီးမှာ ပြောပါတယ်။ 

ဒီပွဲမှာစပါးအသင်းဟာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့အပြင် ကိန်းပါ ဒဏ်ရာ ရရှိခဲ့တာကြောင့် အထိနာခဲ့တယ်လို့  ပြောရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လာမယ့် ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ရဖို့ ရှိနေပါတယ်။

4 months Ago

လီဗာပူးက စပါးအသင်းကို (၃-၁) ဂိုးဖြင့်နိုင်ပြီး ထိပ်ဆုံး ၄ သင်း စာရင်း ဝင်လာ

ဒီကနေ့ မနက်  ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာ လီဗာပူးအသင်းက  စပါးအသင်းကို  ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ လီဗာပူးအသင်းဟာ စပါးနဲ့ပွဲမှာတော့ အဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နိုင်ပွဲပြန်ရှာ တွေ့ခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူးဖေမီနိုက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်း အစမှာလည်း အာနိုးလ်က လီဗာပူးအတွက်  ဒုတိယဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ 

၂ မိနစ်အတွင်းမှာပဲ စပါးကွင်းလယ်လူ ဟော့ဘယက်ချ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သေးပေမယ့် ပွဲချိန် ၆၅ မိနစ်မှာ မာနေးက လီဗာပူးလ်အသင်းအတွက်  အနိုင်သေချာစေမယ့် ဂိုးသွင်းယူသွားခဲ့ တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လစ်ဗာပူးအသင်းက ရမှတ် ၃၇ မှတ်နဲ့  လက်စတာ ၊ မန်ယူနဲ့ မန်စီးတီးအသင်းတွေကို ဖိအားပေးနိုင်ခဲ့ ပါတယ်။

စပါးအသင်းကတော့ အနိုင်ရမယ်ဆိုရင် အဆင့်လေးကိုတက်လှမ်းနိုင်မှာဖြစ်ပေမယ့် ရှုံးပွဲ တွေ့ခဲ့လို့  အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 

လီဗာပူးအသင်းဟာ စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံး ၄ သင်းစာရင်းကို ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုလို နိုင်ခဲ့တာကြောင့်  လီဗာပူးအသင်းဟာ ဘာလဲဆိုတာ ပြသနိုင်ခဲ့တယ်လို့  နည်းပြ ကလော့ပ်က ကြုံးဝါးခဲ့ပါတယ်။ 

အခုဆို ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ဇယားထိပ်က မန်စီတီးအသင်းထက် တစ်ပွဲပို ၄ မှတ်ကွာ အနေအထားကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ 

ဒီပွဲမှာ ဖာမီနို၊ အာနိုးလ်နဲ့ မာနေးတို့က လီဗာပူးအသင်းအတွက် ၂၀၂၁ ခုနှစ်ထဲမှာ ပထမဆုံး အဖြစ်လိဂ်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး ဘန်လေနဲ့ ယူနိုက်တက်အသင်းတို့ကို ၂ ပွဲဆက်ရှုံးနိမ့်မှုကနေ ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းအတွက် ဒဏ်ရာပြဿနာတွေရှိခဲ့တာကတော့ သတင်းဆိုးပါပဲ။ 

“ကျနော်တို့ မှန်ကန်တဲ့ အချိန်မှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ဂိုးတွေပါ။ အသင်းရဲ့ပုံစံ  ကောင်းဆိုတာထက် အသင်းက ဘာလဲဆိုတာ ပြသနိုင်ခဲ့တာပါ။ မြန်မြန်ဆန်ဆန် ကစားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ ခံစစ်ကစားပုံကလည်း ကောင်းခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ ပုံစံမျိုးလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။ 

စပါးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲဟာ တကယ်ကို အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအစကတည်းက  နှစ်ဘက်ကစားသမားတွေ အပြန်လှန်လွဲချော်မှုရှိခဲ့လို့သာ စောစောစီးစီး ဂိုး မရခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး တစ်ဂိုးဟာ VAR နဲ့ ပယ်ဖျက်ခြင်းခံခဲ့ ရသလို ဆာလတ်ရဲ့ သွင်းဂိုး တစ်ဂိုးဟာလည်း VAR ကြောင့် နစ်နာခဲ့ရပါတယ်။ 

4 months Ago

လီဗာပူးအသင်း ချန်ပီယံဖလားကို စိန်ခေါ်နိုင်ဆဲဟု မော်ရင်ဟို ပြော

လီဗာပူးအသင်း ရလဒ်မကောင်းဖြစ်နေပေမဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်နေဆဲဖြစ်တယ်လို့ စပါးနည်းပြ မော်ရင်ဟိုက သုံးသပ်လိုက်ပါတယ်။

လီဗာပူးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ကြောင့် အမှတ်ပေးဇယားအဆင့် ၆ အထိ ကျဆင်းသွားခဲ့ပါတယ်။

 ဒီကနေ့ည ၂ နာရီခွဲမှာ စပါးအသင်းက လီဗာပူးကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာဖြစ်ပြီး ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးကို လျှော့တွက်လို့ မရကြောင်း မော်ရင်ဟိုက ပြောခဲ့တာပါ။

 ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ဖို့က ပိုမိုခက်ခဲတက်ပေမဲ့လည်း လီဗာပူးကစားသမားတွေကတော့ ချန်ပီယံဆုဖလားကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြ ကြောင်း မော်ရင်ဟိုက ပြောပါတယ်။

 အသင်းတိုင်းမှာ ခက်ခဲတဲ့အချိန်တွေ ရှိစမြဲဖြစ်ပြီး တချို့ကရာသီ အစ၊ တချို့က အလယ်နဲ့ တချို့ကတော့ အဆုံးသတ်မှတ် ခက်ခဲမှုတွေ ကြုံရလိမ့်မယ်လို့ မော်ရင်ဟိုက သုံးသပ်ခဲ့ပါတယ်။

4 months Ago

လီဗာပူးနှင့်ပွဲ၌ ကာဗာနီ အကြံအတိုင်း ဖရီးကစ်ကန်သွင်းခဲ့ဟု ဖာနန်ဒက်စ်ပြော

တိုက်စစ်မှူး ကာဗာနီရဲ့ အကြံပြုချက်နဲ့ ဖရီးကစ်ဂိုးကန်သွင်းခဲ့တာလို့ ကွင်းလယ်လူ ဖာနန်ဒက်စ်က ပြောပါတယ်။ 

ဖာနန်ဒက်စ်ဟာ လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အနိုင်ရရှိစေမဲ့ တတိယ မြောက်ဂိုးကို ဖရီးကစ်ကနေ ကန်သွင်းနိုင်ခဲ့တာပါ။ 

အဲဒီဖရီးကစ်မကန်သွင်းခင်မှာ ကာဗာနီက ဂိုးသမားရဲ့ ဘေးကိုကန်သွင်းဖို့ အကြံပေးခဲ့ပြီး အဲဒီအတိုင်း ကန်သွင်းခဲ့တာဖြစ်ကြောင်း ဖာနန်ဒက်စ်က ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

“ဒီလို ဂိုးသွင်းနိုင်ဖို့ အများကြီးလေ့ကျင့်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ဂိုးလည်း ဖြစ်ခဲ့တယ်။ မကန်သွင်းခင်မှာ ကာဗာနီက ဂိုးသမားရဲ့ ဘေးတစ်ဖက်ကို ကန်သွင်းဖို့ ပြောခဲ့ပြီး ကျနော်လည်း  အကောင်းဆုံး ကန်သွင်းနိုင်ခဲ့ပါတယ်” လို့ ဖာနန်ဒက်စ်က ပြောပါတယ်။ 

ဖာနန်ဒက်စ်အတွက် ဒီရာသီ ၁၉ ပွဲမှာ ၁၁ ဂိုးမြောက် သွင်းဂိုးဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကဦးဆောင်နေပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ တွေ့ဆုံနေပါတယ်။ 

4 months Ago

လီဗာပူးနှင့်ပွဲ၌ ဂရင်းဝုဒ်ဒဏ်ရာရ၊ ကစားသမားများ၏တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆိုးလ်ရှားချီးကျူး

လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဒူးဒဏ်ရာရရှိခဲ့တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ 

အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ဂရင်းဝုဒ်ဟာ အသင်းအတွက် ပထဆုံးချေပဂိုးကို သွင်းယူခဲ့သူဖြစ်ပြီး ပွဲအပြီး ဥမင်ထဲမှာ ထော့နင်းထော့နင်းနဲ့ ဝင်  ရောက်သွားခဲ့တာ တွေ့ခဲ့ရပါတယ်။ 

ကစားသမားမှာ ဒဏ်ရာပြဿနာရှိနေပြီး အခြေအနေကို စကင်ဖတ်ကြည့်ဖို့ လိုအပ်တယ်လို့ ဆိုးရှားက အတည်ပြုပြောပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက ဦးဆောင်ဂိုးပေးထားရတဲ့အချိန်မှာ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ ပြန်ရအောင်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ရက်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ ဂရင်းဝုဒ်က ဆာလက်ရဲ့ အစောပိုင်းဦးဆောင်ဂိုးကို ချေပပေးခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် ရွန်းနီနောက်ပိုင်း လီဗာပူးအသင်းကို ဂိုးသွင်းယူနိုင်တဲ့ အသက်ငယ်ဆုံး ယူနိုက်တက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဂရင်းဝုဒ်ဟာ ရက်ဖို့ဒ်ရဲ့  ဦးဆောင်ဂိုးကိုလည်း ဖန်တီးပေခဲ့ပါတယ်။ ဆာလက်က တစ်ဖက် ၂ ဂိုးစီ သရေဖြစ်အောင် ချေပနိုင်ခဲ့ပေမယ့် လူစားဝင်ကစားသမား ဖာနန်ဒက်စ်ရဲ့ စပါယ်ရှယ်ဖရီးကစ်ဂိုးနဲ့ ယူနိုက်တက်အသင်းဟာ နောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့တာပါ။

