Search Results For: ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ချန်ပီယံဆု စိန်မခေါ်နိုင်တော့ဟု လီဗာပူးနောက်ခံလူ ဝန်ခံ

လက်ရှိအနေအထားအရ လီဗာပူးအသင်းဟာ ပရီမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အနေအထား မရှိတော့ဘူးလို့ နောက်ခံလူအန်ဒီရော်ဘတ်ဆန်က ဝန်ခံပါတယ်။ 

ဗုဒ္ဓဟူးနေ့ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့အပြီးမှာ အခုလို ဝန်ခံခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို စတီဗင် အယ်လ်ဇာတီက ပွဲချိန် ၅၆ မိနစ်မှာ သွင်းယူခဲ့ ပါတယ်။ 

ဒီပွဲမှာ လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားပုံဟာ တော်တော်လေးဆိုးရွားခဲ့ပြီး ပွဲချိန်အတွင်း ဂိုးပေါက်တည့်မှုဟာ ၁ ကြိမ်သာ ရှိခဲ့ပါတယ်။ 

ဒီရှုံးပွဲကြောင့် လီဗာပူးအသင်းဟာ ထိပ်ဆုံးက မန်စီတီးအသင်းနဲ့ ၇ မှတ်အထိ ကွာဟ သွားခဲ့ပြီဖြစ်ပြီး မန်စီတီးက ပွဲကျန်တစ်ပွဲရှိနေပါသေးတယ်။ 

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပြီးခဲ့တဲ့ရာသီအတွင်း သူတို့ လုပ်ပြနိုင်ခဲ့တာတွေကို လိုက်မီဖို့ ရုန်းကန်နေရပြီး အိမ်ကွင်း တိုက်စစ်စွမ်းဆောင်ရည်ကလည်း သိသိသာသာကျဆင်းနေပါတယ်။

လီဗာပူးဟာ ၁၉၈၄ နောက်ပိုင်း ပထမဆုံးအဖြစ်အိမ်ကွင်း ၃ ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ ခြင်းမရှိဘဲ အန်ဖီးလ်မှာ သူတို့ရဲ့ ဂိုးမဲ့အနေအထားဟာ ၃၄၈ မိနစ်အထိရှိလာပြီလည်း ဖြစ်ပါတယ်။

ပွဲအပြီး ဘီဘီစီသတင်းနဲ့တွေ့ဆုံရာမှာရော်ဘတ်ဆန်က “ဘရိုက်တန်က ပိုကောင်းခဲ့ပါတယ်။ ဒီအခြေအနေကြောင့် စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အသင်းက ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း ကစားကာ အခွင့်အရေးတွေလည်း ဖန်တီးခဲ့တာကြောင့် ချီးကျူးဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ ရှုံးပွဲမရှိ စံချိန်ဟာလည်း ကျိုးပျက်သွားခဲ့ပြီဖြစ်ပြီး မစွမ်းဆောင်နိုင်ဘူးဆိုရင် လိုချင်တဲ့ ရလဒ်ကို ရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာ မန်စီတီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူရေး စိန်ခေါ်နိုင်ဖို့ အဝေးမှာ ကျန်ခဲ့ပြီလို့ ဝန်ခံပါတယ်။

3 months Ago

ပရီးမီးယားလိဂ်အသင်းများကို ကိုဗင်-၁၉ စစ်ဆေး၊ ၁၆ ဦး ပိုးတွေ့

ပရီးမီးယားလိဂ် ကလပ်အသင်းတွေကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးခဲ့ရာ ၁၆ ဦးမှာ ပိုးတွေ့ရှိခဲ့ပါတယ်။  ခရစ္စမတ်ကာလနောက်ပိုင်းမှာ အနည်းဆုံးပိုးတွေ့ရှိခဲ့တာဖြစ်ပြီး အရင်တစ်ပတ်က ၃၆ ဦးအထိ စံချိန်တင် ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်း ၂၀ က ကစားသမားတွေနဲ့ ဝန်ထမ်း စုစုပေါင်း ၃၁၁၅ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ၁၆ ဦးသာ ပိုးတွေ့ခဲ့တာ ဖြစ်ပါတယ်။  ဇန်နဝါရီ ၁၁ ရက်ကနေ ၁၇ ရက်ကြားမှာ ၂ ကြိမ် ပိုးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ပိုးတွေ့ရှိတဲ့ ကစာသမားတွေကို သီးသန့်ထားရှိစေမှာဖြစ်ကာ ၁၀ ရက်ခန့် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
4 months Ago

ပရီးမီးယားလိဂ်ဆုတံဆိပ်က ထိုက်တန်မှုမရှိဘူးဆိုပြီး ခံစားခဲ့ရဟု မီနာမီနို ဝန်ခံ

လီဗာပူးအသင်းနဲ့ ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်ဟာ သူ့အတွက် ထိုက်တန်မှုမရှိဘူးလို့ ခံစားရကြောင်း တာကုမီမီနာမီနိုက ပြောပါတယ်။  ဂျပန်လက်ရွေးစင်ဟာ လီဗာပူးအသင်းမှာ အခြေကျဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်းကို ပေါင် ၇ ဒသမ ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။  သူဟာ ရောက်လာပြီး အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားပေးခဲ့ကာ လီဗာပူးအသင်းရဲ့နှစ် ၃၀ အတွင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဆုဖလားရရှိတဲ့ အခမ်းအနားကိုလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။  မီနာမီနိုဟာ ဒီအောင်ပွဲမှာ အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ပေမယ့် သူ့ထက်ပိုပြီး အတွင်းကျကျပါဝင်နေတဲ့ လူတွေနဲ့ တန်းတူဆုဖလားရယူဖို့ဆိုတာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပါတယ်။ လီဗာပူးရဲ့ matchday programme နဲ့ တွေ့ဆုံရာမှာ ၂၆ နှစ်အရွယ် ဂျပန်ကစားသမားက “ကျနော်တို့ခံစားချက်ကို ဖော်ပြဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ ကျနော်ပျော်ခဲ့ပေမယ့် တစ်ဖက်မှာလည်း အသင်းကို ရာသီဝက်မှရောက်လာတာကြောင့် ကျနော် ဒီအောင်ပွဲမှာ ရာနှုန်းပြည့်ပါဝင်မှု ရှိရဲ့လားဆိုတဲ့ သံသယစိတ်မျိုးလည်း ဝင်ခဲ့ပါတယ်။ ကျနော်ဆုဖလားကို ကိုင်မြောက်လိုက်ချိန်မှာ ဂုဏ်ယူတဲ့ခံစားချက်မျိုး ဝင်ခဲ့ပေမယ့် တချိန်တည်းမှာပဲ အသင်းအတွက် တရာသီလုံးကစားပေးဖို့ လိုအပ်တယ်ဆိုတာကို ခံစားမိပါတယ်။ ကျနော့်ရည်မှန်းချက်ကတော့ ဒီလိုလုပ်ပြီး အသင်းကို ဒီရာသီမှာလည်း ဆုဖလားထပ်မံဆွတ်ခူးပေးဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိကစားသမားတွေရဲ့ပုံစံကြောင့် မီနာမီနိုဟာ အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ၁၂ လတာဖြတ်သန်းခဲ့ပြီးချိန်မှာ သူ့ရဲ့အရည်အသွေးအစစ်အမှန်ကို ထုတ်ပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ တိုက်စစ်ကစားသမားက ပြောပါတယ်။ “ကျနော် အင်္ဂလန်မှာ အသားကျပြီး ဘာသာစကားကိုလဲ သင်ယူနေပါပြီ။ ဒါပေမယ့် ကိုဗစ် ဖြစ်နေတာကြောင့် နည်းနည်းတော့ အခက်အခဲရှိပါတယ်။ ကျနော် အသင်းက ကစားသမားတွေ အကုန်လုံးနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေပြီဖြစ်သလို ဂျာမန်စကားပြောတဲ့ ကစားသမားတွေနဲ့လည်း ပုံမှန်လို စကားပြောဖြစ်နေပါပြီ” လို့ မီနာမီနိုက ပြောပါတယ်။  မီနာမီနိုဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် ၁၆ ပွဲကစားပြီး ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ တနိုင်ငံတည်းသား ရှင်ဂျီကာဂါဝါရဲ့ လမ်းစဉ်ကိုလိုက်ပြီး ပိုကြိုးစားသွားမယ်လို့ ဂျပန်ကစားသမားက ပြောပါတယ်။
4 months Ago

ပရီးမီးယားလိဂ်ကို ဖျက်သိမ်းဖြစ်ခဲ့လျှင် အံ့အားသင့်စရာမရှိဟု ရှက်ဖီးနည်းပြပြော

အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရင် အံ့အားသင့်စရာမရှိကြောင်း ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝဲလ်ဒါက ပြောပါတယ်။ ယူကေမှာ ကူးစက်မြန် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှု ပိုများလာတာကြောင့် ပရီးမီးယားလိဂ်ကို ဆက်လက်ကျင်းပနိုင်ဖို့ အခက်အခဲတွေ့နေရပါတယ်။ ပရီးမီးယားလိဂ်မှာ တစ်ပတ်ကို ၂ ကြိမ် ပိုးရှိ၊ မရှိ စစ်ဆေးနေရပြီး အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေအတွင်းကနေ ပိုးတွေ့ရှိသူ ၃၆ ဦးအထိ စံချိန်တင် ပိုးတွေ့ ရှိခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ ပရီးမီးယားလိဂ် အောက်ဆုံးက အသင်းနည်းပြတချို့ကတော့ ပြိုင်ပွဲကို ရပ်နားထားဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။ အမှတ်ပေးဇယား အဆင့် ၁၉ ရောက်နေတဲ့ ဝက်စ်ဘရွန်းအသင်းရဲ့ နည်းပြ ဆမ်အလာဒိုက် ဆိုရင် ပွဲစဉ်တွေကို ရပ်နားထားဖို့ အက်ဖ်အေကို အတိအလင်း တောင်းဆိုခဲ့ပါတယ်။  အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတဲ့ ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ္စဝဲလ်ဒါက “ပြိုင်ပွဲကို ပြီးဆုံးအောင် မကျင်းပနိုင်ခဲ့ဘူးဆိုရင်လည်း ဘယ်သူကမှတော့ အံ့အားသင့်နေမယ်လို့ မထင်ပါဘူး။ အသင်းတိုင်းက လက်ရှိ ခက်ခဲတဲ့အခြေအနေကို သိကြတာကြောင့် ဒီနှစ် ပရီးမီးယားလိဂ်ကို ဖျက်သိမ်းခဲ့ရင်လည်း အံ့အားသင့်စရာမရှိပါဘူး” လို့ ပြောပါတယ်။  ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အရောက်မှာ မန်ယူနိုက်တက်က တစ်ပွဲလျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပေမယ့် ဘန်လေနဲ့ပွဲမှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
4 months Ago

