Search Results For: ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါဘောလုံးပွဲ အစိုးရကခွင့်ပြုပါက ပရိသတ်ကို ဝင်ရောက်ကြည့်ရှုခွင့်ပြုမည်

အစိုးရပိုင်းက ခွင့်ပြုမယ်ဆိုရင် ရာသီသစ်မှာ ဘွန်ဒက်စ်လီဂါဘောလုံးပွဲစဉ်တွေကို ပရိသတ်တွေ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးမှာဖြစ်တယ်လို့ လိဂ်စီအီးအိုက ပြောပါတယ်။ လာမယ့်ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို  စက်တင်ဘာ ၁၈ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေဘက်က ပရိသတ်တချို့ကို ဝင်ခွင့်ပြုဖို့ ပြင်ဆင်ထားပြီး အစိုးရ တာဝန်ရှိသူတွေဘက်က ခွင့်ပြုတာနဲ့ ကြည့်ရှုခွင့်ပေးမှာဖြစ်တယ်လို့ လိဂ်စီအီးအို  ခရစ္စတီယန်ဆိဖတ်သ်က ပြောပါတယ်။  လိဂ်တာဝန်ရှိသူတွေဟာ လာမယ့်တစ်ပတ်အတွင်းမှာ ကျန်းမာရေးက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ ပရိသတ်တွေ ဝင်ရောက်ကြည့်ခွင့်ပေးမယ်ဆိုရင် အဝေးကွင်းအသင်းရဲ့ ပရိသတ်တွေကိုတော့ လာရောက်ကြည့်ရှုခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။  ဂျာမနီတာဝန်ရှိသူတွေဟာ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် လာမယ့်အောက်တိုဘာ ၃၁ ရက်အထိ လူစုလူဝေးမလုပ်ကြဖို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
10 months Ago

ဘိုင်ယန်မြူးနစ်က ဝါဒါဘရီမင်ကို အနိုင်ယူပြီး ၈ ကြိမ်ဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်

မနေ့ညက ကစားသွားတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဝါဒါဘရီမင်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားပြီး ၈ ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်သွားပါတယ်။  လက်ကျန်ပွဲစဉ် ၂ ပွဲကစားဖို့ ရှိသေးပေမယ့် ဒုတိယနေရာက ဒေါ့မွန်အသင်းထက် ၁ ပွဲပိုကစားပြီး ၁၀ မှတ်အထိ ဖြစ်နိုင်ခဲ့တာကြောင့် ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။  ဘိုင်ယန်အသင်းဟာ ပထမပိုင်း ၄၃ မိနစ်မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ပွဲချိန်နောက်ပိုင်းမှာ နောက်ခံလူ  အယ်လ်ဖွန်ဆိုဒေးဗစ် ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် ခက်ခက်ခဲခဲ ကစားခဲ့ရတာပါ။  ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် ဒေါ့မွန်၊ လိုက်ဇစ်အသင်းတွေက ဘိုင်ယန်မြူးနစ်အသင်းကို တောက်လျှောက် ဖိအားပေးလာခဲ့ပေမဲ့ ရာသီနောက်ပိုင်းပွဲစဉ်တွေမှာ အမှတ်ကွာဟချက်ရှိလာခဲ့တာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဒေါ့မွန်အသင်းက သေချာသွားခဲ့ပြီဖြစ်ပေမယ့်  လိုက်ဇစ်၊ မိုချက်ဂလာဘက်နဲ့ လီဗာကူဆင်အသင်းတို့ အပြိုင်လုရဦးမှာဖြစ်ပါတယ်။  အမှတ်ပေးဇယားအောက်ဆုံးက ပါဒါဘွန်းအသင်းကတော့ ယူနီယံဘာလင်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်တွေမပြီးဆုံးခင်မှာ တန်းဆင်းရဖို့ သေချာသွားခဲ့ပါတယ်။
11 months Ago

ဘွန်ဒက်စ်လီဂါတွင် အိမ်ကွင်းအသင်းများ အနိုင်ရမှုနှုန်း  ကျဆင်း

ပရိသတ်မပါဘဲ ကျင်းပနေတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ အိမ်ကွင်းအသင်းတွေ အနိုင်ရတဲ့ ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါတယ်။  ဘွန်ဒက်စ်လီဂါအပတ်စဉ် ၃ ပတ်အပြီး လေ့လာချက်တွေအရ အိမ်ကွင်းအားသာချက်မရှိ တော့ဘဲ အဝေးကွင်းအသင်းတွေရဲ့ စွမ်းဆောင်ရည်တွေ ကောင်းမွန်လာခဲ့တာပါ။ ကျင်းပပြီးစီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၇ ပွဲမှာ အိမ်ကွင်းအသင်းတွေရဲ့ အနိုင်ရမှုက ၁၈.၅၁ ရာခိုင်နှုန်းသာရှိပြီး အဝေးကွင်းအသင်းတွေက ၄၄.၄၄ ရာခိုင်နူန်းအထိ အနိုင်ရခဲ့ပါတယ်။ ဗိုင်းရပ်စ်မဖြစ်ခင်က ကျင်းပခဲ့တဲ့ ပွဲစဉ် ၂၂၂ ပွဲမှာ အိမ်ကွင်းအသင်းတွေရဲ့နိုင်ပွဲရာခိုင်နူန်းက ၄၂.၇၉ ရာခိုင်နူန်းအထိရှိပြီး အဝေးကွင်းအသင်းတွေက ၃၆.၀၃ ရာခိုင်နူန်းသာရှိခဲ့တာဖြစ်ပါတယ်။  ပြန်လည် ကျင်းပခဲ့တဲ့ ပွဲစဉ် ၂၇ ပွဲမှာ အဝေးကွင်းအသင်းတွေရဲ့ သွင်းဂိုးအရေအတွက်က ၄၉ ဂိုးရှိပြီး အဝေးကွင်းအသင်းတွေက ၃၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။  တခြားထူးခြားမှုအနေနဲ့ ကြွက်သားဒဏ်ရာတွေ ရရှိမှု ပိုမိုများပြားလာတာနဲ့  ပွဲ အရှိန်နှေးကွေးတာကြောင့် လူစားလဲတာတွေလည်း ပိုမိုပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါမှာ လူစားလဲမှု ၅ကြိမ် အထိ တိုးမြှင့်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်မပါဘဲ ယှဉ်ပြိုင်တာကြောင့် နည်းပြနဲ့ ကစားသမားတွေရဲ့ အသံတွေဟာလည်း မိုက်ခရိုဖုန်းထဲကနေ ပိုမိုကြားလာခဲ့တယ်လို့ သိရပါတယ်။
12 months Ago

ဂျာမန် ဘွန်ဒက်စ်လီဂါတွင် လိုက်ဇစ်နှင့် ဖရိုင်းဘတ်တို့ ၁ ဂိုးစီ သရေကျ

မနေ့ညက ပရိတ်သတ်မပါဘဲ ကွင်းပိတ်ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ ထဲမှာ လိုက်ဇစ်နဲ့ ဖရိုင်းဘတ်တို့ ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။ ဦးဆောင်ဂိုးကို ဖရိုင်းဘတ်အသင်းက ပထမပိုင်း သွင်းယူပါတယ်။ ဒီပွဲမှာ လိုက်ဇစ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် ၈ ကြိမ်အထိ ရခဲ့ပါတယ်။  ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် ပေါလ်ဆန်က ခေါင်းတိုက် သွင်းယူပါတယ်။ ပွဲပြီးခါနီး အချိန်ပိုမိနစ်မှာ ဖရီးကစ်ကန်ချက်ကနေတဆင့် ဖရိုင်းဘတ်အသင်း ဂိုးဝင်သွားပေမယ့် လူကျွံဘော ဖြစ်တယ်ဆိုပြီး အငြင်းပွားလို့ ကွင်းလယ်ဒိုင်က VAR စနစ်နဲ့ ကြည့်ပြီး ဆုံးဖြတ်ပြီး ဂိုးမပေးခဲ့ပါဘူး။ ဒါကြောင့် ၁ ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်သွားပါတယ်။  လိုက်ဇစ်အတွက်တော့ သရေကျသွားလို့ ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေ ထိခိုက်ခဲ့ရပါတယ်။ 
1 year Ago

