Search Results For: ထိုင်း

ထိုင်းက တရုတ်ထက် ကိုဗစ်-၁၉ ကူးစက်ခံရမှု ကျော်လွန်လာပြီး ၁ သိန်းနီးပါးရှိ

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံဟာ ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ်နိုင်ငံကို ကျော်လွန်လာခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက် ၁ သိန်းနီးပါးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၄၈၀၀၀ နီးပါး၊ သူ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၉၀၀၀ ကျော်နဲ့ အသီးသီးရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၄ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၁၈၀၀ ကျော်၊ မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ ၃၂၀၀ ကျော်စီ ရှိနေတာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းနဲ့ ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံကတော့ ရောဂါကူးစက်ခံရသူဦးရေ ၉ သောင်း ၉ ထောင်ကျော်နဲ့ သေဆုံးသူ ၅၆၅ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံး အဆင့် ၅ ဖြစ်လာခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက် ရှိနေတာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူဦးရေ ၆ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၁ ယောက်ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၁၄၇ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၈၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် ၃၆ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၃၂ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူအရေအတွက် ၁၅၇၀ နဲ့ သေဆုံးသူ ၂ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၆၂ ဒသမ ၆ သန်းကျော်၊ သေ ဆုံးသူ ၃၃ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ သန်း ၁၄၀ ကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၆ သိန်းနီးပါး ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၂၄ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၆ သောင်းကျော်နဲ့ ရှိနေတာ ဖြစ်ပါတယ်။

14 hours Ago

ထိုင်းဝန်ကြီးချုပ်က ကုလအထူးကိုယ်စားလှယ်နှင့် မြန်မာအရေးဆွေးနွေး ပန်းလက်ဆောင်ပေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂီနာကို  ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချား ကလက်ခံတွေ့ဆုံ မြန်မာ့အရေးဆွေးနွေးပြီးနောက် ပန်းတစ်ပွင့်လက်ဆောင်ပေး လိုက်ပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့က ထိုင်းအစိုးရအိမ်တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ရုံးမှာစိုက်ထားတဲ့ ဇီဇဝါပန်းပင်ကနေ အဖြူရောင်ပန်းတစ်ပွင့် လက်ဆောင် ပေးလိုက်တာလို့ ထိုင်းသတင်းတွေမှာ ရေးပါတယ်။

တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စတွေနဲ့ ပြီးခဲ့တဲ့လက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ခေါင်းဆောင်များအစည်းဝေးမှာ ရရှိခဲ့တဲ့  ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့  .llpch.news  ထိုင်းသတင်းမှာရေးပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ စစ်ဘေးရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ အန္တရာယ်နဲ့တွေ့ကြုံရအောင် ပြန်တွန်းပို့မှာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ကတိပြုပြောကြားခဲ့တယ်လို့လည်းသိရပါတယ်။ 

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂီနာကို မြန်မာ အာဏာသိမ်းစစ်ကောင်စီက ပြည်ဝင်ခွင့်မပေးတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ပြီး သံတမန်နည်းလမ်းနဲ့ မြန်မာ့အရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit-Aey Sahattaya &llpch

2 days Ago

ထိုင်းနိုင်ငံတွင် တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံ ၄၈၈၇ ဦး စံချိန်တင်တွေ့ရှိ

ထိုင်းနိုင်ငံမှာ မေလ ၁၃ ရက် တရက်တည်းမှာ ထောင်သား ၂၈၃၅ ယောက် အပါအဝင် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံ ၄၈၈၇ ယောက် တွေ့ခဲ့တဲ့အတွက် တရက်အတွင်း အသစ်ကူးစက်ခံ အများဆုံး စံချိန်သစ် တင်သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း လူတွေ ကြပ်ညပ်နေတဲ့ ထောင်စနစ်ကြောင့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အုပ်စုသစ်ဖြစ်လာတဲ့အတွက် ကပ်ဘေးစချိန်ကနေ ခုထိ ကူးစက်ခံ စုစုပေါင်း ၉၃၇၉၄ ယောက် ရှိသွားပါပြီ။

ထောင်က အဆောင် အားလုံးကို လုံးဝပိတ်ထား လိုက်ပြီး ကူးစက်ခံ အကျဉ်းသားတွေအတွက် တချို့ နေရာတွေမှာ ယာယီ ဆေးရုံတွေ ဆောက်ထား ပြီးပြီလို့ အကျင့်စာရိတ္တ ပြုပြင်ထိန်းသိမ်းရေးဌာနညွှန်ချုပ်က မနေ့က အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုအတွင်း လူငယ်ခေါင်းဆောင် ဖြစ်သူ ပါနုပွန် မိုက်ခ် ဂျဒ်နော့ခ်ဟာလည်း ဘန်ကောက်ထောင်ထဲမှာ ထိန်းသိမ်းခံရင်း တရားရင်ဆိုင်နေချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။

အရင်အပတ်က အာမခံနဲ့ ပြန်လွတ်လာတဲ့ တယောက်ဟာလည်း ပြန်လွတ်လွတ်ချင်း ရောဂါ ကူးစက်ခံ ထားရမှန်းသိလို့ ဆေးရုံတက် ကုသခဲ့ရတယ်လို့ မေလ ၁၂ ရက်က တွစ်တာ လူမှုကွန်ယက်ပေါ် ကနေ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ် -၁၉ ကူးစက်ခံ သေဆုံးသူ အသစ်  ၃၂ယောက် ရှိတယ်လို အစီရင်ခံထားလို့ စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၅၁၈ ယောက် ရှိသွားပါပြီ။ 

3 days Ago

မြန်မာအလှမယ် ထားထက်ထက်ဒေသတွင်းမီဒီယာများနှင့် ထိုင်းလူမှုကွန်ရက်တွင် ရေပန်းစားနေ

စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ဖို့ တိုင်းရင်းသားတော်လှန်ရေးနယ်မြေမှာ သွားရောက် စစ်ရေးလေ့ကျင့်နေတဲ့ မြန်မာပြည်က အလှမယ် ထားထက်ထက်အကြောင်းကို ထိုင်း၊ ကိုရီးယား၊ ဟောင်ကောင်နဲ့ စင်ကာပူစတဲ့ ဒေသတွင်းသတင်း မီဒီယာတွေမှာ အသားပေး ဖော်ပြပြီးနေပြီး ထိုင်းလူမှုကွန်ရက်တွေမှာလည်း ရေပန်း စားနေပါတယ်။

အလှမယ်ထားထက်ထက်ဟာ တော်လှန်ရေးနယ်မြေထဲရောက်နေတာ ၁ လနဲ့ ၁၁ ရက်ရှိသွားပြီဖြစ်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ သေနတ်လွယ်ထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ရာက ထိုင်းသတင်းတွေကလည်း သူ့ အကြောင်းကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ 

.komchadluek. သတင်းမှာဆိုရင် ခေါင်းကြီးပိုင်းမှာ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေးဗားရားရဲ့ ခြေလှမ်းနောက်လိုက်မယ့် မြန်မာအလှမယ်၊ အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကို လက်နက်ချင်းယှဉ်ပြိုင်ဖို့ တောခိုခဲ့တဲ့  မြန်မာအလှမယ် ဆိုပြီး  ဖော်ပြထားပါတယ်။

သူမဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် အသက်ကိုစွန့်ပြီး တော်လှန်သွားမယ့်အကြောင်း၊ တော်လှန်ရေးမှာ လက်နက်အားဖြင့်သော်လည်းကောင်း၊ ကလောင်သွားဖြင့်သော်လည်းကောင်း၊   ကီးဘုတ်ဖြင့်လည်းကောင်း၊ ငွေကြေးထောက်ပံ့ခြင်းဖြင့်လည်းကောင်း  တတ်နိုင်တဲ့ဘက်က ဝိုင်း လုပ်မှ အောင်မြင်မယ့်အကြောင်း အလှမယ်ထားထက်ထက်က သူ့ ကိုယ်ပိုင်လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ 

News 1 Live သတင်းမှာတော့ အာဏာရှင်အစိုးရကို လက်နက်ကိုင်တော်လှန်ဖို့တော ခိုသွားတဲ့ မြန်မာအလှမယ် ထားထက်ထက် ဆိုတဲ့ခေါင်းစဉ်နဲ့ ဖော်ပြပါတယ်။ 

အဆိုပါသတင်းမှာတော့ ထားထက်ထက်ဟာ အသက် ၂၄ နှစ်ရွယ် လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ထိုစဉ်က သူမဟာ ပထမဆုမရခဲ့ပေမယ့် ဆန်ကာတင်အလှမယ် ၂၀ ဦးမှာပါဝင်ခဲ့သလို အမျိုးသားဝတ်စုံပြိုင်ပွဲ ဆန်ကာတင် ၁၀ ဦးထဲ ပါဝင်ပြီး vote အများဆုံးနဲ့ Miss Popular ဆုကိုရခဲ့တယ်လို့ ဖော်ပြပါတယ်။ 

အဲဒီပြိုင်ပွဲမှာ ဆုငွေ ဒေါ်လာ ၃၀၀၀ ရခဲ့ပြီး  သူကအဆိုပါဆုငွေကို ပရဟိတလုပ်ငန်းအတွက် သုံးစွဲသွားမယ်လို့ ပြောဆိုခဲ့တာမို့ သူမရဲ့မွန်မြတ်တဲ့စိတ်ထား ပေါ်လွင်ခဲ့ကြောင်း၊ ဒါ့အပြင် သူဟာ လူငယ်တွေကိုကာယလေ့ကျင့်ခန်းသင်တန်းပေးနေတဲ့ စေတနာ့ဝန်ထမ်းဆရာမ၊  သက်ကြီးရွယ်အိုနဲ့ ဝေဒနာရှင်တွေ စောင့်ရှောက်ကူညီရေးလုပ်ငန်း ဆောင်ရွက်သူဖြစ်ကြောင်း၊ အခုချိန်မှာတော့ သူဟာ စစ်အာဏာရှင် အစိုးရကို တော်လှန်ဖို့ သေနတ်ကိုင်ဆောင်နေတဲ့ တော်လှန်ရေး သမားဖြစ်နေပြီလို့ ရေးသားဖော်ပြပါတယ်။ 

The voice TV သတင်းမှာတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ဆန္ဒပြပွဲ ၊ အဖမ်းအဆီးသတင်း၊ တိုက်ပွဲသတင်းတွေကြား ရေပန်းစားနေတာကတော့ အလှမယ်တစ်ဦး တောခိုသွားတဲ့ အကြောင်း ဖြစ်တယ်၊ လူမှုကွန်ရက်မှာ ဖော်လိုဝါ ၃ သိန်းကျော်ရှိတဲ့  Miss Grand Myanmar ထားထက်ထက်ဟာ နှစ်ပေါင်း ၆၀ ကျော် မြန်မာပြည်သူပြည်သားတိုင်းရင်းသားတွေပေါ် ဖိနှိပ်လာတဲ့ စစ်အာဏာရှင် အဆုံးသတ်ဖို့ အသက်နဲ့ရင်းပြီး လက်နက်ကိုင်တိုက်ပွဲဝင်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားတယ်လို့ဖော်ပြပါတယ်။ 