ပရီးမီးယားလိဂ်တွင်  ကစားလိုကြောင်း ဆဲလ်ဘက်တိုက်စစ်မှူး ပက်စတန်ဒါကာ ပြော

မန်ယူနဲ့ လီဗာပူးအသင်းတွေက ခေါ်ယူလိုနေတဲ့ ဆဲလ်ဘက်တိုက်စစ်မှူး ဒါကာကတော့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောပါတယ်။  ဇမ်ဘီယာတိုက်စစ်မှူး  ပက်စတန်ဒါကာဟာ သြစတြီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး  ၁၇ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားသူပါ။  တိုက်စစ်မှူး ဒါကာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စပါးအသင်းကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ဖူးပါတယ်။  ပရီးမီးယားလိဂ်က အာဖရိကန်ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း၊ ဆာလာနဲ့မာနေး တို့ကို  အားကျပြီး တချိန်မှာ လာရောက်ကစားချင်တဲ့ အိပ်မက်ရှိတယ်လို့ ဒါကာက ပြောပါတယ်။  အဲဒီလို အကောင်းဆုံး အာဖရိကန်ကစားသမားတွေနဲ့ နှိုင်းယှဉ်ချီးကျူးခံရတာကိုလည်း ဝမ်းမြောက်မိပြီး မာနေး ကစားပေါက်ရှိတယ်လို့ ချီးကျူးခံရတာကိုလည်း ကျေနပ်ကြောင်း ဒါကာက ပြောပါတယ်။  ဆဲလ်ဘက်အသင်းဟာ မာနေး ကစားခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ဟာလန်းဟာလည်း အဲဒီကနေ တဆင့်  ခြေစွမ်း ပြခဲ့သူဖြစ်ပါတယ်။ 
4 months Ago

ပရီးမီးယားလိဂ်တွင် တစ်ပတ်အတွင်း လူအယောက် ၄၀ အထိ ကိုဗစ်-၁၉ စံချိန်တင်တွေ့ရှိ

ပရီးမီးယားလိဂ်အသင်းတွေက ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ပိုးစစ်ဆေးခဲ့ရာမှာ အယောက်  ၄၀ အထိ စံချိန်တင်တွေ့ရှိခဲ့ပါတယ်။ တစ်ပတ်အတွင်း ပိုးတွေ့သူအများဆုံးဖြစ်ခဲ့ပြီး ဘယ်ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေ ဖြစ်သလဲဆိုတာ သတင်းမထုတ်ပြန်ပေမယ့်လည်း ၁၀ ရက် သီးသန့် နေထိုင်သွားရမှာ ဖြစ်တယ်လို့ ပရီးမီးယားလိဂ်က သတင်းထုတ်ပြန်ပါတယ်။  ဒီဇင်ဘာ ၂၈ ရက်ကနေ  ၃၁ ရက်အထိ စုစုပေါင်း ၁,၃၁၁ ယောက်ကို စစ်ဆေးခဲ့ရာမှာ ၂၈ ယောက်မှာ ပိုးတွေ့ခဲ့တာပါ။ ဒါ့အပြင် ဇန်နဝါရီ ၁ ရက်ကနေ ၃ ရက်အထိ လူ ၉၈၄ ယောက်ကို စစ်ဆေးခဲ့ရာမှာ ၁၂ ယောက်မှာ ပိုးတွေ့ခဲ့ပါတယ်။  ဒါကြောင့် တစ်ပတ်အတွင်းမှာပဲ ပိုးတွေ့ရှိသူ အယောက် ၄၀ ရှိသွားခဲ့ပြီး အများဆုံးအရေအတွက် ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့တစ်ပတ်က မြောက်လန်ဒန်ကလပ် စပါးနဲ့ ဖူဟမ်ပွဲစဉ်ကို  ကိုဗစ်-၁၉ ပိုး အခြေအနေကြောင့် ပွဲရွှေ့ခဲ့ရပြီး အဲဗာတန်နဲ့ မန်စီးတီးပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရပါသေးတယ်။ ယူကေမှာ တနင်္လာနေ့ကစပြီး လော့ဒေါင်းအမိန့်ထုတ်ပြန်ထားပေမယ့် ဘောလုံးပွဲစဉ်တွေကိုတော့ သတ်မှတ်ရက်အတိုင်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
4 months Ago

မူးမူးနဲ့ ပရီးမီးယားလိဂ်ပွဲ ဝင်ကန်ဖူးတယ် - ဖာဒီနန်

ဆယ်ကျော်သက်ဘဝ ဝက်စ်ဟမ်းအသင်းမှာရှိနေစဉ်က မူးပြီး ပွဲကန်ခဲ့ရဖူးကြောင်း ဖာဒီနန်က ဝန်ခံခဲ့ပါတယ်။  ၁၉၉၆-၉၇ ရာသီအစပိုင်းမှာ ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဟိုက်ဘူရီကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲ့ဒီချိန်မှာ လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖာဒီနန်ဟာ အဝေးကွင်းကိုသွားမယ့် ဝက်စ်ဟမ်းအသင်းလူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။  ဒါပေမဲ့ သူဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် ဘားကို သွားသောက်ခဲ့ကြောင်း ဖာဒီနန်က ပြောပါတယ်။  အဲ့ဒီအချိန်မှာ ဖာဒီနန်ဟာ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတာပါ။ အဝတ်လဲခန်းထဲ ရောက်ချိန်မှ ပေါ်လိုဖူထရီက ပြဿနာရှာမှုကြောင့် ဖာဒီနန်ဟာ လူစာရင်းမှာ ပါဝင်ဖို့ ခေါ်ဆောင်ခံခဲ့ရပါတယ်။ ဖူထရီဟာ အဲ့ဒီရာသီအစပိုင်းကမှ အေစီမီလန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ နံပါတ် ၁၀ ဝတ်ဆင်ဖို့ မျှော်လင့်ထားခဲ့သူပါ။ ဒါပေမဲ့ သူ လိုချင်တဲ့ နံပါတ်ကို မရရှိခဲ့တာကြောင့် ပွဲမစခင်မှာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။  ဒါ့ကြောင့် တစ်ယောက်လိုသွားတဲ့နေရာမှာ ဖာဒီနန်ကို ခေါ်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် တုန်လှုပ်သွားတယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းက ပြောပါတယ်။  “ကျနော် ဝက်စ်ဟမ်းမှာ ရှိနေချိန်ကပေါ့။ အသင်းလူစာရင်းမှာတော့ပါတယ်၊ ပွဲမကစားရဘူးထင်လို့ ဘားကိုသွားပြီး ဘရန်ဒီသုံးခွက်လောက် နဲ့ ကုတ်တွေ သောက်ခဲ့ပါတယ်။ အဲဒီနောက်မှာမှ တစ်ယောက်ကလာပြီး မင်းပွဲလူစာရင်းမှာ ပါရမယ်လို့ ကျနော်ကို လာပြောတယ်။ ကျနော့်လက်ထဲမှာ ဘရန်ဒီနဲ့ကုတ်ကို ကိုင်ထားချိန်မှာနော်” လို့ ဖာဒီနန်က The Mo Gilligan Podcast ကို ပြောပါတယ်။ “အဲဒီတော့မှ ကျနော်က ဟာ ဘာတွေဖြစ်ကုန်တာလဲ ရေရွတ်ရင်း ပုလင်းတွေ ထားခဲ့ရတော့တာပါပဲ။ ဒါဟာ ကျနော့်အတွက် ဟိုက်ဘူရီမှာ ပထမဆုံးအကြိမ်က ကစားရတာပါ။ ကျနော် ရှိလှမှ ၁၇၊ ၁၈ ပေါ့။ ကျနော် အောက်ထပ်ကိုဆင်းတော့ လူတွေက အဆင်ပြေရဲ့လားလို့ လာမေးကြတယ်။ ကျနော်ကတော့ ရပါတယ်ပေါ့။ နံပါတ်ပြဿနာကြောင့် ပေါ်လိုက ပွဲမစခင်မှာတင် ဟိုက်ဘူရီကနေ တက္ကစီငှားပြီး လစ်သွားတော့ ကျနော့်ကို အသင်းလူစာရင်းထဲ ထည့်လိုက်တာပါ။ ကျနော် အရန်ခုံမှာ ထိုင်နေရင်းနဲ့ လူစားလဲဖို့ ငါ့ကိုမခေါ်ပါစေနဲ့လို့ တွေးနေမိပါတယ်။ ဘရန်ဒီ ၃ ခွက်နဲ့ ကုတ်လေ။ ကျနော်ကွင်းထဲကိုမသွားနိုင်ဘူးပေါ့။ ဒါပေမဲ့ ကျနော် ၁၅ မိနစ်လောက် ကစားခဲ့ရပါသေးတယ်” လို့ သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်အသင်းက ၂ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
4 months Ago

ပရီးမီးယားလိဂ်တွင် လက်စတာနှင့် မန်စီးတီးတို့ နိုင်ပွဲရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးနဲ့ လက်စတာတို့ အနိုင်ရသွားပါတယ်။  ပထမပွဲစဉ်မှာ လက်စတာက အဝေးကွင်းမှာ နယူးကာဆယ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ လက်စတာအတွက် အနိုင်ဂိုးတွေကို မက်ဒီဆန်နဲ့ တိုင်လီမန်းစ်တို့က သွင်းယူပါတယ်။  နယူးကာဆယ်အတွက် ချေပဂိုး ၁ ဂိုးကို ၈၂ မိနစ်မှာ ကာရိုက သွင်းယူပါတယ်။ လက်စတာဟာ ဒီပွဲနိုင်လို့ တစ်ပွဲပိုကစားထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လာပါတယ်။  နောက်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက အဝေးကွင်းမှာ ချဲလ်ဆီးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ခံရလို့ အဓိက ကစားသမားတချို့ မပါဘဲ ယှဉ်ပြိုင်သွားတဲ့ မန်စီးတီးဟာ ပထမပိုင်းမှာတင် ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုး ၁ ဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူနိုင်တာပါ။ ရှုံးပွဲဆက်နေတာကြောင့် ချဲလ်ဆီးနည်းပြ လမ်းပတ်လည်း ဖိအားတွေ တိုးလာပါတယ်။
4 months Ago

ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ကို  ရပ်နားထားရန် အစီစဉ်မရှိသေး

