Search Results For: ဒေါ့မွန်

မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးဖြင့် ဒေါ့မွန်ရှုံးနိမ့်၊  ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့

မနေ့က ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပထမဆုံးပွဲစဉ်မှာ ဒေါ့မွန်အသင်းက မိုချန်ဂလာဘက်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။  ပြီးခဲ့တဲ့ကြားရက်မှာ လီဗာကူဆင်ကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဂလာဘက်ကိုလည်း ဆက်ပြီး အရှုံးပေးခဲ့ရတာပါ။  ပွဲချိန် ၁၁ မိနစ်မှာ အယ်လ်ဗက်ဒီက ဦးဆောင်ဂိုး စသွင်းခဲ့ပြီး ဟာလန်းက ၂၂ မိနစ်နဲ့ ၂၈ မိနစ်တွေမှာ ၂ ဂိုးဆက်သွင်းပြီး ဦးဆောင်ခဲ့ပါသေးတယ်။  ဒါပေမဲ့ အယ်လ်ဗက်ဒီကပဲ ၄ မိနစ်အကြာမှာ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။  ပွဲချိန် ၄၀ မိနစ်နဲ့ ၇၈ မိနစ်တွေမှာ  ဘင်ဆက်ဘိုင်နီနဲ့ သူယမ်တို့က ဂလာဘက်အတွက် အနိုင်ဂိုး ၂ ဂိုး ထပ်သွင်းသွားခဲ့တာဖြစ်ပါတယ်။  ဒီနိုင်ပွဲကြောင့် ဂလာဘက်က အဆင့် ၄ နေရာဆီ တက်လှမ်းနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းက အဆင့် ၅ နေရာ ကျဆင်းသွားခဲ့ပါတယ်။  ဒေါ့မွန်အသင်းဟာ ထိပ်ဆုံးက ဘိုင်ယန်ထက် တစ်ပွဲ ပိုကစားထားပေမဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ရပြီဖြစ်ပါတယ်။ 
3 months Ago

၅ ပွဲဆက်ဂိုးမပေးခဲ့ရသည့် လိုက်ဇစ်ကို ဟာလန်းနှင့် ဆန်ချိုတို့၏ ဂိုးများဖြင့် ဒေါ့မွန်အနိုင်ရ

မနေ့ညက ကစားသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းက  တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးတွေနဲ့အတူ လိုက်ဇစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။  နောက်ဆုံး ၅ ပွဲ ဆက်တိုက် ဂိုးမပေးခဲ့ရတဲ့ လိုက်ဇစ်အသင်းဟာ ဒုတိယပိုင်းအရောက်မှာ ဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။  ဒုတိယပိုင်း ၅၅ မိနစ်မှာ ဆန်ချိုက ဒေါ့မွန်အတွက် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး  ပွဲချိန် ၇၁ မိနစ်နဲ့ ၈၄ မိနစ် တွေမှာ တိုက်စစ်မှူးဟာလန်းက ၂ ဂိုးဆက်သွင်းခဲ့တာပါ။  လိုက်ဇစ်အတွက် ချေပဂိုးကိုတော့ ပွဲချိန်မိနစ် ၉၀ ရောက်မှာ ဆိုလော့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဇယားထိပ်ဆုံးက ဘိုင်ယန်နဲ့ လိုက်ဇစ်တို့ အမှတ်မရတဲ့အချိန်မှာ ဒေါ့မွန်အသင်းက အဆင့် ၄ နေရာကနေ ဖိအား ပေးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက်တော့ ဘွန်ဒက်စ်လီဂါ ၁၀ ပွဲမှာပဲ ၁၂ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်ပါတယ်။  
4 months Ago

ဂျာမန်ဘွန်ဒတ်စ်လီဂါတွင် နာမည်ကြီး ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန် နိုင်ပွဲရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်တွေမှာ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ အသီးသီး အနိုင်ရသွားပါတယ်။ ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ မိန်းဇ်အသင်းကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတာပါ။  တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ မိန်းဇ်အသင်းက ပထမပိုင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးကို အရင် သွင်းယူတာပါ။ ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ ကင်မစ်ချ်၊ ဆာနေး၊ ဆူလေနဲ့ လီဝမ်းဒေါ့စကီးတို့က သွင်းယူပါတယ်။  ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က ၃၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို တက်လှမ်းသွားပါတယ်။ ဒေါ့မွန်အသင်းကတော့ ၂ ဂိုး ဂိုးမရှိနဲ့ ဝု့စ်ဘက်အသင်းကို အနိုင်ရသွားပါတယ်။  ဒေါ့မွန်အတွက် အနိုင်ဂိုးတွေကို ကန်ဂျီနဲ့ ဆန်ချိုတို့က သွင်းယူပါတယ်။ အင်္ဂလန် တိုက်စစ်မှူး ဆန်ချိုအတွက်တော့ ဒီရာသီ ဘွန်ဒတ်စ်လီဂါမှာ ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။  ဒီပွဲနိုင်တဲ့ ဒေါ့မွန်က ၂၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းသွားပါတယ်။ ဝု့စ်ဘက်အသင်းကတော့ ၂၄ မှတ်နဲ့ အဆင့် ၆ နေရာကို လျော့ကျသွားပါတယ်။
4 months Ago

ဒေါ့မွန်အသင်းနှင့် ဖလားများဆွတ်ခူးရန် အာရုံစိုက်ထားကြောင်း ဟာလန်းပြော

ဒေါ့မွန်အသင်းနဲ့ ဆုဖလားတွေကို ဆွတ်ခူးဖို့ဟာ သူ့အိပ်မက်ဖြစ်တယ်လို့ တိုက်စစ်မှူး အာလင်ဟာလန်းက ပြောပါတယ်။  ဟာလန်းဟာ ဇန်နဝါရီလကမှ ဒေါ့မွန်အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ပြသနေတဲ့ ခြေစွမ်းကြောင့် မန်စီးတီး အပါအဝင် အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေသူ ဖြစ်ပါတယ်။  သူဟာ တစ်ချိန်ချိန်မှာ ဒေါ့မွန်အသင်းကနေ သေချာပေါက်ထွက်ခွာသွားမှ ာဖြစ်ပေမယ့် အခုချိန်မှာတော့ အသင်းနဲ့အတူ အောင်မြင်မှုတွေရရှိဖို့ မျှော်လင့်ထားတယ်လို့ နော်ဝေ ကစားသမားက ပြောပါတယ်။ “အခုချိန်မှာ ကျနော့်ဘဝရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ကတော့ ဒေါ့မွန်အသင်းနဲ့ ဆုဖလားတစ်ခုခု ဆွတ်ခူးဖို့ဖြစ်ပြီး အဲဒီအတွက်လည်း ကြိုးစားနေပါတယ်။ အသင်းနဲ့ပရိသတ်တွေဟာ အောင်မြင်မှုနဲ့ထိုက်တန်မှုရှိတာကြောင့် ဒီလိုဖြစ်ဖို့ အစွမ်းကုန်ကြိုးစားသွားပါ့မယ်။ အသင်းက ကျနော့်ကိုခေါ်ဖို့ ငွေကြေးများစွာ သုံးစွဲခဲ့ရတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့လည်း ကျနော့်ရဲ့ပေးဆပ်မှုကို ၁၀၀ ရာခိုင်နှုန်း မျှော်လင့်နိုင်ပါတယ်။ ဒေါ့မွန်အသင်းဟာ ကျနော့်အတွက် အကြီးမားဆုံးအိပ်မက်ပါ။ ဒီအသင်းနဲ့ ဆုဖလားတစ်ခုခု ဆွတ်ခူးဖို့အတွက် ကျနော် အလုပ်လုပ်နေပါတယ်” လို့ လူငယ်တိုက်စစ်မှူးက ပြောပါတယ်။ ဟာလန်းဟာ လေ့ကျင့်ရေးကွင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ပုံမှန်ကြံ့ခိုင်မှုရရှိရေးအတွက် ရုန်းကန်နေရသူ ဖြစ်ပါတယ်။  ဒါဟာ တိုက်စစ်မှူးတွေအတွက် ဆိုးရွားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ပေမယ့် ဟာလန်းကတော့ ဒဏ်ရာက သက်သာလာရင် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာဖို့အတွက် မျှော်လင့်ထားပါတယ်။ “ကျနော်က အမြဲတမ်း ပိုပိုပြီးလိုချင်နေတတ်တဲ့သူပါ။ ကျနော် ၄ ဂိုး သွင်းနိုင်တယ်ထားပါ။ ဒါပေမဲ့ ကျနော် ၆ ဂိုးသွင်းဖို့ကို စိတ်ကူးကြည့်နေမိပါတယ်။ အဲဒီလိုဆို ဘယ်လောက်ကောင်းလိုက်မလဲပေါ့၊ ဒါဟာ ကျနော် လိုချင်နေတဲ့ဟာဖြစ်ပါတယ်” လို့အသက် ၂၀ အရွယ် ကစားသမားက ပြောပါတယ်။ ဒေါ့မွန်အသင်းဟာ လက်ရှိအချိန်မှာ ဆောင်းရာသီ အားလပ်ရက်ရရှိနေတာဖြစ်ပြီ လာမယ့် ဇန်နဝါရီ ၃ ရက်နေ့မှာ ဝုဖ်ဘတ်အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  ဒီပွဲမှာ ဟာလန်း ပြန်လည်ပါဝင်နိုင်မယ်လို့ မျှော်လင့်ထားပြီး နည်းပြဟောင်း လူစီယန်ဖက်ရီ နေရာကို အစားဝင်လာတဲ့  ဒီဒင်တာဇစ်နဲ့ လက်တွဲရမှာ ဖြစ်ပါတယ်။
4 months Ago