ကျနော်တို့ တစ်ဂိုးပေးထားရချိန်မှာ အသင်းသားတွေရဲ့ တုံ့ပြန်မှုက အရမ်းကိုကောင်းခဲ့ပါတယ်။ ကျနော်တို့ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သလို ကောင်းမွန်တဲ့ ဂိုးတစ်ချို့ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်‌။ ကျနော်တို့ ပြိုင်ဘက်ကို ကောင်းကောင်းကာကွယ်နိုင်ခဲ့သလို တုံ့ပြန်မှုကလည်း အရမ်းကိုကောင်းခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ တိုက်စစ်နေရာစုံမှာ ကစားခဲ့သလို လီဗာပူးရဲ့ ခံစစ်လိုင်းမြင့်မှုကြောင့် ဘောလုံးကို မြန်မြန်ဆန် ဆန်ရွှေ့ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကိုအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။

ဆိုးလ်ရှားဟာ အနိုင်ဂိုးရှင် ဖာနန်ဒက်စ်ကိုလည်း ဆက်လက်ချီးကျူးသွားခဲ့ပြီး သူ့ကို ပွဲထွက်လူစာရင်းမှာ ပါမှာမဟုတ်ဘူးလို့ ကြိုပြောထားပေမယ့် ပေါ်တူဂီသားကတော့ စနေနေ့လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်လေ့ကျင့်နေခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

“လေ့ကျင့်ရေးအပြီးမှာတောင် ဖာနန်ဒက်စ်က ၄၅ မိနစ်လောက် ဖရီးကစ်ကန်တာ လေ့ကျင့်နေခဲ့ပြီး ဒီပွဲမှာ သူအခွင့်အရေးရရင် သူတစ်ဂိုးတော့သွင်းယူနိုင်လိုက်မယ်လို့ ကျနော်ယုံကြည်မှု ရှိခဲ့ပါတယ်။” 

4 months Ago

အက်ဖ်အေဖလားတွင် မန်ယူနိုက်တက်က လီဗာပူးကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

မနေ့ညက ကစားသွားခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထပွဲစဉ်မှာ မန်ယူအသင်းက လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်တက်ရောက်သွားပါတယ်။ 

ရှုံးထွက်ပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားသွားခဲ့ကြလို့ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးတွေလည်း အပြန်အလှန်သွင်းခဲ့ကြတာပါ။ 

ပွဲချိန် ၁၈ မိနစ်မှာ ဆာလက်က လီဗာပူးအတွက်ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ဂရင်းဝုဒ်က ပွဲချိန် ၂၆ မိနစ်မှာ ချေပဂိုးသွင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းအစမှာ ရက်ရှ်ဖို့ဒ်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ၅၈ မိနစ်မှာ ဆာလက်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ 

ယူနိုက်တက်အတွက်အနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား ဖာနန်ဒက်စ်က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပဉ္စမအဆင့်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။

4 months Ago

လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ် တပည့်ဟောင်းဂျရတ်ကို ပြိုင်ဘက်အနေဖြင့်ရင်ဆိုင်ရဖွယ်ရှိ

လီဗာပူးနည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်ဟာ တပည့်ဟောင်း ဂျရတ်နဲ့ စကော့တန်လိဂ်မှာ ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။  တရုတ်စူပါလိဂ်ကလပ် ဒါလီယန်အသင်းကနေ နှစ်ဦးသဘောတူ နုတ်ထွက်လာခဲ့တဲ့ ဘင်နီတက်ဇ်ဟာ ဆဲလ်တစ်အသင်းနဲ့ ချိတ်ဆက်နေတာပါ။  အခုနှစ်ရာသီမှာ စတီဗင်ဂျရတ်ကိုင်တွယ်နေတဲ့ ရိန်းဂျားအသင်းဟ ဆဲလ်တစ်အသင်းကို ၂၃ မှတ်အထိဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ ဒါကြောင့် ဆဲလ်တစ်အသင်းဟာ နည်းပြ  နေးလင်နွန်ကို ရာထူးကနေထုတ်ပယ်ပြီး ဘင်နီတက်ဇ်နဲ့အစားထိုးဖို့ ဆွေးနွေးနေတာပါ။ ဘင်နီတက်ဇ်သာ ဆဲလ်တစ်နည်းပြဖြစ်လာခဲ့မယ်ဆိုရင် လီဗာပူးမှာအတွဲညီခဲ့တဲ့ ဂျရတ်နဲ့ ပြိုင်ဘက်တွေအဖြစ် ပြန်လည်တွေ့ဆုံရမှာပါ။  အင်္ဂလန်ကွင်းလယ်လူဟောင်း ဂျရတ်ဟာ  ၂၀၁၈ ဇွန်လကစပြီး ရိန်းဂျားအသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ 
4 months Ago

အန်ဖီးလ်ကွင်းပွဲနဲ့ မတူတဲ့ရလဒ် ထွက်ပေါ်ဖို့ရှိနေတဲ့ ယူနိုက်တက် - လီဗာပူး ပွဲကြိုသုံးသပ်ချက်

  ပရီးမီးယားလိဂ် ဂိုးမရှိတွေ့ဆုံမှုအပြီး တစ်ပတ်အကြာမှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး တို့ဟာ အက်ဖ်အေဖလား စတုတ္တအဆင့်အဖြစ် ဒီနေ့ ထပ်မံယှဉ်ပြိုင်ဖို့ရှိနေပါတယ်။  ဒီတစ်ကြိမ် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်း ခြေစွမ်းတက်နေချိန်မှာ လီဗာပူးအသင်းကတော့ စံချိန်တင်ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ ရုန်းကန်နေရပါတယ်။  လိဂ်ဖလားပွဲဖြစ်နေပေမယ့် ဒီ ၂ သင်းကြားမှာရှိတဲ့ ပြိုင်ဆိုင်မှုအခြေအနေကြောင့် ၂ ဖက်လုံးက အကောင်းဆုံးလူစာရင်းနဲ့ ခြေကုန်ထုတ်ကစားသွားကြမှာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ ဗစ်တာလင်ဒီလော့ဖ်ပြန်ပါလာနိုင်မှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ အဓိက ကစားသမား ဘယ်နှယောက်လောက်ကို အနားပေးသွားမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။  ဂိုးသမားနေရာမှာတော့ လိဂ်ပွဲတွေကို တာဝန်ယူရတဲ့ ဟန်ဒါဆန်ဖြစ်လာဖို့ ရှိနေပြီး ညာအစွန်မှာ ဝမ်ဘစ်ဆာခါကိုပဲ ဆက်ကစားစေမယ်လို့ယူဆရပါတယ်။  ဘယ်နောက်ခံလူနေရာမှာ လုရှောအစား တဲလက်စ်ဖြစ်လာဖို့များပြီး အတွင်းလူ ၂ နေရာကို လင်ဒီလော့ဖ်နဲ့ အသင်းခေါင်းဆောင်မက်ဂွိုင်းယား ကစားပါမယ်။  ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ပါလာနိုင်တာကြောင့် ဘန်ဒီဘိခ်အနေနဲ့ နေရာပျောက်ဖို့ရှိနေပါတယ်။ ဗန်ဒီဘိခ်ကို ဒီပွဲမှာအသုံးပြုသွားမယ်လို့ ဆိုးလ်ရှား က ပြောထားတာကြောင့် ကွင်းလယ်မှာ အပြောင်းအလဲတစ်ချို့ မြင်တွေ့ရ မလား စောင့်ကြည့်ရပါမယ်။ တိုက်စစ်ကို ကာဗာနီနဲ့ ရက်ဖို့ဒ်တို့ ဦးဆောင်လာနိုင်တာကြောင့် ၄-၂-၃-၁ ကစားကွက်နဲ့ ကစားမယ်လို့ သတ်မှတ်ရပါမယ်။     လီဗာပူးအသင်းဘက်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ပြန်ပါလာဖို့ ရှိနေပါတယ်။ ကြားရက်မှာ စပါး နဲ့ ကစားရဖို့ရှိနေတာကြောင့် ကလော့ပ်အနေနဲ့ အဓိကကစားသမားတစ်ချို့ကို အနားပေးရဖို့ ရှိနေပါတယ်။  ဒါပေမယ့် ကလော့ပ်အနေနဲ့ တနင်္ဂနွေပွဲမှာသုံးခဲ့တဲ့ လူစာရင်းကိုတော့ အများကြီးအပြောင်းအလဲလုပ်သွားဖို့ မရှိပါဘူး။ ဒါ့ကြောင့် ဂိုးသမားနေရာမှာ အလီဆန်ကိုပဲ ထပ်မြင်ရဖို့ရှိနေပြီး မာတစ်နဲ့ ဖာဘင်ဟိုတို့က နောက်တန်းမှာတာဝန်ယူပါလိမ့်မယ်။  ဆီမီကတ်စ်ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပေမယ့် ဘယ်နောက်ခံလူနေရာ  ကို ရော်ဘတ်ဆန်ပဲ ကစားသွားဖို့ရှိနေပြီး ညာနောက်ခံလူနေရာမှာတော့ အာနိုးလ်အစား နီကိုးဝီလီယမ်ကို မြင်ရဖို့ရှိနေပါတယ်။  စပါးနဲ့ပွဲအတွက် ဟန်ဒါဆန်ကို အနားပေးဖို့ရှိနေတာကြောင့် ကွင်းလယ်မှာတော့ မီလ်နာ၊ ဝစ်ဂျ်နယ်ဒမ်တို့ကို ကာတစ်ဂျုံးနဲ့ တွဲဖက်ပေးသွားမယ်လို့ ယူဆရပါတယ်။  ဘန်လေနဲ့ပွဲမှာ ဆာလက်နဲ့ ဖာမီနိုတို့ကို အနားပေးထားတာကြောင့် ဒီပွဲမှာ သူတို့ကို ပွဲထုတ်သွားဖို့ရှိနေပြီး မာနေးနဲ့အတူ ၃ ယောက်တွဲ တိုက်စစ်ကိုမြင်တွေ့ရဖို့ရှိနေပါတယ်။ လီဗာပူးအသင်းက ၄-၃-၃ နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ရလဒ်တွေဆိုးရွားနေပြီး ခြေစွမ်းလည်း ကျဆင်းနေပါတယ်။ ဒီအခြေအနေက ဒီပွဲအပေါ်မှာ အနည်းနဲ့အများ သက်ရောက်မှုရှိလာမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ လီဗာပူးနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ဦးဆောင်ထားနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီအိမ်ကွင်းမှာ ရုန်းကန်ရလေ့ရှိတယ်ဆိုပေမယ့် ဒါဟာ ရာသီအစတုန်းကသာဖြစ်ပြီး အခုချိန်မှာတော့ အိမ်ကွင်း၊အဝေးကွင်းမရွေး အနိုင်ရအောင် ကစားလာနိုင်တာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။  ဒါ့ကြောင့် အခြေအနေတွေကိုအားလုံး ချုံကြည့်မယ်ဆိုရင် ယူနိုက်တက်အသင်းကပဲ အိမ်ကွင်းမှာ ကျဥ်းမြောင်းတဲ့ရလာဒ်နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁ - ၀ လီဗာပူး ဖြစ်ပါတယ်။
4 months Ago