ပြီးခဲ့တဲ့ရက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ပိုပြီးမြင့်တက်လာခဲ့ပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ ရပ်နားသွားဖို့ လုံးဝအစီစဉ်မရှိဘူးလို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ပြောပါတယ်။ အင်္ဂလန်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေမြင့်တက်လာနေတာကြောင့် ဘောလုံးပွဲစဉ်တွေအပေါ် ဆိုးကျိုးသက်ရောက်မှုရှိခဲ့ပြီး ဒီသီတင်းပတ်မှာ ပရီးမီးယားလိဂ်  ပွဲစဉ် ၂ ပွဲကို ရွေ့ဆိုင်းလိုက်ရပါတယ်။ မန်စီတီးအသင်းမှာ ပိုးတွေ့ရှိသူတွေ များပြားလာတာကြောင့် အဲဗာတန်-မန်စီတီးပွဲကို ရွေ့ဆိုင်းလိုက်ရသလို ဖူလ်ဟမ်အသင်းရဲ့အခြေအနေကြောင့်လည်း စပါးနဲြ မနေ့က ကန်မယ့်ပွဲစဉ်ကို ရွေ့ဆိုင်းလိုက်ရပါတယ်။  ဒီပွဲတွေမတိုင်ခင် နယူးကာဆယ်အသင်းမှာ ပိုးတွေ့မှုကြောင် ဗီလာ- နယူးကာဆယ်ပွဲကိုလည်း ရွေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။ စပါးပွဲနဲ့ပတ်သတ်လို့ကြေညာချက်ထုတ်ပြန်ရာမှာ “ ဗိုင်းရပ်စ်ခြိမ်းခြောက်မှု ရှိနေပေမယ့် ဒီရာသီပွဲတွေကို ဆက်လက်ကျင်းပသွားမယ်” လို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆမ်အလာဒိုက် နဲ့ နူနိုဆန်းတို့စ်အပါအဝင် နည်းပြ တချို့ကတော့ ပိုးတွေ့နှုန်းမြင့်တက်လာမှုကြောင့် ပွဲစဉ်တွေကို ခဏနားသင့်တယ်လို့ ပြောဆိုခဲ့ပြီးနောက် အခုကြေညာချက် ထွက်ပေါ်လာတာပါ။ ဖူလ်ဟမ်အသင်းမှာပိုးတွေ့လူနာတွေရှိခဲ့ပြီးနောက်ပွဲကို  ရွှေ့ဆိုင်းလိုက်ရလို့  စပါးနည်းပြမော်ရင်ဟိုကလည်း သူ့ အသင်းကြုံတွေ့ခဲ့ရတဲ့ မသေချာမရေရာမှုတွေ အတွက်ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကို ဝေဖန်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကတော့ လိဂ်ပွဲစဉ်တွေကို ဆက်ကျင်းပသွားမယ့် အကြောင်း ထပ်မံအတည်ပြုလိုက်ပြီး လိဂ်အနေနဲ့ အစိုးရကချမှတ်ထားတဲ့သတ်မှတ်ချက်  တွေကို ဆက်လက်လိုက်နာသွားမယ်လို့ ပြောပါတယ်။  ပရီးမီးယားလိဂ်တာဝန်ရှိသူတွေအနေနနဲ့ ဒီရာသီကို ရပ်လိုက်ဖို့မဆွေးနွေးခဲ့သလို အဲ့လိုလုပ်ဖို့ အစီအစဉ်လည်း မရှိဘူးလို့ မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်တွေအထိ လီဗာပူးမြို့ခံအသင်းတွေရဲ့ပွဲစဉ်တွေမှာ ပရိတ်သတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ပြုခဲ့ပေမဲ့ ဒီဇင်ဘာ ၃၀ ရက်ကစဖို့  ဘယ်ပွဲကိုမှ ပရိတ်သတ်တွေ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ 
5 months Ago

ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲ ရွှေ့ဆိုင်းခဲ့ရ

ဖူဟမ်နဲ့ စပါးတို့ ကန်မယ့်ပွဲစဉ်ကို ကိုဗစ်-၁၉ အန္တရာယ်ကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ၃ ကြိမ် မြောက် ပွဲရွှေ့ဆိုင်းမှုဖြစ်ခဲ့ပါတယ်။ ဖူဟမ်ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေထဲမှာ ကိုဗစ်-၁၉ ပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့ပြီး လက္ခဏာတချို့လည်းပြသခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းပေးဖို့ ဖူဟမ်အသင်းဘက်က တင်ပြခဲ့တယ်လို့ သိရပါတယ်။  ကိုဗစ်ပိုး စစ်ဆေးခဲ့ရာမှာ ဖူဟမ်အသင်းသားတွေမှာ ပိုးတွေ့ ရှိခြင်း မရှိခဲ့ပေမဲ့  ထိတွေ့မှု ရှိခဲ့ တာကြောင့် သီးသန့်နေထိုင်နေတယ်လို့ သိရပါတယ်။  ပွဲမတိုင်ခင် ၄ နာရီအလိုကတည်းက ပွဲကျင်းပဖြစ်မလားဆိုတာ မသေချာသေးတာကြောင့် ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ ပွဲကစားဖြစ်မလားဆိုတာ ၄ နာရီအလိုအထိ မသိသေးကြောင်း စပါးနည်းပြ မော်ရင်ဟိုက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။  အခုလအစောပိုင်းက နယူးကာဆယ်နဲ့ ဗီလာပွဲစဉ်ကိုလည်း ကိုဗစ်-၁၉ ပျံ့နှံ့မူကြောင့် ပွဲရွှေ့ဆိုင်းခဲ့သလို မနေ့က ကစားဖို့ စီစဉ်ထားတဲ့ အဲဗာတန်နဲ့ မန်စီးတီးပွဲစဉ်ကိုလည်း ပွဲရွှေ့ဆိုင်းခဲ့ရ ပါတယ်။  ယူကေမှာ ကိုဗစ်-၁၉ စည်းမျဉ်းတွေကိုလည်း ပြန်လည်တင်းကျပ်လိုက်ပြီး တခြားပွဲစဉ်တွေ လည်း ရွှေ့ဆိုင်းရတာမျိုး ဆက်ရှိနိုင်တယ်လို့သိရပါတယ်။ 
5 months Ago

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးနီးပါးကို ကွင်းပိတ်ကျင်းပရန် ပြန်လည်သတ်မှတ်

ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်တွေအပါအဝင် အင်္ဂလန်မှာရှိတဲ့အားကစားပွဲအားလုံးနီးပါးကို ကွင်းပိတ်ကျင်းပဖို့  ပြန်လည် သတ်မှတ်လိုက်ပါတယ်။  အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မူ အနည်းအများအလိုက် ပွဲစဉ်တစ်ပွဲမှာ ပရိသတ် ၂၀၀၀  ဝင်ရောက်ကြည့်ခွင့်ပြုခဲ့တာပါ။  လက်ရှိအချိန်မှာတော့ ကလပ်အသင်းတွေထဲမှာလည်း ပိုးတွေ့ရှိမှုတွေများလာကြောင့် အခုလအတွင်း ၃ ပွဲအထိ ပွဲရွှေ့ဆိုင်းခဲ့ရတာပါ။  ပျံ့နှံ့မှု နည်းပါးတဲ့ မာဆေးဆိုဒ်ဒေသအခြေစိုက် လီဗာပူးနဲ့ အဲဗာတန် အသင်းတွေက လွဲပြီး တခြားအသင်းတွေက ကွင်းပိတ်ကျင်းပပေးရမှာဖြစ်ပါတယ်။ အင်္ဂလန်မှာ အောက်တိုဘာ ၂ ရက်လောက်ကစပြီး  စပြီးနေ့စဉ် လူသောင်းချီပြီး ကိုဗစ်-၁၉ ကူးစက်ခံနေရတာပါ။  ဒီဇင်ဘာ ၂၉ ရက် တစ်ရက်တည်းမှာ လူအယောက်  ၅၃၀၀၀ ကျော် ပိုးတွေ့ရှိခဲ့ပြီး  ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ပြန်လည်လုပ်ဆောင် ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
5 months Ago

ကိုဗစ်-၁၉  ပျံ့နှံ့မှု များနေသဖြင့် ပရီးမီးယားလိဂ် ၂ ပတ်ခန့်ရပ်နားရန် ဆွေးနွေး

ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုများလာတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို သီတင်း ၂ပတ် လောက် ရပ်နားထားဖို့  ကလပ်အသင်းတွေက ဆွေးနွေးနေပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မန်စီးတီး၊ ရှက်ဖီး၊ ဆောက်သမ်တန်နဲ့ နယူးကာဆယ်အသင်း တွေမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေ များလာခဲ့တာပါ။  အဲဗာတန်နဲ့ မန်စီးတီးပွဲစဉ်ကိုလည်း မန်စီးတီးအသင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။  လက်ရှိအချိန်မှာတော့ ကလပ်အသင်းဥက္ကဋ္ဌတွေဟာ ပြိုင်ပွဲကို ၂ ပတ်လောက် ရပ်နားထားဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။  နောက်ဆုံး စစ်ဆေးမှုတွေအရ ပရီးမီးယားလိဂ်အသင်းတွေက ဝန်ထမ်း ၁၈ ဦးမှာ ကိုဗစ် -၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ ပရီးမီးယားလိဂ်က သတင်းထုတ်ပြန်ပါတယ်။  ပရီးမီးယားလိဂ်ကလပ်တွေကို ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ  စစ်ဆေးလာတာဟာ ၁၇ ကြိမ်မြောက်ရှိလာခဲ့ပြီး အခုအချိန်မှာ စစ်ဆေးခဲ့တဲ့ ရလဒ်က အများဆုံးပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ 
5 months Ago

ပရီးမီးယားလိဂ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စံချိန်တင်မြင့်တက်

အပတ်စဉ်စစ်ဆေးမှု စတင်ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိခဲ့ တယ်လို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပြောပါတယ်။  ရှက်ဖီးအသင်းက တချို့အပါအဝင် ပိုးကူးစက်ခံရ သူ ၁၈ ဦးအထိတွေ့ခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကကို ဇွန်လမှာပြန်လည်စတင်ခဲ့ချိန်ကတည်းက လက်ရှိ ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခဲ့ရပါတယ်။  ပရိတ်သတ်အများစုဟာ ကွင်းထဲ ဝင်ကြည့်ခွင့်မရတော့သလို ကစားသမားတွေအနေနဲ့ ကျန်းမာရေးဆိုင် ရာစစ်ဆေးမှုတွေကို အပတ်စဉ်ပြုလုပ်နေရပါတယ်။  ပိုးတွေ့တဲ့ ကစားသမားဖြစ်စေ၊ အသင်းဝန်ထမ်းဖြစ်စေ ၁၀ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်စေဖို့ သတ်မှတ်ထားတာကြောင့် ဒီရာသီအတွင်း နာမည်ကြီးကစားသမား တချို့ဟာ ပွဲစဉ်တွေကိုလွဲချော်ခဲ့ရပါတယ်။  နယူးကာဆယ်လေ့ကျင့်ရေးကွင်းမှာ ကိုဗစ်-၁၉ ပိုးပျံ့နှံ့မှုဖြစ်ပွားခဲ့တာကြောင့် နယူးကာဆယ် -အက်စတွန်ဗီလာပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး မန်စီးတီအသင်းမှာ ပိုးကူးစက်မှု များပြားခဲ့လို့လည်း အဲဗာတန်-မန်စီတီးပွဲကို ပွဲမစခင် နာရီအနည်းငယ် အလိုမှာတင်ရွေ့ဆိုင်းခဲ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဂျေဆုနဲ့ ဝေါ်ကာတို့ ဟာ နယူးကာဆယ်ကို နိုင်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရပြီး အသင်းဝန်ထမ်း ၂ ဦးကိုလည်း သီးသန့်ခွဲခြား နေထိုင်စေတယ်လို့ မန်စီတီးအသင်းကပြောပါတယ်။  ဒီအခြေအနေမှာ အီတီဟတ်ကန်းပတ်လေ့ကျင့်ရေးကွင်းကိုလည်း ပိတ်ခဲ့ရတာ ကြောင့် မန်စီတီးရဲ့နောက် လာမယ့် ချဲလ်ဆီး၊ ယူနိုက်တက်တို့နဲ့ပွဲစဉ်တွေဟာ ကစားမှာလား၊ ရွေ့ဆိုင်း လိုက်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်တစ်ခုလုံးမှာ ပိုးကူးစက်ခံရသူတွေဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိ လာခဲ့ပြီလို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက မနေ့က ဝက်ဘ်ဆိုဒ်ကနေ တဆင့်ထုတ်ပြန်ခဲ့ ပါတယ်။  ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်းကစားသမားနဲ့ အသင်းဝန်ထမ်း ၁၄၇၉ ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၈ ဦး တွေ့ခဲ့ရတယ်လို့ ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။  ဒီအထဲမှာအသင်းနဲ့ပတ်သတ်သူတစ်ချို့ပါဝင်နေတယ်လို့ရှက်ဖီးလ်အသင်းကထုတ်ပြန်ခဲ့ပေမဲ့ ဘန်လေနဲ့ အင်္ဂါနေ့ပွဲကိုတော့ စီစဉ်ထားတဲ့ အတိုင်းဆက်ကစားခဲ့ပါတယ်။   ကိုဗစ်-၁၉ ရောဂါကြောင့် ပွဲတော်ကာလအတွင်း EFL ပွဲစဉ်တစ်ချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီး တနင်္လာနေ့မှာ ပွဲ ၇ ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။ 
5 months Ago