အဆိုပါသတင်းဌာနတွေရဲ့ လူမှုကွန်ရက်ပို့စ်တွေမှာတော့  ထိုင်းလူမျိုးအများစုက ထားထက်ထက်ကို အားပေးတဲ့အကြောင်း မှတ်ချက်တွေ ရေးသားထားကြပါတယ်။

ထိုင်းပြည်သူ တချို့ကလည်း “  တို့ဆီကအလှမယ်တွေနဲ့တော့ကွာပ” ။  “  တို့ဆီကအလှမယ်တွေကသူများကိုမြူဆွယ်ဖို့ပဲတတ်တယ်”။  “ထိုင်းအလှမယ်တွေ စံနမူနာကြည့်ထားကြ”။   “  သူဟာ ကမ္ဘာ့အလှမယ်သရဖူမဆောင်းရပေမယ့် ကမ္ဘာကလူတွေရဲ့နှလုံးသားကိုတော့ရလိုက်တယ်”။  “ ဘေးကင်းပါစေ”။ “ မြန်မာစစ်အာဏာရှင်ကို အပြုတ်တိုက်နိုင်ပါစေ”။ “ မွန်မြတ်လှပါတယ် ”။ “ အောင်မြင်ပါစေ ”စသဖြင့် မှတ်ချက်တွေ ရေးသားထားကြပါတယ်။ 

3 days Ago

ထိုင်းသို့ တရားမဝင် ဝင်လာသူများကို တင်ဆောင်လာသည့်ကားမှောက်၊ မြန်မာ ၆ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ မေလ ၁၂ ရက်က တရားမဝင် ဝင်ရောက်သူတွေ တင်ဆောင်လာတဲ့ကားက  စစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ထွက်ပြေးစဉ် ယာဉ်တိုက်မှုဖြစ်ပွားပြီး  မြန်မာ ၆ ဦးဒဏ်ရာရသွားပါတယ်။

ထောင်းဖာဖူးမြို့နယ်ထဲကို တဘက်နိုင်ငံက တရားမဝင်သူတွေ လှေနဲ့စီးပြီးဝင်ရောက်လာကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေက နေရာ အသီးသီးမှာ စောင့်ကြပ်ခဲ့ပါတယ်၊  မေလ ၁၂ ရက် မနက် ၃ နာရီလောက်မှာတော့ ခနွန်ခလီရွာ ဘက်ကနေ မောင်းလာတဲ့ကား ၃ စီးကိုတွေ့လို့ တာဝန်ရှိသူတွေက လူယောင်ပြထွက်ပြီး တားဆီးဖို့ ပြင်ခဲ့ကြောင်း၊ တာဝန်ရှိသူတွေကိုတွေ့တော့ ပထမဆုံးကားက ချက်ချင်း နောက်ပြန်လှည့်ပြီး အမြန်မောင်းစဉ်နောက်ကလိုက်လာတဲ့ကားနဲ့ မျက်နှာချင်းဆိုင်ပြန်တိုက်မိပြီး ၁ စီးက တိမ်းမှောက်သွားကာ နောက်တစီးမှာ ကားခေါင်းတခုလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေရောက်သွားချိန်မှာ ကားမောင်းသမား ၃ ဦးလုံး မှောင်ရိပ်ခို ထွက်ပြေးသွားပြီး ထိခိုက်ဒဏ်ရရသူ ၆ ဦးတွေ့ကြောင်း၊ သူတို့ကို ထောင်းဖာဖူး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်သူတွေကိုစစ်ဆေးရာထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်အထောက်အထား တစုံ တရာမရှိတဲ့အတွက် အဆိုပါ ကား ၃ စီးကနေ တရားမဝင် ဝင်ရောက်သူပေါင်း ၄၅ ဦးနဲ့ လမ်းပြ ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

နောက်ထပ် တရားမဝင်သူတွေတင်ဆောင်လာတဲ့ ကားရှိနေသေးကြောင်းသတင်းရတဲ့ အတွက်တာဝန်ရှိသူတွေက နယ်မြေထဲလိုက်လံရှာဖွေရာမှာ မနက် ၈ နာရီမှာတော့ တော အုပ်အနီး လမ်းဘေးမှာရပ်ထားတဲ့ ဟိုင်းလပ်ကား ၁ စီးပေါ်ကနေ နောက်ထပ်တရားမဝင် ဝင်ရောက်သူ ၃၁ ဦးကို ကားသမား ၁ ဦးနဲ့အတူ ဖမ်းမိခဲ့ပါတယ်။ အဆိုပါ ကား ၄ စီးမှာ တစ်ဖွဲ့ တည်းဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက်သွားပြီးအလုပ်လုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၆၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနေ့ ည ၉ နာရီလောက်မှာလည်း ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စုရှိ တောအုပ်ထဲကနေ တရားမဝင်ဝင်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်းဘက် ဆက်လက်ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူတို့တွေဟာ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ကဖြစ်ပြီး တောထဲကနေ ၄ ရက်က ခြေလျင်လျှောက်ခဲ့ရကြောင်း၊ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့က တနေ့တည်းမှာဘဲ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူပေါင်း ၁၀၆ ဦး အဖမ်း ခံခဲ့ရတယ်လို့ the reporters ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဖမ်းဆီးခံရသူတွေ အားလုံးကို ကိုဗစ် - ၁၉ ရောဂါအခြေခံစစ်ဆေးပြီး လဝက ဥပဒေနဲ့အရေးယူကာ ပြည်နှင်ဒဏ်ပေးမယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ 

3 days Ago

ကိုဗစ်ကာလ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ရန် အခက်ကြုံနေ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်တာကို ထိန်းချုပ်ဖို့ ခရိုင်သွားလာ ဖြတ်သန်းခွင့်ကို အာဏာပိုင်တွေက ပိတ်လိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲကြုံတွေ့နေရပါတယ်။

ထိုင်းလဝကနဲ့ ထိုင်းနိုင်ငံအကျိုးဆောင်အဖွဲ့တို့ပူးပေါင်းပြီး နယ်စပ်ကိုပြန်ပို့ခံရဖို့ ငွေကြေးပေး အဖမ်းခံတဲ့ ပုံစံနဲ့ ပြန်လာရသူတွေ အများအပြားရှိနေတယ်လို့  နေရပ်ပြန်မြန်မာတွေကိုကူညီပေးနေသူတွေကပြောပါတယ်။

မြဝတီ- မဲဆောက် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၂ မှာ မေလ ၅ ရက်နေ့ကစပြီး တစ်ရက်ကို ပြည်တော်ပြန် အယောက် ၂၀၀ အထိဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တစ်ရက်ခြားတစ်ခါပဲ လက်ခံတော့မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ကိုဗစ်ကြောင့် နေရပ်ပြန်သူတွေကို အရင်က ထိုင်းအစိုးရက စားစရိတ်အတွက် ထောက်ပံ့ခဲ့ပေမယ့် လက်ရှိမှာတော့ ကျွေးမွေးတာတွေ မရှိတော့ပါဘူး။

ထိုင်းရောက်မြန်မာတွေ နေရပ်ပြန်တဲ့အခါမှာ ကလေးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေကို ထိုင်းအာဏာပိုင်တွေက ဦးစားပေး ပြီးပြန်လွှတ်ပေးနေပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မြို့၊ ဖုတ်ဖရမြို့၊ မယ်လမတ်မြို့၊ အုန်းဖန်မြို့၊ တာဆောင်ရမ်းမြို့က မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားဟာ နေရပ်ပြန်ဖို့ကြိုးစားနေကြတာ ဖြစ်ပါတယ်။ 

5 days Ago

ထိုင်းတွင် အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ တွေ့ရှိသဖြင့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ ၃ နိုင်ငံကို ဗီဇာပိတ်

ထိုင်းနိုင်ငံမှာ အိန္ဒိယမျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုအသစ် တွေ့ရှိပြီးနောက် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါ ၃ နိုင်ငံကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက် တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ နိုင်ငံ ၃ နိုင်ငံက ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ခရီးသွားဝင်ရောက်ခွင့်ကို မေ ၁၀ ရက်နေ့က စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး ခုလိုပိတ်ပင်မှုဟာ အသက် ၄၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် ထိုင်းအမျိုးသမီးတယောက်မှာ အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ ကူးစက်မှုအသစ် တွေ့ရှိပြီးနောက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ပါကစ္စတန်နိုင်ငံကနေ ပြန်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ကာ ကွာရန်တင်းဝင်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသမီးနဲ့ သူ့ရဲ့ အငယ်ဆုံးသားဖြစ်သူတို့ဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ဖြစ်လာခဲ့တယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံထိန်းချုပ်ရေးစင်တာက ပြောပါတယ်။

ပါကစ္စတန်သံရုံးကတော့ ထိုင်းခရီးသွားဗီဇာကလွဲလို့ ထိုင်းဗီဇာကိုင်ဆောင်ထားတဲ့ သူတွေအနေနဲ့ လာမယ့် မေ ၁၅ ရက်မတိုင်ခင်အထိ ခရီးသွားလာမှုတွေ ပြုလုပ်နိုင်တယ် လို့ ပြောပါတယ်။

      ထိုင်းနိုင်ငံသားတွေနဲ့ သံတမန်ပတ်စ်ပို့ ကိုင်ဆောင်သူတွေကတော့ ဒီပိတ်ပင်မှုမှာ မပါဝင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈ သောင်းခွဲကျော်နဲ့ သေဆုံးသူ ၄၂၁ ယောက် ရှိနေပါတယ်။

6 days Ago

ထိုင်းက စင်ကာပူကို ကျော်လွန်ပြီး အာဆီယံဒေသတွင်း ကိုဗစ်-၁၉ ကူးစက်မှုအမြင့်ဆုံး အဆင့် ၅ ဖြစ်လာ

လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံဟာ ဒေသတွင်း စင်ကာပူနိုင်ငံကို ကျော်လွန်ကာ အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ကူးစက်မှု အမြင့်ဆုံး အဆင့် ၅ ဖြစ်လာခဲ့ပါတယ်။

အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ သန်းချီကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံက ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူဦးရေ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၄၆၀၀၀ ကျော်၊ သူ့နောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သန်းကျော်နဲ့ သေဆုံးသူ ၁၇၀၀၀ ကျော်နဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၄ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၁၆၀၀ နီးပါး၊ မြန်မာနိုင်ငံက ရောဂါကူးစက်ခံရသူဦးရေ ၁ သိန်း ၄ သောင်းကျော်နဲ့ သေဆုံးသူ ၃၂၀၀ ကျော်စီ ရှိနေတာပါ။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု တတိယလှိုင်းနဲ့ ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံကတော့ ရောဂါကူးစက်ခံရသူဦးရေ ၇ သောင်း ၆ ထောင်ကျော်နဲ့ သေဆုံးသူ ၃၃၆ ယောက်ရှိနေပြီး ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံကို ကျော်တက်သွားခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူဦးရေ ၆ သောင်း ၁ ထောင်ကျော်နဲ့ သေဆုံးသူ ၃၁ ယောက်ရှိနေတာပါ။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၇၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၁၄ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃ ထောင် ကျော်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၂၈ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံရသူ ၁၀၇၂ ယောက် ရှိနေပေမယ့် သေဆုံး လူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ ၁၅၅ ဒသမ ၈ သန်းကျော်၊ သေ ဆုံးသူ ၃၂ သိန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက်ကတော့ ၁၃၃ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၃ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၅ သိန်း ၉ သောင်းကျော် ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၁ သန်းကျော်၊ သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်နဲ့ ရှိနေ တာ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်းကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၉၆ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

1 week Ago

ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် တရက်တည်း ၃၁ ဦး သေဆုံးပြီး စံချိန်သစ်တင်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် တရက်တည်းလူ ၃၁ ယောက် သေဆုံးပြီး ကူးစက်မှုအသစ် ၂၀၄၁ ယောက်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ၂ ရက်ပေါင်း ၂၁ ယောက် သေဆုံးမှု ထက် ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ် အနေနဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှု နှုန်းတွေ ၂ ဆကျော် မြင့်တက်နေခဲ့တာဖြစ်ကာ အဲဒီထဲမှာ ကူးစက်မှုနှုန်း ရာခိုင်နှုန်း ၇၀ အထိ ပိုမိုမြန်ဆန်တဲ့ UK Variant (B.1.1.7) ကူးစက်မှုတွေလည်း အပါအဝင် ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

      ခုလိုသာ သေဆုံးမှုနှုန်းတွေ ဆက်လက်ပြီးတော့ မြင့်တက်နေမယ်ဆိုရင် နိုင်ငံ့အနေနဲ့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆီရိရတ်ဂျ်ဆေးရုံ ဆေးပညာဌာနမှ ဌာနမှူး ဒေါက်တာ ပရာဆစ် ဝပ်ထနာပါက ပြောပါတယ်။

       “ဆိုလိုတာကတော့ ကျနော်တို့အနေနဲ့ တကယ့်အကြပ်အတည်းအဆင့်ကို ဦး တည်နေပြီလို့ ဆိုလိုတာပါ”

ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း Mask တွေ ဝတ်ဆင်တာ၊ လက်ဆေးတာ၊ ကာကွယ်ဆေးထိုးနှံရေးအတွက် ချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ ဆောင်ရန်ရှောင် ရန်တွေကို လိုက်နာဖို့လည်း ဒေါက်တာ ပရာဆစ်က တိုက်တွန်းလိုက်ပါတယ်။

လတ်တလော ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအများဆုံးခရိုင်တွေထဲမှာ ဘန်ကောက်နဲ့ နွန်ထာ ဘူရီခရိုင်တွေက ၁၀ ယောက်စီ ပါဝင်နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၇၂၇၈၈ ယောက်နဲ့ သေဆုံးသူပေါင်း ၃၀၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

2 weeks Ago

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်ရွာသား ၁၀၀ နီးပါး ထိုင်းဘက်ထပ်မံထွက်ပြေး

 ကရင်ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လေတပ်က တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေလို့  ရွာသား ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်ကို ထပ်မံ ဘက်ထွက်ပြေး တိမ်းရှောင်လာကြတယ်လို့  ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ 

ဖာပွန်ခရိုင် သံလွင်မြစ်အနီးရှိ စစ်ကောင်စီရဲ့ ခလရ ၃၄၀ စစ်စခန်းကို KNU/KNLA တပ်ဖွဲ့က မနေ့မနက်စောစောက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ 

မနေ့ည ၁၀ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီဘက်က လေယာဉ် ၂ စီး  ခလရ ၃၄၀ စခန်းရဲ့ အနောက်မြောက်အရပ်ကိုရောက်ရှိလာပြီး အောက်ကို ဗုံးကြဲချသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ကြောင်း ၊  ၁၂ နာရီ မိနစ် ၂၀ မှာလည်း‌ နောက်ထပ်  စစ်ရဟတ်ယာဉ် ၂ စီး ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့မနက် ၉ နာရီကျော်လောက်မှာလည်း ပစ်ခတ်သံတွေပေါက်ကွဲသံတွေ ကြားနေရပြီး ရွာသားအချို့ ထိုင်းဘက်ခြမ်းကိုလှေနဲ့ ကူးပြီးတိမ်းရှောင်လာတယ်လို့ ဆိုပါတယ်။ 

ဒီကနေ့မနက် မြန်မာဘက်ခြမ်းကနေ ရွာသား ၆၈ ဦး လှေနဲ့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာကြောင်း၊ သူတို့ကို ထိုင်းစစ်တပ်ဘက်က လူသားချင်းစာနာမှုအနေနဲ့  မဲ့စရိန်းမြို့နယ် မဲ့ခုံးကျေးရွာအုပ်စု ထာ့တာဖန်ရွာထဲမှာ ခိုလှုံခွင့်ပြုထားတယ်လို့ နယ်စပ်ရေးရာဥက္ကဋ္ဌ  မယ်ဟောင်ဆောင်ခရိုင်ဝန် နိုင်းဆစ်ထိချိုင်း ကျင်းဒါးလုံက သတင်းထောက်တွေကို ပြောပါတယ်။

မနေ့ကလည်း အီသူးကိုကျေးရွာဘက်က ရွာသား ၁၃ ဦး မဲ့ခုံးအုပ်စု ဆုပ်ငဲရွာ ဘက်ကိုရောက်လာသလို  လက်မှာ ကျည်ထိထားတဲ့ အသက် ၄၅ နှစ်ရွယ်ရှိ ရွာသား ၁ ဦး  မဲ့ဆာမ်လက်ပ်ရွာဘက်ရောက်ရှိလာကာ အခုတော့ မဲ့စရိန်းဆေးရုံမှာကုသနေပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ခရိုင်ဝန်က ဆက်ပြောပါတယ်။ 

မနေမနက်က စခန်းသိမ်းတိုက်ပွဲကြောင့် မဲ့ဆာမ်လက်ပ်ရွာသား ၄၅၀ ဦးကိုတော့ ဆွပ်မွေးမြို့နယ် ဟွေ့ကောင်ကပ်ကျေးရွာ စာသင်းကျောင်းကို ပြောင်းရွှေ့ထားခဲ့ပြီးဖြစ်ပြီး တချို့က ဆွေမျိုးသားချင်းအိမ်တွေမှာ သွားရောက်ခိုလှုံနေကြောင်း၊ ထိုင်းဘက်ခြမ်း နယ်စပ်လုံခြုံရေး ကိုတော့ နရေးဆွန်တပ် ၊ အမှတ် ၃ ခြေလျင်တပ်နဲ့ အမှတ် ၃၆ တပ်ရင်း လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်နေတယ်လို့ ခရိုင်ဝန်ကပြောကြောင်း မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့တုန်းကလည်း အာဏာသိမ်းစစ်တပ်က ကေအန်ယူ တပ်မဟာ ၅ နယ်မြေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထောင်နဲ့ချီတဲ့ ကရင်တိုင်းရင်းသားတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ 

ကိုးကား- MGR Online

3 weeks Ago

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၇၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဧပြီ ၂၇ ရက်နဲ့ ၂၈ ရက် နှစ်ရက်အတွင်း စုစုပေါင်း  ၇၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ဆန်ဖတ်ဟိရပ်ကွက်ထဲမှာ ဒီနေ့မနက် ၂ နာရီခွဲလောက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရတယ်လို့ မယ်ဆိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေဟာ တာချီလိတ်-မယ်ဆိုင် အမှတ် ၂ ချစ်ကြည်ရေးတံတား ဘေးဘက်ကနေ ဝင်လာကြပြီး ကုန်းပေါ်ရောက်တော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့တိုးမိလို့ ဖမ်းဆီးခံရကာ လမ်း ပြဖြစ်သူ မြန်မာ ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ 

အဆိုပါ ၁၅ ဦးမှာ အသက် ၁၉ နှစ်နဲ့ ၄၁ နှစ်ရွယ်ကြားရှိ အမျိုးသား ၆ ဦး အမျိုးသမီး ၉ ဦးတို့ပါဝင်ပြီး ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ် တောင်ကြီးကဖြစ်ကာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ဝင်လာ တာလို့ဆိုပါတယ်။

ဖမ်းဆီးခံရသူတချို့မှာ ပတ်စပို့ရှိပြီး တချို့မှာ မြန်မာမှတ်ပုံတင်ရှိပေမဲ့ တရားမဝင် ဝင်ရောက်တာဖြစ်လို့ အားလုံးလဝကဥပဒေနဲ့ရော ကိုဗစ်-၁၉ ဥပဒေ တွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။ 

ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီမြို့နယ်ထဲမှာလည်း ဧပြီ ၂၇ ရက်နေ့ တနေ့တည်းတင် တရားမဝင် ဝင်ရောက်မှု ၂ ကြိမ် ဖမ်းဆီးရမိခဲ့တယ်လို့ ချနယ်လ် ၇ ထိုင်း တီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ပထမတသုတ်မှာ ကန်ကျနပူရီမြို့နယ် ဘန့်ကောင်ကျေးရွာအုပ်စုရှိ တောထဲမှာ ဖမ်းမိတာဖြစ်ပြီး အမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၄၈ ဦး ပါဝင်ဝင်ပါတယ်။

သူတို့ဟာ တနင်္သာရီတိုင်း ထားဝယ်မြို့ကဖြစ်ပြီး ထိုင်းနယ်စပ်ရောက်ဖို့ လမ်းမှာ ၇ ရက်ကြာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ထဲကိုလည်း တောလမ်းကနေ ခြေလျင်လျှောက်လာကြပြီး ဘန်ကောက်၊ စမွတ်စခွန်း၊ ရာ့ချ်ပူရီနဲ့ နခွန်းပ ထုန်မြို့မှာ အလုပ်သွားလုပ်ဖို့ဖြစ်ကာ ပွဲစားကို တစ်ဦးလျှင် ဘတ်ငွေ ၁၃၀၀၀ မှ ၂၀၀၀၀ ထိ ကိုယ်စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒုတိယအသုတ်ကိုတော့ ကန်ကျနပူရီမြို့နယ် ဖူးနမ့်ရွန့် ကျေးရွာမှာ ဖမ်းမိတာဖြစ်ပြီး အမျိုးသား ၃ ဦး အမျိုးသမီး ၉ ဦး  ပေါင်း ၁၂ ဦး ပါဝင်ပါတယ်။