ကွင်းပိတ်ကစားသည့် ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ဒေါ့မွန်က ရှောကဲကို ၄ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ဥရောပတလွှား ဘောလုံးပွဲစဉ်တွေထဲမှာ အစောဆုံးအဖြစ် ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေ မေ ၁၆ ရက်ညက ပြန်လည် စတင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားပါတယ်။   မနေ့က ကန်တဲ့ပွဲတွေထဲမှာ ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ရှောကဲကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ရှောကဲက အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဟာလန်းက ၁ ဂိုး၊ ရာဖယ်ဂူရိုရိုက ၂ ဂိုးနဲ့ သော်ဂန်ဟာဇက်က ၁ ဂိုး အသီးသီး သွင်းယူပါတယ်။ အခုပြန်စတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ ကစားသမား လူစားလဲတာကို ၅ ဦးအထိ ခွင့်ပြုပေးထားပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မွန်က အမှတ်ပေးဇယားထိပ်က တပွဲလျော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
1 year Ago

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို မေလ ၉ ရက် ပြန်လည်စတင်ရန် စီစဉ် 

COVID-19 ရောဂါအခြေအနေကြောင့် ရပ်နားထားတဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို မေလ ၉ ရက်မှာ ပြန်လည်စတင်ဖို့ စီစဉ်လိုက်ပြီဖြစ်ပါတယ်။  ဥရောပတိုက်က အဓိကပြိုင်ပွဲကြီးတွေထဲမှာ ပထမဆုံး ပြန်လည်စတင်မယ့် လိဂ်ပြိုင်ပွဲဖြစ်လာနိုင်ပြီး ပရိသတ်မပါဘဲ ကွင်းပိတ် ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။  ဘွန်ဒက်စ်လီဂါပြိုင်ပွဲအပြင် လိဂ် ၂ ပြိုင်ပွဲကိုလည်း ပြန်လည်စတင်မှာဖြစ်ပြီး ကွင်းအတွင်း ဝင်ရောက်ခွင့်ရှိမယ့်သူအရေအတွက်ကိုလည်း ကန့်သတ်ထားပါတယ်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာတော့ ကစားသမား၊ အုပ်ချုပ်သူ၊  နည်းပြတွေနဲ့ အတူ ကွင်းတာဝန်ရှိသူတွေ၊ တခြားဝန်ထမ်းတွေနဲ့ မီဒီယာတွေ အပါအဝင်စုစုပေါင်း ၃၂၂ ဦး ကွင်းထဲ ဝင်ရောက်ခွင့်ပြုမှာပါ။ လိဂ် ၁ မှာတော့ စုစုပေါင်း၂၇၀ ဦးဝင်ခွင့်ပြုမယ်လို့သိရပါတယ်။ လိဂ် ၂ ခုက အသင်းစုစုပေါင်း ၃၆ သင်းက ကစားသမား ၁၁၀၀ ခန့်ကိုလည်း ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ စစ်ဆေးဖို့လည်း ရှိနေတယ်လို့သိရပါတယ်။ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ အမူဆောင်အရာရှိချုပ် ခရစ္စတီယန်ကတော့ ပြိုင်ပွဲစတင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့်လည်း အစိုးရတာဝန်ရှိသူတွေရဲ့ အတည်ပြုဆုံးဖြတ်ချက်လည်း လိုအပ်သေးတယ်လို့ ပြောပါတယ်။ 
1 year Ago

ဥရောပထိပ်တန်းလိဂ်များတွင် ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်များ အစောဆုံးပြန်ကျင်းပနိုင်

ဥရောပထိပ်တန်း လိဂ်တွေထဲမှာ ဂျာမန်ဘွန်ဒက်စ်လီဂါက အစောဆုံး စတင်ကျင်းပ နိုင်ဖို့ ရှိနေပါတယ်။  ဘွန်ဒက်စ်လီဂါက ကလပ်တွေနဲ့ လိဂ်ကလပ် ၂ ခု စုစုပေါင်း ၃၆ သင်းဟာ လေ့ကျင့်ရေး အစီအစဉ်တချို့ စတင်ပြုလုပ်နေပြီး လာမယ့်မေလမှာ လိဂ်ပြိုင်ပွဲ ပြန်လည်စတင်နိုင်ဖို့ လိဂ်တာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။  ပွဲစဉ်တွေအားလုံးကိုတော့ ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပမှာဖြစ်ပြီး ရုပ်သံကနေတော့ တိုက်ရိုက်ပြသပေးမှာဖြစ်ပါတယ်။ ကွင်းပိတ်ကစားတာကို ၂၀၂၀ ပြည့်နှစ် ကုန်အထိ ဆက်လက်ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။  တခြားဥရောပလိဂ်ပြိုင်ပွဲအများစုကတော့ မေလမှာစတင်ဖို့ လျာထားပေမယ့်လည်း ဇွန်လ ရောက်မှ စတင်နိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။ 
1 year Ago

ဘွန်ဒက်စ်လီဂါတွင် ကစားသမားတဦး ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရ

ပတ်ဒါဘွန်း ကစားသမား လူကာကိုင်လီယန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံးသော ဂျာမန်ဘွန်ဒက်စ်လီဂါ ကစားသမား ဖြစ်လာခဲ့တယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။  သူ့မှာ ဗိုင်းရပ်စ် ရှိနေတယ်လို့ မတ် ၁၃ ရက် သောကြာနေ့မှာ အတည်ပြုနိုင်ခဲ့ပြီး ဒီသီတင်းပတ်ကုန်မှာ ကစားဖို့စီစဉ်ထားတဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်းလိုက်ပြီး မကြာခင်မှာတင် ဒီသတင်းထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ဂယက်ဟာ ဥရောပဘောလုံးလောကကို စတင်ရိုက်ခတ်လာပြီ ဖြစ်ပြီး အာဆင်နယ်နည်းပြ မိုက်ကယ်အာတီတာ၊ ချဲလ်ဆီးတိုက်စစ်မှူး ဟတ်ဆန်အိုဒွိုင်းတို့လည်း ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလို အီတလီကလပ် ဆမ့်ဒိုးရီးယားအသင်းမှာ ကူးစက်ခံရတဲ့ ကစားသမား ၅ ဦးအထိ ရှိနေပြီး အဆိုးရွားဆုံး အနေအထားအဖြစ် သတ်မှတ်ခံထားရပါတယ်။ “ဗိုင်းရပ်စ် စစ်ဆေးခြင်းဆိုင်ရာ ကနဦး ဆောင်ရွက်ချက်တခုအနေနဲ့ သောကြာနေ့မှာ ကစားသမားတွေကို စစ်ဆေးခဲ့ပြီး ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တဲ့ ပထမဆုံးဖြစ်ရပ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်” လို့ အသင်းက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။  “နည်းပြချုပ် စတီဖင်ဘွန်းဂတ်ကို အောင်မြင်စွာ စစ်ဆေးခဲ့ပြီးချိန်မှာ ဗဟိုနောက်ခံလူ လူကာကိုင်လီယန်ဟာ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ သူဟာ ဒဏ်ရာအခြေအနေကြောင့် အသင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရသူပါ။ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး စနေနေ့မှာ အသင်းက ကစားသမားတိုင်း၊ ဝန်ထမ်းတိုင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့လည်း ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။  ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ကိုင်လီယန်ဟာ အသက် ၂၀ အရွယ်သာ ရှိသေးပြီး သူဟာ ၂၀၁၉ ခုနှစ်ကမှ အသင်းကို ရောက်ရှိလာသူ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပ ဘောလုံးပွဲတွေမှာ ရပ်နားမှုတွေ၊ ကွင်းပိတ် ကစားမှုတွေနဲ့ ရွှေ့ဆိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဂျာမနီ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ဘွန်ဒက်စ်လီဂါပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားဖို့ အစောပိုင်းက စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။  တာဝန်ရှိသူတွေဟာ သောကြာနေ့ ညနေမှာ ပြိုင်ပွဲကို ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒီလုပ်ရပ်ကြောင့်လည်း ဝေဖန်မှုတချို့ ရှိခဲ့ပါသေးတယ်။ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာယာက ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်မချနိုင်သေးတဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေကို လူမှုကွန်ရက်ကနေတဆင့် ဝေဖန်ခဲ့ပြီး “ဘောလုံးအားကစားထက် အရေးကြီးတဲ့ အရာများစွာ ရှိနေသေးတယ်” လို့လည်း ရေးသားခဲ့ပါတယ်။
1 year Ago