အာဆင်နယ်အသင်း ၂ လအတွင်း ပရီးမီးယားလိဂ် ပထမဆုံးနိုင်ပွဲ ပြန်ရ

အာဆင်နယ်အသင်းဟာ လန်ဒန်ဒါဘီမှာ ချဲလ်ဆီးအသင်းကို အနိုင်ယူပြီး ၂ လတာနီးပါးအတွင်း ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။  အသင်းခေါင်းဆောင် အူဘာမီယန်းကို အရန်ခုံမှာထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ နောက်ခံလူ ဂါဘရီယယ်၊ ဝီလီယံ၊ ဒေးဗစ်လုဇ် အစရှိတဲ့ ကစားသမားတွေလည်း ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ လူငယ်ကစားသမားတွေနဲ့ ပွဲထွက်အသုံးပြုခဲ့တာပါ။  ပွဲချိန် ၃၄ မိနစ်မှာ လာကာဇက်က ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာ ချာကာ၊ ပွဲချိန် ၅၆ မိနစ်မှာ ဆာကာတို့က ဂိုးတွေ ဆက်တိုက်သွင်းခဲ့တာပါ။  ချဲလ်ဆီးအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ပွဲချိန် ၈၅ မိနစ်မှာ အေဗရာဟမ်က သွင်းယူခဲ့တာပါ။  ဒီနိုင်ပွဲကြောင့် အာဆင်နယ်အသင်းက  နိုဝင်ဘာ ၁ ရက်နောက်ပိုင်း ပထမဆုံးနိုင်ပွဲရခဲ့ပြီး အဆင့် ၁၄ နေရာကို တက်လှမ်းလာခဲ့ပါတယ်။  ကစားသမားတွေ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကောင်းမွန်ခဲ့ပြီး အနိုင် ၃ မှတ် လိုအပ်ခဲ့သလို ပွဲအစကတည်းက အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ နည်းပြ အာတီတာက သုံးသပ်ခဲ့ပါတယ်။
5 months Ago

မန်ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလား ပြေးလမ်းကြောင်းပေါ် ရောက်လာဟု မစ်ရစ်ချပ်စ် သုံးသပ် 

မနေ့ညက လိဒ်ယူနိုက်တက်ကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလား ပြေးလမ်းကြောင်းပေါ်ကို ရောက်လာပြီလို့ အင်္ဂလန်နဲ့ မန်စီးတီး ကစားသမားဟောင်း မစ်ရစ်ချပ်စ်က သုံးသပ်ပြောပါတယ်။ လောလောဆယ် အမှတ်ပေးဇယားမှာ မန်ယူနိုက်တက်က အဆင့် ၂ နေရာက လက်စတာထက် ၁ ပွဲလျော့ ကစားထားပြီး ၂၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။  ဘောလုံးဆောင်းပါးတွေ ရေးသားနေတဲ့ ကစားသမားဟောင်း ရစ်ချပ်စ်ကတော့ မန်ယူနိုက်တက်ဟာ လက်ကျန်တစ်ပွဲကို နိုင်ရင် ဒုတိယနေရာကို တက်လာမှာဖြစ်ပြီး ဇယားထိပ်က လီဗာပူးကို ၂ မှတ်အကွာကနေ ဖိအားပေးနိုင်တော့မယ်လို့လည်း ဆိုပါတယ်။ 
5 months Ago

ပရီးမီးယားလိဂ်က လူစားလဲသည့်စနစ်သစ် စမ်းသပ်မည် 

ပြင်းပြင်းထန်ထန်ထိခိုက်မှုတွေအတွက် လူစားလဲခွင့်ပေးမယ့် နည်းစနစ်ကို ဇန်နဝါရီလ ကနေ စတင်စမ်းသပ်သွားဖို့ မျှော်လင့်ထားတယ်လို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပြောပါတယ်။  ဘောလုံးအားကစားဆိုင်ရာ စည်းကမ်းဥပဒေရေးဆွဲသူတွေနဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ Ifab တို့က ဒီစမ်းသပ်မှုကို ၂၀၂၁ မှာခွင့်ပြုမယ်လို့ အတည်ပြုခဲ့ပြီးနောက် အခုလို ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။  စည်းကမ်းအသစ်က ကစားသမား တစ်ဦးဦး ခေါင်းဒဏ်ရာ ရရှိသွားခဲ့မယ်ဆိုရင် လူစားလဲခွင့် အားလုံးကို အသုံးပြုပြီးခဲ့ပြီဆိုရင်တောင် နောက်တစ် ကြိမ်လူစားလဲခွင့် ထပ်မံ ခွင့်ပြုပေးမယ်လို့ အဓိပ္ပါယ်ရပါတယ်။  ဒီဥပဒေကို မလျော်မကန်အသုံးပြုခြင်းကနေ တားဆီးဖို့လည်း ပြိုင်ဘက်အသင်းအနေနဲ့ ဒဏ်ရာရခဲ့တဲ့ အသင်းဘက်ကလိုပဲ တစ်ချိန်တည်းမှာ လူစားလဲခွင့် တစ်ကြိမ်ရရှိမှာ ဖြစ်ပါတယ်။  ဒါပေမဲ့ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ လူစားလဲမှု ၅ ကြိမ်ပြုလုပ်ဖို့ ကိစ္စကို လက်မခံကြောင်း တတိယကြိမ်မြောက်မဲပေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။  Ifab ဘက်က ဒီဥပဒေနဲ့ပတ်သတ်လို့ ထပ်တိုးမှုတွေရှိမယ်လို့ အတည်ပြုပြောဆိုခဲ့တာ တောင် အခုလို မဲပေးခဲ့ကြတာဖြစ်ပါတယ်။  လူစားလဲမှု ၅ ကြိမ်အစား အရံခုံမှာထိုင်ရမယ့် အရံကစားသမားစာရင်းကို ၇ ဦးကနေ ၉ ဦးအထိတိုးမြှင့်ဖို့ ခွင့်ပြုခဲ့ပါတယ်။  ဒီစည်းမျဉ်းသစ်ဟာ လာမယ့်စနေနေ ပွဲစဉ် ၁၄ မှာစတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
5 months Ago

မန်ယူအသင်း ရှက်ဖီးလ်ကို ၃-၂ ဂိုးဖြင့်နိုင်၊ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်စွမ်းရှိဟု မာတစ်ပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ အတွက်လုံ လောက်တဲ့ကောင်းမွန်မှုရှိတယ်လို့ ဝါရင့်ကွင်းလယ်လူ နီမန်ဂျာမာတစ်ကပြောပါတယ်။ မန်ယူအသင်းဟာ ဒီဇင်ဘာ ၁၇ ရက်က ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရှက်ဖီးလ်နဲ့ပွဲမှာနောက်ကနေ လိုက်ကစားပြီး အနိုင်ရရှိခဲ့ကာ  အမှတ်ပေးဇယား အဆင့် ၆ နေရာကိုရောက်ရှိခဲ့ပါပြီ။ ရှက်ဖီးလ်ကွင်းမှာကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ အိမ်ရှင်ဘက်ကို ဦးဆောင်ဂိုးကိုခွင့်ပြုပေးလိုက်ရ ပေမယ့်  မန်ယူဟာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်နဲ့ မာဆီရယ်တို့ရဲ့  ခြေစွမ်းပြမှုနဲ့အတူ ၃ ဂိုး ၂ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းတွေရဲ့ဦးဆောင်မှုကိုခွင့်ပြုရတာဟာ ယူနိုက်တက်အသင်းရဲ့ ဒီရာသီအစဉ်အလာ တစ်ခုလိုဖြစ်နေပြီး ဒီပွဲမှာလဲ ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့ အမှားကနေ ရှက်ဖီးလ်အသင်းကို ဦးဆောင်ဂိုးခွင့်ပြု ပေးခဲ့ရပါတယ်။  ဒီလိုအခြေအနေရှိနေပေမယ့် မာတစ်ကတော့စိုးရိမ်မှုမရှိဘူးလို့ဆိုပါတယ်။ “ ကျနော်တို့ အထနှေးနေတယ်လို့ မထင်ပါဘူး။ ကျနော်တို့ ဘာကိုလိုချင်တာလဲဆိုတာနဲ့ ရေကုန်ရေခမ်း ကစားရမယ်ဆို တာကိုသိပါတယ်။ ကံမကောင်းစွာနဲ့ ကျနော်တို့ မှားအသေးလေးတစ်ခုကနေ ဂိုးပေးလိုက်ရပေမယ့် ကျနော်တို့ ၃ ဂိုးပြန်သွင်းပြီး ပွဲအဖြေကိုပြောင်းလဲပစ်နိုင်ခဲ့ပါတယ်” လို့မာတစ်ကပြောပါတယ်။  အခုရာသီ ပွဲစဉ်တွေရဲ့ ၃ ချိုး ၁ ချိုးပြီးဆုံးသွားချိန်မှာ ယူနိုက်တက်အသင်းဟာ ဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ တစ်ပွဲလျော့ ၅ မှတ်အကွာအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ အသင်းရဲ့ လက်ရှိအနေအထားနဲ့ ပတ်သက်ပြီး မာတစ်က “ဒါဟာ ကျနော်တို့ အတွက်အရေးပါတဲ့ ၃ မှတ်ဖြစ်ပြီး ဒီရလဒ်ကထိပ်ဆုံးကအသင်းတွေနဲ့ ကွာဟမှု ကို ကျဉ်းမြောင်းစေပါတယ်။ ရှက်ဖီးလ်အသင်းကတော့ ဒီရာသီမှာ ၁ မှတ်ပဲရသေးတဲ့ အသင်းမဖြစ်သင့်ပါဘူး။ သူတို့ခြေစွမ်းကဒီထက်ပိုပြီးထိုက်တန်ပါတယ်။ ဒါပေမဲ့ ဒါဟာဘောလုံးပါ။ ကျနော်တို့ အနေနဲ့လဲဒီပုံအတိုင်းပဲဆက်သွားရင် တစ်ချိန်ချိန်မှာ အခက်တွေ့နိုင်ပါတယ်။ ဒါ့ကြောင့်ကျနော်တို့ ပွဲတိုင်းမှာခြေစွမ်းပြဖို့လိုပါတယ်။ ကျနော်တို့ အသင်းအနေနဲ့ ဒီရာသီချန်ပီယံဖြစ်မလား မဖြစ်ဘူးလားဆိုတာမသိနိုင်ပေမယ့် ကျနော်တို့ တို့အသင်းဟာ ချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်” လို့ ပြောပါတယ်။   ဆိုးလ်ရှားနဲ့သူ့အသင်းသားတွေဟာ လာမယ့်နှစ်သစ်မှာ အမှတ်ပေးဇယားထိပ်ပိုင်းနေရာတွေဆီ ရောက်အောင် စွမ်းဆောင်သွားဖို့စိတ်အားထက်သန်နေပြီး ပွဲစဉ်ဇယားအရတော့ ယူနိုက်တက်အ သင်းဟာ ဒီဇင်ဘာလ မကုန်ခင် လိဒ်၊ လက်စတာ၊ ဝုဗ်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်သလို ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဖြစ် အဲဗာတန်နဲ့ အဝေးကွင်းပွဲစဉ်လည်း ရှိနေပါတယ်။  ရှက်ဖီးလ်အသင်းကတော့ ဒီရှုံးပွဲရလဒ်ကြောင့်  အင်္ဂလိပ်ဘောလုံးသမိုင်း တလျှောက်အ ဆိုးရွားဆုံးရာသီစဆိုတဲ့  ရလဒ်ကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်ပါတယ်။
5 months Ago