သူတို့ကတော့ မော်လမြိုင်ကလာပြီး ထီခီးမှာ ညအိပ်ခဲ့ကြောင်း၊ အဲဒီနောက် တောထဲကနေ ဝင်လာကာ ပထုန်ဌာနီနဲ့ စမွတ်စခွန်းမှာ အလုပ်သွားလုပ်မှာဖြစ်ပြီး လာကြိုမယ့်သူကို စောင့်ဆိုင်းစဉ် ဖမ်းဆီးခံရကြောင်း၊ ပွဲစားကိုတော့ လူတယောက် ဘတ် ၁၅၀၀၀ စီ ကြိုပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်အပူချိန်တိုင်းတာပြီး ဖျားနာသူမရှိတာကြောင့် ကန်ကျန ပူရီနယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားကာ လဝကဥပဒေ နဲ့ရော  ကိုဗစ်-၁၉ ဥပဒေတွေနဲ့ အရေးယူသွား မယ်လို့ ဆိုပါတယ်။ 

ကန်ကျနပူရီခရိုင် ဆိုင်းယုတ်မြို့နယ်ထဲမှာ ဧပြီ ၂၆ ရက်နေ့ကလည်း တရားမဝင် မြန်မာ ၅၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

3 weeks Ago

စစ်ကောင်စီစခန်းကို KNLA က သိမ်းပိုက်ပြီးနောက် ထိုင်းရွာသား ၃၀၀ ကျော် ဘေးလွတ်ရာရွှေ့

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ဆွပ်မွေးမြို့နယ် သံလွင်မြစ်တဘက်ကမ်းရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းတစ်ခုကို KNU/KNLA ကရင်တပ်မတော်က ဒီကနေ့မနက်က သိမ်းပိုက်လိုက်တဲ့နောက်  ထိုင်းရွာသား ၃၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ 

ဒီနေ့မနက် ပစ်ခတ်သံတွေကြောင့် ထိုင်းဘက်ခြမ်း သံလွင်မြစ်ကမ်းနဖူးပေါ်မှာ ဈေးဆိုင်ဖွင့်ထားတဲ့ မဲ့ဆမ်လက်ပ်ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

နောက်ဆက်တွဲ ထိတွေ့ပစ်ခတ်မှုတွေရှိမှာ စိုးရိမ်တဲ့အတွက် နောက်ထပ်ကျန်ရှိနေတဲ့ ရွာသားပေါင်း ၃၀၀ ကျော်ကို ဆွပ်မွေးမြို့နယ်မှူးက ဒီနေ့မနက် ၁၀ နာရီကျော်မှာ  ဟွေ့ကောင်ကတ်ကျေးရွာ စာသင်ကျောင်းကို ခေတ္တရွှေ့ပြောင်းစေခဲ့တယ်လို့ The Reporter ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တချိန်တည်းမှာပဲ ထိုင်းဘက်ခြမ်းတာဝန်ရှိသူတွေက မြန်မာဘက်ခြမ်းကအခြေအနေကို နာရီနဲ့မပြတ် စောင့်ကြည့်နေပြီး ထိုင်းတပ် အမှတ် ၃၆ ကွန်မန်ဒိုတပ်ကလည်း ရွာသားတွေရဲ့ လုံခြုံရေးကို စောင့်ကြပ်ပေးနေတယ်လို့ ဆိုပါတယ်။ 

ဒီနေ့မနက်စောစော စခန်းသိမ်းပစ်ခတ်မှုမှာ ကရင်စစ်သားဘက်က ၂ ဦးဒဏ်ရာရပြီး ထိုင်းဘက်ခြမ်းကို ရောက်ရှိနေကြောင်း၊  ရွာသားတွေက ရှေးဦးသူနာပြုနည်းနဲ့ ကနဦးစောင့်ရှောက်ထားပြီး ထိုင်းဆေးရုံကို ပို့ပေးလိုပေမယ့် ထိုင်းစစ်သားတွေရဲ့ ခွင့်ပြုချက်မရသေးဘူးလို့ ဆိုပါတယ်။ 

မဲ့ဆမ်လက်ပ်ရွာနဲ့ မျက်နှာချင်းဆိုင် သံလွင်တဘက်ကမ်းရှိ သော်လယ်ထာ စစ်ကောင်စီ တပ်စခန်းကို  KNU/KNLA တပ်မဟာ ၅ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၅ နာရီ လောက်မှာ ဝင်ရောက်ပစ်ခတ်သိမ်းဆည်းခဲ့တာပါ။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းကိုပစ်ပြီး ထွက်ပြေးနေတဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ်ပြ န့်နေပြီး  သူတို့ဘက်က ဒဏ်ရာရမှုအခြေအနေတော့ မသိရပါဘူး။

3 weeks Ago

ထိုင်း-မြန်မာနယ်စပ် အကြမ်းဖက်စစ်ကောင်စီစခန်းကို ကေအန်အယ်လ်အေ သိမ်းယူ

ထိုင်း-မြန်မာနယ်စပ် သော်လယ်ထာ (မဲ့စန်လက်) စစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက် အစောပိုင်းမှာ ကရင်အမျိုးသားစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်ယူ/ကေအန်အယ်လ်အေ) တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ဘက်ကို မြန်မာစစ်သားတွေ ထွက်ပြေးလာခဲ့ပြီး ကေအန်အယ်လ်အေကလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။ 

ထိုင်းဘက်ခြမ်းက ရွာသားတဦး သေနတ်ထိမှန်သေဆုံးသွားခဲ့ပြီး ထိုင်းစစ်တပ်ကလည်း ဒီမနက်ရောက်ရှိလာကာ နေရာယူထားတယ်လို့ ထိုင်းနိုင်ငံဘက်ခြမ်းမှာနေတဲ့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

“မနက် ၅ နာရီလောက်က မိုးမလင်ခင် မနက်အစောပိုင်းလောက်က စပြီးပစ်နေကြတာ။ အသံတွေ ဆူညံနေတာပဲ။ မိုးလင်းတော့ ဗမာစစ်သားတွေ ထိုင်ဘက်ကမ်း ထွက်ပြေးလာတာ မြင်ရတယ်။ စခန်းတွေလည်း မီးလောင်နေတာ တွေ့ရတယ်။ ထိုင်းဘက်မှာနေတဲ့ ရွာသားတစ်ဦးတော့ သေနတ်မှန်လို့ သေသွားတယ်။ ထိုင်းစစ်တပ်ကလည်း အခုမနက်မှာ ထိုင်းဘက်ခြမ်း စောလယ်ထရွာကို ရောက်လာတယ်။ ထိုင်းရွာသားတွေကို ရွှေ့ပြောင်းပေးနေတယ်။ ထိုင်းစစ်တပ်လုံခြုံရေးယူ ပြင်ဆင်ထားတာလည်း တွေ့တယ်။”

အခု သိမ်းယူခဲ့တဲ့ စစ်ကောင်စီရဲ့ သော်လယ်ထာစခန်းဟာ ပြီးခဲ့တဲ့လက ထိုင်းဘက်ခြမ်းကနေ ရိက္ခာတွေ ပို့ပေးဖို့ ကြိုးစားခဲ့ဖူးတဲ့ စခန်းလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ထီးမူထာ စစ်ကောင်စီ စခန်း တစ်ခုကိုလည်း ကေအန်အယ်လ်အေ တပ်မဟာ ၅ က တက်ရောက်သိမ်းယူခဲ့ပြီး ဖြစ်ပါတယ်။

3 weeks Ago

Mask မတပ်သည့် ထိုင်းဝန်ကြီးချုပ် ဘတ်ငွေ ၆၀၀၀ ဒဏ်တပ်ခံရ

ထိုင်းနိုင်ငံမှာ Mask ( နှာခေါင်းစည်း) မတပ်သူတွေကို ဒဏ်ငွေရိုက်တဲ့  အမိန့်အာဏာ စတင်သက်ဝင်တဲ့ ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့မှာဘဲ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချားဟာ  အမိန့်မလိုက်နာလို့ ဒဏ်ငွေ ဘတ် ၆၀၀၀ ဒဏ်တပ်ခံရတဲ့ ပထမဆုံးသူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ 

ဘန်ကောက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ်ရေးအတွက် ဧပြီ ၂၆ ရက်နေ့ကစပြီး အိမ်ပြင်ထွက်တဲ့သူတိုင်း Mask ( နှာခေါင်းစည်း) တပ်ဖို့ ၊ စည်းကမ်းမလိုက်နာရင် ဘတ်ငွေ ၂၀၀၀၀ ထက်မပိုတဲ့ ဒဏ်ငွေချမှတ်ခံရမယ်လို့  ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီက ကြေညာထားတာပါ။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချာဟာ ဒီကနေ့မနက် ထိုင်းအစိုးရအိမ်တော်မှာ ပြုလုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေး အစည်းအဝေးတစ်ရပ် ကျင်းပစဉ် တချိန်လုံး Mask  ဖြုတ်ထားပြီး စကားပြောနေပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့သွား ပြီး ပြည်သူတွေရဲ့ ဝေဖန်ခံခဲ့ရတာပါ။ 

ဒါကို ဝန်ကြီးချုပ်သိသွားတဲ့အခါမှာ သူ နှာခေါင်းစည်းမတပ်တာဟာ ဘန်ကောက်စည်းကမ်း ချက်ကို ဖောက်ဖျက်သလားလို့ ဘန်ကောက်မြို့တော်ဝန် ရဲမှူးချုပ် အဆဝင်း ခွမ်မိုင်းကို မေးခဲ့ကြောင်း ၊ ရဲမှူးချုပ်ကလည်း  ကူးစက်ရောဂါကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၀၂၁/၅၁ နဲ့ ညှိစွန်း ကြောင်း ၊ ရဲအရေးပိုင်အမှုဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် တုဆစ်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ အစိုးရအိမ်တော်သို့ သွား ရောက်ပြီး ဝန်ကြီးချုပ်ကို ကူးစက်ရောဂါကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ကာ ဒဏ်ငွေ ဘတ် ၆၀၀၀ တပ်ခဲ့တယ်လို့ ဘန်ကောက်မြို့တော်ဝန်က သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား - ထိုင်းရတ်

PHOTO-THAIRATH

3 weeks Ago

ထိုင်းတွင် Mask မတပ်သူများကို ဘတ်ငွေ ၂၀၀၀၀ ဒဏ်တပ်မည်

ကိုဗစ်-၁၉  တတိယလှိုင်းရောက်ရှိလာတဲ့ ထိုင်းနိုင်ငံမှာ  ကူးစက်သူဦးရေနေ့စဉ် ထောင်နဲ့ချီ တွေ့ရှိနေတာကြောင့် ဘန်ကောက်၊ ချင်းမိုင်နဲ့ တခြားခရိုင်ပေါင်း ၄၀ ကျော်မှာ နှာခေါင်းစည်း မတပ်ရင် ဒဏ်ငွေ ဘတ် ၂၀၀၀၀ ပေးဆောင်ရမယ်လို့ အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။ 