ချန်ပီယံဆုထက်အဆင့် ၄ အတွင်းဝင်ရန်  လီဗာပူး စိုးရိမ်နေရပြီဟု ကာရေဂါ သုံးသပ်

လီဗာပူးအသင်းအနေနဲ့ ချန်ပီယံဆု မျှော်မှန်းဖို့ထက် ထိပ်ဆုံးအဆင့် ၄ အတွင်း ဝင်ဖို့တောင် စိုးရိမ်စရာဖြစ်လာပြီလို့ နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပါတယ်။  ဒီနေ့မနက်ပိုင်းက ဘန်လေအသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ အသင်းဟောင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကာရေဂါက သုံးသပ်ခဲ့တာပါ။  လီဗာပူးဟာ ထိပ်ဆုံးက မန်ယူနဲ့ ၆ မှတ်အကွာ အဆင့် ၄ မှာရပ်တည်နေပြီး အဆင့် ၇ က ဝက်စ်ဟမ်းနဲ့ ၂ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။  လီဗာပူးအသင်းအနေနဲ့ ချန်ပီယံပြေးလမ်းကနေ ချော်ထွက်သွားပြီဖြစ်ပြီး ပြေးလမ်းထဲ ပြန်ဝင်လာဖို့ အလွန်ခက်ခဲသွားပြီဖြစ်တယ်လို့ ကာရေဂါကသုံးသပ်ပါတယ်။ “ချန်ပီယံဆုဖလားထက်စာရင် ထိပ်ဆုံးလေးသင်းဝင်ဖို့တောင် သူတို့အတွက် စိုးရိမ်စရာ ဖြစ်သွားပြီ။ ထိပ်ဆုံးကအသင်းနဲ့ ၆ မှတ်ကွာသွားတာက အကြောင်းမဟုတ်ဘဲ မီနိုင်ပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခြေစွမ်းနဲ့နောက်လာမယ့်ပွဲစဉ်တွေအရတော့ ပြန်လာနိုင်ဖို့ခက်သွားပါပြီ”လို့ ကာရေဂါက ပြော ပါတယ်။  လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် စပါး၊ ဝက်စ်ဟမ်း၊ ဘရိုက်တန် အသင်း တွေနဲ့ ကစားရဖို့ရှိပြီး မန်စီးတီး၊ လက်စတာ၊ အဲဗာတန်အသင်းတွေနဲ့လည်း ဆက်ကစားရ မှာဖြစ်ပါတယ်။
4 months Ago

လီဗာပူး၏ ချန်ပီယံအိမ်မက် ပျောက်ဆုံးဟု ကလော့ပ်ဝန်ခံ

ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့ခြင်းက မျက်နှာတည့်တည့်ထိစေခဲ့ထိုးနှက်ချက်ဖြစ်ကာ သူတို့ အနေနဲ့ ချန်ပီယံဖြစ်ဖို့အကြောင်းကို စဉ်းစားဖို့မဖြစ်နိုင်တော့ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  မနေ့ညက ရှုံးပွဲကြောင့် လက်ရှိ ချန်ပီယံ လီဗာပူးအသင်းရဲ့  ၆၈ ပွဲဆက်တိုက် အိမ်ကွင်း ရှုံးပွဲမရှိ စံချိန်လည်း ကျိုးပျက်သွားခဲ့ရပါပြီ။  အက်ရှ်လေဘန်းစ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် မေလ နောက်ပိုင်း လီဗာပူးလ်အသင်းအတွက် ပထမဆုံးအဖြစ် လိဂ်ပွဲ ၄ ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့တဲ့စံချိန်ကိုလည်း ရရှိခဲ့ပြီဖြစ်ပါတယ်။  ဒီရှုံးပွဲကြောင့် ထိပ်ဆုံးက မန်ယူနိုက်တက်အသင်းနဲ့ အမှတ်ကွာဟချက်ကလည်း ၆ မှတ်အထိ မြင့်တက်သွားခဲ့ပါပြီ။  လီဗာပူးတို့အနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၇ ဂိုးပြတ်နဲ့ နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ဆက်ထိန်းဖို့ အခြေအနေကောင်းတွေရှိခဲ့ပေမဲ့ နောက်ပွဲတွေမှာ ဝက်စ်ဘရွမ်း၊ နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ကို သရေကျခဲ့ကာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာကို ဖယ်ပေးခဲ့ရပါတယ်။ ဘန်လေနဲ့ပွဲအပြီးမှာကလော့ပ်က “ကျနော်တို့  ဘောလုံးကိုင်ပြီး အခွင့်အရေး တချို့ကို ဖန်တီးနိုင်ခဲ့ပေမဲ့ အခြေအနေတွေကို အပြတ်မဖြတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်သူတို့ ပင်နယ်တီ ရခဲ့တာဖြစ်ပြီး အလီဆန်ကတော့ သူ မထိခဲ့ဖူးလို့ ပြောပါတယ်။ ကျနော့်ကောင်လေးတွ ဒီညမှာ ကောင်းကောင်း ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။ အခုချိန်မှာတော့ ချန်ပီယံဆုအတွက် စဉ်းစားနေဖို့မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။  ဒီပွဲရဲ့ ပထမပိုင်းပြီးချိန်မှာ နှစ်ဘက် နည်းပြ ၂ ဦးဟာ ဖာဘင်ဟို အဝါကတ်ထိခဲ့တဲ့ ဖြစ်ရပ်အတွက် အချင်း များခဲ့ကြပေမဲ့ ဒါကို သူအရင်စခဲ့တာ မဟုတ်ဘဲ အခုချိန်မှာ အားလုံးပြေလည်သွားခဲ့ပြီလို့လည်း ကလော့ပ်က ပွဲအပြီးမှာ ပြောပါတယ်။ 
4 months Ago

လီဗာပူးအသင်း ဘန်လေကို (၀-၁) ဂိုးဖြင့် ရှုံးပြီး  ၆၈ ပွဲ အိမ်ကွင်းရှုံးပွဲ မရှိ စံချိန်ကျိုး