ဘွန်ဒက်စ်လီဂါ ဇန်နဝါရီ အကောင်းဆုံးကစားသမားဆု ဟာလန်း ဆွတ်ခူး

ဇန်နဝါရီလအတွက် ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာလင်ဟာလန်းရဲ့ဒေါ့မွန် ကစားသမားဘဝဟာ တောက်ပနေပါတယ်။ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာမှ ဒေါ့မွန်အသင်းကို ရောက်ရှိလာတာပါ။  ပေါင် ၁၇ ဒသမ ၁ သန်းတန် တိုက်စစ်မှူးလေးဟာ တလတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အဲဒီလမှာ ပွဲကစားချိန် တစ်နာရီအောက်သာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အဲဒီကစားချိန် ၅၉ မိနစ်အတွင်းမှာတင် ၅ ဂိုးအထိ ခြေစွမ်းပြ သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းနှုန်းဟာလည်း ၁‌၁ ဒသမ ၈ မိနစ်ကို ၁ ဂိုးအထိ ရှိပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ သူ့ရဲ့ပွဲဦးထွက်ပွဲစဉ်ကို အာ့ဘတ်အသင်းနဲ့ ပွဲစဉ်မှာ လူစား ဝင်ကစားခွင့်ရရှိခဲ့ပြီး ၂၃ မိနစ်အတွင်းမှာတင် ဒေါ့မွန်အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။  ဒါ့အပြင် နောက်တပွဲဖြစ်တဲ့ ကိုလုံးနဲ့ပွဲစဉ်မှာလည်း သူဟာ အရန်ခုံကနေ ထလာပြီး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ ဒီပွဲစဉ်တွေအပြီးမှာ ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖက်ရီက ဟာလန်းကို လုံးဝရပ်တန့်လို့ မရ‌ကြောင်း ဝင့်ကြွားခဲ့ပြီး သူ့အနေနဲ့လည်း ဒီလိုကစားသမားမျိုးကို နည်းပြခွင့်ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။ ဟာလန်းဟာ အသင်းကို ရောက်ရောက်ချင်းမှာပဲ ဒေါ့မွန်အတွက် ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပြီး ဖေဖော်ဝါရီလမှာလည်း သူ့ရဲ့ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။  ဖေဖော်ဝါရီလထဲမှာ ကစားခဲ့တဲ့ ယူနီယမ်ဘာလင်နဲ့ ပွဲစဉ်မှာ ဟာလန်းဟာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖရန့်ဖတ်နဲ့ ပွဲစဉ်မှာတော့ ၁ ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါသေးတယ်။  ဒါ့ကြောင့် အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဟာလန်းရဲ့ ဒီရာသီ ကလပ်အသင်းတွေအတွက် သွင်းဂိုးမှတ်တမ်းဟာ ၂၈ ပွဲအတွင်း ၃၇ ဂိုးအထိ မြင့်တက်ခဲ့ပြီလည်း ဖြစ်ပါတယ်။  ဟာလန်းဟာ ပြည်တွင်းလိဂ်တွေမှာတင် မဟုတ်ဘဲ ဥရောပအဆင့် ပြိုင်ပွဲတွေမှာလည်း ခြေစွမ်းပြခဲ့သူဖြစ်ပြီး သူ့အသင်းဟောင်း ရတ်ဘူးဆဲလ်ဘတ်အသင်းအတွက် ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်တွေမှာ ၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။  ဟာလန်းရဲ့ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံနေပြီးတော့ ဒီပွဲစဉ်မှာလည်း ဟာလန်းတစ်ယောက် ခြေစွမ်းပြဂိုး သွင်းယူနိုင်ဦးမလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
1 year Ago

မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးဖြင့် ဒေါ့မွန်ရှုံးနိမ့်၊  ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့

မနေ့က ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပထမဆုံးပွဲစဉ်မှာ ဒေါ့မွန်အသင်းက မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။  ပြီးခဲ့တဲ့ကြားရက်မှာ လီဗာကူဆင်ကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဂလာဘက်ကိုလည်း ဆက်ပြီး အရှုံးပေးခဲ့ရတာပါ။  ပွဲချိန် ၁၁ မိနစ်မှာ အယ်လ်ဗက်ဒီက ဦးဆောင်ဂိုး စသွင်းခဲ့ပြီး ဟာလန်းက ၂၂ မိနစ်နဲ့ ၂၈ မိနစ်တွေမှာ ၂ ဂိုးဆက်သွင်းပြီး ဦးဆောင်ခဲ့ပါသေးတယ်။  ဒါပေမဲ့ အယ်လ်ဗက်ဒီကပဲ ၄ မိနစ်အကြာမှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။  ပွဲချိန် ၄၀ မိနစ်နဲ့ ၇၈ မိနစ်တွေမှာ  ဘင်ဆက်ဘိုင်နီနဲ့ သူယမ်တို့က ဂလာဘက်အတွက် အနိုင်ဂိုး ၂ ဂိုး ထပ်သွင်းသွားခဲ့တာဖြစ်ပါတယ်။  ဒီနိုင်ပွဲကြောင့် ဂလာဘက်က အဆင့် ၄ နေရာဆီ တက်လှမ်းနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းက အဆင့် ၅ နေရာ ကျဆင်းသွားခဲ့ပါတယ်။  ဒေါ့မွန်အသင်းဟာ ထိပ်ဆုံးက ဘိုင်ယန်ထက် တစ်ပွဲ ပိုကစားထားပေမဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ရပြီဖြစ်ပါတယ်။ 
4 months Ago

တိုက်စစ်မှူး ၂ ဦး  ခေါ်ယူပေးရန် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ် တောင်းဆို

ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး ဟော်လာကို အေဂျက်ဇ်အသင်းဆီ ရောင်းချခဲ့တာ ကြောင့် အစားထိုးအသုံးပြုနိုင်မယ့် တိုက်စစ်စားသမားသစ် တစ်ဦး ရှာဖွေနေပါတယ်။ လက်ရှိအချိန်မှာတော့  ချန်ပီယံရှစ်ကလပ် ဘုန်းမောက်တိုက်စစ်မှူး ဂျိုရူအာကင်းနဲ့ ဘလက်ဘန်းတိုက်စစ်ကစားသမား အဒမ်အမ်းစတောင်းတို့ကို ခေါ်ယူပေးဖို့ နည်းပြ မိုယက်စ်က တောင်းဆိုထားတာပါ။  ဝက်စ်ဟမ်းအသင်းဟာ ပွဲစဉ် ၁၉ ပွဲအပြီးမှာ ၉ ပွဲနိုင် ၅ ပွဲ သရေ ၅ပွဲ ရှုံးနိမ့်ထားပြီး အဆင့်၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။  တိုက်စစ်မှူး တစ်ဦးခေါ်ယူချင်သလားဆိုရင်တော့ တစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားပြီး သေချာ ရွေးချယ်သွားရမှာ ဖြစ်တယ်လို့ မိုယက်စ်က ပြောပါတယ်။  ဝက်စ်ဟမ်းအသင်းဟာ မနှစ်က ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လာကာဂျိုဗစ်ကို ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ 
4 months Ago