အဆိုပါ အမိန့်ကို ဒီမတိုင်ခင်က ထိုင်းနိုင်ငံ ၄၂ ခရိုင်မှာ ထုတ်ပြန်ခဲ့ပြီး ဘန်ကောက်နဲ့ ချင်းမိုင်ခရိုင်ကတော့ ဧပြီ ၂၅  မှာ ထုတ်ပြန်ထားပြီး ဧပြီ ၂၆ ရက်ကစလို့ အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဘယ်သူမဆို အိမ်ထဲက အိမ်ပြင်ထွက်ရင် နှာခေါင်းစည်းတပ်ထားရမှာဖြစ်ပြီး မလိုက်နာဘူး ဆိုရင်  အများဆုံး ဘတ်ငွေ ၂၀၀၀၀ အထိ ပြစ်ဒဏ်ထိမယ်လို့ သက်ဆိုင်ရာ ခရိုင်ကူးစက်ရောဂါ ကာကွယ်ရေးကော်မတီက ထုတ်ပြန်ထားတာပါ။ 

ဒါ့အပြင် ဘန်ကောက်မှာလည်း ဧပြီ ၂၆ ကစပြီး ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ လက်ဝှေ့ရုံ ၊ အားကစားရုံ ၊ အပမ်းဖြေစရာနေရာ၊  ပြတိုက်၊ စာကြည့်တိုက်၊ နေ့ကလေးထိန်းကျောင်း၊ လူအိုစောင့်ရှောက်ရေးဌာန၊ ရေကူးကန်အစရှိတဲ့ နေရာပေါင်း ၃၀ ကျော်ကို ယာယီပိတ်ထားပြီး စင်ထရယ်ကုန်တိုက်ကြီးတွေကိုလည်း အချိန်ကန့်သတ်ဖွင့်လှစ်ဖို့ ထုတ်ပြန်ထားပါတယ်။ 

ချင်းမိုင်မှာလည်း လေဟာပြင်ဈေး ညဈေးတွေ ယာယီပိတ်ထားပြီး ဧပြီ ၂၆ ကစလို့ မည်သည့် ပွဲလမ်းသဘင်မျှ မကျင်းပရ၊  လူ ၁၀ ယောက်ထက်ပိုပြီး မစုဝေးရ၊ ဘာသာရေးကိစ္စတွေ သက်ဆိုင်ရာဘာသာရေးအကြီးအကဲတွေရဲ့ လမ်းညွှန်မှုအောက်တွင်ဆောင်ရွက်ရန်၊ သက်ဆိုင်သူ သာပါဝင်ရန်၊ အသုဘအခမ်းအနားမှာ လူအယောက် ၅၀ ထက်မပိုရ၊ စည်းကမ်းချက်တွေ မလိုက်နာဘူးဆိုရင် ၁ နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၂၀၀၀၀ ထက်မပိုတဲ့ ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံးကျခံရမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်းဟာ ဘန်ကောက်နာမည်ကြီး လောင်းကစားဝိုင်းနဲ့ နိုက်ကလပ်တွေကနေ ကူးစက်လာတာဖြစ်ပြီး အခုဆိုရင် တနိုင်ငံလုံး ( ၇၇ ခရိုင် ) လုံးကို ပြန့်နှံ့ သွားပြီဖြစ်ပါတယ်။ 

အဖြစ်များဆုံးမှာ ဘန်ကောက်နဲ့ ဒုတိယ ချင်းမိုင်ခရိုင်ဖြစ်ပြီး ချင်းမိုင်ကတော့ ဒီကနေ့မှာ အနည်းငယ်လျော့နည်းလာလို့ အဆင့် ၅ ကို ရောက်သွားပါတယ်။ 

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာနရဲ့ ဒီကနေ့မနက်ထုတ် ပြန်ချက်အရ တနိုင်ငံလုံးမှာ ပိုးတွေ့လူနာသစ် ၂၀၄၈ ဦးရှိပြီး ၈ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ၂၀၂၀ ဇန်နဝါရီမှ ဒီကနေ့ထိ ကိုဗစ်-၁၉ ကူးစက်သူ ၅၇၅၀၈ ဦးရှိပြီး ၃၁၅၉၃ သက်သာ ပျောက်ကင်းကာ ၁၄၈ ဦးသေဆုံးခဲ့ပါတယ်။ 

ကိုးကား -  pptvhd36  ၊ ချင်းမိုင်နယူးစ် ၊ CCSA ထုတ်ပြန်ချက် 

3 weeks Ago

ရွှေ့ပြောင်းမြန်မာလုပ်သား ၃၈ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မြန်မာနိုင်ငံမှာ အလုပ်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်လာတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား ၃၈ ယောက်နဲ့ သူတို့ကိုခေါ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း ၂ယောက်တို့ကို ဧပြီ ၂၃ ရက်က ထိုင်းစစ်တပ်နဲ့ နယ်စပ်ရဲ အပါအဝင်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပါ ပါတယ်။ 

အဲဒီရွေ့ပြောင်းလုပ်သမားတွေဟာ ကရင်ပြည်နယ် ဘားအံခရိုင်ကတဆင့် သောင်ရင်းမြစ် တစ်ဘက်ကမ်း တာခ်ရိုင်၊ တာဆောင်ရမ်းမြို့နယ် ရပ်ကွက် ၈ က ထွက်သွားချိန်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဖမ်းမိတဲ့သူတွေကို ရဲစခန်းကို လွှဲပြောင်းပေးပြီး ထိုင်းနိုင်ငံထဲ ဝင်ခွင့်မရှိတဲ့အတွက် ဥပဒေအရ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

3 weeks Ago

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါသည့်လှေကို မြန်မာစစ်တပ်က ပစ်ခတ်ခြောက်လှန့်

ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မယ့်စရိန်းမြို့နယ်နဲ့ မြန်မာဘက်ခြမ်း ကရင်ပြည်နယ် ဖာပွန်ခရိုင်ကြားရှိ သံလွင်မြစ်ထဲမှာ ဧပြီလ ၂၂ ရက် ညနေပိုင်းက ထိုင်းလှေတစ်စီး ခြောက်လှန့်ပစ်ခတ်ခံခဲ့ရပါတယ် ။ 

ထိုင်းနိုင်ငံတော်အလံလွှင့်ထူပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ ဦးပါတဲ့ စက်လှေဟာ မယ်ဟောင်ဆောင်ခရိုင် ဆွပ်မွေးမြို့နယ် မဲ့ဆမ်လက်ပ်ကူးတို့ဆိပ်ကနေ မယ့်စရိန်းမြို့နယ် ဘန့်ကျော်ထ နဲ့ ဘန့်ဘော် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပညာသင်ကျောင်းကို အသိပညာပေးရေးနဲ့ ဝန်ထမ်းများအတွက် ပစ္စည်းတွေ သွားရောက်ပို့ဆောင်စဉ် နေ့လဘ် ညနေ ၂ နာရီကျော်မှာ အပစ်ခံရတယ်လို့ ဆိုပါတယ်။ 

ထိုင်းဘက်ခြမ်း မယ့်ဆရိန်းမြို့နယ် မယ့်ခုံးအုပ်စုရဲ့  သံလွင်မြစ်တဘက်ကမ်းရှိ  ခမရ ၃၄၀ မြန်မာစစ်တပ်က ပစ်ခတ်လိုက်တာဖြစ်ပြီး ခြိမ်းခြောက်တဲ့အနေနဲ့ ပစ်ခတ်တာကြောင့် ထိခိုက်မှုမ ရှိကြောင်း၊ ဒါပေမယ့် ရှေ့ဆက်သွားရင် တကယ်အပစ်ခံရမှာကို စိုးရိမ်လို့ ပဲ့ကိုင်သူဟာ မြန်မာစစ်တပ်ရှိတဲ့ဂိတ်ကို ကမ်းကပ်ပြီးသတင်းပေးပို့လိုက်ကာမှ လိုရာခရီးဆက်သွားလို့ရတယ်လို့  စက်လှေမောင်းသူက သတင်းထောက်ကို ပြောပါတယ်။ 

ဒီမတိုင်ခင်က သံလွင်မြစ်ထဲ မောင်းနှင်နေတဲ့ လှေတွေဟာ မြန်မာစစ်တပ်က စောင့်တဲ့ ဂိတ်တွေမှာ သတင်းပေးဖို့ ထုတ်ပြန်ထားကြောင်း၊ ဒါပေမယ့် သူတို့လှေဟာ သာမန်ခရီး သွားလှေ မဟုတ်ဘဲ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါလာတဲ့လှေ၊ တာဝန်အရခရီးသွားတဲ့အပြင် ထိုင်းအလံကို လှေဦးမှာရော လှေအမြီးပိုင်းမှာပါ လွှင့်ထူထားလို့ သတင်းမပို့ဘဲ ဖြတ်သွားရာက ပစ်ခတ်ပြီး ခြောက်လှန့်ခံရတာလို့ အခြားဝန်ထမ်း ၁ ဦးက ပြောပါတယ်။ 

 ထိုင်းစက်လှေတွေဟာ အဆိုပါသံလွင်မြစ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ၁ ကြိမ်၊ ဧပြီလ ၂၀ ရက်နေ့က ၁ ကြိမ် အပစ်ခံခဲ့ရပြီး ခုတစ်ခါနဲ့ဆို ၃ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ 

ထိုင်းလှေတွေ အခုလိုအပစ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းကြည်းတပ်လက်အောက်ခံ  အမှတ် ၇ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါမြန်မာတပ်နဲ့ တွေ့ဆိုဆွေးနွေးရာမှာ မြန်မာ တပ်ဘက်က သူတို့အနေနဲ့ ကေအန်အယ်လ်‌အေ ကရင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခတ်မှာကို ကာကွယ်တဲ့အနေနဲ့ ဖြတ်သွားတဲ့ စစ်လှေတိုင်းကို သတင်းပို့စေချင်တာလို့ ပြန်ပြောကြောင်း၊ နှစ်ဦးနှစ်ဘက် ရေရှည်ဆက်ဆံရေးကိုကြည့်ပြီး ပြေလည်စွာ နားလည်မှု ယူခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူရဲ့အပြောကို ကိုးကားပြီး  AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ သံလွင်မြစ်ကမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က  မြန်မာစစ်တပ်ကိုပို့ပေးဖို့ ဆန်အိတ် ၇၀၀ နဲ့ ဆီ ၅၀ ပုံးရောက်ရှိလာပြီး ကေအန်ယူတပ်က ဟန့်တားထားတဲ့အတွက် ထိုင်းဘက်ခြမ်းကို ပြန်သယ်ခဲ့ရပြီးတဲ့နောက် အခုလို မြန်မာစစ်တပ်ဘက်က ပစ်ခတ်မှု တွေရှိနေတာပါ။ 

ကိုးကား - matichon.co.th

3 weeks Ago

ဖိလစ်ပိုင်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ အာဆီယံထိပ်သီးအစည်းအဝေး မတက်

ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးဟာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု  အခြေအနေကို အာရုံစိုက်နိုင်ဖို့ အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်ဖြစ်မှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။