လီဗာပူးအသင်းရဲ့ ၆၈ ပွဲ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ဟာ  မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘန်လေအသင်းကို ၁ ဂိုး ဂိုး မရှိနဲ့  အံ့သြသင့်ဖွယ်ရှုံးနိမ့်ကာ ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမတိုင်ခင် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာ ၂ သင်းက အသီးသီးအနိုင်ရရှိခဲ့တာ ကြောင့် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲမှာ ခြေတစ်လှမ်းစာ နောက်ကျသွားခဲ့ပြီလည်း ဖြစ်ပါတယ်။  ဒီပွဲမှာ ဘန်လေအသင်းအတွက် တစ်လုံးတည်းသော ဂိုးကို ပွဲချိန် ၈၃ မိနစ် မှာ တိုက်စစ်မှူး အက်ရှ်လေဘန်းစ်က သွင်းယူပေးခဲ့ပါတယ်။ အလီဆန်နဲ့ ထိခိုက်မိလို့ ရရှိခဲ့တဲ့ ပင်နယ်တီကို သူကိုယ်တိုင်ဂိုးအဖြစ်ပြောင်းလဲ ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆာလာနဲ့ ဖေမီနိုကို အရန်ခုံမှာ ထားရှိခဲ့တဲ့ လစ်ဗာပူးအသင်းဟာ အိုရီဂီ၊ ရှာကွီရီနဲ့မာနေး တို့ရဲ့တိုက်စစ်နဲ့ ဘန်လေအသင်း ကိုရင်ဆိုင်ခဲ့တာပါ။ တိုက်စစ်မှူး အိုရီဂီရဲ့ ဂိုးသမား နဲ့တစ်ယောက်ချင်းအတွေ့မှာကန်သွင်းမှုက ဘားတန်းထိထွက်ခဲ့သလို ဒုတိယပိုင်းမှာ ဆာလာနဲ့ဖေမီနို တို့ကို လူစားလဲကစားစေခဲ့ပေမယ့် လိုအပ်တဲ့သွင်းဂိုးတွေမရခဲ့တာဖြစ်ပါတယ်။  ဒီပွဲဟာ ၂၀၁၇ ခုနှစ် ဧပြီ ၂၃ ရက်နောက်ပိုင်း လီဗာပူးအသင်းရဲ့ပထမဆုံးသော အိမ်ကွင်းရှုံးပွဲဖြစ် ပါတယ်။   ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲနဲ့ ဘန်လေအသင်းကို ရှုံးပွဲတို့ကြား ၁၃၆၉ ရက်ခြားခဲ့ပါတယ်။။  ၄ နှစ်ကြာ ၆၈ ပွဲကြာ ရှုံးပွဲမရှိ စံချိန်ကြောင့် လီဗာပူးအသင်းဟာ အင်္ဂလိပ်ပရီးမီးယားလိဂ်မှာ ဒုတိယ မြောက်အကြာဆုံး အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကိုရရှိသွားခဲ့ပြီး ပထမနေရာမှာရပ်တည်နေတဲ့ ချဲလ်ဆီးရဲ့ ၈၆ ပွဲကြာစံချိန်ကို လိုက်မမှီနိုင်တော့ပါဘူး။ လီဗာပူးအသင်းဟာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ယူနိုက်တက်အသင်းနဲ့ ၆ ပွဲကွာသွားခဲ့ပြီး ဒုတိယနေရာက မန်စီတီးအသင်းနဲ့ ၄ မှတ်ကွာခဲ့  ပြီဖြစ်ပါတယ်။ မန်စီတီးအသင်းဟာ တစ်ပွဲကစားရဖို့ကျန်ရှိနေဆဲပါ။ 
4 months Ago

ယူနိုက်တက်နှင့် ဂိုးမရှိသရေရလဒ်ကြောင့် ၂၀၀၅ ခုနောက်ပိုင်း အဆိုးရွားဆုံးဂိုးသွင်းစံချိန် လီဗာပူး ပိုင်ဆိုင်

တနင်္ဂနွေနေ့ပွဲမှာ အစဉ်အလာပြိုင်ဘက် ယူနိုက်တက်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် လီဗာပူးအသင်းဟာ ၂၀၀၅ ခုနှစ်မေလနောက်ပိုင်း ပထမဆုံးအဖြစ် ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်တဲ့ စံချိန်တခုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။  ကလော့ပ်ရဲ့အသင်းဟာ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ယူနိုက်တက်နဲ့ ၃ မှတ်အကွာ ရှိခဲ့တာဖြစ်ပြီး ဂိုးမရှိ သရေကျခဲ့တာကြောင့် ၂ သင်းကြား ကွာဟချက်ဟာ ပွဲပြီးချိန်မှာလည်း မပြောင်းလဲခဲ့ပါဘူး။  ဒါပေမဲ့ လက်စတာနဲ့ မန်စီတီးတို့က ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရရှိခဲ့တာကြောင့် လီဗာပူးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာအထိ ကျဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ခြေစွမ်းအပြတ်အသတ်နဲ့ ချန်ပီယံဖြစ်ခဲ့ပေမယ့် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးခဲ့တာကြောင့် ကလော့ပ်ရဲ့အသင်းဟာ အာဆင်နယ်၊ လက်စတာတို့အပြီး ၃ ပွဲဆက်ဂိုးမသွင်းနိုင်တဲ့ တတိယမြောက်ချန်ပီယံအသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။  တနင်္ဂနွေနေ့ရလဒ်ကြောင့် လီဗာပူးဟာ လိဂ်မှာ ၄ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၄ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။  ခရစ္စပဲလေ့စ်ကို ၇ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက်ကတည်းက လီဗာပူးအသင်းဟာ ဝက်စ်ဘရွမ်းကို ၁ ဂိုးစီ သရေ၊ နယူးကာဆယ်နဲ့ ဂိုးမရှိ သရေ၊ ဆောက်သမ်တမ်ကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးပြီး ယူနိုက်တက်နဲ့လည်း ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။  အိမ်ကွင်းမှာ ဂိုးမသွင်းယူနိုင်ခဲ့ပေမယ့် လီဗာပူးအသင်းဟာ သူတို့ရဲ့အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲမရှိပွဲစဉ် အရေအတွက်ဟာ ၆၈ ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက်ကတော့ အန်ဖီးလ်ကွင်းမှာ သရေရလဒ်ထွက်ပေါ်ခဲ့တာဟာ အပြုသဘောဆောင်တဲ့ ရလဒ်တခုအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး ဆိုးလ်ရှားရဲ့အသင်းဟာ နိုဝင်ဘာ ၁ ရက် အာဆင်နယ်အသင်းကို ရှုံးနိမ့်ပြီးကတည်းက ပရီးမီးယားလိဂ်မှာ ဆက်တိုက်ခြေစွမ်းပြနေတာပဲဖြစ်ပါတယ်။  ယူနိုက်တက်ဟာ အိမ်ကွင်းထက် အဝေးကွင်းမှာ ပိုရလဒ်ကောင်းလေ့ရှိပြီး နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ၁၆ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ၁၂ ပွဲနိုင်၊ ၄ ပွဲသရေဆိုတဲ့ ရလဒ်ကို ရရှိထားပါတယ်။
4 months Ago

လီဗာပူးနှင့် ဂိုးမရှိသရေရလဒ်ကို စိတ်ပျက်ဟု မက်ဂွဲယားနှင့်ဆိုးရှားလ် ပြော

လီဗာပူးနဲ့ပွဲရလဒ်ဟာ ယူနိုက်တက်အသင်းကို စိတ်ပျက်စေခဲ့တယ်လို့ အသင်းခေါင်းဆောင် ဂယ်ရီမက်ဂွိုင်းယားနဲ့ ဆိုးရှားလ်တို့ ပြောပါတယ်။ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အမှတ်ပေးဇယားထိပ်ကအသင်း ၂ သင်းပွဲစဉ်ဟာ ပွဲ မစခင် ကြိုတင်မျှော်လင့်ထားသလို မဖြစ်ခဲ့ဘဲ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်မရရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းဟာ လက်ရှိချန်ပီယံကို ၆ မှတ်ဖြတ်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။  တနင်္ဂနွေနေ့ပွဲမှာ လီဗာပူးအသင်းက ဘောလုံးပိုင်ဆိုင်မှုပိုသာခဲ့ပြီး ယူနိုက်တက်ဘက်က တန်ပြန်တိုက်စစ်ကို အဓိကအားပြုကစားခဲ့ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်၊ ရက်ဖို့ဒ်၊ ဆာလတ်၊ ဖာမီနိုတို့လို ၂ သင်းစလုံးရဲ့ အဓိကကစားသမားတွေ ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်ရှိနေတာကြောင့် အခွင့်အရေး ကြီးကြီးမားမားတော့ မရရှိခဲ့ကြပါဘူး။ ဒီပွဲမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ရဲ့ ဂိုးရလုနီးပါး ကန်သွင်းချက်တွေကို လီဗာပူး ဂိုးသမား အလီဆွန်က ကာကွယ်သွားနိုင်ခဲ့ပြီး ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့အတွဲကလည်း ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံးထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။  ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ သရေထက် အနိုင် ၃ မှတ်ကို ဦးတည်ခဲ့တယ်လို့ မက်ဂွဲယားက ပြောဆိုခဲ့ပြီး အစဉ်အလာပြိုင်ဘက်နဲ့ပွဲစဉ်မှာ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် ကျဆင်းနေခြင်းအပေါ်  စိတ်ပျက်မိတယ်လို့ မက်ဂွဲယားက ပြောပါယ်။ “ပထမပိုင်းမှာ သူတို့က ကျနော်တို့ထက်ပိုကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့လည်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ အကောင်းဆုံးအခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကျနော်တို့ အခွင့်ကောင်း ၂ ခု၊ ကာကွယ်မှုကောင်း ၂ ခုလည်း ရှိခဲ့ပါတယ်။ လီဗာပူးဘက်မှာ ဦးစားပေးနောက်ခံလူတွေ ပါဝင်နိုင်တာက ပြောစရာရှိနေပေမယ့် သူတို့တွေ ဒဏ်ရာရခဲ့ပြီးနောက်မှာ လီဗာပူးဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာပါ။ ဒီပွဲကို ကျနော်တို့ အနိုင်လိုချင်ခဲ့တာပါ။ ဒါကို ဒုတိယပိုင်းမှာ မြင်နိုင်ပါတယ်။ ကျနော်တို့ ၃ မှတ် လိုချင်ခဲ့တာပါ။ ရလဒ်ကြောင့် အနည်းငယ်စိတ်ပျက်မိပါတယ်။ ဒါဟာ ခက်ခဲတဲ့ အခြေအနေတခုပါ။ အခုလက်ရှိ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်ကို ပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် မြင်တွေ့နိုင်ပါတယ်။”  မန်ယူနည်းပြ ဆိုးလ်ရှားကလည်း ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ လီဗာပူးအသင်းကို အနိုင်မယူနိုင်ခဲ့အတွက် စိတ်ပျက်မိသလို ယူနိုက်တက်အသင်းအနေနဲ့ အနိုင် ၃ မှတ်ရဖို့အတွက်တော့ လုံလောက်တဲ့ စွမ်းဆောင်ရည်မရခဲ့ကြောင်း၊  လီဗာပူးနဲ့ နောက်တစ်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် အခုပွဲစဉ်က ရမှတ်တစ်မှတ်က အဆင်ပြေကြောင်း ဆိုးလ်ရှားက ပွဲအပြီးမှာ ပြောပါတယ်။  အထူးသဖြင့် ပထမပိုင်း ကစားပုံကို ဆိုးလ်ရှားက အပြစ်တင်သွားခဲ့ပြီး  အဲဒီထက်ပိုကောင်းတဲ့ ကစားပုံပြသနိုင်သေးတယ်လို့ သုံးသပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ပွဲ ရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ ဒုတိယနေရာက လက်စတာအသင်း နဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပါတယ်။
4 months Ago