လိုရစ်ကို ပရီးမီးယားလိဂ်၏ အကောင်းဆုံးဂိုးသမားဟု မော်ရင်ဟို ချီးကျူး

စပါးအသင်းရဲ့ ဂိုးသမား လိုရစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ နည်းပြ မော်ရင်ဟိုက ချီးကျူးလိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ပေးလိုက်ရတဲ့ ချေပဂိုးဟာ ဂိုသမားလိုရစ်ရဲ့ အမှားမကင်းခဲ့ပေမဲ့ နည်းပြမော်ရင်ဟိုကတော့ လိုရစ်ဘက်ကနေ ကာကွယ်သွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးသမား ဖြစ်တယ်လို့ ချီးကျူးခဲ့တာပါ။  အကောင်းဆုံးဂိုးသမားဖြစ်လို့ ဘယ်တော့မှလည်း ဝေဖန်မှာမဟုတ်ကြောင်း၊ ကစားသမား တစ်ဦးချင်းကို အပြစ်တင်တာမျိုး လုပ်တာထက် အသင်းတသင်းလုံးကိုသာ အပြစ်တင်ရမှာ ဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။  စပါးအသင်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲအပြီးမှာ ၁၀ ဂိုးသာ ပေးထားရပြီး ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။
5 months Ago

မန်ချက်စတာဒါဘီ အပါအဝင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အပေါ် ဘာဘာတော့ဗ်၏ ခန့်မှန်းချက်

မန်ချက်စတာဒါဘီ အပါအဝင် စိတ်ဝင်စားဖွယ် ပွဲကောင်းတွေ ပါဝင်နေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ကို ပရီးမီးယာလိဂ်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က အခုလိုပဲ ခန့်မှန်းပေးခဲ့ပါတယ်။ ဝုဗ်-အက်စတွန်ဗီလာ ဒါဟာ နှစ်သင်းစလုံးအတွက် အမှားမခံတဲ့ ပွဲတစ်ပွဲပါ။ ဝုဗ်အသင်းက နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ လီဗာပူးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် ဗီလာနဲ့ပွဲမှာ အရှေ့ပွဲက ရလဒ်ဆိုးရွားခဲ့မှုကို ချေဖျက်ဖို့အတွက် သေချာပေါက် ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ တဘက်မှာလည်း ဗီလာအသင်းက အခုနောက်ပိုင်းပွဲတွေ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ ဒါပေမဲ့ ဒီနှစ်သင်းမှာ အရှုံးရလဒ်ကို ချေဖျက်မယ့် ဝုဗ်အသင်းက ပိုပြီးအားသာနေတယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲရလဒ်မှာ ဝုဗ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။ နယူးကာဆယ် - ဝက်စ်ဘရွန်း အရင်က ပြောခဲ့သလိုပါပဲ။ အခုရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့်အသင်း ၃ သင်းထဲမှာ ဝက်စ်ဘရွန်းက တသင်းအပါအဝင် ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ သူတို့ ကစားပုံဟာ အကောင်းဆုံးပုံစံမှာ ရှိမနေသေးပါဘူး။ နယူးကာဆယ်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်မှာ ကန်မယ့်ပွဲကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေကြားမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ ရှိနေပေမယ့် ဒီပွဲမှာ နယူးကာဆယ်က ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ မန်ချက်စတာယူနိုက်တက် - မန်စီးတီး ဒါဟာ အခုသီတင်းပတ်ရဲ့ အကောင်းဆုံးပွဲပါ။ ယူနိုက်တက်အနေနဲ့ ပက်ရဲ့အသင်းကို ပြီးခဲ့တဲ့ ပွဲတွေက ပထမပိုင်း ကစားပုံအတိုင်းပဲ ကစားမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လိုမှ ရလဒ်ကောင်းတွေ ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ လိုအပ်ချက်ကို ပြင်ဆင်ပြီး နောက်ကနေ လိုက်ကစားရမယ့် အခြေအနေကို မရောက်သွားဘူးဆိုရင် သူတို့အတွက် အိုကေနိုင်ပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ပြိုင်ဘက် မန်စီးတီးအသင်း ဖြစ်နေပါတယ်။  ချန်ပီယံလိဂ် အရှုံးကို ရုန်းထွက်ဖို့ ဒီပွဲဟာ သူတို့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်နေပေမဲ့ အနိုင်ရမယ့်အသင်းကတော့ မန်စီးတီးကိုပဲ ရွေးချယ်သင့်ပါတယ်။ မန်စီးတီးက ၂ ဂိုး ၁ ဂိုးလောက်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။ အဲဗာတန် - ချဲလ်ဆီး အန်ဆယ်လော့တီရဲ့ အသင်းဟောင်းနဲ့ တွေ့ဆုံမယ့်ပွဲဟာလည်း ဒီတပတ်ရဲ့ စိတ်ဝင်စားစရာ ပွဲတပွဲအဖြစ် ရှိနေပါတယ်။ ဒါပေမဲ့ တဘက်မှာလည်း ချဲလ်ဆီးအသင်းက အားနည်းချက်ဆိုတာ မရှိသလောက်ကို ကောင်းနေပါတယ်‌။ ကတ်ဗင်လီဝိန်းက အဲဗာတန်အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူပြီး အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ပွဲမှာလည်း လမ်းပတ်ရဲ့အသင်းကို ဒုက္ခပေးဦးမှာ ဖြစ်ပါတယ်။  ဒါကြောင့် ချဲလ်ဆီးအသင်းဘက်က သူ့ကို ထိန်းချုပ်သွားဖို့ လိုအပ်ပြီး တဘက် ၁ ဂိုးစီ သရေရလဒ်ဟာ ၂ သင်းစလုံးအတွက် မျှတမယ်လို့ ထင်ပါတယ်။ ဆောက်သမ်တမ် - ရှက်ဖီးလ် ဆောက်သမ်တန်အသင်းက ရလဒ်တွေ ကောင်းမွန်နေပြီး အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရှိနေပေမယ့် ရှက်ဖီးလ်အသင်းရဲ့ အနေအထားကတော့ သူနဲ့ဆန့်ကျင်ဘက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ ရလဒ်ကိုတော့ ရှက်ဖီးလ်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားမယ်လို့ ယူဆရပါတယ်။ ခရစ္စတယ်ပဲလေ့စ် - စပါး စပါးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်တဲ့အသင်းတသင်း ဖြစ်လာနေပြီး ဖလားရရှိဖို့ အတွက်ဆိုရင် ဒီလိုပွဲမျိုးကို အနိုင်ရရှိဖို့ လိုအပ်ပါတယ်။ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ဆိုရင် မော်ရင်ဟိုအနေနဲ့ ပွဲတိုင်းမှာ ၃ မှတ်ရရှိဖို့ လိုအပ်ပြီး ခြေစွမ်းကောင်းခြင်း၊ မကောင်းခြင်းထက် အနိုင် ၃ မှတ်က ပိုအရေးကြီးပါတယ်။ ဒီလိုသာလုပ်နိုင်နေမယ်ဆိုရင် အခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဟာ စပါးအသင်း ဖြစ်ခဲ့ရင်လည်း အံ့သြစရာဖြစ်လာမှာ မဟုတ်ပါဘူး။ စပါးအသင်းကပဲ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားနိုင်ပါတယ်။ ဖူဟမ် - လီဗာပူး စာရွက်ပေါ်က လူစာရင်းကို ကြည့်မယ်ဆိုရင် နှစ်သင်းကြားမှာ ကွာဟချက်က ကြီးကြီးမားမား ရှိနေမှာပါ။ လီဗာပူးအသင်းက သူတို့ရဲ့တတိယဦးစားပေး ဂိုးသမားကို သုံးမယ်ဆိုရင်တောင် သူတို့အသင်းက ပိုပြီးအားသာနေမှာ သေချာပါတယ်။ လီဗာပူးအသင်း အဘက်ဘက်က အသာရရှိနေတဲ့ ဒီပွဲအတွက် ကျနော့်ရဲ့ ခန့်မှန်းချက်ကတော့ လီဗာပူး ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိမှာပါ။ လက်စတာ - ဘရိုက်တန် ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်က ပြောင်းပြန်ဖြစ်နေတယ်လို့ ပြောရမှာပါ။ သူတို့က ပွဲစဉ်တချို့မှာ ခြေစွမ်ကောင်းကို ထုတ်ပြနိုင်ပေမယ့် ရလဒ်ကတော့ ဆိုးရွားခဲ့ပါတယ်။ လက်စတာဘက်မှာတော့ အဓိကတိုက်စစ်မှူး ဘာဒီ ဂိုးပေါက်ပြန်တွေ့နေပြီး ပွဲချိန် နောက်ဆုံးမိနစ်မှာတောင် သူက ဂိုးသွင်းဖို့အဆင်သင့်ရှိနေပါတယ်။ ဒါ့ကြောင့် ဒီပွဲရဲ့အဖြေက ၂ ဂိုး ၁ ဂိုးနဲ့ လက်စတာနိုင်ပါမယ်။ အာဆင်နယ် - ဘန်လေ အာဆင်နယ်သာ ဘန်လေကို ရှုံးခဲ့မယ်ဆိုရင် နည်းပြအာတီတာနဲ့ အသင်းအတွက် ဖိအားတွေဟာ ပိုတိုးလာမှာ ဖြစ်ပါတယ်။  ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ ဘန်လေအသင်းကို မဖြစ်မနေ အနိုင်ကန်ရမှာ ဖြစ်ပါတယ်။  အားထားရတဲ့ တိုက်စစ်မှူး အူဘာမီယန်း ဂိုးပေါက်ပျောက်နေပေမယ့် ဒီပွဲကို အာဆင်နယ်အသင်းက ၂ ဂိုးပြတ်နဲ့ နိုင်ပါမယ်။
5 months Ago