ဂျူဗင်တပ်စ် တိုက်စစ်မှူးဟောင်း မန်ဇူကစ်ကို အေစီမီလန်က ရာသီကုန်အထိ ခေါ်ယူ

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း မာရီယိုမန်ဇူကစ်ကို ရာသီကုန်အထိ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ဇူကစ်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ကာတာကလပ် အယ်လ်ဒူဟိုင်အသင်းကနေ ထွက်ခွာလာကတည်းက အသင်းလက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။ မီလန်အသင်းက သူ့ကို ကနဦး ရာသီဝက်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်မှာ နောက်တစ်နှစ် ထပ်မံသက်တမ်းတိုးဖို့ သဘောတူညီချက်လည်း ပါဝင်နေပါတယ်။  အသက် ၃၄ နှစ်အရွယ် မန်ဇူကစ်ဟာ ဝါရင့်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ ပုံစံကောင်းရရှိနေတဲ့ အီဗရာဟီမိုဗစ်နဲ့ တွဲဖက်ကစားရမှာကြောင့် မီလန်အသင်းရဲ့ တိုက်စစ်ဟာ ပိုပြီးထက်မြက်လာဖို့ ရှိနေပါတယ်။ အေစီမီလန်အသင်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးသော စီရီးအေဖလား ရရှိရေးအတွက် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပြီး မန်ဇူကစ်ရဲ့ အတွေ့အကြုံက မီလန်အသင်းအတွက် အထောက်အကူဖြစ်စေနိုင်မလား စောင့်ကြည့်ရပါမယ်။  အသင်းမှာ မိုဗစ်လို ဝါရင့်တိုက်စစ်မှူးတစ်ဦး ရှိနေချိန်မှာ မန်ဇူကစ်လို အသက် ၃၄ နှစ်အရွယ် ကစားသမားကို ထပ်မံခေါ်ယူလိုက်တဲ့ မီလန်အသင်းရဲ့ ဆုံးဖြတ်ချက်က အနည်းငယ် ထူးဆန်းနေပေမယ့် သူတို့နှစ်ဦးသာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်မယ်ဆိုရင် မီလန်အသင်းရဲ့ တိုက်စစ်အင်အားဟာ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာနိုင်ပါတယ်။ မန်ဇူကစ်ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စတူဂတ်တိုဖလား ၄ လုံးရရှိခဲ့ပြီး ဘိုင်ယန်အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  မိုဗစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာ မန်ဇူကစ် ရောက်ရှိလာခဲ့ခြင်းက နည်းပြ ပီအိုလီအတွက် ပွဲထွက်လူစာရင်း အပြောင်းအလဲလုပ်ဆောင်ဖို့လည်း အခွင့်အရေး ဖြစ်စေပါတယ်။  မန်ဇူကစ်ဟာ အယ်လ်ဒူဟိုင်ကနေ မထွက်ခွာခင်ကတည်းက ပွဲကစားထားခြင်း မရှိတာကြောင့် ပီအိုလီအနေနဲ့ သူ့ကို ချက်ချင်း လူစာရင်းမှာ ထည့်သွင်းမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။  မီလန်အသင်းဟာ စနေနေ့မှာ အတ္တလန္တာ၊ ဇန်နဝါရီ ၂၆ ရက်မှာ အင်တာမီလန်အသင်းတို့ရဲ့ ကစားရဖို့ရှိနေပြီး ဒီ ၂ ပွဲစလုံးရဲ့ လူစာရင်းမှာ မန်ဇူကစ် ပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဝါရင့် ခရိုအေးရှားတိုက်စစ်မှူးဟာ မီလန်အသင်းမှာ ကျောနံပါတ် ၉ ကို ဝတ်ဆင်ကစားသွားမှာပါ။ အင်ဇာဂီနောက်ပိုင်းကတည်းက အသင်းမှာ ကျောနံပါတ် ၉ ဝတ်ဆင်တဲ့ ကစားသမားဟာ ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာဆိုးကြောင့် မန်ဇူကစ်အနေနဲ့ အီတလီမြေမှာ တစ်ကျော့ပြန်ခြေစွမ်းပြနိုင်မလား စိတ်ဝင်စားဖို့ ကောင်းပါတယ်‌ေ မန်ဇူကစ် ရောက်ရှိလာခြင်းကို မိုဗစ်ကလည်း ကြိုဆိုခဲ့ပြီး သူတို့နှစ်ဦးကို ပြိုင်ဘက်တွေ ထိတ်လန့်နေလောက်ပြီလို့လည်း ပြောပါတယ်။
4 months Ago

၅ ပွဲဆက်ဂိုးမပေးခဲ့ရသည့် လိုက်ဇစ်ကို ဟာလန်းနှင့် ဆန်ချိုတို့၏ ဂိုးများဖြင့် ဒေါ့မွန်အနိုင်ရ

မနေ့ညက ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းက  တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးတွေနဲ့အတူ လိုက်ဇစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။  နောက်ဆုံး ၅ ပွဲ ဆက်တိုက် ဂိုးမပေးခဲ့ရတဲ့ လိုက်ဇစ်အသင်းဟာ ဒုတိယပိုင်းအရောက်မှာ ဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။  ဒုတိယပိုင်း ၅၅ မိနစ်မှာ ဆန်ချိုက ဒေါ့မွန်အတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး  ပွဲချိန် ၇၁ မိနစ်နဲ့ ၈၄ မိနစ် တွေမှာ တိုက်စစ်မှူးဟာလန်းက ၂ ဂိုးဆက်သွင်းခဲ့တာပါ။  လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ပွဲချိန်မိနစ် ၉၀ ရောက်မှာ ဆိုလော့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးက ဘိုင်ယန်နဲ့ လိုက်ဇစ်တို့ အမှတ်မရတဲ့အချိန်မှာ ဒေါ့မွန်အသင်းက အဆင့် ၄ နေရာကနေ ဖိအား ပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက်တော့ ဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာပဲ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။  
4 months Ago

စပါးနည်းပြဟောင်း ခရစ္စတီယန်ဂရော့စ်ကို နည်းပြချုပ်အဖြစ် ရှော်ကေးအသင်း ခန့်အပ်

ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးအသင်းဟာ စပါးနဲ့ စတုဂတ်နည်းပြဟောင်း ခရစ္စတီယန် ဂရော့စ်ကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။  ၁၃ ပွဲ ကစားအပြီးမှာ ၄ မှတ်သာ ရရှိထားတဲ့ ရှော်ကေးအသင်းဟာ အမှတ်ပေးဇယား အောက်ဆုံးရောက်ရှိနေတာဖြစ်ပြီး နည်းပြဂရော့စ်ကို ရာသီအကုန်အထိ စာချုပ်ခဲ့တာပါ။  အသက် ၆၆ နှစ်ရှိ ဆွစ်ဇာလန်နည်းပြ ခရစ္စတီယန်ဂရော့စ်ဟာ စပါးအသင်းကို ၁၉၉၇-၁၉၉၈ ရာသီမှာ ကိုင်တွယ်ခဲ့ပြီး ဘေဆယ်၊ စတုဂတ်၊ ယန်းဘွိုင်းနဲ့ ယူအေအီးကလပ် အယ်လ်အာလီ အသင်းတွေမှာ တာဝန်ယူခဲ့ပါတယ်။  အသင်းမှာ ကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခု လိုအပ်နေပြီး အောင်မြင်မှုတွေ ထပ်မံရယူနိုင်မယ့် အသင်းတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်သွားရမှာ ဖြစ်တယ်လို့ နည်းပြဂရော့စ်က ပြောပါတယ်။  ဂရော့စ်ဟာ ဒီရာသီအတွင်း ရှော်ကေးအသင်းရဲ့ စတုတ္ထမြောက် နည်းပြအဖြစ်ပြီး  ဇန်နဝါရီ ၂ ရက်မှာ ကစားမယ့် ဟာသာဘာလင်နဲ့ ပွဲက သူ့ရဲ့ ပထမဆုံးပွဲစဉ် ဖြစ်လာမှာပါ။
5 months Ago