ဖာနန်ဒက်စ်ကို လီဗာပူးနည်းပြ ကလော့ပ်ချီးကျူး

မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီလိဂ်မှာကတည်းက ခြေစွမ်းကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ချီးကျူးလိုက်ပါတယ်။ ဒီည ၁၁ နာရီမှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲ မတိုင်ခင်မှာ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းအပေါ် လီဗာပူးနည်းပြ ကလော့ပ်က ချီးကျူးခဲ့တာပါ။ မန်ယူအသင်းဆီ မပြောင်းရွှေ့ခင် အမေရိကမှာ စပို့တင်းလစ္စဘွန်းနဲ့ ခြေစမ်းပွဲ ကစားစဉ်ကတည်းက ကစားသမားကောင်းဖြစ်တယ်ဆိုတာ သိရှိပြီးသား ဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။ ယူနိုက်တက်အသင်းမှာလည်း အမြန်ဆုံး အံဝင်ခွင်ကျဖြစ်ခဲ့ပြီး ခေါင်းဆောင်မှု အရည်အချင်းကောင်းတွေလည်း ရှိသူဖြစ်တယ်လို့ နည်းပြကလော့ပ်က ဖာနန်ဒက်စ်ကို ချီးကျူးပါတယ်။ မန်ယူနဲ့ပွဲစဉ်မှာ အနိုင်သုံးမှတ်ရယူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ယူနိုက်တက်အသင်းက ကောင်းမွန်တဲ့ အသင်းဖြစ်လို့ လီဗာပူးအသင်းသားတွေအနေနဲ့ အမြင့်မားဆုံးခြေစွမ်း အဆင့်အတန်းရရှိဖို့ လိုအပ်တယ်လို့ နည်းပြကလော့ပ်က သုံးသပ်သွားပါတယ်။
4 months Ago

ဒဏ်ရာရသားကောင် လီဗာပူးကို မန်ယူ အခွင့်အရေးယူသင့်ကြောင်း ကီယွန် သုံးသပ်

လီဗာပူးက ဒဏ်ရာရနေတဲ့သားကောင် ဖြစ်ပြီး မန်ယူနိုက်တက်အသင်း အခွင့်အရေး ရယူနိုင်ဖို့လို အပ်တယ်လို့ အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်က သုံးသပ်ပါတယ်။  အမှတ်ပေးဇယားထိပ်ဆုံးက မန်ယူအသင်းဟာ တနင်္ဂနွေညမှာ လီဗာပူးရဲ့ အမ်ဖီးလ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ ဒီပွဲစဉ်မှာ အနိုင်ရခဲ့ပါက ဒုတိယနေရာက လီဗာပူးကို ၆ မှတ်ဖြတ်ထားနိုင်မှာဖြစ်လို့ ချန်ပီယံဆုအတွက် အားသာချက်ရှိစေမှာပါ။  အာဆင်နယ်ကစားသမားဟောင်း မာတင်ကီယွန်ကတော့ လီဗာပူးက လက်ရှိအချိန်မှာ ဒဏ်ရာရနေတဲ့သားကောင် တစ်ကောင်လိုဖြစ်ပြီး မန်ယူနိုက်တက်ဘက်က အခွင့်အရေးရယူနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။  လီဗာပူးအသင်းမှာ အဓိက နောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်တို့ ဒဏ်ရာရရှိနေပြီး နောက်ထပ် ဗဟိုနောက်ခံလူ မာတစ်ကလည်း ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတာပါ။
4 months Ago

လီဗာပူး-ယူနိုက်တက်ပွဲအပါအဝင် ယခုသီတင်းပတ် ပွဲစဉ်များအပေါ် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်

အခုသီတင်းပတ်ကုန်ပိုင်းမှာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦဆောင်နေတဲ့ အသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။  ဒီပွဲအပြင် မန်စီတီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ပွဲလည်း ရှိနေပါတယ်။ ဒီပွဲတွေနဲ့ပတ်သက်ပြီး မန်ယူနိုက်တက် ကစားသမားဟောင်း ဒီမီထရီ ဘာဘာတော့ဗ်က အခုလို ခန့်မှန်းပေးထားပါတယ်။ ဝုဗ် -  ဝက်စ်ဘရွန်း ဝက်စ်ဘရွန်းအသင်းမှာ ဆမ်အလာဒိုက်အတွက် လွယ်ကူစေမယ့် အရာမျိုး မတွေ့ရသေးပါဘူး။ အရင်လိုမျိုး အမြင့်ဘောကစား၊ ဧရိယာထဲမှာ ဘောလုံးပေး၊ ခေါင်းတိုက်ဂိုးသွင်းတဲ့ ပုံစံမျိုးက ခေတ်မမီတော့ပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်မှာ ဘောလုံးကိုပိုပြီး ပါးပါးနပ်နပ်ကစားဖို့ လိုအပ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိမနေသေးတာကြောင့် ဒီပွဲမှာလည်း သူတို့အတွက် ခက်ခဲမယ်လို့ ထင်ပါတယ်။ ဝုဗ်အသင်းကပဲ ရလဒ်ကောင်းသွားပါလိမ့်မယ်။  (ခန့်မှန်း ၂ - ဝ) ဝက်စ်ဟမ်း - ဘန်လေ ဒီပွဲကတော့ ဝက်စ်ဟမ်းအတွက် အနိုင်ရလဒ်လို့ပဲ ထင်ပါတယ်။ ဘန်လေဟာ ဒီရာသီအတွင်း ခြေစွမ်းကောင်းမွန်မှုတစ်ချိုု့ရှိခဲ့ပြီး ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမယ့် ဒီပွဲမှာတော့ ဝက်စ်ဟမ်းကပဲ အနိုင်ယူသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၂ - ၁) လိဒ် - ဘရိုက်တန် လိဒ်အနေနဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားနေတာကို ပြန်လည်ချေဖြတ်ပြရမယ့်ပွဲပါ။ သူတို့ဟာ ရလဒ်တွေ ဆိုးရွားနေပေမယ့် အမှတ်ပေးဇယားမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိတာကြောင့် ဘီယက်ဆာဟာ ဒီပွဲအတွက် သူ့အသင်းကို ဖိအားပေးပြင်ဆင်လာဖိုရှိနေပါတယ်။ လိဒ်ကပဲ အနိုင်ရသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ၁) ဖူလ်ဟမ် - ချဲလ်ဆီး ချဲလ်ဆီးမှာ ဘာတွေဖြစ်နေတာလဲလို့ အရင်မေးရပါမယ်။ ဒီပွဲသာ ထပ်ပြီးရလဒ်မကောင်းရင် လမ်းပတ်ဟာ ပိုကြီးတဲ့ ဖိအားတွေအောက် ရောက်သွားပါလိမ့်မယ်။ သူတို့ကစားသမားသစ်တွေ အများကြီးခေါ်ထားပေမယ့် အခုချိန်ထိ အားလုံးမျှော်လင့်တဲ့ စွမ်းဆောင်ရည်မှာ မရှိသေးပါဘူး။ ဒါ့အပြင် ရလဒ်တွေပါ ဆိုးရွားနေတာက သူတို့အတွက် ပြဿနာပါ။ ဒါ့ကြောင့် ဒီအခြေအနေကို မဖြစ်မနေ ချိုးဖျက်ပစ်ရပါမယ်။ ဒါဟာ ဖူလ်ဟမ်အသင်းအတွက် အခွင့်အလမ်းလည်း ဖြစ်လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ချဲလ်ဆီးက ကပ်ပြီးအနိုင်ရသွားလိမ့်မယ်ထင်ပါတယ်။  (ခန့်မှန်းချက်  ၁ - ဝ) လက်စတာ - ဆောက်သမ်တန် ဒီရာသီခြေစွမ်းပြနေတဲ့ အသင်း ၂ သင်းဖြစ်တာကြောင့် သေချာပေါက်ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ၂ သင်းစလုံး အပြိုင်အဆိုင် ဂိုးတွေသွင်းပြီး အမှတ်ခွဲယူကြမယ့် ပုံစံမျိုးပါ။ (ခန့်မှန်းချက် ၂ -၂) ရှက်ဖီးလ် - စပါး ရှက်ဖီးလ်အသင်းရဲ့နိုင်ပွဲကို အားလုံးက မြင်တွေ့ချင်နေလှပါပြီ။ သူတို့ဟာ ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေပါတယ်။ ဒါပေမဲ့ ဒီပွဲကိုနိုင်မယ်ဆိုရင် သူတို့ရဲ့ဖိအားတွေ တော်တော်လေးလျော့သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့အသင်းကတော့ ရှက်ဖီးလ်ကိုရှုံးမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဒီရာသီအတွင်း ပရိသတ်တွေကို အံ့သြသင့်သွားအောင် ထပ်မံပြုလုပ်နိုင်တဲ့ အစွမ်းရှိနေဆဲဖြစ်ပါတယ်။ စပါးအသင်း နိုင်ပါလိမ့်မယ်။ (ခန့်မှန်းချက် ၀ - ၂) လီဗာပူး - မန်ချက်စတာယူနိုက်တက် ယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲကိုအနိုင်ယူပြီး ဒီထက်ပိုကောင်းတဲ့ အနေအထားတခုဆီကို သွားစေချင်ပါတယ်။ ဒီပွဲကိုနိုင်ရင် လီဗာပူးကို ၆ မှတ်အထိ ဖြတ်ထားနိုင်မှာပါ။ ဒီပွဲဟာ ၂ သင်းစလုံးအတွက် ခက်ခဲလာနိုင်ပြီး စိတ်လှုပ်ရှားစရာတွေလည်း အများကြီးမြင်ရနိုင်ပါတယ်။ ဒါဟာ နည်းပြ ၂ ယောက်ရဲ့ နည်းစနစ်ပိုင်းပြိုင်ဆိုင်မှု ဖြစ်လာနိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ယူနိုက်တက်အသင်း အနိုင်ရတာကိုမြင်ချင်တဲ့အတွက် ယူနိုက်တက်ကပဲ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ (ခန့်မှန်းရလဒ် ၁ -၂) မန်စီတီး - ခရစ္စတယ်ပဲလေ့စ် မန်စီတီးအသင်းဟာ ချန်ပီယံဆုအတွက်ပြိုင်ပွဲထဲမှာ ရှိနေဆဲပါ။ သူတို့ကို ဖယ်ထုတ်လို့ မရသေးပါဘူး။ သူတို့မှာ ပွဲကျန် ၂ ပွဲ ရှိနေသေးသလို ခရစ္စတယ်ပဲလေ့စ်အနေနဲ့ကလည်း တခြားအသင်းတွေလို မန်စီတီးကို တုံ့ပြန်သွားဖို့ မလွယ်ပါဘူး။ ဂွါဒီယိုလာက သူတို့ချန်ပီယံဆုပြိုင်ပွဲထဲမှာ ရှိနေသေးကို သိတဲ့အတွက် ဒါကို လက်လျှော့သွားမယ်လို့ မထင်ပါဘူး။ မန်စီတီးဘက်ကပဲ ဂိုးပြတ်နိုင်သွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ဝ) အာဆင်နယ် - နယူးကာဆယ် အာဆင်နယ်အသင်းအနေနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ပိုကောင်းတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် လိဂ်ဖလားပြိုင်ပွဲ နယူးကာဆယ်နဲ့ တွေ့စဉ်က အချိန်ပိုအထိ ရောက်သွားခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ မိနစ် ၉၀ အတွင်းမှာ ပိုကောင်းတဲ့ ရလဒ်ကို ရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အတွက် အမှားခံလို့ မရတော့တဲ့အနေအထားမှာ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ (ခန့်မှန်းချက် ၂ - ဝ)
4 months Ago