ဒေါ့မွန်နှင့်မတူသည့်အသင်းကို မြင်တွေ့ရမည်ဟု နည်းပြသစ် တာဇစ်ပြော

ဝါဒါဘရီမင်နဲ့ပွဲမှာ အရင်တစ်ပတ်ကနဲ့မတူတဲ့ ဒေါ့မွန်အသင်း အစစ်အမှန်ကို မြင်တွေ့ရမှာ ဖြစ်တယ်လို့ နည်းပြ အေဒင်တာဇစ်က ပြောပါတယ်။  ဒေါ့မွန်အသင်းဟာ နည်းပြ လူစီယန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် လက်ထောက်နည်းပြ တာဇစ်ကို ဆက်လက်တာဝန်ယူစေခဲ့တာပါ။ ကိုလုံး၊ ဖရန့်ဖတ်နဲ့ စတုဂတ်ပွဲစဉ် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ ဒေါ့မွန်အသင်းဟာ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဝါဒါဘရီမင်နဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာပါ။  ဝါဒါဘရီမင်နဲ့ ပွဲမှာ အရင်တစ်ပတ်က ဒေါ့မွန်အသင်းကို မြင်တွေ့ရတော့မှာ မဟုတ်ဘဲ ပြိုင်ဘက်အသင်းထက် ၁ ဂိုး ပိုသွင်းနိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ နည်းပြ တာဇစ်က ပြောပါတယ်။ ချန်ပီယံလိဂ်မှာ ဆီဗီလာနဲ့ တွေ့ဆုံခဲ့တဲ့အပေါ်မှာတော့ ဆီဗီလာကို ချီးကျူးခဲ့ပြီး အဲဒီပွဲမတိုင်ခင် ပွဲစဉ်တွေမှာ ရလဒ်ကောင်းရယူနိုင်ဖို့ အရင်ကြိုးပမ်းရမှာ ဖြစ်တယ်လို့ နည်းပြ တာဇစ်က ပြောပါတယ်။  ပွဲစဉ် ၁၁ အပြီးမှာ ဒေါ့မွန်က ဒုတိယနေရာက ဘိုင်ယန်မြူးနစ်နဲ့ ၆ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
5 months Ago

စတုဂတ်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်နည်းပြ ထုတ်ပယ်ခံရ

စနေနေ့ပွဲမှာ တန်းတက်စတုဂတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်အသင်းက နည်းပြ လူစီယန်ဖက်ရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာ၊ ဇယားထိပ်က အသင်းတွေနဲ့ ၅ မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စု F ရဲ့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ မှတ်သာ ရရှိခဲ့ပါတယ်။ အသင်းဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ “နည်းပြချုပ် လူစီယန်ဖက်ရီနဲ့ လမ်းခွဲလိုက်ပါပြီ။ သူ့ရဲ့ လုပ်ဆောင်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်နေမှာ ဖြစ်သလို အနာဂတ်မှာ အောင်မြင်ဖို့ကိုလည်း ဆုတောင်းပေးပါတယ်” လို့ ဖော်ပြထားပါတယ်။  လစ်လပ်သွားတဲ့ နည်းပြရာထူးကို လက်ထောက်နည်းပြ ဒီဒင်တာဇစ်က ရာသီကုန်အထိ တာဝန်ယူသွားမယ်လို့လည်း ပါဝင်ပါတယ်။ ဖက်ရီက “ဒီနေရာမှာ လမ်းခွဲရတာဟာ ရှက်ဖို့ကောင်းပါတယ်။ ကျနော်တို့ အောင်မြင်တဲ့ရာသီ ၂ ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အောင်မြင်တဲ့ရာသီ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။ ကျနော် ဒါကို ယုံကြည်နေဆဲ ဖြစ်ပါတယ်” လို့  ပြောပါတယ်။  ဒေါ့မွန်အသင်းဘက်က ဒါကို လက်ခံခဲ့ပေမယ့် ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က “ဒီလိုမျိုး ဆုံးဖြတ်ခဲ့ရတာဟာ ကျနော်တို့ အတွက်လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဒီရာသီ အောင်မြင်ရေးလမ်းကြောင်းဟာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ဒီလိုမျိုး လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။ ဖက်ရီဟာ ဒေါ့မွန်အသင်းကို ၂၀၁၈ ခုနှစ် နွေရာသီမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီလုံး အသင်းကို ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၃ ရာသီဆက်တိုက် ၁၆ သင်းအဆင့်ကို တက်ရောက်စေခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉-၂၀ ရာသီမှာ ဒေါ့မွန်အသင်းကို DFB Supercup ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ ဒေါ့မွန်နည်းပြဘဝ တစ်ခုတည်းသောဆုဖလားလည်း ဖြစ်ပါတယ်။
5 months Ago

ဒေါ့မွန်တိုက်စစ်မှူး ဟာလန်း ဒဏ်ရာကြောင့် အနားယူရမည်

ဒေါ့မွန်စတား အာလင်ဟာလန်းဟာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပြီး ဇန်နဝါရီလ လောက်အထိ အနားယူ ရနိုင်တယ်လို့ အသင်းဘက်က အတည်ပြုထုတ်ပြန်ပါတယ်။ ဒေါ့မွန်ဘက်က ဟာလန်းရဲ့ ဒဏ်ရာအခြေအနေကို လာဇီယိုနဲ့ ချန်ပီယံလိဂ် လူစာရင်းထုတ်ပြန်ချိန်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဟာလန်းကို လုံလုံ လောက်လောက် အနားမပေး ခဲ့တဲ့ အမှားကို ကျူးလွန်ခဲ့မိတယ်လို့ ဒေါ့မွန်နည်းပြ လူစီယန်ဖက်ဗရီကလည်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာဝန်ခံခဲ့ပါတယ်။  “ဟာလန်းက ဇန်နဝါရီလအထိ အနားယူရနိုင်ပါတယ်။ သူဟာ ပွဲဆက်အရမ်းများသွားလို့ ဖြစ်ပါမယ်။ အစကတော့ သူ့ဒဏ်ရာက ဒီလောက်မပြင်းထန်ဘူးလို့ ယူဆခဲ့ကြတာပါ။ ဒါပေမဲ့ အခုကြတော့ သူမကစားနိုင်  တော့ပါဘူး” ဒေါ့မွန်နည်းပြက ပြောပါတယ်။  ဟာလန်းဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တာလို့လည်း သူက ဆက်လက်ပြောပါတယ်။  အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ ဒေါ့မွန်အသင်းကို ရောက်ရှိလာချိန် ကတည်းက ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ်ခြေစွမ်းပြနေသူ ဖြစ်တာကြောင့် သူ့ဒဏ်ရာသတင်းဟာ ဒေါ့မွန်အတွက်တော့ ထိုးနှက်ချက်ပဲဖြစ်ပါတယ်။  ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဒေါ့မွန်အတွက် ၁၈ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူ ပေးထားသူဖြစ်ပါတယ်။  သူဟာ အခုရာသီမှာ ပိုကောင်းလာခဲ့ပြီး ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ဒေါ့မွန်အတွက် ၁၇ ဂိုး သွင်းယူပေးထားခဲ့ပြီးဖြစ်ပါတယ်။   ဒေါ့မွန်ဟာ ဒီဇင်ဘာလမှာ ပွဲကြပ်ကာလနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တစ်လထဲမှာ ၇ ပွဲ ကစားရဖို့ ရှိနေပါတယ်။  ဒီပွဲတွေကတော့ ဘွန်ဒက်လီဂါ၊ချန်ပီယံလိဂ်နဲ့ပိုကယ်ဖလားပွဲတွေဖြစ်ပြီး ဟာလန်းအနေနဲ့ ပွဲ အားလုံးကို လွဲချော် ရတော့မှာပါ။  ဟာလန်းဒဏ်ရာအခြေအနေကြောင့်ဒေါ့မွန်အသင်းဟာ အသက် ၁၆ နှစ်သာ ရှိသေးတဲ့ လူငယ် ကြယ်ပွင့် မူကိုကို ကို ပိုပြီးတော့ အားကိုးလာရဖို့ ရှိနေပါတယ်။ 
5 months Ago