ရှော်ကေးနောက်ခံလူကို ခေါ်ယူရန် မန်ယူနိုက်တက်နှင့် လီဗာပူးတို့ အပြိုင်ကြိုးပမ်း

မန်ယူအသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးနောက်ခံလူ အိုဇန်ကာဘက်ခ်ကို လီဗာပူးနဲ့ အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ သိရပါတယ်။ အသက် ၂၀ ပဲရှိသေးတဲ့ တူရကီနောက်ခံလူ ကာဘက်ခ်ဟာ ရှော်ကေးမှာ နေရာရနေပေမယ့် အသင်းက တန်းဆင်းဇုန်အထိ ရောက်ရှိနေတာပါ။ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ပေါင်သန်း ၄၀ သတ်မှတ်ထားတဲ့ ကာဘက်ခ်ကို  လက်ရှိအချိန်မှာတော့ ပေါင် ၂၅ သန်းလောက်ရရင်ပဲ ရောင်းချတော့မယ်လို့ ဆိုပါတယ်။  မန်ယူအသင်းဘက်ကလည်း မက်ဂွိုင်ယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ ခံစစ်အတွဲနေရာအတွက် အားဖြည့်တဲ့အနေနဲ့ အိုဇန်ကာဘက်ခ်ကို ခေါ်ယူဖို့ သဘောကျနေတယ်လို့ သိရပါတယ်။
5 months Ago

နိုင်ပွဲမရသည့် ရှော်ကေးအသင်းနည်းပြ မန်နူရယ်ဘရမ်ကို ရာထူးက ထုတ်

ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးအသင်းဟာ နည်းပြ မန်နူရယ်ဘာရမ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။  ဘွန်ဒက်စ်လီဂါမှာ ၂၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြ ဘာရမ်ကို သောကြာနေ့က ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။  ယာယီနည်းပြအနေနဲ ဟော်လန်နည်းပြ တစ်ဦးဖြစ်သူ ဟတ်ဘ်စတီဗင်ကိုလည်း တစ်ပါတည်း ခန့်အပ်ခဲ့ပါတယ်။  အသက် ၆၇ နှစ်ရှိ စတီဗင်က ရှော်ကေးကို ၄ ကြိမ်မြောက် ကိုင်တွယ်တာ ဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၂ ခုနှစ်အထိ ပထမဆုံးအကြိမ်ကိုင်တွယ်ခဲ့ပြီး ၂၀၁၁ ကနေ ၂၀၁၂ အထိ ဒုတိယအကြိမ်၊ ၂၀၁၈-၂၀၁၉ ရာသီအကုန်ကာလမှာ တတိယအကြိမ် တာဝန်ယူခဲ့ဖူးတာပါ။  ရှော်ကေးအသင်းဟာ ဒီကနေ့မှာ ဘီလက်ဖီးလ်အသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပြီး အုပ်စုအောက်ဆုံးနေရာကနေ ရုန်းထွက်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
5 months Ago

စတုဂတ်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်နည်းပြ ထုတ်ပယ်ခံရ

စနေနေ့ပွဲမှာ တန်းတက်စတုဂတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်အသင်းက နည်းပြ လူစီယန်ဖက်ရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာ၊ ဇယားထိပ်က အသင်းတွေနဲ့ ၅ မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စု F ရဲ့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ မှတ်သာ ရရှိခဲ့ပါတယ်။ အသင်းဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ “နည်းပြချုပ် လူစီယန်ဖက်ရီနဲ့ လမ်းခွဲလိုက်ပါပြီ။ သူ့ရဲ့ လုပ်ဆောင်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်နေမှာ ဖြစ်သလို အနာဂတ်မှာ အောင်မြင်ဖို့ကိုလည်း ဆုတောင်းပေးပါတယ်” လို့ ဖော်ပြထားပါတယ်။  လစ်လပ်သွားတဲ့ နည်းပြရာထူးကို လက်ထောက်နည်းပြ ဒီဒင်တာဇစ်က ရာသီကုန်အထိ တာဝန်ယူသွားမယ်လို့လည်း ပါဝင်ပါတယ်။ ဖက်ရီက “ဒီနေရာမှာ လမ်းခွဲရတာဟာ ရှက်ဖို့ကောင်းပါတယ်။ ကျနော်တို့ အောင်မြင်တဲ့ရာသီ ၂ ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အောင်မြင်တဲ့ရာသီ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။ ကျနော် ဒါကို ယုံကြည်နေဆဲ ဖြစ်ပါတယ်” လို့  ပြောပါတယ်။  ဒေါ့မွန်အသင်းဘက်က ဒါကို လက်ခံခဲ့ပေမယ့် ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က “ဒီလိုမျိုး ဆုံးဖြတ်ခဲ့ရတာဟာ ကျနော်တို့ အတွက်လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဒီရာသီ အောင်မြင်ရေးလမ်းကြောင်းဟာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ဒီလိုမျိုး လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။ ဖက်ရီဟာ ဒေါ့မွန်အသင်းကို ၂၀၁၈ ခုနှစ် နွေရာသီမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီလုံး အသင်းကို ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၃ ရာသီဆက်တိုက် ၁၆ သင်းအဆင့်ကို တက်ရောက်စေခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉-၂၀ ရာသီမှာ ဒေါ့မွန်အသင်းကို DFB Supercup ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ ဒေါ့မွန်နည်းပြဘဝ တစ်ခုတည်းသောဆုဖလားလည်း ဖြစ်ပါတယ်။
5 months Ago

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရန် လီဝန်ဒေါ့စကီး ရေပန်းစား

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး လီဝန်ဒေါ့စကီး ရဖို့ ရေပန်းစားနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဆန်ခါတင် ၃ ဦးစာရင်းကိုလည်း ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖီဖာက ထုတ်ပြန်လိုက်ပါတယ်။  ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီး၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုတို့ ပါဝင်ပြီး လီဝန်ဒေါ့စကီးက ရေပန်းအစားဆုံး ဖြစ်နေတာပါ။ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့သလို သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းခဲ့တာပါ။  ဘွန်ဒက်စ်လီဂါမှာလည်း သွင်းဂိုး ၃၄ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိခဲ့ပြီး ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တာပါ။  အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၃ ဦးမှာတော့ ဘိုင်ယန်နည်းပြ ဟမ်ဆီဖလစ်၊ လီဗာပူးနည်းပြ ကလော့ပ်နဲ့ လိဒ်ယူနိုက်တက်နည်းပြ ဘီယက်ဆာတို့ ပါဝင်ပါတယ်။  အကောင်းဆုံးဆုတွေကိုတော့ လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ အခမ်းအနားနဲ့ ဆုချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။
5 months Ago

ဟာလန်း၏အပြောင်းအရွှေ့ ဘာမဆိုဖြစ်လာနိုင်ဟု ဖခင်ဖြစ်သူ ပြော

ဟာလန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောလိုက်ပါတယ်။  နော်ဝေလူငယ်တိုက်စစ်မှူး ဟာလန်းဟာ သြစတြီးယားကလပ် ဆဲလ်ဘက်မှာ ခြေစွမ်းပြခဲ့ ပြီးနောက် ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။  ဒေါ့မွန်နဲ့ စုစုပေါင်း ၂၉ ပွဲကစားပြီးချိန်မှာ ၂၇ ဂိုးအထိ သွင်းယူထားတာကြောင့် ထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်လာခဲ့တာပါ။ ကစားသမားတဦး အကောင်းဆုံးခြေစွမ်းပြနေပါက ထိပ်တန်းကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာတာက မထူးဆန်းကြောင်း၊ လက်ရှိ အချိန်မှာတော့ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ကျန်သေး တာကြောင့် အပြောင်းအရွှေ့ကိစ္စ စဉ်းစားမှာ မဟုတ်ပေမဲ့ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘယ်သူမှ မပြောနိုင်ကြောင်း ဟာလန်းရဲ့ဖခင်က မှတ်ချက်ပေးခဲ့တာပါ။  သားဖြစ်သူ ဟာလန်းအနေနဲ့ ဒေါ့မွန်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့က အရင်ဆုံး ပစ်မှတ်ထားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တယ်လို့လည်း ဟာလန်းရဲ့ဖခင်က ပြောပါတယ်။ ဟာလန်းကို မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း သတင်း ထွက်ခဲ့ဖူးပါတယ်။ 
6 months Ago