ဧပြီ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ကျင်းပမယ့်  အာဆီယံထိပ်သီး အစည်းအဝေးပွဲဟာ နိုင်ငံခေါင်းဆောင်အားလုံး စုံညီမတက်ရောက်နိုင်ပေမယ့် ဒီအစည်းအဝေးကို အခိုင်အမာထောက်ခံတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့ကိုယ်စား အစည်းအဝေးတက်ရောက်မယ့် နိုင်ငံခြားရေး ဝန်ကြီး လော့ဆင်ကတဆင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို စိန်ခေါ်ခြောက်လှန့်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စုပေါင်းအားထုတ်မှုအပေါ် ဖိလစ်ပိုင်နိုင်ငံရဲ့ စိတ်ပိုင်းဖြတ်မှုကို ဖေါ်ပြလိုက်ပါတယ်လို့လည်း ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘဲ ကိုဗစ်-၁၉ ကူးစက်မူအခြေအနေက စိုးရိမ်ရတဲ့အတွက် သူ့ကိုယ်စား ဒုတိယဝန်ကြီးချုပ်လည်းဖြစ်  နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရာမွတ်ဝီနိုင်ကို စေလွှတ်မယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။  

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ဟာ မြန်မာနိုင်ငံအရေးကို စိုးရိမ်ပူပန်နေတဲ့အကြောင်းနဲ့ ဒီပြဿနာဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် စိန်ခေါ်မှုတခုဖြစ်လာနေတယ်ဆိုတာကို အသိအမှတ်ပြုတဲ့အကြောင်း ကြာသပတေးနေ့မနက်မှာ အင်ဒိုနီးရှား သမ္မတကဂျိုကို ဝီဒိုဒိုနဲ့ ဖုန်းဆက်ပြောဆိုခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ တန်နီး ဆန်ဂရတ်ကလည်း အာဆီယံထိပ်သီးအစည်းအဝေးဟာမြန်မာကိစ္စအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာပြဿနာတွေကို ဆွေးနွေးဖို့ အခွင့်အလမ်းတခုဖြစ်လာနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်လို့ လက်ဆုပ်လက်ကိုင်အဖြေတခုပေါ်ထွက်လာဖို့ မျှော်လင့်နေကြတာကို အာဆီယံအဖွဲ့က သိနားလည်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်ချင်းကတော့ လာမယ့်စနေနေ့ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်မယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဌာနက ကြေညာပါတယ်။

ဧပြီလဆန်းပိုင်းက အမျိုးသားညီလာခံကတဆင့် ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံခဲ့ရတဲ့ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းအတွက် ပထမဆုံးနိုင်ငံတကာ သံတမန်ရေး ခရီးစဉ်ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားတဲ့ ဗီယက်နမ်နိုင်ငံဟာ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှု သေဆုံးမှုတွေအတွက် စိုးရိမ်နေကြောင်းနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းညှိနိုင်းဖြေရှင်းပေးဖို့ အဆင်သင့်ရှိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ဖူးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ  အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှာ ကျင်းပမယ့် အစည်းအဝေးမှာ မြန်မာနိုင်ငံပြဿနာကို အဓိကထား ဆွေးနွေးဖို့ ရှိပြီး မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်မယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

Photo Credit - http://asean.dla.go.th

3 weeks Ago

တာချီလိတ်တွင် ထိုင်းမှပြန်လွှဲပေးသူ ၅ ဦး ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ကတဆင့် နေရပ်ပြန်လည်လွှဲပြောင်းခံရသူ တွေထဲက ၅ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ  စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက်နေ့မှ ထိုင်းနိုင်ငံက လွှဲပြောင်းလာသူ ၄၁ ဦးထဲက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို မြန်မာတာဝန်ရှိသူတွေက test kit နဲ့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေတွေ့ရှိတာ ဖြစ်ပါတယ်။

ပိုးကူးစက်ခံထားရသူတွေကိုတော့ သီးသန့်ထားရှိပြီး ဆက်လက်ကုသဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာပြည်တွင်းကို ပြန်လာသူတွေ အထဲက အခုလိုနေရပ်ပြန်လွှဲပြောင်းသူတွေမှာ ကိုဗစ်-၁၉  ကူးစက်ခံထားရသူတွေပါလာတာ အခုနှစ်အတွင်း ပထမဆုံးဖြစ်ပါတယ်။ 

လတ်တလော ထိုင်းနိုင်ငံအတွင်း ဘန်ကောက်နဲ့ ချင်းမိုင်အပါအဝင် မြို့တွေအတော်များများမှာ ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ မြင့်တက်နေတာဖြစ်ပါတယ်။

4 weeks Ago

ထိုင်းဝန်ကြီးချုပ် အာဆီယံအထူးအစည်းအဝေး မတက်ရောက်

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာဟာ အင်ဒိုနီးရှား မြို့တော် ဂျကာတာမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့အထူးအစည်းအဝေးကို မတက်ရောက်ဘူးလို့ ထိုင်းအစိုးရ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဧပြီ ၁၉ရက်မှာ ရေးပါတယ်။

ထိုင်းဝန်ကြီးချုပ် ကိုယ်စား ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပူးတွဲ တာဝန် ထမ်းဆောင်သူ ဒွန် ပရာမဒ်ဝီနိုင်းကို စေလွှတ်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်းဆိုပါတယ်။ 

မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို တက်ဖို့ ဒုဝန်ကြီးချုပ်ကိုလွှတ်ရေး ဘာကြောင့် ဆုံးဖြတ်တယ်ဆိုတာကို သတင်းရင်းမြစ်က အကျယ်တဝင့် မပြောခဲ့ပါဘူး။

မြန်မာနိုင်ငံအတွင်း ယိုယွင်းလာနေတဲ့ အကြပ်အတည်းကို အဖြေရှာရေး လာမယ့်စနေမှာ အင်ဒိုနီးရှား မြို့တော် ဂျကာတာမှာ အာဆီယံအထူးညီလာခံ ကျင်းပဖို့ စီစဉ်ထားတာပါ။ 

Source: Prayut won't join Asean summit on Myanmar

4 weeks Ago

ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်နဲ့ ချင်းရိုင်းခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား စုစုပေါင်း ၄၆ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တာ့ခ်ခရိုင်မှာ ထိုင်းအာဏာပိုင်တွေက တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပပျောက်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ဧပြီ ၁၉ ရက်နေ့ ည သန်းခေါင်အချိန်က ဖုပ်ဖရမြို့နယ် ဝေါ်လေကျေးရွာအုပ်စု ရပ်ကွက် ၃ ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၉ ဦးနဲ့ သူတို့ကို တင်ဆောင်လာတဲ့ ထိုင်းလူမျိုး ၁ ဦး၊ မော်တော်ကား ၁ စီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆယာမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ ပိုးစစ်ဆေးဖို့ ဆေးရုံကို အရင်ခေါ်ဆောင်သွားပြီး တည်ဆဲဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ထဲမှာလည်း မနေ့ မနက်စောစောက  တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးရမိတယ်လို့ TopNorth News သတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက်စောစော မိုးမလင်းခင်က မယ်ဆိုင်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ အနီး ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ မှန်လုံကားတစ်စီး ရပ်ထားတာတွေ့လို့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ တရားမဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်း လူမျိုးကားမောင်းသမား ၁ ဦးနဲ့အတူ တွေ့ရတာလို့ ဆိုပါတယ်။ 

သူတို့တတွေဟာ ရှမ်းပြည်နယ် လဲချား၊ တောင်ကြီး၊ မိုင်းပွန်ဘက်က ရောက်လာကြပြီး ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ၁၇ ဦးအနက် ၁ ဦး သာ ၁၀ နှစ်ခံတောင်ပေါ်သားကတ်  ကိုင်ဆောင်ပြီး ကျန်သူတွေမှာ ထိုင်းထဲဝင်ရောက်နေထိုင်ခွင့် အထောက်အထားမရှိကြောင်း၊ ဒါကြောင့် တရားမဝင်ဝင်ရောက်မှုအပြင် ကိုဗစ်-၁၉ ဥပဒေတွေနဲ့ပါ အရေးယူခံရမှာဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ကိုတင်ဆောင်လာတဲ့ နိုင်းကျရွန်ရာဝိချုင်းဆိုသူ ထိုင်းကားသမားမှာလည်း တရားမဝင်သူတွေ ဝင်ရောက်နိုင်အောင် ကူညီမှုတွေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။ 

ကိုးကား-https://siamrath.co.th

4 weeks Ago

သံလွင်မြစ်အတွင်း ထိုင်းကုန်စည်လှေ ၃ စီးကို မြန်မာစစ်တပ်ကပစ်ခတ်

ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မဲ့စရိန်းမြို့နယ်ရှိ သံလွင်မြစ်ထဲမှာ ထိုင်းလူမျိုးပိုင် ကုန်တင်လှေ ၃ စီး မြန်မာစစ်တပ်ရဲ့  ပစ်ခတ်တာခံရတယ်လို့ အာဆီယံနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ဆွပ်မွေးမြို့နယ် မဲ့ဆာမ်လက်ရွာသားပိုင် ထိုင်းစက်လှေ ၃ စီးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့က သူတို့ရွာနဲ့ ၂၅ ကီလိုမီတာလောက်ရှိတဲ့ အူသူးထရွာဘက်ကို ကုန်ပစ္စည်းသွားပို့အပြီး အပြန် မဲ့စရိန်းမြို့နယ် မဲ့ခုန်းအုပ်စု မဲ့တာဖန်ကျေးရွာအနီးရောက်တော့ မြန်မာစစ်တပ်က ဟိုဘက်ကမ်းကနေ လှမ်းပစ်လိုက်တာလို့  စက်လှေပိုင်ရှင် ရွာသား ၁ ဦးက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါ မြန်မာတပ်ဟာ မဲ့တာဖန်ရွာနဲ့ မျက်နှာချင်းဆိုင် တာ့ကဝင်းအခြေစိုက် ခမရ ၃၄၀ ခြေမြန်တပ်ကဖြစ်ကြောင်း၊ လှေ ၃ စီးလုံးအပစ်ခံရတဲ့အနက် ၁ စင်းမှာ လှေရဲ့ ညာဘက် ဝမ်းဗိုက်ကို ဖောက်ထွက်သွားတဲ့အတွက် လှေကိုတော့ ကမ်းစပ်ထိမောင်းနှင်လာနိုင်ပြီး ထိခိုက်ဒဏ်ရာ ရသူလည်း မရှိဘူး လို့ ဆိုပါတယ်။ 

    သံလွင်မြစ်ကြောင်းရဲ့ အဆိုပါနေရာတဝိုက်မှာ မြန်မာစစ်တပ်ရှိနေတဲ့အတွက် အသွားအလာ သတိထားကြဖို့ ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးတပ်က ဒီမတိုင်ခင်က သတိပေးခဲ့ဖူးပါတယ်။