လီဗာပူးရဲ့ခြေစွမ်းကိုကြည့်ရင် စောစောအနားယူလိုက်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးပါ - ဖာဂူဆန်

စောစောစီးစီး အနားယူလိုက်လို့ ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ ရင်မဆိုင်ခဲ့ရတဲ့အပေါ် ဝမ်းသာမိတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်က အရွှန်းဖောက်ခဲ့ပါတယ်။  ဖာဂူဆန်ဟာ ၂၇ နှစ်တာကာလအတွင်း ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလား ၁၃ လုံးရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပြီး အင်္ဂလန်ပြည်တွင်း အအောင်မြင်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လီဗာပူးအသင်းဆီက လွှဲယူနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ခြင်း မရှိတော့ပေမယ့် လီဗာပူးအသင်းကတော့ သူတို့ရဲ့ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေမှုကို ပြီးခဲ့တဲ့နှစ်မှာ ဖလားယူပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မတိုင်ခင် ချန်ပီယံလိဂ်မှာပါ ဗိုလ်စွဲခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ခါးသီးပြိုင်ဘက် ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။  ဒီပွဲမတိုင်ခင် ယူနိုက်တက် နည်းပြဟောင်း ဖာဂူဆန်က သူဟာ ကလော့ပ်ရဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းက စွမ်းဆောင်ရည်အပေါ် အထင်ကြီးမိသူတစ်ဦး ဖြစ်တယ်လို့ ထုတ်ပြောပါတယ်။  “ယူနိုက်တက်နဲ့ လီဗာပူး ဒါဘီကို တစ်ရာသီလုံးက အကောင်းဆုံးပွဲလို့ ကျနော် အမြဲတမ်း တွေးထားတာပါ။ ရှင်းရှင်းလင်းလင်း ပြောရရင်တော့ သူတို့ရရှိထားတဲ့ ဆုဖလားအရေအတွက်အရ ဒါဟာ ဗြိတိန်မှာ အအောင်မြင်ဆုံးအသင်း ၂ သင်းပါ။ တစ်ခုခုကို အနိုင်ရဖို့ဆိုရင် လီဗာပူးကို အနိုင်ယူဖို့ လိုအပ်ပါတယ်။ ဒါဟာ ဆဲလ်တစ်တို့၊ ရိန်းဂျားတို့ကို အနိုင်ယူဖို့ လိုအပ်တဲ့ ကျနော့်ရဲ့အဘာဒင်း နည်းပြဘဝနဲ့လည်း သွားတူနေပါတယ်။ ဒီလိုအနိုင်ယူဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုလည်း လိုအပ်ပါတယ်” လို့ ဖာဂူဆန်က ပြောပါတယ်။ “တကယ်တမ်းပြောရရင် ဒါဟာ ကစားပွဲတစ်ခုပါ။ လီဗာပူးရဲ့ ၇၀ နှစ်များနဲ့ ၈၀ နှစ်များမှာ အောင်မြင်ခဲ့မှုက အံ့မခန်းပါပဲ။ ဒါကိုကျော်လွန်ဖို့အတွက် ကျနော့်အနေနဲ့ ခက်ခဲတဲ့လမ်းကို ရွေးချယ်ခဲ့ရပါတယ်။ ကျနော် ပြောချင်တာက အသင်းကို တည်ဆောက်ဖို့အတွက် အချိန်ယူခဲ့ရတာပါ။ တကယ်လည်း အောင်မြင်မှုဆိုတာကို ကျနော်တို့အသင်းအတွက် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အခု ကျနော် အနားယူလိုက်ပါပြီ။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း လီဗာပူးရဲ့ ခြေစွမ်းကိုကြည့်ရင် ကျနော် စောစောအနားယူလိုက်မိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးပါပဲ။ သူတို့ဟာ အရမ်းကောင်းပါတယ်။ သူတို့အပေါ် အမြဲတမ်းလေးစားမှု ကြီးကြီးမားမားရှိပါတယ်” လို့ ဖာဂူဆန်က ပြောပါတယ်။ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတို့မှာ ဂျောဒန်ဟန်ဒါဆန်က အသင်းခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး ဟန်ဒါဆန်ရဲ့ ပြေးလွှားပုံနဲ့ပတ်သက်လို့ ဖာဂူဆန်က အရင်တုန်းက ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဖာဂူဆန်က ဟန်ဒါဆန်နဲ့ပတ်သက်တဲ့ သူ့ရဲ့မှတ်ချက်ကို ပြန်လည်ဖြေရှင်းပေးခဲ့ပြီး ယူနိုက်တက်အသင်းဟာလည်း ဒီကစားသမားကို ခေါ်ဖို့ နီးစပ်ခဲ့တယ်လို့ ပြောပါတယ်။
4 months Ago

မန်ယူတိုက်စစ်မှူး မာစီယယ် လီဗာပူးနှင့် ပွဲတွင်  ပြန်ကစားနိုင်ဖွယ်ရှိ

ဘန်လေနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မန်ယူတိုက်စစ်မှူး မာစီယယ်ဟာ လီဗာပူးနဲ့ ပွဲစဉ်မှာ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။  ဘန်လေနဲ့ ပွဲပြီးခါနီးမှာ တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရတဲ့ မာစီယယ်ဟာ ရက်သတ္တပတ်လောက် အနားယူရဖို့ ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာလည်း ပြန်လည်သက်သာလာ ကြောင့် တနင်္ဂနွေနေ့မှာကစားမယ့် လီဗာပူးနဲ့ပွဲမှာ ပြန်ကစားနိုင်မှာပါ။  အသက် ၂၅ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူး မာစီယယ်ဟာ ကာဗာနီ ရောက်ရှိလာပြီးနောက် တောင်ပံ ထွက်ကစားနေပြီး ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန်မှုတချို့လည်း ခံနေရတာပါ။  မာစီယယ်ဟာ ဇန်နဝါရီ ၂ ရက်က ဗီလာနဲ့ ပွဲမှာ တစ်ဂိုးသွင်းပြီးနောက်ပိုင်း  ၃ ပွဲမှာ ဂိုးသွင်း ယူနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။
4 months Ago

နောက်တန်းကစားသမားသစ် ၁ ဦး ခေါ်ယူရန် မသေချာဟု လီဗာပူးနည်းပြပြော

ဗဟိုနောက်ခံလူ တစ်ဦးခေါ်ယူဖို့ မသေချာသေးကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။  လီဗာပူးဗဟိုခံစစ်မှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာရနေပြီး ကွင်းလယ်လူ ဟန်ဒါ ဆန်ကို ဗဟိုခံစစ်မှူးနေရာမှာ ပြောင်းလဲအသုံးပြုနေရတာပါ။  ချန်ပီယံဆုအတွက်လည်း အရေးပါတဲ့ အချိန်ဖြစ်ပေမဲ့ အခုအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ခံလူ တစ်ဦးခေါ်ယူဖို့ မသေချာသေးဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေရှိတယ်လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။  လီဗာပူးအသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး ၂ ပွဲ သရေ ၁ ပွဲ ရှုံးခဲ့တာပါ။  လီဗာပူးအသင်းဟာ ဒီကနေ့ အက်စ်တွန်ဗီလာနဲ့ အက်ဖ်အေဖလားပွဲစဉ် ကစားဖို့ ရှိပေမဲ့ ဗီလာအသင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့သူတွေ တွေ့ရှိခဲ့တာကြောင့် ပွဲစဉ်ရွှေ့ဆိုင်းရဖို့ ရှိနေပါတယ်။ 
4 months Ago