ဂျာမန် ဘွန်ဒတ်စ်လီဂါတွင် ဘိုင်ယန်မြူးနစ် အနိုင်ရ၊ ဒေါ့မွန် ရှုံးပွဲတွေ့ 

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်တွေမှာ နာမည်ကြီး ဘိုင်ယန်မြူးနစ် နိုင်ပွဲရပြီး ဒေါ့မွန်ကတော့ အိမ်ကွင်းမှာ ရှုံးသွားပါတယ်။  ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ ယှဉ်ပြိုင်ရတာဖြစ်ပြီး အိမ်ရှင် စတူဂတ်အသင်းက ဦးဆောင်ဂိုး အရင်သွားပါတယ်။ ဘိုင်ယန်အတွက် ချေပဂိုးကို ကိုးမန်းက သွင်းယူပါတယ်။ ဒုတိယဂိုးကို တိုက်စစ်မှူး လီဝမ်းဒေ့ါးစကီးက သွင်းယူပါတယ်။ ဒီဂိုးဟာ လီဝမ်းဒေါ့စကီးအတွက် ဒီရာသီမှာ ၁၂ ဂိုး မြောက်သွင်းတဲ့ ဂိုးလည်း ဖြစ်ပါတယ်။  အပိတ်ဂိုးကို ကော်စတာက သွင်းယူပြီး ဘိုင်ယန်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒေါ့မွန်အသင်းကတော့ အိမ်ကွင်းမှာ ကိုလုံးကို ၂ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။ ကိုလုံးက ပွဲအစ ၉ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပါတယ်။  ဒီပွဲမှာ ဒေါ့မွန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ကိုလုံးက အပြန်အလှန် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ဒုတိယဂိုးကို မိနစ် ၆၀ မှာ သွင်းယူပါတယ်။  ဒေါ့မွန်အတွက် ချေပဂိုး ၁ ဂိုးကို သောဂန်ဟာဇက်က သွင်းယူနိုင်ပေမယ့် အရှုံးပေးလိုက်ရပါတယ်။ လတ်တလောမှာ အမှတ်ပေးဇယားကို ဘိုင်ယန်မြူးနစ်က ဦးဆောင်နေပြီး ဒေါ့မွန်က တတိယနေရာမှာ ရှိနေပါတယ်။
5 months Ago

ဒေါ့မွန် စီအီးအို စကားကြောင့် ဆန်ချိုကို ခေါ်ယူနိုင်ရန် မန်ယူနိုက်တက်အသင်း ပြန်မျှော်လင့်

အသင်းမှာ မရောင်းဘူးလို့ သတ်မှတ်ထားတဲ့ ကစားသမားမရှိဘူးဆိုတဲ့ ဒေါ့မွန် စီအီးအိုရဲ့ ပြောစကား‌ကြောင့် ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ယူနိုက်တက်အသင်းရဲ့ မျှော်လင့်ချက်တွေဟာ တဖန် ပြန်လည်မြင့်တက်လာခဲ့ရပါတယ်။  အသက် ၂၀ သာရှိသေးတဲ့ အင်္ဂလန် တောင်ပံကစားသမားဟာ မန်ယူနိုက်တက်အသင်းရဲ့ ရာသီပစ်မှတ် ကစားသမားဖြစ်ခဲ့ပြီး အသင်းကို ပြောင်းရွှေ့ဖို့အတွက်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုအထိ ရရှိခဲ့ပြီး ဖြစ်ပါတယ်။  ဒါပေမဲ့ ဆန်ချိုရဲ့ လက်ရှိအသင်းဖြစ်တဲ့ ဒေါ့မွန်က ကစားသမားကို ခေါ်ယူဖို့အတွက် အချိန် သတ်မှတ်ခဲ့သလို ပြောင်းရွှေ့ကြေးကိုလည်း ပေါင် ၁၀၈ သန်းလို့ ဈေးခေါ်ခဲ့ပါတယ်။  ဒါကြောင့် မန်ယူနိုက်တက်ဘက်က ဒေါ့မွန်ဘက်‌က ဈေးကိုင်နေတယ်လို့ ယူဆခဲ့ကာ အပြောင်းအရွှေ့ကိစ္စအတွက် အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ ဆန်ချိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အသင်းအပေါ်  အထင်မှားခဲ့ကြတယ်လို့ ဒေါ့မွန်အသင်းရဲ့ စီအီးအို ဟန်းစ်ဂျိုအာချင်ဝက်ဇ်ကီက ပြောခဲ့ပါတယ်။  ကစားသမားတိုင်းကို သတ်မှတ်ထားတဲ့ ဈေးရရှိရင် ရောင်းထုတ်သွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ မန်ယူနိုက်တက်အသင်းလို့ နာမည်တပ် ပြောဆိုခဲ့တာမျိုး မဟုတ်ပေမဲ့ ဒါဟာ မန်ယူနိုက်တက်နဲ့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ကိစ္စကို ရည်ညွှန်းတာမျိုး ဖြစ်ပါတယ်။ “(သူတို့က) အခြေအနေကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်ခဲ့ပါတယ်။ ကျနော်တို့မှာ ဆုံးဖြတ်ထားပြီးသား ကိစ္စတွေရှိနေပြီး လာမယ့်နွေရာသီမှာလည်း ဒီအတိုင်းပဲ ဆက်သွားပါမယ်။ ဒီလောကထဲမှာ ခင်ဗျားအနေနဲ့ ဘယ်ကစားသမားကိုမှ မရောင်းနိုင်ဘူးလို့ ပြောလို့မရပါဘူး။ ဆန်ချို အသင်းပြောင်းသွားပြီဆိုတဲ့ သတင်းတွေကို ကျနော် ခဏခဏ ကြားခဲ့ရပါတယ်။ ဒါပေမဲ့ အခု သူက ဒေါ့မွန်အသင်းမှာ ရှိနေဆဲပါ။ ကစားသမားနဲ့ ကျနော်တို့ကြားမှာ သဘောတူညီမှုတွေ ရှိနေပါတယ်” လို့လည်း သူက ပြောပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဆန်ချိုကို မခေါ်ယူနိုင်ခဲ့တာကြောင့် အာမတ်ဒီရယ်လိုနဲ့ ဖာကန်ဒိုပယ်လီစတီတို့ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူခဲ့ပါတယ်။  ဒီကစားသမား ၂ ဦးစလုံးဟာ ညာတောင်ပံ တိုက်စစ်သမားတွေပါ။ ဒါပေမဲ့လည်း ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားအဖြစ် ရှိနေဆဲလို့ ယူဆရပြီး အသင်းဘက်က လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း သူ့ကို ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေပါတယ်။
7 months Ago