ကမ္ဘာ့အကောင်းဆုံးဂိုးသမားဟာ မန်နျူယန်နျူအာဟု အာဆင်နယ် ဂိုးသမား လီနို ပြော

ပြီးခဲ့တဲ့ နှစ် ၃၀၊ ၄၀ အတွင်း မန်နျူယန်နျူအာဟာ အကောင်းဆုံး ဂိုးသမားဖြစ်တယ်လို့ အာဆင်နယ်အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဘရန့်လီနိုက ပြောပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းမှာ နျူအာရဲ့နောက် ဒုတိယဦးစားပေးအဖြစ် ကစားနေရတာ သူ့အတွက် ပြဿနာမရှိဘူးလို့ လီနိုက ထပ်မံပြောဆိုခဲ့ပါတယ်။  နျူအာဟာ ၂၀၁၁ ခုနှစ်မှာ ရှော်ကေးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ရောက်ရှိလာခဲ့ပြီး အဲဒီအချိန်ကစလို့ နိုင်ငံအသင်းနဲ့ ကလပ်အသင်းတို့မှာ အမြင့်ဆုံးအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ဂိုးသမားဟာ ဘိုင်ယန်အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါ ဖလားတွေ အပါအဝင် ဆုဖလား ၂၃ လုံးကို ရရှိခဲ့ပြီး ဂျာမနီ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၁၄ မှာ ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့ပါတယ်။ နျူအာဟာ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂျာမနီအသင်းအတွက် ပထမဦးစားပေး ဂိုးသမားဖြစ်ခဲ့ပြီး ဂျိုအာချင်လိုးရဲ့အသင်းမှာ ဦးစားပေးအဖြစ် ဆက်ရှိနေဖို့လည်း သေချာသလောက် ရှိပါတယ်။  သူဟာ ယူကရိန်းနဲ့ ကစားခဲ့တဲ့ စနေနေ့ပွဲမှာ လက်ရွေးစင်အသင်းအတွက် ၉၅ ပွဲမြောက် ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီး လီနိုကတော့ ဒီပွဲကို အရန်ကစားသမားအဖြစ်သာ ကြည့်ရှုခဲ့ရပါတယ်။ ဒါပေမဲ့ အာဆင်နယ် ဂိုးသမားကတော့ သူဟာ အကောင်းဆုံးဂိုးသမားနောက် ဒုတိယဦးစားပေးအဖြစ် ရှိနေတယ်လို့ လက်ခံထားကြောင်း ပြောပါတယ်။ “ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါဟာ ခက်ခဲပါတယ်။ ဒါပေမဲ့ ကျနော် ဘယ်သူနဲ့ယှဉ်ပြိုင်နေရလဲ ဆိုတာကိုလည်း သိထားပါတယ်။ ဒါ့ကြောင့် အခုအခြေအနေကို လက်ခံနိုင်ပါတယ်။ အားလုံးကိုခြုံပြောရရင် ကျနော်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားရဲ့နောက်မှာ ရှိနေတာပါ။ နျူအာဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်း အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ထင်ပါတယ်။ ကျနော် လျှောက်ပြောနေတာမျိုး မဟုတ်ပါဘူး။ သေချာမြင်အောင်ကြည့်ပါ” လို့လည်း လီနိုက ပြောပါတယ်။  ဂျာမနီအသင်းဟာ အင်္ဂါနေ့ စပိန်နဲ့ပွဲမှာ စပိန်အသင်းကို မရှုံးအောင် ကစားနိုင်မယ်ဆိုရင် Nations League ပွဲရဲ့ နောက်တဆင့်ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။  ဂျိုအာချင်လိုးရဲ့အသင်းဟာ လိဂ် A၊ အုပ်စု D ကို ၁ မှတ်အသာနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။
6 months Ago

ဘိုင်ယန်နောက်ခံလူ အလာဘာကို ခေါ်ရန် ထိပ်တန်းကလပ် ၆ သင်း အပြိုင်ကြိုးပမ်း

စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ဥရောပ ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူလိုနေပါတယ်။  သြစတြီးယားကစားသမား ဒေးဗစ်အလာဘာဟာ အခုနှစ် ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့လည်း ဆွေနွေးတာ မရှိတဲ့အတွက်  အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရတော့မှာဖြစ်ပါတယ်။  အလာဘာရဲ့အခြေအနေကို  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီး အသင်းတို့က စောင့်ကြည့်နေသလို စပိန်ကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က လည်း စိတ်ဝင်စားနေတာပါ။  ဒါ့အပြင် ဂျူဗင်တပ်နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာလည်း ဘိုင်ယန်နဲ့အတူ အောင်မြင်မှုတွေရ ယူနိုင်ခဲ့တဲ့ အလာဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ AS သတင်းစာက ဖော်ပြပါတယ်။ အသက် ၂၈ နှစ်ရှိ အလာဘာဟာ ဘိုင်ယန်ကို ၂၀၀၈ခုနှစ်ကတည်းက ဘိုင်ယန်မှာ ရောက်ရှိနေတာဖြစ်ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံ ၉ ကြိမ်၊ ဂျာမန်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရ ယူထားပါတယ်။
6 months Ago

ပရီးမီးယားလိဂ်အသင်းများတွင် ခြေစွမ်းကွာဟချက်မရှိဟု  ခိုင်ဟာဗက်ဇ်သုံးသပ်

ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းကွာဟချက်တွေရှိပေမဲ့ ပရီးမီးယားလိဂ်မှာ ကွာဟချက်မရှိ ကြောင်း ချဲလ်ဆီးကစားသမားသစ် ခိုင်ဟာဗက်ဇ်က ပြောပါတယ်။  ဂျာမနီကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါကလပ် လီဗာကူဆင်ကနေ ချဲလ်ဆီး ကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။   အသက် ၂၁ နှစ်ရှိ ခိုင်ဟာဗက်ဇ်အနေနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဟက်ထရစ်သွင်း ယူထားပြီး ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။  ဘွန်ဒက်လီဂါက ဆိုးရွားတဲ့လိဂ် မဟုတ်ပေမဲ့လည်း အသင်းတွေကြားမှာ ကွာဟချက်တွေ ရှိပြီး ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းကွာဟချက်မရှိဘဲ  ကစားသမားတိုင်းက အမြင့်ဆုံးအဆင့် အတန်းနဲ့ ကစားနိုင်ကြတယ်လို့ ဟာဗက်ဇ်က အသင်းဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ သုံးသပ်ခဲ့ပါတယ်။  ဟာဗက်ဇ်ဟာ လက်ရှိအချိန်မှာ ဂျာမနီအသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲတွေ ကစားနေပြီး ဆွစ်ဇာလန်နဲ့ ဆက်ပြီး ကစားရဦးမှာဖြစ်ပါတယ်။ 
7 months Ago