ဗဟိုခံစစ်မှူး ၁ ဦး ခေါ်ယူမှ ချန်ပီယံဆုကို ကာကွယ်နိုင်မည်ဟု လီဗာပူးကို ကာရေဂါ သတိပေး

လီဗာပူးအသင်းအနေနဲ့ ဗဟိုခံစစ်ကစားသမားတစ်ဦး အရေးပေါ်ခေါ်ယူဖို့ လိုအပ်နေပြီလို့ ကစားသမားဟောင်း ကာရေဂါက တိုက်တွန်းလိုက်ပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်ယူနိုက်တက်ထက် တပွဲပိုကစားထားပေမယ့် ရမှတ်တူနေပါတယ်။  လီဗာပူးဂန္ထဝင်နောက်ခံလူ ကာရေဂါကတော့ လီဗာပူးအနေနဲ့ နောက်ခံလူတစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်ပြီး အဲဒီလိုသာ မလုပ်ဆောင်ရင် ချန်ပီယံဆုဖလားကို ဆက်ထိန်းနိုင်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။ အဓိကနောက်ခံလူ ဗန်ဒိုက် ဒဏ်ရာရသွားတဲ့အချိန်ကတည်းက နောက်ခံလူတစ်ဦး ဝယ်ဖို့ လိုတယ်လို့ ပြောခဲ့ဖူးပြီး ကွင်းလယ်လူ ဟန်ဒါဆန်က ဗဟိုခံစစ်ကစားသမား မဟုတ်ဘဲ ကစားနေရတယ်လို့ ကာရေဂါက ပြောပါတယ်။ လီဗာပူးအသင်းမှာ နောက်ခံလူ ဗန်ဒိုက်က ကာလရှည် အနားယူရမှာဖြစ်သလို ဂျိုးဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာရနေတာကြောင့် နောက်ခံလူတစ်ဦး ခေါ်ယူသွားဖို့ အရေးပေါ်လိုအပ်နေတာ ဖြစ်ပါတယ်။
4 months Ago

လီဗာပူးအသင်း ပင်နယ်တီ ရရှိခဲ့သင့်ဟု ယာဂန်ကလော့ပ် ပြော

ဆာဒီယိုမာနေးဟာ ဒိုင်ဗင်ထိုးတတ်သူ မဟုတ်ကြောင်းနဲ့ လီဗာပူးအသင်းအနေနဲ့ ပင်နယ်တီတွေ ရရှိခဲ့သင့်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။  ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ဒန်နီယယ်အင့်စ်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်မှုမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမှာ လီဗာပူးအသင်းအနေနဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးမရှိခဲ့ဘဲ ဆောက်သမ်တန်ဂိုးသမား ဖော်စတာဟာ ကာကွယ်မှုတစ်ကြိမ်သာ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရရှိခဲ့သင့်တဲ့ ပင်နယ်တီ ၂ ကြိမ်လုံးတော့ ငြင်းဆန်ခံခဲ့ရပါတယ်။ ပထမတစ်လုံးဟာ ဝစ်ချ်နယ်ဒမ်ရဲ့ ကန်ချက် ပြိုင်ဘက်ကစားသမားလက်မောင်းကို ထိခဲ့တာဖြစ်ပြီး ဒုတိယတစ်လုံးကတော့ မာနေးကို ဝေါ်ကာ ပီတာ ဧရိယာထဲမှာ အဖျက်ကြမ်းခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးရဲ့ ဖြစ်ရပ်မှာ ရှုထောင့်မျိုးစုံက ကြည့်ခဲ့ခြင်းမရှိပေမယ့် ကလော့ပ်ကတော့ ဒါဟာ ပင်နယ်တီဖြစ်ကြောင်းနဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ အရမ်းကို ရိုးသားမှုရှိခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။  “မာနေး ဘောလုံးရှိနေချိန်တွေက အကောင်းဆုံးအချိန်တွေပါပဲ။ သူ့ကို ဒိုင်ဗင်ထိုးတယ်လို့ ပြောနေတဲ့သူတွေကတော့ ကမ္ဘာ့အရယ်ရဆုံး ဟာသတွေလိုပါပဲ။ သူဟာ သူ့ခြေထောက်ပေါ် ဆက်ရပ်နေဖို့ လှဲမချပစ်ဖို့ ကြိုးစားခဲ့တာပါ။ တခြားအသင်းတွေဆိုရင် ပင်နယ်တီ ရနိုင်မယ့်အခြေအနေမျိုးလည်း ၂ ကြိမ်တောင် ဖြစ်ခဲ့တာပါ။ ပထမက လက်ထိဘောပါ။ ကျနော့်ကစားသမားတွေသာ လွယ်လွယ်လေးနဲ့ လဲကျနေကြမယ်ဆိုရင် ကျနော်တို့ ဒီပွဲရော၊ နယူးကာဆယ်နဲ့ပွဲမှာရော ပင်နယ်တီတွေ ရရှိခဲ့မှာပါ။ ဝေါ်ကာပီတာက သူ့ရဲ့ဘယ်ခြေနဲ့ မာနေးကို လဲကျအောင်လုပ်ခဲ့တာပါ။ အခု ယူနိုက်တက်အသင်း ၂ နှစ်တာကာလအတွင်းရရှိခဲ့တဲ့ ပင်နယ်တီ အရေအတွက်က ကျနော် ၅ နှစ်ခွဲတာကာလအတွင်းရရှိခဲ့တာတွေထက် ပိုများနေတယ်လို့ ပြောနေသံ ကြားရပါတယ်။ ဒါဟာ ကျနော့်လိုအပ်ချက်ကြောင့်လား၊ တခြား တခုခုလား ဆိုတာတော့ မသိပါဘူး။ ဒီလိုဖြစ်ခဲ့ရင်တောင် ကျနော်တို့ စွမ်းဆောင်ရည်က ပိုကောင်းခဲ့မှာမဟုတ်ပါဘူး။ ဒီပွဲမှာ ဆောက်သမ်တန်က အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ကျနော်တို့ကတော့ ကံမကောင်းခဲ့ပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ လိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ အာနိုးလ်ဟာ ဘောလုံးအပျက်များနေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
4 months Ago

ဆောက်သမ်တန်ကို လီဗာပူးအသင်း ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဒီကနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက ဆောက်သမ်တန်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။  အက်စတွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ရူံးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ လီဗာပူးအတွက် ဒုတိယမြောက် ရှုံးပွဲကြုံခဲ့ရတာပါ။  လီဗာပူးအသင်းမှာ ဗဟိုခံစစ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ကို ကစားစေခဲ့တာပါ။  ပွဲအစ ၂ မိနစ်မှာပဲ ဆောက်သမ်တန်က ဦးဆောင်ဂိုးရခဲ့ပြီး ဒယ်နီအင့်စ်က သွင်းယူခဲ့တာပါ။ ပွဲချိန်အတွင်းမှာ လီဗာပူးက ဂိုးသွင်းခွင့်ပိုရခဲ့ပေမယ့် တိုက်စစ်ပိုင်းအားနည်းချက်တွေ ရှိခဲ့ပါတယ်။  ဒါ့အပြင် ပွဲချိန် ၅၁ မိနစ်မှာ အာနိုးလ်ရဲ့ ဂိုးကန်သွင်းချက်က ဆောက်သမ်တန်နောက်ခံလူ စတီဖန်ရဲ့ လက်ကို ထိခဲ့ပေမယ့် VAR နဲ့ ဆုံးဖြတ်ပြီး ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် လီဗာပူး နစ်နာခဲ့ရပါသေးတယ်။  နောက်ပိုင်းပွဲချိန်တွေမှာ ဆောက်သမ်တန်က ခံစစ်ကိုပိတ်ပြီး အနိုင်ရလဒ်ကို ထိန်းကစားခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ ပွဲပြီးခဲ့တာပါ။  လီဗာပူးအသင်း အမှတ်မရခဲ့တာကြောင့် ဇန်နဝါရီ ၁၃ ရက်နေ့ ဘန်လေနဲ့ ကစားရမယ့် မန်ယူက အနည်းဆုံး သရေတစ်မှတ်ရရင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။
4 months Ago