ဒေါ့မွန်အသင်း ဆန်ချိုကို ရောင်းချရန် မရှိသေး

ဒေါ့မွန်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ဂျေဒန်ဆန်ချိုကို ရောင်းချဖို့ အတွက် အစီအစဉ် မရှိသေးဘူးလို့ သိရပါတယ်။  အင်္ဂလန်တောင်ပံ တိုက်စစ်မှူး ဆန်ချိုကို မန်ယူအသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလ တလျှောက်လုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဒေါ့မွန်အသင်းလိုချင်တဲ့ ပေါင် ၁၀၈ သန်းကို လက်ငင်း ပေးချေခြင်း မရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။  ဂျာမန်သတင်း Sport Bild ရဲ့ ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း မန်ယူအသင်းနဲ့ ဆွေးနွေးညှိနိူင်းဖို့ မရှိဘဲ ဆန်ချိုကို ဆက်ထိန်းဖို့ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။  မန်ယူအသင်းဟာ ဆန်ချိုကိုခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမဲ့ အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့ပြီး ကာဗာနီ၊ အဲလက်စ်တဲလက်စ်နဲ့ အခြားလူငယ်ကစားသမား ၂ ဦးကို လည်း ခေါ်ယူနိုင်ခဲ့ပါတယ်။ 
7 months Ago

ဒေါ့မွန် ကွင်းလယ်ကစားသမားဂေါ့ဇီ ပီအက်စ်ဗွီအသင်းသို့ ပြောင်းရွှေ့

ဒေါ့မွန်အသင်းရဲ့ကွင်းလယ်လူ မာရီယိုဂေါ့ဇီကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ပီအက်စ်ဗွီ အသင်းက ထုတ်ပြန်ကြေညာပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီအကုန်မှာ ဒေါ့မွန်နဲ့ ဂေါ့ဇီတို့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး သူဟာ နယ်သာလန်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဂေါ့ဇီက “ဒီနွေအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုတွေ အများကြီးရရှိခဲ့ပေမယ့် ခံစားချက်ကို အသားပေးတဲ့ ကျနော်ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ မတူညီတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျနော် အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။ နောက်ပြီး ဒါဟာ ကျနော့်အတွက် အဆင်ပြေစေမယ့် အပြောင်းအလဲတစ်ခုလို့လည်း ယုံကြည်ပါတယ်”လို့ ပီအက်စ်ဗွီအသင်း ဝက်ဘ်ဆိုက်ကို ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ဒေါ့မွန်အသင်းရဲ့ ငယ်မွေးကစားသမား ဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့ဖူးပါတယ်။  ၂၀၁၆ ခုနှစ်မှာမှ သူဟာ ဒေါ့မွန်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၄ ရာသီ ကစားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ သူဟာ အသင်းမှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံမှာ ၂၁ သာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဂေါ့ဇီဟာ လူငယ်ကစားသမားဘဝမှာ ဒေါ့မွန်အသင်းနဲ့အတူ တောက်ပပခဲ့သူဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့ အလားအလာအကောင်းဆုံး ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူဟာ ပြောင်းရွှေ့ကြေးအမြောက်အမြားနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ မှာ ပြောင်းရွှေ့ခဲ့ပါတယ်။  သူဟာ ဂျာမနီအသင်းအတွက်လည်း ၆၃ ပွဲ ကစားပေးထားပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။  ပီအက်စ်ဗွီအားကစားဒါရိုက်တာ ဂျွန်ဒီဂျောင်က “ဂေါ့ဇီဟာ တိုက်စစ်နဲ့ ကွင်းလယ်တို့မှာ နေရာစုံ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး သူ့ရဲ့ အတွေ့အကြုံလည်း ကျနော့်အသင်းမှာ လိုအပ်နေတဲ့ အရာတွေကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂေါ့ဇီလို ကစားသမားမျိုးကို ခေါ်ယူစာချုပ်ချုပ်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” လို့  ပြောပါတယ်။ ဂေါ့ဇီဟာ ကစားသမားဘဝလျှောက်လုံး ဂျာမနီမြေမှာသာ ကျင်လည်ခဲ့ဖူးသူဖြစ်တာကြောင့် ပီအက်စ်ဗွီအသင်းကို အပြောင်းအရွှေ့ဟာ သူ့အတွက် ဂျာမနီပြင်ပ ပထမဆုံးသော အတွေ့အကြုံ ဖြစ်ပါတယ်။  နယ်သာလန်ကလပ်ကို မပြောင်းရွှေ့မီ ဂေါ့ဇီဟာ ဟာသာဘာလင်အသင်းကို ပြောင်းရွှေ့ဖို့လည်း တော်တော်လေး နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။
7 months Ago

ဆန်ချို အသင်းမပြောင်းဟု ဒေါ့မွန်ဒါရိုက်တာ ထပ်ပြော

ဆန်ချို အသင်းပြောင်းရွှေ့ဖို့ မရှိဘူးဆိုတာ ပြောထားပြီးသားဖြစ်ပြီး ပြောင်းလဲမှာမဟုတ် ကြောင်း ဒေါ့မွန်အားကစား ဒါရိုက်တာက ပြောပါတယ်။  မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့မပိတ်ခင်မှာ ဂျေဒန်ဆန်ချိုအတွက် ပေါင် ၉၁ သန်းနဲ့ ကမ်းလှမ်းမှု တခုလုပ်ခဲ့ပြီး ဒေါ့မွန်ဘက်က ပယ်ချခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။ ဒေါ့မွန်အသင်းဘက်က ပေါင် ၁၀၈ သန်းအထိ အလိုရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့ တယ်လို့ မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။  ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကတော့ ဆန်ချိုအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး  အသင်းမှာဆက်ရှိမယ်လို့ အရင်ကပြောထားခဲ့တဲ့အတိုင်းပဲ ဆက်ရှိနေမှာဖြစ်ပြီး လက်ရှိအချိန်မှာ လည်း ပြောင်းလဲမှု ရှိလာမှာ မဟုတ်ကြောင်း ပြောပါတယ်။  ဆန်ချိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စူပါဖလားပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် ဖျားနာမှုကြောင့်သာ လွဲချော်ခဲ့တာလို့ သိရပါတယ်။  ဒေါ့မွန်အသင်းသားတွေဖြစ်တဲ့ မာကိုရွိုက်နဲ့ ဟာလန်းတို့ဟာလည်း ဆန်ချို အသင်းမှာ ဆက်ရှိနေမယ့်အပေါ် ပျော်ရွှင်ကြောင်း ပြောပါတယ်။ 
7 months Ago

ဒေါ့မွန်နှင့် စူပါဖလားဗိုလ်လုပွဲတွင် ဆာနေး လွဲချော်မည်ဟု ဘိုင်ယန်နည်းပြ အတည်ပြု

ဒေါ့မွန်နဲ့ ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာ တောင်ပံကစားသမား ဆာနေး လွဲချော်မှာ ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ် နည်းပြ ဟမ်ဆီဖလစ်ခ်က အတည်ပြုပါတယ်။ ဆာနေးဟာ ဒူးဒဏ်ရာ ရရှိနေတာကြောင့် နိုင်ငံတကာပွဲစဉ်တွေ ရက်သတ္တပတ်အပြီးမှသာ ပြန်လည်ကစားနိုင်မှာ ဖြစ်တယ်လို့  နည်းပြ ဖလစ်ခ်က ပြောပါတယ်။  ဒါ့အပြင် နောက်ခံလူ အလာဘာဟာလည်း ကြွက်သားဒဏ်ရာရရှိနေလို့ ဒေါ့မွန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသေးကြောင်း စက်တင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြဖလစ်ခ်က ပြောပါတယ်။  ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်ကတော့ စနေနေ့က အော့စ်ဘက်ကို ရှုံးနိမ့်ခဲ့မှုအတွက် ဘိုင်ယန်နဲ့ ပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ဖို့ အခွင့်အရေးကောင်းဖြစ်တယ်လို့ ပြောပါတယ်။  ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ပြီးခဲ့တဲ့ပွဲစဉ်မှာ ဟော့ဖမ်ဟိမ် အသင်းကို ၄ ဂိုး ၁ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။
7 months Ago