၂ ပွဲဆက်ရှုံးနိမ့်ခဲ့သဖြင့် နည်းပြ ဒေးဗစ်ဝါနာကို ရှော်ကေးအသင်း ထုတ်ပယ်

ဘွန်ဒက်စ်လီဂါအဖွင့် ၂ ပွဲဆက်တိုက်ရှုံးပွဲတွေ့ခဲ့တဲ့ ရှော်ကေးအသင်းဟာ နည်းပြချုပ် ဒေးဗစ်ဝါနာကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။  ရှော်ကေးအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့သလို  စက်တင်ဘာ ၂၆ ရက်ညက ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဝါဒါဘရီမင်ကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။  ပြီးခဲ့တဲ့ နှစ်ကတည်းက ရလဒ်တွေ တောက်လျှောက် ဆိုးရွားခဲ့တဲ့ ရှော်ကေးဟာ နည်းပြ ဝါနာလက်ထက်မှာ နောက်ဆုံး ၁၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။  အသက် ၄၈ နှစ်ရှိ အမေရိကန်နည်းပြ ဝါနာဟာ ၂၀၁၉ ခုနှစ်က အင်္ဂလန်ကလပ် ဟတ်ဒါဖီးလ်တောင်းကနေ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။  ဝါနာဟာ ရှော်ကေးနဲ့အတူ စုစုပေါင်း ပွဲ ၄၀ မှာ ၁၂ ပွဲနိုင် ၁၂ ပွဲသရေ၊ ၁၆ ပွဲရှုံးခဲ့ပြီး နိုင်ပွဲ ရာခိုင်နှုန်း ၃၀ ပဲ ရှိခဲ့တာဖြစ်ပါတယ်။  
8 months Ago

မက်ဆီကို ခေါ်ယူနိုင်မည့်ငွေကြေးရရှိရန် စတုဂတ်ကလပ်အသင်းပရိသတ်များ အလှူခံ

ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်ပရိသတ်တွေဟာ ဘာစီလိုနာက မက်ဆီကို ခေါ်ယူနိုင်ဖို့ အလှူခံနေပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းထွက်နေပြီး စာချုပ်အရ ယူရိုသန်း ၇၀၀ ခန့်ပေးချေမယ်ဆိုရင် ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ စတုဂတ်ပရိသတ်တစ်ဦးဖြစ်သူ တမ်အာ့မန်းနဲ့ ပရိသတ်တွေကတော့ မက်ဆီကို ခေါ်ယူနိုင်ရေးနဲ့ လစာအတွက်ပါ ယူရိုသန်း ၉၀၀ ရရှိဖို့အတွက် ရန်ပုံငွေ စာမျက်နှာတစ်ခု တည်ထောင်ပြီး အလှူခံနေတာ ဖြစ်ပါတယ်။  အဲဒီလို အလှူခံပြီး ၅ ရက်အတွင်းမှာ ယူရို ၂၆၂ သာ ရရှိထားပါတယ်။  မက်ဆီကို တခြားအသင်း တသင်းသင်းက ခေါ်ယူသွားခဲ့မယ်ဆိုရင်တော့ ရရှိတဲ့ငွေအားလုံးကို  သန့်ရှင်းတဲ့ရေရရှိဖို့ ကူညီပေးနေတဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခုကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။ တွစ်တာက ပရိသတ်တွေကတော့ တမ်အာ့မန်းရဲ့ ရန်ပုံငွေရှာဖွေပုံကို ချီးကျူးနေကြပါတယ်။  လီယွန်နယ်မက်ဆီကို မန်စီးတီးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။
9 months Ago

အီတလီစီးရီးအေပြိုင်ပွဲ စက်တင်ဘာ ၁၉ ရက် ပြန်လည်စတင်မည်

အီတလီစီးရီးအေပြိုင်ပွဲကို လာမယ့်စက်တင်ဘာ ၁၉ ရက်မှာ ပြန်လည်စတင်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ စီးရီးအေပြိုင်ပွဲဟာ သြဂုတ် ၂ ရက်က ကျင်းပပြီးစီးခဲ့ပြီး ဂျူဗင်တပ်စ်အသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။  လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို စက်တင်ဘာ ၁၉ရက် မှာ စတင်မှာဖြစ်ပြီး ထိပ်တန်းလိဂ် ၄ ခုထဲမှာ နောက်အကျဆုံးကျင်းပမှာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ စပိန်လိဂ်ပြိုင်ပွဲတွေက စက်တင်ဘာ ၁၂ ရက်မှာ စတင်မှာဖြစ်ပြီး ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေက စက်တင်ဘာ ၁၈ ရက်မှာ စတင်မှာပါ။  ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားခဲ့ရလို့ နားရက်သိပ်မရခဲ့တဲ့ အင်တာမီလန်အသင်းဘက်ကတော့ ပွဲစဉ် ၁ ကို ရွှေ့ဆိုင်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ စီးရီးအေပြိုင်ပွဲ နောက်ဆုံး ၉ ကြိမ်မှာ ဂျူဗင်တပ်စ်အသင်းကပဲ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။
9 months Ago

 ၅ နှစ်စာချုပ်ဖြင့် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ရန် ခိုင်ဟာဗက်ဇ် သဘောတူ

 လီဗာကူဆင်ကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဟာ ချဲလ်ဆီးအသင်းကို ၅ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။  အသက် ၂၁ နှစ်ရှိ ဂျာမနီကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၇ ဂိုးအထိ သွင်းယူခဲ့ပါတယ်။  ချဲလ်ဆီး သင်းအနေနဲ့ လီဗာကူဆင်အသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စညှိနိူင်းဖို့သာ ကျန်ရှိတော့ ပြီး ပေါင်သန်း ၉၀ နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ RMC Sport ကဖော်ပြခဲ့ပါတယ်။  လီဗာကူဆင်အရာရှိချုပ် ယူဒီဗော်လာကတော့ ခိုင်ဟာဗက်ဇ်ကို ချိတ်ဆက်နေတဲ့ အသင်းတွေရှိနေပြီး ချဲလ်ဆီးလည်း ပါဝင်တယ်လို့ ဝန်ခံထားပါတယ်။  ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး ဟာဗက်ဇ်လို ကစားသမားအတွက် ကိုဗစ်-၁၉ ဒစ်စကောင့် ရရှိနိုင်မှာမဟုတ်ကြောင်း လီဗာကူဆင်အသင်းက သတိပေးထားပါတယ်။  ချဲလ်ဆီးအသင်းဟာ လိုက်ဇစ်က ဂျာမနီတိုက်စစ်မှူး တီမိုဝါနာနဲ့ အေဂျက်ဇ်က ဇီယက်ချ်တို့ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။ 
9 months Ago

ဒေါ့မွန်အသင်းလေ့ကျင့်ရေး ပြန်စ၊ ဂျေဒန်ဆန်ချိုနှင့် ဘယ်လင်ဟမ်တို့ ပါဝင်

ဒေါ့မွန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို မနေ့က ပြန်လည်စတင်ရာမှာ  ဂျေဒန်ဆန်ချိုနဲ့ ဘယ်လင်ဟမ်တို့ ပါဝင်ပါတယ်။ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားဖြစ်ပြီး အပြောင်းအရွှေ့သတင်း ထွက်ပေါ်နေတာပါ။ အသက်  ၂၀  အရွယ် အင်္ဂလန်ကစားသမား ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါ  ၇၈  ပွဲမှာ ဂိုး  ၃၀  သွင်းယူခဲ့ပြီး ဒေါ့မွန်အသင်းက  ယူရိုသန်း  ၁၂၀ ပေးချေမှ ရောင်းချမယ်လို့ သိရပါတယ်။ ဆန်ချိုဟာ မန်ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီး ၅  နှစ် စာချုပ် ချုပ်ဆိုမယ်လို့လည်း သတင်းထွက်နေတာပါ။ အသက်  ၁၇  နှစ်ရှိ ကွင်းလယ်လူ ဘယ်လင်ဟမ်ကတော့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှာ  ပွဲပေါင်း  ၄၀ ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့် ဒေါ့မွန်အသင်းက ခေါ်ယူခဲ့တာပါ။ ဒေါ့မွန်အသင်းဟာ အခုလအတွင်းမှာ  ဘွန်ဒက်စ်လီဂါရာသီသစ် အကြိုခြေစမ်းပွဲတွေ ကစားဖို့ရှိပါတယ်။
10 months Ago