ယူနိုက်တက်အသင်း ပရီးမီးယားလိဂ်ဖလားဆွတ်ခူးရန် အခွင့်အရေးရှိဟု ဖာနန်ဒက်စ် ပြော

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့ အခွင့်အရေးရှိနေတယ်လို့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောပါတယ်။ ဒီလိုမျိုး ဆုဖလားတွေကို ဆွတ်ခူးဖို့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာတာလို့ ပေါ်တူဂီကစားသမားက ပြောပါတယ်။ ကွင်းလယ်ဖန်တီးရှင် ကစားသမားဟာ အိုးထရက်ဖို့ဒ်ကွင်းကို ရောက်ကတည်းက အသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်အတွက် ကွင်းလယ်အင်ဂျင်တစ်ခုအဖြစ်တင် မဟုတ်ဘဲ အသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ်လည်း ဆက်တိုက်ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒီရာသီမှာလည်း ပေါ်တူဂီလက်ရွေးစင် ဖာနန်ဒက်စ်ဟာ အသင်းအတွက် ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့က စားသမားတစ်ဦးအဖြစ် ထပ်မံသက်သေပြခဲ့ပြီးဖြစ်ကာ ဆိုးလ်ရှားရဲ့အသင်းကို ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးလေးသင်းနေရာအတွက် ဖိအားပေးနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ဆွဲတင်ပေးနေပါတယ်။ ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မထွက်ခွာရအောင် တားဆီးပေးနိုင်ခဲ့ခြင်းမရှိပေမယ့် ဖာနန်ဒက်စ်ရဲ့ လက်ရှိခြေစွမ်းကြာင့် သူဟာ ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရပြီဖြစ်ပါတယ်။  ဒါဟာ ၂၀၂၀ ခုနှစ်အတွင်း သူ့အတွက် ၃ ကြိမ်မြောက်ရွေးချယ်ခံရမှုလည်း ဖြစ်ပါတယ်။ တစ်ဦးချင်းဆုတွေရရှိနေပေမယ့် သူ့အနေနဲ့ ယူနိုက်တက်အသင်းနဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်မှုမရှိမ ခြင်း ကျေနပ်မှာမဟုတ်ဘူးလို့ ၂၆ နှစ်သားက ပြောပါတယ်။  လက်ရှိယူနိုက်တက်အသင်းမှာ ဒီလိုဆွတ်ခူးနိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်လို့ သူက အပြည့်အဝယုံကြည်နေပါတယ်။  “တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိဖို့က မလွယ်ကူပါဘူး။ ဒါ့ကြောင့် ၃ ကြိမ်မြောက် ရရှိခြင်းအတွက် ကျနော် ဂုဏ်ယူမိပါတယ်။ ပရီးမီးယားလိဂ်ဖလားကိုရရှိရင် ကျနော်ပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။ ကျနော် အင်္ဂလန်မှာရှိတဲ့ ယူနိုက်တက်လိုအသင်းကြီးတစ်သင်းဆီ လာရတဲ့အကြောင်းပြချက်က ပရီးမီးယားလိဂ်ဖလား ရရှိဖို့ပါ။ ကျနော့်အထင် ဒီလိုလုပ်ဖို့ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်” လို့ ဖာနန်ဒက်စ်ကပြောပါတယ်။  ပြီးခဲ့တဲ့လမှာ ၈၆ ဒသမ ၂၅ မိနစ်တိုင်းကို ၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဖာနန်ဒက်ဟာ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ဘန်ချီဝဲလ်၊ ဂျက်ဂရီးလစ်ရှ်နဲ့ ဝက်စ်ပရောက်တို့ အပါအဝင် ကစားသမား ၅ ဦးကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
5 months Ago

ဂျုဗီတိုက်စစ်မှူး ဒိုင်ဘာလားကို ပရီးမီးယားလိဂ်ထိပ်တန်းကလပ်များ ကမ်းလှမ်း

အီတလီကလပ် ဂျုဗင်တပ်တိုက်စစ်မှူး  ဒိုင်ဘာလားကို ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက ခေါ်ယူဖို့ ကမ်းလှမ်းတာတွေ ရှိတယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။  အာဂျင်တီးနားတိုက်စစ်မှူးကလည်း အင်္ဂလန်ကို ပြောင်းရွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။  အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျုဗင်တပ်နည်းပြသစ် ပီယာလို လက်ထက် အခုရာသီ ပြိုင်ပွဲအစုံမှာ ၆ ပွဲပဲ ကစားခွင့်ရထားပါတယ်။  တိုက်စစ်မှူးရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာလည်း ၁၈ လပဲ ကျန်ပါတယ်။  သူ့ကို ခေါ်ဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေကတော့ မန်ယူနိူတက်၊ လီဗာပူး၊ ချဲလ်ဆီး၊ စပါး၊ မန်စီးတီးနဲ့ အာဆစင်နယ်တို့ ဖြစ်တယ်လို့ အေးဂျင့်က ဆိုထားပါတယ်။  ဒိုင်ဘာလားဟာ ၂၀၁၉ ရာသီတုန်းကလည်း ပရီးမီးယားလိဂ်ကို ရောက်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။
5 months Ago

ပရီးမီးယားလိဂ်ချန်ပီယံဆု ရေပန်းအစားဆုံးအဖြစ် ချဲလ်ဆီးကို ကလော့ပ်ရွေးချယ်

လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ရေပန်းအစားဆုံးအသင်းမှာ ချဲလ်ဆီးအသင်းဖြစ်တယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီနေ့မနက်အစောပိုင်းပွဲစဉ်မှာ လိဒ်ယူနိုက်တက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပြီး တနင်္ဂနွေ နေ့မှာ ကစားဖို့ရှိနေတဲ့ လီဗာပူးနဲ့ စပါးအသင်းတို့ကို ၁ မှတ်ဖြတ်ထားပါတယ်။  ချဲလ်ဆီးဟာ ချန်ပီယံဘွဲ့ကိုလုယူဖို့ အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သလို လီဗာပူးအသင်းကလည်း ချန်ပီယံဆုကို ကာကွယ်ဖို့အာရုံစိုက်ထားဆဲဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။ “ကျနော်ပွဲတွေကို ကြည့်မိရင် စပါးအသင်းက တော်တော်လေးကောင်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျနော့်အတွက်ချန်ပီယံဆုကို ရေပန်းအစားဆုံးအသင်းကတော့ ချဲလ်ဆီးပါပဲ။ သူတို့ဟာ လူစာရင်းတောင့်တင်းသလို ကစားသမားကောင်းတွေလည်း အများကြီးရှိပါတယ်။ သူတို့ကစားပုံကလည်း ကောင်းပါတယ်။ လက်ရှိအချိန်မှာ သူတို့အသင်းဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး တစ်ပွဲနဲ့တစ်ပွဲမတူညီတဲ့ ပြိုင်ဘက်တွေကို အံ့သြသင့်ဖွယ်ရာအနိုင်ယူပြနေပါတယ်။ ဖိအားတွေရှိနေတာ မှန်ပေမယ့် ဒါဟာ ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ကျနော်တို့အတွက်ဖိအားဆိုတာ ပွဲကိုအနိုင်ရဖို့ လိုအပ်တဲ့ဖိအားဖြစ်ပြီး လာမယ့်ဝုဗ်နဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရရှိအောင်ဆောင်ရွက်သွားပါမယ်။ ဒါဟာ ကျနော်တို့အတွက် ပစ်မှတ်ပဲဖြစ်ပါတယ်။ လာမယ့်ပွဲ၊ လာမယ့်ပြိုင်ဘက်နဲ့ပတ်သတ်ပြီးတော့ပဲ အပြည့်အဝအာရုံစိုက်ထားသင့်ပါတယ်။ အထူးသဖြင့်ပြိုင်ဘက်တွေရဲ့ အစောပိုင်းရလဒ်တွေ မဟုတ်ပါဘူး။” 
5 months Ago