 ကူးသန်းသွား’လာကြတဲ့လှေတွေအနေနဲ့ မြန်မာကူးတို့ဆိပ်မှာ လာရောက်သတင်းပေးဖို့ မြန်မာတပ်ဘက်ကလည်း ထုတ်ပြန်ထားပေမဲ့ ထိုင်းရွာသားတွေကတော့ သူတို့ သွားနေ တဲ့ရေလမ်းအပိုင်းဟာ ထိုင်းဧရိယာထဲမှာမို့ သတင်းမပို့ရကြောင်း၊ သူတို့လှေတွေကို ခြောက်လှန့်သတိပေးတဲ့အနေနဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ လှေပိုင်ရှင်ရွာသားတွေက ပြောပါတယ်။ 

    ဆုပ်မွေးမြို့နယ် မဲ့ဆာမ်လက်ရွာရှိ သံလွင်မြစ်ကမ်းနဘေးမှာ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မြန်မာစစ်တပ်ကိုပို့ပေးဖို့ ဆန်အိတ် ၇၀၀ နဲ့ ဆီ ၅၀ ပုံးရောက်ရှိလာပြီး ကေအန်ယူတပ်က ဟန့်တားထားတဲ့အတွက် ထိုင်းဘက်ခြမ်းကို ပြန်သယ်ခဲ့ရပါတယ်။

4 weeks Ago

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ မြန်မာဘာသာပြန် ၁ ဦးထံမှ စိတ်ကြွ မူးယစ်ဆေးများဖမ်းမိ

မြန်မာနယ်စပ် တာချီလိတ်တဘက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ မြန်မာ ဘာသာပြန်တစ်ဦးဆီကနေ စိတ်ကြွ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းဘက်က ကွင်းဆက်တရားခံရဲ့ ဖော်ထုတ်ချက်အရ အသွင်ယူပြီးထိုင်းရဲက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက စိတ်ကြွဆေးပြား အလုံး ၆၀၀၀၀ နဲ့ ခေး(ကတ်တမင်း)  ၆၅ ကီလို ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ ထိုင်း-မြန်မာ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာ မြန်မာ ဘာသာပြန်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။

1 month Ago

ထိုင်းသို့ တရားမဝင် ဝင်လာသည့်မြန်မာ ၅၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ နေရာစုံမှာ အလုပ်လာလုပ်ဖို့အတွက် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာ ၅၉ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ရှိ တောတွင်းတစ်နေရာမှာ အထုတ်အပိုးတွေနဲ့ မသင်္ကာဘွယ် လူတစ်စုရောက်ရှိနေကြောင်း သတင်းပေးချက်ရတဲ့အတွက် နယ်မြေခံ စစ်တပ်၊ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်နေ့က ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စုထဲက တောထဲမှာ ပုန်းအောင်းနေတဲ့ လူတစ်စုကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ 

စစ်ဆေးချက်အရ သူတို့တွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ အထောက်အထားတစုံတရာမရှိဘဲ  မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်ကနေ တောလမ်းအတိုင်း ခြေလျင်ဝင်လာကြကြောင်း၊ ဘန်ကောက်၊ ရာ့ချ်ပူရီ၊ နခွန်ပထုန်၊ ချွန်းဖွန်း၊ ချွန်းပူးရီး စတဲ့မြို့တွေမှာ အလုပ်သွားလုပ်ဖို့ ပွဲစားအဆက်အသွယ်နဲ့ ရောက်လာကြတာဖြစ်ပြီး လာကြိုမယ့်ကားကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

သူတို့ထဲမှာ အသက်မပြည့်တဲ့ ကလေးငယ် ၂ ဦးပါဝင်ပြီး မော်လမြိုင်၊ ဘုရားသုံးဆူ၊ ရေး စတဲ့မြို့နယ်တွေက လာကြတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်အပူချိန်တိုင်းရာမှာ ပုံမှန်ရှိကြပေမယ့် ကိုဗစ် ၁၉ ဥပဒေအရရော နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုတွေနဲ့ပါ အရေးယူသွားမယ်လို့ ဆိုပါတယ်။

1 month Ago

ထိုင်းသို့ တရားမဝင်ဝင်ရောက်မှုကာကွယ်ရန်နှင့် နယ်စပ်လူပွဲစားများအားကြပ်မတ်နှိမ်နင်းရန် ထိုင်းဝန်ကြီးချုပ်ညွှန်ကြား

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံထဲကို  တရားမဝင် အလု ပ်သမားတွေ  အများအပြားဝင်ရောက်လာနိုင်ပြီး  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအတွက်လည်း စိုးရိမ်မကင်းဖြစ်တာကြောင့်  ကြပ်မတ်စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ကြောင်း  ထိုင်းအလုပ်သမားဝန်ကြီးက ဧပြီလ ၄ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

လူမှောင်ကယ်ရီသမားတွေ၊ ပွဲစားတွေဟာ ဒါကိုအခွင့်ကောင်းယူပြီး တရားမဝင်သူတွေ တင်သွင်းတတ်တာမို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ နေရာအသီးသီးမှာ ကွင်းဆင်းစစ်ဆေး စောင့်ကြပ်ဖို့ ညွှန်ကြားထားကြောင်း  ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ်ချုမ်းကလင်က ပြော ပါတယ်။ 

ထိုင်းအလုပ်သမားဒုဝန်ကြီးကလည်း အထက်ကညွှန်ကြားစာလက်ခံရရှိပြီးတာနဲ့ ထိုင်းတ နိုင်ငံလုံးက တရားမဝင်အလုပ်သမားတွေစစ်ဆေးအရေးယူဖို့၊ အထူးသဖြင့် နယ်စပ်ခရိုင်တွေမှာ ပိုမိုကြပ်မတ်ပြီး တရားမဝင်အလုပ်သမား ငှားရမ်းခန့်ထားသူတွေ ၊ လူပွဲစားတွေကို အထူးသတိပေး လိုကြောင်း၊  အဆိုပါအလုပ်ရှင်ဟာ တရားမဝင်အလုပ်သမားငှားရမ်းခြင်း သို့မဟုတ် အလုပ်သမားကို လုပ်ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားထက် ပိုပြီးလုပ်ခွင့်ပြတာတွေ တွေ့ရင် အလုပ်သမား တစ်ဦးအတွက် အလုပ်ရှင်မှ ဒဏ်ငွေ ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိ လည်းကောင်း ၊ ပြစ်ဒဏ်ကို ထပ်ခါထပ်ခါကျူးလွန်ရင် ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ကျခံရမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးလျှင် ၃ နှစ်ဆက်တိုက်ထက် ပိုမိုခန့်ထားခွင့်မ ရှိကြောင်း ၊ ရွှေ့ပြောင်းအလုပ်သမားအနေနဲ့လည်း  အလုပ်သမားမှတ်ပုံတင်မရှိဘဲ အလုပ်လုပ်ရင် ဒါမှမဟုတ်  လုပ်ခွင့်ပြုထားတဲ့ လုပ်ငန်းအမျိုးအစားထက် ကျော်လွန်လုပ်ကိုင်ရင် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ ကျခံရမယ်လို့  အလုပ်သမား ဒုဝန်ကြီးက ပြောပါတယ်။ ကိုးကား -   https://www.nationtv.tv/main/content/378820165

1 month Ago

ထိုင်းရောက်မြန်မာများက စစ်ရှောင်ပြည်သူများထံ စားရိက္ခာအသုံးအဆောင်များ ဒုတိယအကြိမ် လှူဒါန်း

မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ဘေးရှောင်ရောက်ရှိနေတဲ့ စစ်ရှောင် ပြည်သူတွေအတွက် စားရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းတွေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဧပြီလ ၄ ရက်နေ့မှာ AAC ဂေဟာ (မဟာချိုင်) မှတဆင့် KNU ဗဟိုဌာနချုပ်က စစ်ရှောင်ပြည်သူတွေဆီ ဒုတိယအကြိမ် ပို့ဆောင်ပေးခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့တပ်နဲ့ တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှု​တွေပါဝင်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို ဒေသခံရွာသူရွာသား ၁၀၀၀၀ နီးပါး ထိုင်းနိုင်ငံဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

1 month Ago

ကိုဗစ်ကာကွယ်ဆေးထိုးပြီး နာရီအနည်းငယ်အကြာ ထိုင်းဘုန်းကြီး ၁ ပါး ပျံလွန်

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးနောက် နာရီအနည်းငယ်အကြာ ဘုန်းကြီးတပါး ပျံလွန်သွားခဲ့တဲ့အပေါ် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာကူလ်က ဝမ်း နည်းစိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။

အသက် ၇၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုပါ ဘုန်းကြီးဟာ ဝပ် ဆမ်ဖန်သ ဝေါင်ဘုန်းကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဘုန်းကြီးတပါးဖြစ်ကာ ကျန်းမာရေး မကောင်းသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပျံလွန်တော်မူရတဲ့ အကြောင်းရင်းကို စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးရင်တော့ ဘာ ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိနိုင်မယ်လို့ အနုတင်က ပြောပါတယ်။

ဒါပေမယ့် ခုလိုပျံလွန်တော်မူရတဲ့ အကြောင်းရင်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ကြောင့် မဖြစ်နိုင်ဘူးလို့ သူက ယုံကြည်နေတာပါ။

ထိုင်းပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေ မလုပ်ဆောင်ခင်မှာ ဆေးသိပ္ပံဌာနနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာနတွေရဲ့ အတည်ပြုချက်နဲ့ စမ်း သပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း အနုတင်က ပြောပါတယ်။

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေမယ့် အ ကြောင်းရင်းတခုမဟုတ်ဘူးလို့ ဝန်ကြီးက ပြောလိုက်ပြီး ပြည်သူတွေအနေနဲ့ ဆေးစစ် ချက်ရလဒ်ကို စောင့်ကြည့်သင့်ပြီး ဝန်ကြီးဌာနအနေနဲ့ ဘယ်တော့မှ ဖုံးကွယ်ထားမှာမ ဟုတ်ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန(CCSA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဧပြီ ၁ ရက်နေ့ထိ လူပေါင်း ၁၆၆,၂၄၃ ယောက်ကို ကာကွယ်ဆေးပထမအ သုတ်အနေနဲ့ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ၃၇,၄၀၇ ယောက်ကိုတော့ ဒုတိယအသုတ် အ နေနဲ့ ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက လူ ၄ ယောက်မှာသာ ခန္ဓာကိုယ်မှာ အဖုအပိန့်ထွက်တဲ့ ရောဂါလက္ခဏာ တွေ ပေါ်လာခဲ့ကာ အင်တီဟစ်တမင်းဆေးပေးပြီးနောက်မှာတော့ ပြန်လည်သက်သာ ကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၈,၉၄၇ ယောက်၊ သေဆုံးသူ ၉၄ ယောက်နဲ့ ရောဂါပြန်လည်သက်သာလာသူပေါင်း ၂၇,၆၀၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

1 month Ago

မြန်မာနိုင်ငံထဲက ထိုင်းနိုင်ငံသားများကို ကယ်ထုတ်ရန် ထိုင်းလေတပ် ပြင်ဆင်ထား

မြန်မာနိုင်ငံမှာ အခြေအနေက အကြမ်းဖက်မှုအဆင့် ပိုမြင့်လာခဲ့ရင် မြန်မာပြည်ရောက်  ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ထိုင်း လေတပ်က C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်တွေကို ပြင်ဆင်ထားတယ်လို့ ထိုင်းအခြေစိုက် PBS သတင်းဌာနက မတ်လ ၃၁ ရက်မှာ သတင်းထုတ်ပါတယ်။ 