ဆန်ချိုနှင့် ဂရီးလစ်ချ်  တို့အား ခေါ်ယူရန် မန်ယူကို ရွိုင်ယန်ဂစ် တိုက်တွန်း

မန်ယူအသင်းအနေနဲ့ ဆန်ချိုနဲ့ ဂရီးလစ်ချ် ၂ ဦးစလုံးကို ခေါ်ယူဖို့ ကစားသမားဟောင်း ရွိုင်ယန်ဂစ်က တိုက်တွန်းလိုက်ပါတယ်။   ဒေါ့မွန်တောင်ပံ ကစားသမား ဂျေဒန်ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေသလို အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ချ်ဟာလည်း ဗီလာအသင်းကို တန်းတင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။  ၂ ဦးစလုံးက ကိုယ်စီအရည်အချင်းရှိတဲ့သူတွေ ဖြစ်တာကြောင့် ခေါ်ယူနိုင်စွမ်းရှိမယ်ဆိုရင် ၂ ဦးစလုံးကိုခေါ်ယူဖို့ ရွိုင်ယန်ဂစ်က တိုက်တွန်းလိုက်တာပါ။  ဂရီးလစ်ချ်က ပရီးမီးယားလိဂ်နဲ့ အံဝင်ပြီးသား ကစားသမားဖြစ်ပြီး ဆန်ချိုဟာလည်း လျင်မြန်ပြီး ပါးရည်နပ်ရည်ရှိတဲ့ ကစားသမားကောင်း ဖြစ်တယ်လို့ ဂစ်ကချီးကျူးပါတယ်။  မန်ယူနိုက်တက်အသင်းဟာ ဆန်ချိုကိုခေါ်ယူဖို့ ကနဦးပြောင်းရွှေ့ကြေးသဘောတူ ညီမှုရရှိထားပြီဆိုတဲ့ သတင်းထွက်ပေါ်နေပေမယ့် ဂရီးလစ်ချ်နဲ့ အပြောင်းအရွှေ့ကတော့ သတင်းထွက်ပေါ်ခြင်း မရှိသေးတာဖြစ်ပါတယ်။
10 months Ago

ဆန်ချိုအတွက် ပေါင်သန်း ၆၀ ဖြင့် မန်ယူကမ်းလှမ်းချက် ဒေါ့မွန်လက်ခံ

ဒေါ့မွန်အသင်းဟာ ဂျေဒန်ဆန်ချိုအတွက် မန်ယူအသင်းရဲ့ ပေါင်သန်း ၆၀ နဲ့ ကနဦး ကမ်းလှမ်းချက်အပေါ် သဘောတူညီထားတယ်လို့ သတင်းထွက်နေပါတယ်။  အင်ဒီပန့်ဒန့် သတင်းစာရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် မန်ယူအသင်းရဲ့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှုကို သဘောတူထားပြီး ထပ်ဆောင်းရရှိနိုင်မယ့် ငွေကြေးပမာဏကိုသာ ဆွေးနွေးရတော့မယ်လို့ သိရပါတယ်။  ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ အထိ ဒေါ့မွန်အသင်းက အလိုရှိခဲ့ပေမယ့် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ က နှစ်သင်းစလုံးအတွက် အဆင်ပြေနိုင်တဲ့ ပမာဏဖြစ်တယ်လို့ဆိုပါတယ်။  မန်ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့အကြား ဆွေးနွေးမှုတွေဟာ တရားဝင်အဆင့်တော့ ရောက်ရှိခြင်းမရှိသေးဘူးလို့ အင်ဒီပန့်ဒန့် သတင်းစာက ဖော်ပြခဲ့ပါတယ်။  အသက်၂၀ ရှိ အင်္ဂလန်တောင်ပံကစားသမားဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးကနေ ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့သွားတာပါ။ ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ် ဘွန်ဒက်စ်လီဂါ ၃၂ ပွဲကစားခဲ့ရာမှာ ၁၇ ဂိုးသွင်းပြီး ၁၇ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
10 months Ago

တောင်ပံကစားသမား ကိုးမန်းကို ဘိုင်ယန်မြူးနစ် ရောင်းချရန် မရှိ

ကစားသမားဘက်က အသင်းပြောင်းဖို့ ဆန္ဒရှိနေပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဘက်က တောင်ပံကစားသမား ကင်စလေကိုးမန်းကို ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိဘူးလို့ ဂျာမနီသတင်း တွေမှာ ဖော်ပြပါတယ်။  အသက် ၂၄ နှစ်အရွယ် ပြင်သစ်တောင်ပံကစားသမားကို မန်ချက်စတာယူနိုက်တက် အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အခုလို ရေးသား ဖော်ပြခဲ့ကြတာပါ။ ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဟာ ဒေါ့မွန်တောင်ပံလူ ဆန်ချိုဖြစ်ပြီး ဒေါ့မွန်ဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏကြောင့် သူ့ထက်ဈေးသက်သာတဲ့ ကိုးမန်းဘက်ကို စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို လီရွိုင်းဆာနေး ရောက်ရှိလာခြင်းကလည်း ကိုးမန်းအတွက် ပွဲ ထွက်ခွင့်ကို ခြိမ်းခြောက်လာနိုင်တာကြောင့် ယူနိုက်တက်ဘက်က သူ့ကို အငှားနဲ့ ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။  ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူတွေကတော့ ကိုးမန်းကို ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာခွင့်ပေးမှာမဟုတ်ဘဲ ကစာသမားဟာ အသင်းအတွက် အရေးပါတဲ့သူအဖြစ် ဆက်ရှိ နေဆဲလို့ ယုံကြည်ထားကြောင်း Sky Sport Germany သတင်းမှာ ဖော်ပြပါတယ်။ ဆာနေး ရောက်ရှိလာတာကြောင့် အသင်းရဲ့ပွဲထွက် တိုက်စစ်ကစားသမားစာရင်းမှာ ဆာနေး၊ လီဝန်ဒေါ့စကီးနဲ့ ဂါနာဘီတို့ကို အဓိကထား အသုံးပြုသွားဖို့ရှိနေပေမယ့် အငှားကစားသမားတွေကို လက်လွှတ်ရဖို့ရှိနေတာကြောင့် ဘိုင်ယန်တာဝန်ရှိသူတွေဟာ နောက်ထပ် ကစားသမားတစ်ဦး ထပ်မခေါ်နိုင်မချင်း ကိုးမန်းကို လက်မလွှတ်ချင်တာ ဖြစ်ပါတယ်။  ဘွန်ဒက်စ်လီဂါ ချန်ပီယံဘိုင်ယန်မြူးနစ်ဟာ အငှားခေါ်ယူထားတဲ့ အင်တာမီလန်က ပါရီ ဆစ်နဲ့ ဘာစီလိုနာအသင်းက ကော်တင်ဟိုတို့ကို အပြီးသတ်ခေါ်ယူခြင်း မလုပ်ဖို့ ရာခိုင်နှုန်း များနေပါတယ်။ သူတို့နှစ်ဦးကိုသာ ပြန်လွှတ်ရရင် အသင်းရဲ့ တိုက်စစ်အင်အားစုဟာ လျော့နည်းသွားမှာ ဖြစ်တာကြောင့် ကိုးမန်းကို လက်မလွှတ်ချင်တာ ဖြစ်ပါတယ်။ ကိုးမန်းဟာ ယူနိုက်တက်အသင်းမှာ တနိုင်ငံတည်းသားတွေဖြစ်တဲ့ ပေါ့ဘာ၊ မာရှယ်တို့နဲ့ တွဲဖက်ကစားခွင့်ရရှိမှာဖြစ်ပြီး သူ့ကို အသင်းမှာ ဆက်ထိန်းထားမယ်ဆိုရင် ပြဿနာ မရှိ နိုင်တာကြောင့် ဘိုင်ယန်ဘက်က ကစားသမားကို အသင်းပြောင်းခွင့်မပေးဖို့ တင်းခံထားနိုင် တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ 
10 months Ago
More News
Up