စပါးအသင်း ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဟု လမ်းပတ်ပြော

စပါးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အနေအထားမှာ ရှိမနေသေးဘူး ဆိုတဲ့ မော်ရင်ဟိုရဲ့စကားကို လက်မခံကြောင်း ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ချဲလ်ဆီးနဲ့ စပါးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲအပြီးမှာ နှစ်ဘက် အသင်းနည်းပြတွေက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။  ဒီပွဲမှာ သရေ ၁ မှတ်သာ ရရှိခဲ့ပေမယ့် မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆက်ရှိနေဆဲဖြစ်ပြီး မော်ရင်ဟိုကတော့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စိန်ခေါ်နိုင်တဲ့ အင်အားအကောင်းဆုံးအသင်းဖြစ်ကာ သူ့အသင်းကတော့ ဖျက်မျဉ်းတသင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။ “ချဲလ်ဆီးက ဆုဖလားကို စိန်ခေါ်နိုင်တဲ့ အင်အားကြီးအသင်းတွေထဲက တသင်းပါ။ ဒါကို သံသယဖြစ်စရာ မရှိပါဘူး။ ကျနော့်အမြင် ပြောရရင် ချဲလ်ဆီးအသင်းက ကျနော်တို့ စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ နောက် ၂ မှတ်အကွာမှာ ရှိနေတယ်ဆိုပေမယ့် သူတို့အတွက် ဒါဟာ ပြဿနာမဟုတ်ပါဘူး။ တကယ်လို့ လက်စတာသာ နိုင်ခဲ့မယ်ဆိုရင် ကျနော်တို့လည်း လက်စတာနဲ့ ၂ မှတ်အကွာကို ရောက်သွားမှာပဲလေ” လို့ မော်ရင်ဟိုက ပြောပါတယ်။ “ဒီနေ့ပွဲမှာ သရေ ၁ မှတ်သာ ရရှိခဲ့ပေမဲ့ ချဲလ်ဆီးအသင်းအတွက် ပြဿနာဖြစ်မှာ မဟုတ်ပါဘူး။ သူတို့ အင်အားဘယ်လောက် ကြီးမားတယ်၊ သူတို့ရဲ့ လူအင်အား ဘယ်လောက် တောင့်တင်းတယ်ဆိုတာနဲ့ ပရီးမီးယားလိဂ်ဟာ ခရီးရှည်ပြိုင်ပွဲကြီးဆိုတာကို သူတို့ သိထားပါတယ်။ ဒါတင် ဘယ်ဟုတ်မလဲ၊ စပါးအသင်းက ချန်ပီယံဆုအတွက် ပြိုင်ဘက်မဟုတ်ဘူး ဆိုတာကိုလည်း သူတို့သိပါတယ်။ ပရီးမီးယားလိဂ်ကို မြင်းပြိုင်ပွဲတစ်ခုနဲ့ တင်စားမယ်ဆိုရင် ကျနော်တို့က ပြိုင်ပွဲထဲမှာတောင် ရှိမနေပါဘူး။ ကျနော်တို့ကို ပြိုင်မြင်းလို့ သတ်မှတ်လို့လည်း မရပါဘူး။ ကျနော်တို့ဟာ သေးငယ်တဲ့ မြင်းလေးတစ်ကောင်အနေအထားမှာပဲ ရှိနေပါတယ်။ အင်္ဂလိပ်လိုဆို မြင်းပုလေးတွေလို့ ခေါ်မလား မသိဘူး။ ကျနော်တို့က မြင်းပုလေးတွေပါ” လို့ မော်ရင်ဟိုက ပြောခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်သင်းကြား ကစားသမားအင်အား ကွာခြားမှုကို ဆွမ်ဆီးမှာ ကစားခဲ့တဲ့ ဂျိုးရွန်ဒွန်နဲ့ ပီအက်စ်ဂျီမှာ ကစားခဲ့ဖူးတဲ့ သီယာဂိုဆေးလ်ဗားတို့ နှစ်ဦးနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပြီး ဆေးလ်ဗားရဲ့ တစ်လစာ လစာဟာ ရွန်ဒွန်ရဲ့ တစ်နှစ်စာ လစာနဲ့ ကိုက်ညီမှုရှိတယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုရဲ့ ပြောစကားကို လမ်းပတ်ကတော့ လက်မခံပါဘူး။  မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးနဲ့ စပါးအသင်းတို့ကို ရှုံးပွဲမရှိဘဲ ရင်ဆိုင်ခဲ့ပြီးဖြစ်တဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ်ဖလားအတွက် အင်အားကြီး စိန်ခေါ်သူ ဖြစ်တယ်လို့ လမ်းပတ်က ပြောပါတယ်။ “မော်ရင်ဟို ပြောတဲ့စကားတွေက သူ့အမြင်မှာ ဒါပေမဲ့ တဘက်က ကြည့်ရင်လည်း သူတို့က အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဒါမှမဟုတ် ထိပ်နဲ့အနီးဆုံးနေရာမှာ ရှိနေပါတယ်။ ကျနော်တို့က ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ရင် သူတို့လည်း စိန်ခေါ်နိုင်ပါတယ်။ သူတို့မှာ ဂိုးတွေ အများကြီး သွင်းထားတဲ့ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ရှိပါတယ်။ သူတို့ဟာ ဂါရတ်ဘေးလ်လို ကစားသမားမျိုးကို ခေါ်ယူပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ထားသလို ဒယ်လီအလီကလည်း လူစာရင်းမှာ မပါဝင်လာသေးပါဘူး။ သူတို့ဟာ လူအင်အားလည်း တောင့်တင်းပါတယ်။ ဒါ့ကြောင့် ကျနော်တို့အားလုံးဟာ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုထဲမှာ ရှိနေတယ်လို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ သူ မြင်သလိုပဲ ပြောတာ နေပါမယ်” လို့ လမ်းပတ်က ဆရာဟောင်းရဲ့ ပြောစကားကို တုံ့ပြန်ပါတယ်။
6 months Ago

ပရီးမီးယားလိဂ်ပွဲစဉ်များကို ပရိသတ် ၄,၀၀၀ ကြည့်ခွင့်ပြုမည်

ဒီဇင်ဘာ ၂ ရက်ကစပြီး အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပရိသတ် ၄,၀၀၀ ထက်မပိုဘဲ ဝင်ရောက်ကြည့်ရှုခွင့်ပြုတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်မှာ အသွားအလာကန့်သတ်မှုတွေ ချမှတ်ထားပေမဲ့ ဒီဇင်ဘာ ၂ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။  အားကစားပွဲတွေ အပါအဝင် ဘောလုံးပွဲတွေအတွက်တော့ ကန့်သတ်နေရာ ၃ ခု သတ်မှတ်ထားပြီး သတ်မှတ်ဦးရေအလိုက် ပရိသတ် ၄,၀၀၀ ထက်မပိုဘဲ ဝင်ရောက်ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။  အင်္ဂလန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း အားကစားပွဲတွေနဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုတော့မှာဖြစ်ပြီး လွှတ်တော်မှာတော့ မဲခွဲ ဆုံးဖြတ်ရဦးမယ်လို့ သိရပါတယ်။  ဒီဇင်ဘာ ၂ ရက်မှာ မန်ယူနဲ့ ပီအက်စ်ဂျီတို့က အိုးထရတ်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီပွဲစဉ်က ပရိသတ်တွေ ပထမဆုံး ပြန်လည်ကြည့်ရှုခွင့်ရတဲ့ပွဲစဉ် ဖြစ်လာဖို့ရှိနေပါတယ်။
6 months Ago

ဗြိတိန် lockdown မှာ ပရီးမီးယားလိဂ်ကို ဆက်ကစားမလား၊ ရပ်ထားမလား

 ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားလာမှုနဲ့အတူ ဗြိတိန်မှာတစ်နိုင်ငံလုံး lockdown ချဖို့အတွက် ဦးတည်လာခဲ့ပြီဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘောလုံးပရိတ်သတ်တွေက lockdown ကာလအတွင်း ပရီးမီးယားလိဂ်ကို ဆက်ကစားပါ့မလားဆိုပြီး တွေးတောမှုတွေရှိလာပါတယ်။  အခုနှစ် မတ်လမှာလည်း ဗြိတိန်အပါအအဝင် တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတာကြောင့် ဘောလုံးပွဲတွေ အားလုံးနီးပါးကို ရပ်ဆိုင်းလိုက်ရပါတယ်။  ပရီးမီးယားလိဂ်ပွဲတွေဟာ ဇွန်လမှာပြန်လည်စတင်ခဲ့ပြီး အခုချိန်အထိ ပရိသတ်မပါဘဲ ကျင်းပနေပေမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီမှာလည်း ပွဲတွေကို ထပ်မံရွေ့ဆိုင်းလိုက်ဦးမလားဆိုတဲ့ စိုးရိမ်မှုသစ်တွေရှိလာပါတယ်။  ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ထပ်မံရပ်ဆိုင်းဦးမလားဆိုတာကို Goal က အခုလိုမျိုး သုံးသပ် ထားပါတယ်။ အခုအခြေအနေအထိတော့ ဗြိတိန်မှာ lockdown ထပ်ချသည့်တိုင် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပုံမှန် အတိုင်းဆက်ကစားသွားမယ့် အနေအထားမျိုး မြင်တွေ့ရပါတယ်။ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့်ပြုကြောင်း အောက်တိုဘာ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။ နိုင်ငံအတွင်း lockdown ချကြောင်း ကြေညာချက်မှာ အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ပါတယ်။  “သတ်မှတ်ချက်တွေအတိုင်း ပရီးမီးယားလိဂ်ကို ဆက်လက်ယှဉ်ပြိုင်သွားဖို့အတွက် yes လို့ ပြောနိုင်ကြောင်း ဘောရစ်ဂျွန်ဆင်က သတင်းထောက် တွေကို ပြောခဲ့ပါတယ်။ ထုတ်ပြန်လိုက်တဲ့ lockdown အသစ်ဟာ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို ပရိသတ်မပါဘဲ ဆက်လက်ယှဉ်ပြိုင်ဖို့ ခွင့်ပြုသွားမယ်လို့ ဗြိတိန်ရဲ့ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားဝန်ကြီး အိုလီဗာဒေါ်ဒန်ကလည်း အတည်ပြုပါတယ်။  အခုလိုမျိုး ပရီးမီးယားလိဂ်  ပြိုင်ပွဲကိုဆက်လက်ယှဉ်ပြိုင်သွားဖို့ တာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ကို လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကလည်း ကြိုဆိုသွားခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေဟာ အန္တရာယ်ကင်းစွာ ကစားနိုင်တယ်ဆိုတာကို သက်သေပြခဲ့  ပြီးဖြစ်တယ်လို့ ပြောပါတယ်။  “ပြောရရင်တော့ ဒါဟာ ကျနော်တို့ လိုချင်နေတဲ့အရာပါ။ ကျနော်တို့လိဂ်ကို ဆက်ကစားသွားနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်” လို့ ကလော့က  ပြောခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဗြိတိန်မှာ lockdown ချသည့်တိုင် ပရီးမီးယားလိဂ်ကို ဆက်လက်ယှဉ်ပြိုင်သွားဖို့ သေချာသလောက်ရှိနေပြီဖြစ်ပြီး ပရီးမီးယားလိဂ်မဟုတ်တဲ့ ဗြိတိန်နိုင်ငံတဝန်းလုံးက  လိဂ်တွေကတော့ ဆက်ကစားမလား၊ ရပ်ထားမလားဆိုတာ မသဲကွဲသေးပါဘူး။
7 months Ago

၆၃ ပွဲဆက်တိုက် ပရီးမီးယားလိဂ် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကို လီဗာပူး လိုက်မီ

အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကိုအနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးအသင်းဟာ သူတို့ရဲ့လိဂ်ပွဲမှာ အိမ်ကွင်းရှုံးပွဲမရှိတဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။  ဒီပွဲမှာ လီဗာပူးလ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။ ပါဘလို ဖော်နယ်လ်က ဝက်စ်ဟမ်းအသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့တာဖြစ်ပြီး ပထမပိုင်း မပြီးခင်မှာတင် မိုဟာမက်ဆာလက်က ပင်နယ်တီကနေ လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ လူ စားဝင်လာတဲ့ ဒီယာဂို ဂျိုတာက အသင်းအတွက်အနိုင်ဂိုးကို ပွဲချိန် ၈၅ မိနစ်မှာသွင်းယူပေးခဲ့တာပါ။ ဒီပွဲအနိုင်ရလဒ်ကြောင့် လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲမရှိစံချိန်ဟာ ၆၃ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီ ၆၃ ပွဲမှာ ၅၂ ပွဲအနိုင်ရပြီးတော့ ၁၁ ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။  ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ နောက်ဆုံးအိမ်ကွင်းရှုံးပွဲကို ဧပြီ ၂၀၁၇ မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုတကြိမ် ၆၃ ပွဲရှုံးပွဲမရှိစံချိန်ဟာ အသင်းရဲ့စံချိန်ဟောင်းနဲ့တူညီသွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ၁၉၈၀ ဒီဇင်ဘာလမှာ စံချိန်ဟောင်းကို ရရှိခဲ့တာဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲအများဆုံး မရှိတဲ့ စံချိန်ကို တင်ထားတာဖြစ်ပြီး ၈၆ ပွဲ ရှုံးပွဲမရှိခဲ့ပါဘူး။ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာာ အခုနှစ်ဘောလုံးရာသီအစပိုင်းမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဝက်စ်ဟမ်းကိုအနိုင်ရရှိခဲ့ပြီးမှာ အမှတ်ပေးဇယားရဲ့ နံပါတ် ၁ နေရာကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။  အဓိကကစားသမားတွေဖြစ်တဲ့ မာတစ်၊ ဖာဘင်ဟိုနဲ့ ဗန်ဒိုက်တို့အပြင်ဂိုးသမား အလီဆန်ပါဒဏ်ရာပြဿနာတွေ ရှိခဲ့တာကြောင့် ကလော့ပ်ရဲ့အသင်းဟာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပြီး ဗန်ဒိုက်နဲ့ မာတစ်တို့မရှိတဲ့ နောက်တန်းကို နက်ဖီးလစ်က အကောင်းဆုံးအားဖြည့်ကစားသွားနိုင်ခဲ့တာကိုလည်း ဝက်စ်ဟမ်းနဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်။   လီဗာပူးအသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ အနိုင်ရရှိထားပေမယ့် ၁၅ ဂိုးအထိ ပေးဂိုးတွေခွင့်ပြုထားရပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ ၂၃ ဂိုးသား  ပေးခဲ့ရတာဖြစ်ပါတယ်။  ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ဂိုးကိုသွင်းယူခဲ့တဲ့ ဂျိုတာဟာလည်း လူးဝစ္စဂါစီယာပြီးနောက် လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ပထမ ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
7 months Ago