ဆန်ချို အသင်းမပြောင်းဖြစ်သဖြင့် ဒေါ့မွန် အသင်းသားများ ပျော်ရွှင်

ဂျေဒန်ဆန်ချို အသင်းပြောင်းရွှေ့မှာမဟုတ်လို့ အသင်းသားတွေအတွက် ပျော်ရွှင်စရာ ဖြစ်တယ်လို့ အသင်းခေါင်းဆောင် မာကိုရွိုက်က ပြောပါတယ်။ ဒေါ့မွန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အပြောင်းအရွှေ့ရာသီစတင်ကတည်းက မန်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သူပါ။ စကိုင်းဂျာမနီနဲ့ အင်တာဗျူးမှာတော့ ဆန်ချိုက နောက်ထပ်တစ်နှစ် ဆက်ရှိမှာဖြစ်လို့ အသင်းသားအားလုံးဟာလည်း ပျော်ရွှင်နေကြတယ်လို့ မာကိုရွိုက်က ပြောပါတယ်။ ဆန်ချိုဟာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကိုလည်း လုပ်ဆောင်နိုင်သူဖြစ်လို့ သူ ဆက်ရှိမှာက အမှတ်တွေ ပိုမိုရယူနိုင်မှာ ဖြစ်တယ်လို့လည်း မာကိုရွိုက်က ပြောပါတယ်။ မန်ယူအသင်းဘက်ကတော့ ဆန်ချိုကို ခေါ်ယူဖို့ အဆင်မပြေတော့တာကြောင့် ဝက်ဖို့ဒ် တောင်ပံကစားသမား အစ္စမိုင်လာဆား၊ နာပိုလီတိုက်စစ်မှူး မီလစ်နဲ့ ဂျူဗင်တပ်စ်က ဒေါက်ဂလပ်ကော်စတာတို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
7 months Ago

ဆန်ချို နောက်တရာသီဆက်ရှိမည်ဟု ဒေါ့မွန်မန်နေဂျာ အတည်ပြု

တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ နောက်တရာသီ ဆက်နေဖို့ဆုံးဖြတ်လိုက်ပြီလို့ ဒေါ့မွန်အသင်းမန်နေဂျာ လူစီယန်ဖာဗာက ပြောပါတယ်။  အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင်ကစားသမားဟာ အခုနွေရာသီ အပြောင်းအရွှေ့ ကာလ မစတင်ခင်ကတည်းက ယူနိုက်တက်အသင်းရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ခဲ့ပေမယ့် ယူနိုက်တက်အသင်းဘက်က ဒေါ့မွန်ကတောင်းတဲ့ ယူရို ၁၀၈ သန်းကိုပေးဖို့ ငြင်းဆိုထားပါတယ်။  ဒါ့အပြင် ဒေါ့မွန်အသင်းဘက်က သူတို့ရဲ့ရာသီကြိုပြင်ဆင်မှုတွေ မထိခိုက်စေရေးအတွက် ဆန်ချိုကို ခေါ်ယူချင်တယ်ဆိုရင် သြဂုတ် ၁၀ ရက်မတိုင်ခင် အပြီးသတ် ခေါ်ယူဖို့ ယူနိုက် တက်အသင်းဘက်ကိုလည်း ပြောထားပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘဲ ယူနိုက်တက်ဘက်က ဆန်ချိုနေရာမှာ အစားထိုးဖို့ တခြားကစားသမားတွေကို ရှာဖွေနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆန်ချိုအတွက် အစားထိုးမယ့်လူတွေထဲမှာ ဂါရတ်ဘေးလ်၊ ပါရီဆစ်နဲ့ ဒေါက်ဂလပ်ကော်စတာတို့ ပါဝင်နေတယ်လို့လည်း သိရပါတယ်။  ဒေါ့မွန်မန်နေဂျာ ဖာဗာကတော့ “ဆန်ချိုအသင်းမှာ နောက်တရာသီ ဆက်ရှိနေမယ့် ကိစ္စအပေါ် အသင်းမှာရှိတဲ့လူအားလုံးက ဝမ်းသာနေကြတယ်လို့ ပြောပါတယ်။ ကျနော်တို့ သူ့ကို လိုအပ်ပါတယ်။ ဒါဟာ မေးစရာတောင် မလိုပါဘူး။ သူ ဆက်နေမှာဖြစ်တာကြောင့် အားလုံးကလည်း ‌ကျေနပ်နေကြပါတယ်။ ဆန်ချိုဟာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီးတော့ ကျနော်တို့ သူ့အစွမ်းကို ပြောစရာတောင် မလိုပါဘူး။ သူဟာ ကိုယ်တိုင်ဂိုးသွင်းပြီး ဂိုးဖန်တီးမှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ပိုပြီးတိုးတက်လာဦးမယ့် ကစားသမားလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဖာဗာဟာ ဆန်ချိုကို ချီးကျူးခဲ့ပြီးတဲ့နောက်မှာ ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီးတော့ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကိုလည်း ထပ်မံချီးကျူးပြောပါတယ်။
8 months Ago

ဂျေဒန်ဆန်ချိုကို ရောင်းချမည်မဟုတ်ဟု ဒေါ့မွန်အသင်းပြော

ဂျေဒန်ဆန်ချိုကို ရောင်းချမှာမဟုတ်ကြောင်း ဒေါ့မွန် အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ပြောပါတယ်။ ဆန်ချိုကို မန်ယူနိုက်တက်အသင်းက ခေါ်ယူလိုနေပြီး အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်ခဲ့တာပါ။  ဒေါ့မွန် အားကစားဒါရိုက်တာကတော့ ဆန်ချိုကို အခုနှစ်ရာသီ အသင်းလူစာရင်းမှာ ဆက်ထားဖို့ စီစဉ်ထားပြီး ဒီစကားက မေးခွန်းအားလုံးအတွက် လုံလောက်မယ် ထင်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆန်ချိုရဲ့ ခြေစွမ်းနဲ့ လုပ်ခ ညီမျှအောင် လုပ်ဆောင်ပေးခဲ့သလို စာချုပ်သက်တမ်းကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးခဲ့ကြောင်းလည်း အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ပြောပါတယ်။  အင်္ဂလန် တောင်ပံတိုက်စစ်ကစားသမား ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုး ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ထိပ်တန်းကလပ်အများစုက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။
9 months Ago

ဒေါ့မွန်အသင်းလေ့ကျင့်ရေး ပြန်စ၊ ဂျေဒန်ဆန်ချိုနှင့် ဘယ်လင်ဟမ်တို့ ပါဝင်

ဒေါ့မွန်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို မနေ့က ပြန်လည်စတင်ရာမှာ  ဂျေဒန်ဆန်ချိုနဲ့ ဘယ်လင်ဟမ်တို့ ပါဝင်ပါတယ်။ တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားဖြစ်ပြီး အပြောင်းအရွှေ့သတင်း ထွက်ပေါ်နေတာပါ။ အသက်  ၂၀  အရွယ် အင်္ဂလန်ကစားသမား ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါ  ၇၈  ပွဲမှာ ဂိုး  ၃၀  သွင်းယူခဲ့ပြီး ဒေါ့မွန်အသင်းက  ယူရိုသန်း  ၁၂၀ ပေးချေမှ ရောင်းချမယ်လို့ သိရပါတယ်။ ဆန်ချိုဟာ မန်ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားပြီး ၅  နှစ် စာချုပ် ချုပ်ဆိုမယ်လို့လည်း သတင်းထွက်နေတာပါ။ အသက်  ၁၇  နှစ်ရှိ ကွင်းလယ်လူ ဘယ်လင်ဟမ်ကတော့ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းမှာ  ပွဲပေါင်း  ၄၀ ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့် ဒေါ့မွန်အသင်းက ခေါ်ယူခဲ့တာပါ။ ဒေါ့မွန်အသင်းဟာ အခုလအတွင်းမှာ  ဘွန်ဒက်စ်လီဂါရာသီသစ် အကြိုခြေစမ်းပွဲတွေ ကစားဖို့ရှိပါတယ်။
9 months Ago