ဇန်နဝါရီ အပြောင်းအရွှေ့တွင် နောက်ခံလူသစ်ခေါ်ယူရန် မသေချာဟု လီဗာပူးနည်းပြပြော

အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့် အခုလအတွင်း ဗဟိုခံစစ် ကစားသမားတစ်ဦး ခေါ်ယူဖြစ်မလားဆိုတာ မသိသေးဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ သူတို့ရဲ့ အဓိကကျတဲ့ နောက်ခံလူ ၃ ဦးကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပါတယ်။ သူတို့နေရာကို ကွင်းလယ်လူ ဖာဘင်ဟိုက ဖြည့်ကစားပေးနေရပြီး ခြေစွမ်းလည်း ပြနေနိုင်တာကြောင့် ကလော့ပ်က ဘရာဇီးသားနဲ့အတူ အတွေ့အကြုံမရှိသေးတဲ့ လူငယ်ကစားသမား ၂ ဦးကို အသုံးပြုသွားဖို့ မျှော်လင့်နေပုံရပါတယ်။ အသက် ၁၉ နှစ်အရွယ် ရွိုင်းဝီလီယမ်က ပြီးခဲ့တဲ့လကမှ ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရခဲ့သလို နာသန်ဖီးလစ်ကလည်း ပရီးမီးယားလိဂ်မှာ ၃ ပွဲသာ ကစားခွင့်ရသေးပါတယ်။ ဒါ့ကြောင့် ကစားသမားဟောင်း ကာရေဂါ အပါအဝင် အများစုက လီဗာပူးအသင်းအနေနဲ့ ဒီအပြောင်းအရွှေ့မှာ နောက်ခံလူတစ်ဦးကို ခေါ်ယူဖို့ တိုက်တွန်းပြောဆိုထားကြပြီး အသင်းဘက်က လာတဲ့ သတင်းတွေမှာတော့ ဇန်နဝါရီမှာ လူသစ်ခေါ်ယူမှု ကြီးကြီးမားမား ပြုလပ်နိုင်ခြေ နည်းပါးတဲ့သဘောမျိုး ပြောထားပါတယ်။  လိုင်လီအသင်းရဲ့ စတိဗ်ဘုတ်မန်းကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေဟာလည်း ပျက်ပြားသွားခဲ့ပြီ ဖြစ်ပါတယ်။ ကလော့ပ်က “ကျနော်တို့အသင်း လူစာရင်းမှာ ပြဿနာတွေအတွက် အဖြေရှိနေပေမဲ့ ကျနော်တို့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူတွေနဲ့ပတ်သက်လာရင် ဒီလိုမျိုး ဖြစ်လေ့ရှိပါတယ်။ တစ်ခါ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတယ်ဆိုရင် နောက်ပိုင်း ရပ်တန့်လို့ မရတော့ပါဘူး။ ဒါကြောင့် အပြောင်းအရွှေ့မှာ တစ်ခုခု လုပ်မလားဆိုရင် ကျနော်မသိဘူးလို့ပဲ ပြန်ဖြေရပါမယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒါဟာ အရမ်းကို ကျပ်တည်းတဲ့ အပြောင်းအရွှေ့ပဲလေ။ အသင်းအားလုံးက ပိုက်ဆံကိုင်ထားနိုင်တာမှ မဟုတ်တာ။ တစ်ခုခု လုပ်ကြည့်မယ်ဆိုတာမျိုးက အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့် မှန်ကန်တဲ့အရာကို လုပ်ရပါမယ်။ အခုချိန်ထိတော့ ကျနော်တို့ အသင်း လူအင်အားကို သဘောကျနေဆဲပါ” လို့ ပြန်ဖြေပါတယ်။ ဒဏ်ရာပြဿနာတွေရှိနေပေမဲ့ လီဗာပူးအသင်းဟာ နှစ်သစ်မှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားနိုင်ဆဲဖြစ်ပြီး တနင်္လာနေ့မှာ ကစားမယ့် ဆောက်သမ်တမ်နဲ့ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ကို ၃ မှတ်အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။
4 months Ago

လိဂ်ပွဲစဉ်များ မရပ်နားဘဲ ဆက်လက်ကျင်းပနိုင်ရန် မျှော်လင့်ဟု လီဗာပူးနည်းပြပြော

ဘောလုံးပွဲစဉ်တွေရပ်နားရခြင်းမရှိဘဲ ဆက်လက်ကျင်းပနိုင်ဖို့ မျှော်လင့်ကြောင်း လီဗာပူးနည်းပြ ကလော့ပ် ပြောပါတယ်။  အင်္ဂလန်မှာ ကူးစက်မြန်တဲ့ အသွင်သစ် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားလာတာကြောင့် အင်္ဂလန်ကဘောလုံးပွဲစဉ်အားလုံးနီးပါးကို ကွင်းပိတ်ကျင်းပဖို့ ပြန်လည်ညွှန်ကြားခဲ့ရတာပါ။  ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင် ပရီးမီးယားလိဂ်အသင်းတွေမှာ လူ ၁၈ ဦးအထိ ကူးစက်ခံခဲ့ရပါတယ်။  နယူးကာဆယ်-ဗီလာ၊ အဲဗာတန်-မန်စီးတီး၊ စပါး နဲ့ ဖူဟမ်ပွဲစဉ်တွေကို ပွဲရွှေ့ဆိုင်းခဲ့ရပါတယ်။  လက်ရှိအခြေအနေက အသင်းတိုင်း ခက်ခဲပြီး ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာသွားဖို့လိုအပ်ကြောင်း၊ ပွဲစဉ်တွေ ဆက်ကစားခွင့် ရရှိအောင် လုပ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်သွားရမယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က သုံးသပ်ခဲ့ပါတယ်။
4 months Ago

၂၀၂၀ ပြည့်နှစ်က ထူးခြားပြီး မမေ့နိုင်စရာဖြစ်ခဲ့ဟု  လီဗာပူးနည်းပြပြော

၂၀၂၀ ပြည့်နှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ထူးခြားပြီး စိန်ခေါ်မှုတွေရှိခဲ့တဲ့ နှစ်ဖြစ်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကပြောပါတယ်။ လီဗာပူးအသင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး မမေ့နိုင်စရာ ခုနှစ် ဖြစ်ခဲ့တာပါ။  ၂၀၂၀ ပြည့်နှစ်က အသင်းသားအားလုံးအတွက် အတွေ့အကြုံသစ်ဖြစ်ခဲ့သလို စိန်ခေါ်မှု အမြောက်အများရှိပြီး ထူးခြားတဲ့ ခုနှစ်ဖြစ်ခဲ့တယ်လို့ နည်းပြ ကလော့ပ်ကပြောပါတယ်။ အရေးပါဆုံးအချက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး စိန်ခေါ်မှု တချို့ရှိခဲ့ပေမယ့်လည်း ပျော်ရွှင်စရာကောင်းတဲ့နှစ်ဖြစ်ခဲ့တယ်လို့ ကလော့ပ်ကသုံးသပ်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ ခုနှစ်ဖြစ်ခဲ့တာကလွဲပြီး အနာဂတ်မှာတော့ သိပ်ပြီး တွေးဖြစ်မှာ မဟုတ်တော့တဲ့ ခုနှစ်လည်းဖြစ်ကြာင်း နည်းပြကလော့ပ်က ကိုဗစ်-၁၉ ကပ်ရောဂါကာလကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။ လစ်ဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် သရေကျခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ 
5 months Ago

နယူးကာဆယ်နှင့်သရေကျသည့်ပွဲတွင် အသင်း၏စွမ်းဆောင်ရည်ကောင်းမွန်ဟု  လီဗာပူးနည်းပြ ပြော

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမဲ့ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ တကယ်ကို ကောင်းမွန်ခဲ့တယ်လို့ နည်းပြ ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ ဒီပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဂိုးသွင်းခွင့်အများအပြားကို ဖန်တီးနိုင်ခဲ့ပေမဲ့ အဓိက တိုက်စစ်မှူးဖြစ်တွေဖြစ်တဲ့ ဆာလတ်နဲ့မာနေးတို့ဟာ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲဖို့ ပျက်ကွက်ခဲ့ပါတယ်။  ဒီပွဲမှာ နယူးကာဆယ်ဂိုးသမား ဒါလိုးဟာ ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့အထိ လီဗာပူးလ်အသင်းရဲ့ ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။  ကလော့ပ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်ပြောပေမဲ့ လီဗာပူးပရိတ်သတ် အတွက်တော့ ဒီရလဒ်ဟာ စိတ်ပျက်စရာဖြစ်ပါတယ်။  ဂိုး မရှိ သရေရလဒ်ကြောင့် တစ်ပွဲလျော့ကန်ထားရတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် သောကြာနေ့ ဗီလာကို အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးနဲ့ အမှတ် တူအနေအထားကို ရောက်ရှိ လာတော့မှာလည်း ဖြစ်ပါတယ်။  လိဂ်ပွဲစဉ် ၂၂ ပွဲအတွင်း ပထမဆုံးအဖြစ် ဂိုး မသွင်းနိုင်ခဲ့ပေမဲ့ ကလော့ပ်ကတော့ သူ့ အသင်းသားတွေကို ချီးကျူးခဲ့ပါတယ်။  “ပရီးမီးယားလိဂ်မှာ ညံ့တဲ့အသင်းဆိုပြီး မရှိပါဘူး။ ကျနော်တို့ အခွင့်ရေးကောင်း တချို့ ရှိခဲ့ ပါတယ်။ ပြိုင်ဘက်ဟာ အရမ်းကို ကောင်းမွန်ခဲ့ပြီး အမြဲတမ်းလည်း ဒီလိုပါပဲ” လို့ ကလော့ပ်က ဆိုပါတယ်။  “အသင်းရဲ့ စွမ်းဆောင်ရည်ကို တကယ်သဘောကျပါတယ်။ အရင်တုန်းက အခွင့်အရေး အနည်းငယ်နဲ့တောင် နယူးကာဆယ်အသင်းကို အနိုင်ယူခဲ့ဖူးပြီး ဒီတော့ ဒီလို မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ရလဒ်ကို လက်ခံပါတယ်” လို့ ကလော့ပ်က ဆက်ပြောပါတယ်။  ဒီပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ နယူးကာဆယ်ဂိုးသမား ဒါလိုးကလည်း clean sheet ရရှိခဲ့ခြင်း နဲ့ အိမ်ကွင်းမှာ အမှတ်ရယူနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်မိတယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။
5 months Ago
More News
Up