ပရီးမီးယားလိဂ်၌ အာဆင်နယ် ရှုံးပွဲဆက်၊ အဲဗာတန် ပထမဆုံး ရှုံးပွဲကြုံတွေ့

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာက တိုက်စစ်မှူး ဗာဒီရဲ့ ဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရသွားပါတယ်။ ဒီပွဲမှာ အိမ်ရှင် အာဆင်နယ်က ဂိုးပေါက် ကန်သွင်းခွင့် ၄ ကြိမ်၊ လက်စတာက ၂ ကြိမ်ရခဲ့ပါတယ်။ လက်စတာအတွက် အနိုင်ဂိုးကို ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး ဗာဒီက မိနစ် ၈၀ မှာ သွင်းယူပါတယ်။  အာဆင်နယ်အတွက် ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။ နောက်ပွဲစဉ်မှာတော့ အဲဗာတန်က အဝေးကွင်းမှာ ဆောက်သမ်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  ဒီရာသီမှာ ရလဒ်တွေကောင်းပြီး ရှုံးပွဲ မရှိသေးတဲ့ အဲဗာတန်ဟာ ပထမဆုံး အရှုံးနဲ့ ရင်ဆိုင်ရတာ ဖြစ်ပါတယ်။
7 months Ago

ယခုအပတ် ပရီးမီးယားလိဂ် မိုက်ကယ်အိုဝင် ခန့်မှန်းချက်

နိုင်ငံတကာပွဲစဉ်တွေအပြီး အခုလာမယ့်သီတင်းပတ်ကုန်မှာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်စဖို့ ရှိနေပါတယ်။  အသင်း ၂၀ စလုံးက ဒီသီတင်းပတ်ကုန်မှာ ကစားကြမှာဖြစ်ပြီး ဒီပွဲတွေထဲမှာ အဲဗာတန်-လီဗာပူး၊ လိုမာဆေး-ဆိုဒ်ဒါဘီ၊ မန်စီတီး-အာဆင်နယ် ပွဲကြီးပွဲကောင်းနဲ့ စပါး- ဝက်စ်ဟမ်းလို လန်ဒန်ဒါဘီပွဲအပြင် စိတ်ဝင်စားစရာ ပွဲစဉ်တွေ ပါဝင်နေပါတယ်။ ဒီပွဲစဉ်တွေနဲ့ပတ်သက်လို့ လီဗာပူး၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလိုပဲ ခန့်မှန်းပေးထားပါတယ်။ အဲဗာတန်-လီဗာပူး အခုသီတင်းပတ်ရဲ့ လူစိတ်ဝင်အစားဆုံးဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးအသင်းက အနိုင်ရရှိသွားမယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။  လက်ရှိအချိန်မှာ အဲဗာတန်အသင်းဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး ပွဲဦး ထွက်ပွဲစဉ် အားလုံးကိုလည်း အနိုင်ရရှိထားကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ တဖက်မှာလည်း လီဗာပူးက အက်စတွန်ဗီလာကို အရှက်တကွဲ ရှုံးနိမ့်မှုကနေ ပြန်ရုန်းထွက်ဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။  သိသိသာသာ အင်အားကောင်းလာတဲ့ အဲဗာတန်နဲ့လီဗာပူးတို့ရဲ့ ပွဲစဉ်မှာ လီဗာပူးဘက်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားမယ်လို့ အိုဝင်က သုံးသပ်ပါတယ်။ မန်စီးတီး - အာဆင်နယ် နောက်တပွဲက မန်စီတီးနဲ့ အာဆင်နယ်အသင်းတို့ ပွဲပဲဖြစ်ပါတယ်။ မန်စီတီးမှာ အတူ လက်တွဲခဲ့ကြတဲ့ ဂွါဒီယိုလာနဲ့ အာတီတာတို့ရဲ့ အားပြိုင်မှုကို ဒီပွဲမှာ ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပုံစံကောင်းမှာ ရှိမနေသေးတဲ့ မန်စီတီးနဲ့ အာတီတာ လက်ထက်မှာ အပေါင်း လက္ခဏာဆောင်တဲ့ တိုးတက်မှုတွေရှိလာတဲ့ အာဆင်နယ်တို့ရဲ့ အားပြိုင်မှုမှာ မန်စီတီးအသင်းက အနိုင်ရရှိသွားလိမ့်မယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။ ချဲလ်ဆီး - ဆောက်သမ်တန် ဒီသီတင်းပတ်မှာ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ဆောက်သမ်တန်အသင်းနဲ့ကစားရမှာဖြစ်ပြီး အိုဝင်က ချဲလ်ဆီးအသင်းကို အနိုင်ရရှိမယ့်အသင်းအဖြစ်ရွေးထားပါတယ်။  ချဲလ်ဆီးဟာ နိုင်ငံတကာပွဲစဉ်တွေမလာခင်နောက်ဆုံးပွဲမှာ ပဲလေ့စ်ကို ၄ ဂိုးပြတ်နဲ့အနိုင်ရရှိ ထားတာဖြစ်ပြီး ဒီပွဲမှာလည်း ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိဦးမယ်လို့ အိုဝင်က ခန့်မှန်းပါတယ်။ နယူးကာဆယ် - မန်ယူနိုက်တက် ဒီတပတ် အိုဝင်ရဲ့အသင်းဟောင်း ၂ သင်းဖြစ်တဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်လည်း ပါဝင်နေပါတယ်။ ဒီပွဲကိုတော့ သရေကျမယ်လို့ အိုဝင်က ဆိုပါတယ်။  နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နယူးကာဆယ်အသင်းက ဘန်လေကို ၃ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့အနိုင်ယူထားပြီး ယူနိုက်တက်အသင်းကတော့ စပါးအသင်းကို ဂိုးပြတ်ရှုံးနိမ့် ထားတာဖြစ်ပါတယ်။  ဒီပွဲအတွက် အိုဝင်ရဲ့ ခန့်မှန်းချက်က တဖက် ၁ ဂိုး ဖြစ်ပါတယ်။  စပါး - ဝက်စ်ဟမ်း စပါးအသင်း  နဲ့ဝက်စ်ဟမ်းအသင်းတို့ပွဲကိုလည်း တဖက် ၁ ဂိုးနဲ့ သရေကျမယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။ အိုဝင်ရဲ့ခန့်မှန်းချက်အပြည့်အစုံကတော့ အဲဗာတန်     ၁   -  ၂    လီဗာပူးလ် ချဲလ်ဆီး     ၃  - ၁    ဆောက်သမ်တန် လက်စတာ     ၂ -  ၂    ဗီလာ နယူးကာဆယ်    ၁ -  ၁    မန်ချက်စတာယူနိုက်တက် ရှက်ဖီးလ်     ၁ - ဝ    ဖူလ်ဟမ် ဝက်စ်ဘရွမ်း     ဝ -  ၁    ဘန်လေ ခရစ္စတယ်ပဲလေ့စ်    ၁ - ၁    ဘရိုက်တန် စပါး     ၁ - ၁    ဝက်စ်ဟမ်း လိဒ်    ၂ - ၁    ဝုဗ် မန်စီတီး  ၃ -  ၁    အာဆင်နယ်
7 months Ago

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး ဦးစားပေးပစ်မှတ်ထားဟု မန်ယူတိုက်စစ်မှူး ကာဗာနီပြော

မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားရရှိဖို့က ဦးစားပေးပစ်မှတ် ဖြစ်တယ်လို့ တိုက်စစ်မှူး ကာဗာနီက ပြောပါတယ်။ အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာခဲ့တာပါ။   ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပထမဆုံး ရည်မှန်းချက်က အသင်းနဲ့အတူ ချန်ပီယံဖြစ်ရေး ဖြစ်တယ်လို့ ကာဗာနီက အသင်းတရားဝင် ဝက်ဘ်ဆိုဒ်မှာ ပြောပါတယ်။  ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ရေး အရင်ဆုံးကြိုးပမ်းသွားရမှာဖြစ်ပြီး တခြား ဆုဖလားတွေကိုတော့ နောက်ထပ်ပစ်မှတ်အနေနဲ့ သတ်မှတ်ထားရမှာဖြစ်တယ်လို့ ကာဗာနီက ပြောပါတယ်။ ကွာရန်တင်းဝင်ရင်း တစ်ဦးတည်း လေ့ကျင့်နေတဲ့ တိုက်စစ်မှူးကာဗာနီဟာ လာမယ့်တစ်ပတ်မှာ ကစားမယ့် နယူးကာဆယ်နဲ့ ပွဲမှာ ပါဝင်ကစားနိုင်သေးမှာမဟုတ်ဘဲ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကျမှ ပွဲထွက်ကစားဖို့ ရှိနေပါတယ်။
7 months Ago

ပရီးမီးယားလိဂ်အသင်းများတွင် ခြေစွမ်းကွာဟချက်မရှိဟု  ခိုင်ဟာဗက်ဇ်သုံးသပ်

ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းကွာဟချက်တွေရှိပေမဲ့ ပရီးမီးယားလိဂ်မှာ ကွာဟချက်မရှိ ကြောင်း ချဲလ်ဆီးကစားသမားသစ် ခိုင်ဟာဗက်ဇ်က ပြောပါတယ်။  ဂျာမနီကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါကလပ် လီဗာကူဆင်ကနေ ချဲလ်ဆီး ကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။   အသက် ၂၁ နှစ်ရှိ ခိုင်ဟာဗက်ဇ်အနေနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဟက်ထရစ်သွင်း ယူထားပြီး ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။  ဘွန်ဒက်လီဂါက ဆိုးရွားတဲ့လိဂ် မဟုတ်ပေမဲ့လည်း အသင်းတွေကြားမှာ ကွာဟချက်တွေ ရှိပြီး ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းကွာဟချက်မရှိဘဲ  ကစားသမားတိုင်းက အမြင့်ဆုံးအဆင့် အတန်းနဲ့ ကစားနိုင်ကြတယ်လို့ ဟာဗက်ဇ်က အသင်းဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ သုံးသပ်ခဲ့ပါတယ်။  ဟာဗက်ဇ်ဟာ လက်ရှိအချိန်မှာ ဂျာမနီအသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲတွေ ကစားနေပြီး ဆွစ်ဇာလန်နဲ့ ဆက်ပြီး ကစားရဦးမှာဖြစ်ပါတယ်။ 
7 months Ago
More News
Up