ဆန်ချိုအတွက် ပေါင်သန်း ၆၀ ဖြင့် မန်ယူကမ်းလှမ်းချက် ဒေါ့မွန်လက်ခံ

ဒေါ့မွန်အသင်းဟာ ဂျေဒန်ဆန်ချိုအတွက် မန်ယူအသင်းရဲ့ ပေါင်သန်း ၆၀ နဲ့ ကနဦး ကမ်းလှမ်းချက်အပေါ် သဘောတူညီထားတယ်လို့ သတင်းထွက်နေပါတယ်။  အင်ဒီပန့်ဒန့် သတင်းစာရဲ့ဖော်ပြချက်အရ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် မန်ယူအသင်းရဲ့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းမှုကို သဘောတူထားပြီး ထပ်ဆောင်းရရှိနိုင်မယ့် ငွေကြေးပမာဏကိုသာ ဆွေးနွေးရတော့မယ်လို့ သိရပါတယ်။  ဆန်ချိုအတွက် ပေါင်သန်း ၁၀၀ အထိ ဒေါ့မွန်အသင်းက အလိုရှိခဲ့ပေမယ့် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ က နှစ်သင်းစလုံးအတွက် အဆင်ပြေနိုင်တဲ့ ပမာဏဖြစ်တယ်လို့ဆိုပါတယ်။  မန်ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့အကြား ဆွေးနွေးမှုတွေဟာ တရားဝင်အဆင့်တော့ ရောက်ရှိခြင်းမရှိသေးဘူးလို့ အင်ဒီပန့်ဒန့် သတင်းစာက ဖော်ပြခဲ့ပါတယ်။  အသက်၂၀ ရှိ အင်္ဂလန်တောင်ပံကစားသမားဆန်ချိုဟာ ၂၀၁၇ ခုနှစ်က မန်စီးတီးကနေ ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့သွားတာပါ။ ဆန်ချိုဟာ ပြီးခဲ့တဲ့နှစ် ဘွန်ဒက်စ်လီဂါ ၃၂ ပွဲကစားခဲ့ရာမှာ ၁၇ ဂိုးသွင်းပြီး ၁၇ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
9 months Ago

ဘယ်လင်ဟမ်ကို ကွင်းလယ်တိုက်စစ်နေရာတွင် အသုံးပြုရန် ဒေါ့မွန်နည်းပြ လျာထား

ဒေါ့မွန်နည်းပြ လူစီယန်ဖာဟာ အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ကွင်းလယ် တိုက်စစ်နေရာမှာ အသုံးပြုဖို့ လျာထားတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းရဲ့ ဘယ်တောင်ပံမှာ အများဆုံး ကစားခဲ့တာပါ။  နည်းပြ လူစီယန်ဖာဟာ ၃-၄-၃ နဲ့ ၄-၂-၃-၁ ကစားကွက်တွေကို အသုံးပြုမှာဖြစ်ပြီး ဘယ်လင်ဟမ်ကို ကွင်းလယ် နံပါတ် ၈ နေရာမှာ အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။  ဘယ်လင်ဟမ်အနေနဲ့ အမ်မရီချန်၊ ဂျူလီယန်ဘရန့်၊ ဝစ်ဆဲလ်တို့လို စီနီယာ ကစားသမားတွေနဲ့ နေရာလုရဖို့ ရှိပါတယ်။  ဘယ်လင်ဟမ်ကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေ ဖြစ်တဲ့ မန်ယူ၊ အာဆင်နယ် အစရှိတဲ့အသင်းတွေက ခေါ်ယူလိုပေမဲ့ ဒေါ့မွန်အသင်းက ပေါင် ၂၅ သန်းနဲ့ လက်ဦးမှုရယူပြီး ခေါ်ယူခဲ့တာပါ။  ဘယ်လင်ဟမ်အနေနဲ့ တစ်ပတ် လုပ်ခ ၁၄၅ ပေါင်သာ ရရှိနေတာကနေ ဒေါ့မွန်မှာတော့ တစ်ပတ်ကို ပေါင် ၅၀၀၀၀ အထိ တိုးမြှင့်ရရှိမယ်လို့ သိရပါတယ်။
10 months Ago

မန်ယူပစ်မှတ် ဘယ်လင်ဟမ်ကို ဒေါ့မွန်က ပေါင် ၁၈ သန်းဖြင့် ခေါ်ယူနိုင်တော့မည် 

ဒေါ့မွန်အသင်းဟာ မန်ယူအသင်းက ခေါ်ယူလိုနေတဲ့ ဘာမင်ဂမ် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။  ESPN ရဲ့ ဖော်ပြချက်အရ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ဘယ်လင်ဟမ်ကို ဒေါ့မွန်အသင်းက ပေါင် ၁၈ သန်းပေးချေပြီး လာမယ့်ရာသီမှာခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။  အင်္ဂလန်ကစားသမား ဘယ်လင်ဟမ်ဟာ ကွင်းလယ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားနိုင်ပြီး ဒေါ့မွန်က ဂျေဒန်ဆန်ချို လက်သစ်အဖြစ် ချီးကျူးခံနေရသူ ဖြစ်ပါတယ်။  မန်ယူအသင်းဟာလည်း အသင်းရဲ့လေ့ကျင့်ရေးကွင်းဆီ လာရောက်လည်ပတ်ဖို့အထိ ဘယ်လင်ဟမ်ကို ဖိတ်ခေါ်ခဲ့ဖူးပေမယ့် ဒေါ့မွန်က လက်ဦးမှုရယူနိုင်တော့မယ်လို့ သိရပါတယ်။  ဘယ်လင်ဟမ်ဟာ ချန်ပီယံရှစ်မှာ ၃၃ ပွဲအထိ ကစားထားပြီး ၄ ဂိုး သွင်းယူထားပါတယ်။ တစ်ပတ်လုပ်ခ ၁၄၅ ပေါင်သာ ရရှိနေတဲ့ ဘယ်လင်ဟမ်အနေနဲ့ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ကစားမယ်ဆိုရင် တစ်ပတ်လုပ်ခ ပေါင် ၆ သောင်းရရှိမယ်လို့သိရပါတယ်။
11 months Ago

တိုက်စစ်မှူး လီဝမ်းဒေါ့စကီး၊ ဟာလန်းတို့၏ သွင်းဂိုးများဖြင့် ဘိုင်ယန်နှင့် ဒေါ့မွန် အနိုင်ရ

မနေ့ည ယှဉ်ပြိုင်သွားတဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ နာမည်ကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ အသီးသီးအနိုင်ရသွားပါတယ်။   ဘိုင်ယန်မြူးနစ်က အိမ်ကွင်းမှာ ဖရိုင်းဘတ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေကို တိုက်စစ်မှူး လီဝမ်းဒေါ့စကီးက ၂ ဂိုး၊ ကင်မစ်ချ်က ၁ ဂိုး သွင်းယူပါတယ်။  ဒီပွဲမှာ လီဝမ်းဒေါ့စကီးက ဘွန်ဒတ်စလီဂါမှာ နိုင်ငံခြားသား ကစားသမားတွေထဲကနေ ၃၃ ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့တပတ်မှာ နိုင်ပွဲရပြီးကတည်းက ချန်ပီယံ ဖြစ်ထားတာပါ။  တဖက်မှာလည်း ဒေါ့မွန်အသင်းက အဝေးကွင်းမှာ လိုက်ဇစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်အတွက် အနိုင်ဂိုးတွေကို ဆက်ကျော်သက် လူငယ်တိုက်စစ်မှူး ဟာလန်းက သွင်းယူပါတယ်။  နော်ဝေ လူငယ်တိုက်စစ်မှူး ဟားလန်းဟာ ဒေါ့မွန်အတွက် ကစားခွင့်ရထားတဲ့ ၁၀ ပွဲမှာ ၁၃ ဂိုး သွင်းယူထားပါတယ်။  ဒီပွဲနိုင်တဲ့ ဒေါ့မွန်ဟာ ၆၉ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က ဘိုင်ယန်မြူးနစ်ရဲ့နောက် ၁၀မှတ် အကွာမှာ ရပ်တည်နေပါတယ်။
11 months Ago