မြန်မာနိုင်ငံထဲက အကြမ်းဖက်မှု အခြေအနေအပေါ် မူတည်ပြီး ဒီအစီအစဉ်ကို ပြင်ဆင်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက စစ်တပ်ကို အမိန့်ပေးနိုင်ရေး အစီရင်ခံထားတယ်လို့ ဆိုပါတယ်။ 

တကယ်လို့ ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံထဲကနေ ကယ်ထုတ်ဖို့ လိုအပ်ခဲ့ရင် ချက်ချင်း ဆောင်ရွက်နိုင်ဖို့ ထိုင်းလေတပ်ဟာ ကယ်ဆယ်ရေးအတွက် လေ့ကျင့်နေခဲ့တာပါ။ အမိန့်ရတာနဲ့ ချက်ချင်း ထိုင်းနိုင်ငံသားတွေကို ကယ်ဖို့ ခရီးထွက်နိုင်ရေး အတွက် C-130 အမျိုးအစား လေယာဉ် ၈စီးကို အဆင်သင့် ပြင်ဆင်ထားတယ်လို့ ထိုင်း PBS က ပြောပါတယ်။

အခြေအနေတွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးက အကြီးအကဲတွေဆီ အစီရင်ခံပြီးပြီလို့ ဆိုပါတယ်။ 

ရန်ကုန်မြို့မှာ ရှိနေတဲ့ ထိုင်းနိုင်ငံသား အယောက် ၈၀၀ လောက်ကလည်း ထိုင်းနိုင်ငံကို ပြန်ဖို့ သူတို့ဆန္ဒကို အကြောင်းမကြားကြသေးဘူးလို့ ဆိုပါတယ်။ 

2 months Ago

RCSS/SSA ကို မြန်မာစစ်ကောင်စီတပ်က တိုက်ခိုက်တော့မည်ဟု ထိုင်းနယ်ခြားကော်မတီပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ RCSS/SSA ရှမ်းပြည်တပ်မတော် စစ်စခန်းအားလုံးကို မြန်မာစစ်တပ်ကခြေမှုန်းတော့မယ်လို့  ထိုင်း-မြန်မာနယ်ခြားကော်မတီ TBC ရဲ့အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

RCSS/SSA ရှမ်းပြည်တပ်မတော်ဟာ မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အပြင် ဆန္ဒပြ ပြည်သူတွေ ဘက်ကရပ်တည်ကာ ဆန္ဒပြသူတွေကိုလည်း အကာအကွယ်ပေးမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ ကြောင်း၊ RCSS/SSA ဟာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီး အခုလို ဆန့်ကျင်ကန့်ကွက်တာဟာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိပါး စေတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ RCSS/SSA စစ်စခန်းတွေကို ခြေမှုန်းရမယ်လို့    ထိုင်းမြန်မာနယ်ခြားကော်မတီ TBC (မြန်မာ)ဘက်ကနေ  ထိုင်းမြန်မာနယ်ခြား ကော်မတီ TBC (ထိုင်း) ဘက်ကို မတ်လ ၃၀ ရက်နေ့က စာပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ 

RCSS/SSA ရှမ်းပြည်တပ်မတော် စစ်စခန်းတွေဟာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းရွာနဲ့ မျက်နှာချင်းဆိုင် လွိုင်ကော်ဝမ်းမှာလည်းကောင်း၊ ချင်းမိုင်ခရိုင် ဖန်မြို့နယ် မျက်နှာချင်းဆိုင် လွိုင်ဆန်စုမှာလည်းကောင်း၊ မယ်ဟောင်ဆောင်ခရိုင်တဘက်ကမ်း လွိုင်တိုင်းလျန်းမှာရှိသလို အခြားစစ်စခန်းငယ်တွေပါရှိသေးကြောင်း၊ ဒါတွေကို ခြေမှုန်းရာမှာ ထိုင်းမြန်မာနှစ်နိုင်ငံချစ်ကြည်ရေးမထိခိုက်စေဖို့ လက်နက်ကျည်တွေ ထိုင်းဘက်ခြမ်းမှာ မကျရော က်စေဖို့ ထိန်းသိမ်းပစ်ခတ်သွားမယ်လို့ ဆိုပါတယ်။

RCSS/SSA စစ်စခန်းတွေ တိုက်ခိုက်ဖို့ ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်မှာရော ရွှေတြိဂံတိုင်းဒေသ ကျိုင်းတုံမှာပါ တိုက်လေယာဉ် ၂ စီးပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာ့တပ်မတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးကလည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ရှမ်းပြည်တပ်မတော်စစ်စခန်းတွေကို ခြေမှုန်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ ဒါကြောင့် ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ကို အထူးဒေသ ၂ အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး မြောက်ပိုင်း ဝ တပ်ဖွဲ့အချို့ကို တောင်ပိုင်းသို့ ပြောင်းရွှေ့ကာ နယ်မြေစိုးမိုးစေခဲ့တယ်လို့ ဆိုပါတယ်။ 

အရပ်သားအစိုးရတက်လာပြီးတဲ့နောက် ရှမ်းပြည်တပ်မတော်နဲ့ နိုင်ငံရေးဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာဖို့ကြိုးစားခဲ့တာကြောင့် တိုက်ပွဲရှိန်လျော့နည်းသွားပြီး အခုလို တပ်မတော်က အာဏာသိမ်း လာတော့ တကြော့ပြန်ချေမှုနန်းဖို့  ကြိုးစားလာတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး   RCSS/SSA  ဒေသ (၁) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကွဏ်းစင့်က တော့ လာတိုက်ရင်းလည်း မိမိကိုယ်မိမိကာကွယ်ရမှာဖြစ်ကြောင်း၊ စစ်သည်ဆိုတာ စစ်ရေး အတွက်အမြဲပြင်ဆင်နေရတာဘဲလို့  ဒီဗွီဘီကို ပြောပါတယ်။ 

2 months Ago

ကရင်စစ်ဘေးရှောင်များအားနှင်ထုတ်မှု ထိုင်းနိုင်ငံခြားရေးဌာန ပယ်ချ

ကရင်ပြည်နယ်ထဲမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ လေတပ်က ကေအန်ယူနယ်မြေထဲကို  ပြီးခဲ့တဲ့ရက်ပိုင်းက လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်တာကြောင့် ထောင်နဲ့ချီတဲ့ ကရင်ရွာသားတွေဟာ သံလွင်မြစ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံဖို့ ကြိုးစားခဲ့ပါတယ်။ 

ဒါပေမဲ့ ထိုင်းစစ်တပ်က လက်မခံဘဲ နှင်ထုတ်တာကြောင့် ကရင်စစ်ပြေးရှောင်အ မြောက်အများ တောထဲတောင်ထဲမှာ ဖြစ်သလိုအိပ်စက်နေရပုံ၊ ထိုင်းစစ်တပ်ကလည်း နယ်စပ် တလျှောက် သံဆူးကြိုးတွေနဲ့ ကာရံနေတဲ့ပုံတွေ လူမှုကွန်ရက်သတင်းမှာ ပြန့်နှံ့နေပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မဟုတ်မမှန်ကြောင်း ယမန်နေ့ ညက ပြန်လည်ဖြေရှင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံက စစ်ပြေးရှောင်တွေကို လက်မခံဘဲ ပြန်နှင်ထုတ်ခဲ့တယ်လို့ ဖော်ပြခဲ့တဲ့ သတင်း တွေဟာ မြန်မာပြည်ထဲက တရားမဝင်တိုင်းရင်းသားသတင်းဌာနဖော်ပြချက်ကို ကိုးကားဖော်ပြ နေခြင်းသာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့တရားဝင်သတင်းဖော်ပြချက်မဟုတ်ကြောင်း၊ အဆိုပါသတင်း ကိုလည်းအတည်မပြုနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်းထားနီးဆိုင်ရတ်တနက မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေအကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးခိုလှုံ လာသူတွေကို လူသားချင်းစာနာမှုအနေနဲ့ နိုင်ငံတကာစံချိန်စံနှုန်းနဲ့အညီ လက်ခံစောင့်ရှေ ရှောက်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီး အတွေ့အကြုံတွေလည်းရှိခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိ မြန်မာ နိုင်ငံရဲ့အခြေအနေ၊ တိုက်ပွဲဖြစ်နေတဲ့အခြေအနေတွေကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေ တယ်လို့ ဆိုပါတယ်။ 

စစ်ပြေးရှောင်ပြည်သူတွေကို လက်ခံကူညီပေးဖို့အတွက် ထိုင်းအမျိုးသားလုံခြုံရေး ကောင်စီ နဲ့ နယ်စပ်ဒေသခရိုင်တာဝန်ရှိသူတွေကလည်း နေရာချထားရေးကိစ္စနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဖို့ကိစ္စတွေကို မူဝါဒနဲ့ ဆောင်ရွက်ရမယ့်နည်းလမ်းတွေ ချမှတ်ထားတယ်လို့ ပြောသွား ပါတယ်။

ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ကရင်စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က မိမိနေရပ်သို့ပြန်ထွက်ခွာဖို့ မောင်းထုတ်လိုက်ခဲ့တယ်လို့ ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့  ရုပ်သံ မှတ်တမ်းရိုက်ကူးနေသူ တစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ကေအန်ယူ တိုက်ပွဲမရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ထိုင်းစစ်တပ်က ကရင်စစ်ဘေးရှောင်တွေကို မြန်မာပြည်ဘက် ပြန်ခိုင်းနေတာဖြစ်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ KNU/KNLA တပ်မဟာ ၅ နယ်မြေကို အာဏာသိမ်း စစ်ကောင်စီရဲ့ လေတပ်က ဗုံးကြ တိုက်ခိုက်ခဲ့တာကြောင့် ကရင်ပြည်သူတွေ  ၃၀၀၀ လောက် သံလွင်မြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်မှာ ယာယီ စစ်ပြေးရှောင်ခိုလှုံနေကြတယ်လို့ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေက သတင်းထုတ်ထားပါတယ်။

ထိုင်းအစိုးရဟာ  ပြီးခဲ့တဲ့ အပတ်ကလည်း  ထိုင်းဘက်ခြမ်းကနေ မြန်မာစစ်တပ်အတွက်  ပို့ဆောင်မယ့်ဆန်အိတ် ၇၀၀ နဲ့ ရိက္ခာကိစ္စကိုလည်း ငြင်းပယ်ထားပြီး ပုံမှန်ရောင်းဝယ်နေကျလို့ ပြောဆိုခဲ့ပါတယ်။ 

ကိုးကား - https://www.dailynews.co.th/politics/834066

2 months Ago
More News
Up