ဆန်ချိုကို ဆက်ထိန်းထားနိုင်ရေး အာမမခံနိုင်ဟု ဒေါ့မွန်နည်းပြ ဝန်ခံ

တောင်ပံတိုက်စစ်မှူး ဂျေဒန်ဆန်ချိုကို ဆက်ထိန်းနိုင်မယ်လို့ အာမ မခံနိုင်ကြောင်း ဒေါ့မွန်နည်းပြ လူစီယန်ဖာက ဝန်ခံလိုက်ပါတယ်။  အင်္ဂလန်ကစားသမား ဆန်ချိုဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေပြီး မန်ယူအသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းတွေက ခေါ်ယူလိုနေတာပါ။  ဆန်ချိုရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုမှာ နည်းပြ လူစီယန်ဖာက ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ကြောင်း၊ ဆန်ချိုရော၊ နောက်ခံလူ ဟာကီမီရော အသင်းမှာ ဆက်ရှိစေချင်ပေမယ့် အသင်းကနေ ထွက်ခွာတာလည်း ဖြစ်နိုင်တယ်လို့ နည်းပြ ပြောပါတယ်။  ဆန်ချိုဟာ ဒေါ့မွန်နဲ့ ၂ နှစ်သက်တမ်းကျန်ရှိနေသေးပြီး လီဗာပူး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတွေကလည်း ခေါ်ယူလိုနေတာပါ။  ဒေါ့မွန်ဘက်ကတော့ အင်္ဂလန်လက်ရွေးစင် ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
11 months Ago

ဆန်ချို၏ ဟတ်ထရစ်ဂိုးအပါအဝင် ပါဒါဘွန်းကို ၆-၁ ဂိုးဖြင့် ဒေါ့မွန်အနိုင်ရ (ရုပ်သံ)

ဘွန်ဒက်စ်လီဂါ လက်ကျန်ပွဲစဉ် ၂ ပွဲကို မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဒေါ့မွန်နဲ့ မိုချန်ဂလာဘက်တို့ နိုင်ပွဲကိုယ်စီရခဲ့ပါတယ်။  ဒေါ့မွန်အသင်းက အမှတ်ပေးဇယားအောက်ဆုံးက ပါဒါဘွန်းနဲ့ ကစားခဲ့ရာမှာ နှစ်သင်းလုံး ပထမပိုင်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဒေါ့မွန်အသင်းက ၆ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။  ဒေါ့မွန်တိုက်စစ်မှာ ဟာလန်းနဲ့ မာကိုရွိုက်တို့ မပါခဲ့ပေမယ့် ဂျော်ဒန်ဆန်ချို၊ သော်ဂမ်ဟာဇက်နဲ့ ဂျူလီယန်ဘရန့်တို့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။  ဒေါ့မွန်အတွက် ဂိုးတွေကို ဆန်ချိုက ဟတ်ထရစ် သုံးဂိုး၊ ဟာဇက်၊ ဟာကီမီနဲ့ ရှမဲလ်ဇာတို့က ၁ ဂိုးစီသွင်းခဲ့ကြတာဖြစ်ပါတယ်။  ဒီပွဲအနိုင်ကြောင့် ဒေါ့မွန်အသင်းက ဘိုင်ယန်မြူးနစ်ကို ၇ မှတ်အကွာနဲ့ ဒုတိယနေရာကနေ ဆက်လက်ဖိအားပေးနေဆဲဖြစ်ပါတယ်။  မိုချန်ဂလာဘက်ကတော့ ယူနီယံဘာလင်ကို ၄ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။  ဒီပွဲအနိုင်ကြောင့် ဂလာဘက်အသင်းက လိုက်ဇစ်အသင်းထက် ၁ ပွဲပို ကစားပြီးချိန်မှာ အမှတ်ပေးဇယားအဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။
11 months Ago

ဒေါ့မွန်နှင့်ပွဲ၌ ကင်မစ်ချ် သွင်းခဲ့သည့်ဂိုးကို ပရိသတ်နှင့်ဘောလုံးသမားဟောင်းများ ချီးကျူး

ဒေါ့မွန် အသင်းနဲ့ ပွဲစဉ်မှာ  ဘိုင်ယန်မြူးနစ်အတွက် အနိုင်ဂိုးသွင်းခဲ့တဲ့ ဂျိုရူအာကင်မစ်ချ်ရဲ့ဂိုးကို အလွန်ကောင်းမွန်တဲ့ ဂိုးအဖြစ် ချီးကျူးနေကြပါတယ်။  ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ်ဟာ ပွဲချိန် ၄၂ မိနစ်မှာ ဒေါ့မွန်ဂိုးဧရိယာ ထိပ်နားကနေ  ဂိုးသမား ရိုမန်ဘာကီကို ကျော်ပြီး လှလှပပကန်သွင်းယူခဲ့တာပါ။  အဲဒီဂိုးနဲ့ပတ်သက်ပြီး ကင်မစ်ချ်ရဲ့  ကျွမ်းကျင်မူနဲ့ ထူးကဲ ကောင်းမွန်တဲ့ ဘောလုံးထိချက်အပေါ် ပရိသတ်တွေနဲ့ ဘောလုံးသမားဟောင်းတွေက ချီးကျူးခဲ့ကြတာပါ။  ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန် ရိုက်ကလည်း ကင်မစ်ချ်ကို ချီးကျူးလိုက်ပြီး ထိပ်တန်းကစားသမားတဦးဖြစ်တယ်လို့ ဆိုပါတယ်။  အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကလည်း အလွန်အဆင့်အတန်းမြင့်တဲ့ ဂိုးအဖြစ် ချီးကျူးခဲ့ပါတယ်။  ပရိသတ်တချို့ကတော့ ကင်မစ်ချ်ရဲ့ ဂိုးကောင်းမွန်ပေမယ့် ဒေါ့မွန် ဂိုးသမား ဘာကီရဲ့ အမှားလည်းမကင်းကြောင်း သုံးသပ်ခဲ့ကြပါတယ်။  ဘိုင်ယန်မြူးနစ်အသင်းဟာ ကင်မစ်ချ်ရဲ့ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက ဒေါ့မွန်အသင်းကို ၇ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ 
11 months Ago

ဘိုင်ယန်မြူးနစ်အသင်း ဒေါ့မွန်ကို အနိုင်ယူပြီး ၇ မှတ်ဖြတ် ဦးဆောင်

မနေ့ညက ကစားသွားတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာ ဘိုင်ယန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးက ၂ သင်း တွေ့ဆုံပွဲဖြစ်လို့ အကြိတ်အနယ်ရှိခဲ့ပြီး ကွင်းလယ်လူ ဂျိုရူအာကင်မစ်ချ်ရဲ့ ဂိုးနဲ့ ဘိုင်ယန်အသင်း နိုင်ပွဲရခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ဘိုင်ယန်အသင်းက ဒေါ့မွန်ကို ၇မှတ် ဖြတ်နိုင်ခဲ့ပြီး လက်ကျန် ၈ ပွဲအလိုမှာ ချန်ပီယံဆုဖလားကို ဆက်ထိန်းဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။ ဒေါ့မွန် တိုက်စစ်မှာ ဟာလန်း ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဂျေဒန်ဆန်ချိုနဲ့ အမ်မရီချန်ကို လူစားလဲ အသုံးပြုခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုးမရခဲ့ဘဲ ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
12 months Ago

ဒေါ့မွန်ကို ပထမအကျော့ကလို ဂိုးပြတ်နိုင်ရန် မလွယ်ဟု ဘိုင်ယန်နည်းပြ သုံးသပ်

ဒေါ့မွန်အသင်းကို ပထမအကျော့ကလို ဂိုးပြတ်နိုင်ဖို့ မလွယ်ကူတော့ကြောင်း ဘိုင်ယန်မြူးနစ် နည်းပြ ဖလစ်ခ်က ပြောပါတယ်။ ဘိုင်ယန်နဲ့ ဒေါ့မွန်အသင်းတို့ဟာ ဒီကနေ့ည ၁၁ နာရီမှာ ဒေါ့မွန်ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။ ပထမအကျော့ ဘိုင်ယန်မြူးနစ်ကွင်းမှာတုန်းက ဘိုင်ယန်က ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။  လက်ရှိအချိန်မှာတော့ ဒေါ့မွန်အသင်းက အကောင်းဆုံးခြေစွမ်းရရှိနေပြီး ကစားသမားကောင်း ၂ ဦးလည်း ခေါ်ယူအားဖြည့်ထားတယ်လို့ ဘိုင်ယန်နည်းပြက ပြောပါတယ်။  ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ် ကွင်းလယ်လူ အမ်မရီချန်ကို အငှားနဲ့ ခေါ်ယူထားသလို တိုက်စစ်မှူး ဟာလန်းကိုလည်း ခေါ်ယူထားတာ ဖြစ်ပါတယ်။  ဒေါ့မွန်နည်းပြ လူစီယန်ဖာကတော့ ရာသီအကြို ဂျာမန်စူပါဖလားမှာတုန်းက အိမ်ကွင်းမှာပဲ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ဖူးတာကို ပြန်လည်ပြောပြသွားပြီး အဲဒီလိုရလဒ်ကောင်း ပြန်ရဖို့ ကြိုးပမ်းမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
12 months Ago

အေဂျက်ဇ်၊ ဒေါ့မွန်အသင်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်  မြန်မာဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ဟော်လန်ကလပ် အေဂျက်ဇ်၊ ဂျာမနီကလပ် ဒေါ့မွန်အသင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ အဲဒီ ၂ သင်းထဲကနေ ဘယ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ ဆွေးနွေးနေဆဲ ဖြစ်ပြီး အေဂျက်ဇ်အသင်းနဲ့ ပူးတွဲလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။ အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် လက်ရှိ  မြန်မာဘောလုံးအကယ်ဒမီတွေမှာ နည်းစနစ်ဒါရိုက်တာဟောင်း အဲရစ် လုပ်ဆောင်ခဲ့တဲ့အတိုင်း အပြောင်းအလဲ သိပ်မရှိဘဲ လုပ်ဆောင်နိုင်တယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။ ဟော်လန်ကလပ် အေဂျက်ဇ်အသင်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာလူငယ်တွေအနေနဲ့ ဥရောပကို ထွက်ကစားနိုင်မယ့် နည်းလမ်းလည်း လမ်းပွင့်သွားနိုင်ပြီး အကယ်ဒမီတွေရဲ့ သင်ကြားမှုတွေဟာလည်း ကမ္ဘာ့အဆင့်ဝင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကမ်းလှမ်းဆဲ အခြေအနေသာဖြစ်ပြီး ငွေကြေး ဘယ်လောက်ပေးရမလဲ ဆိုတာကိုတော့ ကနဦးဆွေးနွေးမှုတွေ ပြုလုပ်တဲ့အချိန်ရောက်မှ သိရှိရမယ်လို့ သိရပါတယ်။ ပူးပေါင်းဆောင်ရွက်ခွင့်ရမယ် ဆိုရင်တော့မြန်မာ ကစားသမားတွေအတွက် အကျိုးရှိစေမယ့်အပြင် မြန်မာနည်းပြတွေဟာလည်း  အေဂျက်ဇ်နည်းပြတွေဆီမှာ လေ့လာသင်ကြားနိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
12 months Ago

ရာသီအကုန်တွင် ဂေါ့ဇီ ထွက်ခွာမည်ဟု ဒေါ့မွန်အားကစားဒါရိုက်တာ အတည်ပြု

ဒေါ့မွန်ကွင်းလယ်တိုက်စစ်ကစားသမား ဂေါ့ဇီဟာ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာ မယ်လို့ အသင်းအားကစားဒါရိုက်တာ မိုက်ကယ်ဇော့က အတည်ပြုလိုက်ပါတယ်။  မာရီယို ဂေါ့ဇီနဲ့  ကာလကြာရှည် ဆွေးနွေးပြီးတဲ့နောက်မှာ  စာချုပ်သက်တမ်း ဆက်လက်တိုးမြှင့်တော့မှာမဟုတ်ကြောင်း သဘောတူညီခဲ့တယ်လို့ အားကစာဒါရိုက်တာ မိုက်ကယ်ဇော့က အတည်ပြုခဲ့တာပါ။  အသက် ၂၇ နှစ်ရှိ ဂျာမနီလက်ရွေးစင် ဂေါ့ဇီဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားဘက်ကို အနိုင်ဂိုးသွင်းပြီး ဂျာမနီအသင်းကို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်စေခဲ့သူပါ။  လက်ရှိ ဒေါ့မွန်အသင်းကို နည်းပြ လူစီယန်ဖာက ၃-၄-၃ ကစားကွက်နဲ့ အကောင်းဆုံး ဦးဆောင်နေပြီး အဲဒီကစားကွက်မှာ ဂေါ့ဇီအနေနဲ့ ပွဲထွက်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောကြာထားတာပါ။  ဂေါ့ဇီဟာ  အသက် ၉ နှစ် ကတည်းက ဒေါ့မွန်အသင်းမှာ ရောက်ရှိနေသူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အသင်းကို တကျော့ပြန်ရောက်ရှိလာခဲ့ပြီး စုစုပေါင်း ပွဲ ၁၀၂ မှာ ၁၄ ဂိုးသွင်း ယူပေးထားပါတယ်။ 
12 months Ago

ဝုဖ်ဘက်နှင့်ပွဲ ရှော်ကေးပွဲစဉ်ထက် ပိုခက်မည်ဟု ဒေါ့မွန်နည်းပြပြော

ဝုဖ်ဘက်အသင်းနဲ့ပွဲစဉ်မှာ ရှော်ကေးနဲ့ အိမ်ကွင်းပွဲစဉ်ထက် ပိုမိုခက်ခဲလိမ့်မယ်လို့ ဒေါ့မွန် နည်းပြ လူစီယံဖာက ပြောပါတယ်။  ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ရှော်ကေးကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဝုဗ်ဘက်အသင်းအိမ်ကွင်းမှာ ဒီကနေ့ည ၈ နာရီ သွားရောက်ရင်ဆိုင်ရမှာပါ။  ဝုဖ်ဘက်အသင်းဟာ နောက်ဆုံး ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ဥရောပဝင်ခွင့်အတွက် ရည်မှန်းနေတဲ့ အသင်းဖြစ်တာကြောင့် ရှော်ကေးနဲ့ ပွဲစဉ်ကထက် ခက်ခဲလိမ့်မယ်လို့ ဒေါ့မွန်နည်းပြက ပြောပါတယ်။  အသင်းမှာ ဒဏ်ရာပြဿနာတချို့ရှိပေမယ့် ပြဿနာမရှိနိုင်ကြောင်းလည်း ဒေါ့မွန်နည်းပြက ဆိုပါတယ်။  ဒေါ့မွန်အသင်းမှာ ကွင်းလယ်လူ ဝစ်ဆဲလ်၊ အမ်မရီချန်နဲ့ မာကိုရုစ်တို့ ဆက်ပြီးလွဲချော်ဖို့ရှိပါတယ်။  ဝုဖ်ဘက်နည်းပြ အိုလီဗာဂလက်စ်နာကတော့ ၃-၄-၃ ကစားကွက်နဲ့ တပွဲကို ပျမ်းမျှ ၃ ဂိုးလောက် သွင်းနေတဲ့ ဒေါ့မွန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် အိမ်ကွင်းမှာ အနိုင်ရရှိဖို့အတွက် အရာအားလုံး ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
12 months Ago

ကွင်းပိတ်ကစားသည့် ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ဒေါ့မွန်က ရှောကဲကို ၄ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ဥရောပတလွှား ဘောလုံးပွဲစဉ်တွေထဲမှာ အစောဆုံးအဖြစ် ဂျာမန် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေ မေ ၁၆ ရက်ညက ပြန်လည် စတင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ပြီး ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးထားပါတယ်။   မနေ့က ကန်တဲ့ပွဲတွေထဲမှာ ဒေါ့မွန်အသင်းက အိမ်ကွင်းမှာ ရှောကဲကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒေါ့မွန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ရှောကဲက အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး ဟာလန်းက ၁ ဂိုး၊ ရာဖယ်ဂူရိုရိုက ၂ ဂိုးနဲ့ သော်ဂန်ဟာဇက်က ၁ ဂိုး အသီးသီး သွင်းယူပါတယ်။ အခုပြန်စတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေမှာ ကစားသမား လူစားလဲတာကို ၅ ဦးအထိ ခွင့်ပြုပေးထားပါတယ်။ ဒီပွဲနိုင်တဲ့ ဒေါ့မွန်က အမှတ်ပေးဇယားထိပ်က တပွဲလျော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
12 months Ago
More News
Up