Search Results For: ဆိုးလ်ရှား

ဆောက်သမ်တန်အား အညှာအတာမဲ့ကစားခဲ့သည့် ယူနိုက်တက်ကစားများကို ဆိုးလ်ရှား ချီးကျူး

ဆောက်သမ်တန်အသင်းကို အညှာအတာကင်းမဲ့စွာအနိုင်ယူခဲ့တဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကျေနပ်အားရနေပါတယ်။ 

ဒီပွဲမှာ ဆောက်သမ်တန်အသင်းအတွက် အထမဆုံးအဖြစ်ပွဲချိန်ပြည့်ပွဲထွက်ခွင့်ရတဲ့ ကွင်းလယ်လူ ဂျန်ကီဝစ်ဇ်ဟာ ပွဲအစ ၂ မိနစ်မှာတင် အနီကတ်ထိခဲ့ပါတယ်။ 

ဒီအနီကတ်ဟာ ယူနိုက်တက်အသင်းအတွက် စံချိန်တင်အနိုင်ရလဒ်ထွက်ပေါ်လာစေဖို့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းသား ၇ ဦးက ပြိုင်ဘက်ကို ၉ ဂိုးသွင်းကာ ပရီးမီးယား လိဂ်သမိုင်းရဲ့ဂိုးအပြတ်ဆုံးနိုင်ပွဲဆိုတဲ့ စံချိန်ကိုလိုက်မီခဲ့ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက “သူတို့ဟာ တကယ့်ကို အညှာအတာကင်းမဲ့လွန်းပါတယ်။ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒီဂီယာနဲ့ တွမ်မီနေးတို့ဟာ သူတို့ဘက်ကအခြမ်းမှာ ဘောလုံးကို ခပ်မြန်မြန်ကစားပြီး ဂိုးတွေသွင်းနိုင်သလောက်ထပ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ကစားနေတဲ့ပုံက သူတို့ရဲ့  နောက်ဆုံးပွဲလိုပါပဲ။ ကျနော် သဘောအကျဆုံးအရာကတော့ သူတို့ရဲ့ဆာလောင်မှုနဲ့ စိတ်ဓာတ်ကိုပါပဲ။ ဒါ့ကြောင့် သူတို့ပိုကောင်းလာဖို့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကျနော်တို့ဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေချင်ပါတယ်။ ဒါကို ကစားသမားတွေက အတိအကျလုပ်ပြနိုင်ခဲ့ပါတယ်” လို့ ” လို့ ဆိုးလ်ရှားကပြောပါတယ်။ 

တစ်ခါတစ်ရံမှာတချို့အသင်းတွေဟာ တစ်ယောက်လျော့သွားတဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ ရုန်းကန်လေ့ရှိတတ်ပေမယ် ဂျန်နကီဝစ်ဇ်ရဲ့အနီကတ်က ပွဲကိုပွင့်သွားစေ ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  

“တခါတလေကျနော်တို့ ၁၀ ယောက်ပဲကျန်တဲ့ အသင်းတွေနဲ့ကစားရာမှာ သူတို့ဟာ နောက်မှာပဲနေပြီး ခံစစ်ကို သေချာလုံအောင်ကစားတတ်ပါတယ်။ ကျနော်တို့ဆိုဒ်ချိန်းတာမျိုး၊ ခံစစ်တန်းနောက်ကို ထိုးဖောက်တာမျိုးနဲ့ တခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ကစားရမယ့်ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ၂ ပွဲပိုကစားပြီး ထိပ်ဆုံးက မန်စီတီးအသင်းနဲ့ ရမှတ်တူအနေအထားကို  ရောက်ရှိလာခဲ့ပါတယ်

3 months Ago

ဝက်စ်ဟမ်းမှာ ခြေစွမ်းပြပြီး ပြန်လာရန် လင်ဂတ်ကို နည်းပြဆိုးလ်ရှား ပြော

လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြသပြီး အသင်းဆီကို ပြန်လာစေချင်တယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

နည်းပြဆိုးလ်ရှားဟာ ပွဲထွက်ခွင့်မပေးနိုင်ခဲ့တဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ သူ့ရဲ့အရည်အချင်းတွေကို ပြသပြီး အသင်းဆီ ပြန်လာစေချင်ကြောင်း နည်းပြဆိုးလ်ရှားက ပြောခဲ့တာပါ။ 

လင်ဂတ်အနေနဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ ထိတွေ့မှုရှိခဲ့လို့ သီးသန့်နေထိုင်ခဲ့ရတာမျိုးလို ကိစ္စတွေရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးဆိုတာကို ပြသပြီး အသင်းဆီ ပြန်လာဖို့ နည်းပြဆိုးလ်ရှားက တိုက်တွန်းခဲ့တာပါ။

နောက်ခံလူ ရိုဟိုကတော့ အာဂျင်တီးနားကလပ်ဆီကို ပြန်လည်ပြောင်းရွှေ့မှာ ဖြစ်ပြီး ဂိုးသမား ရိုမဲရိုးကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ဆိုးလ်ရှားက အတည်ပြုသွားပါတယ်။

3 months Ago

ရလဒ်မကောင်းချိန် အသင်း၏ ထောက်ခံမှုရခဲ့သဖြင့် ကျေနပ်မိဟု မန်ယူနည်းပြဆိုးလ်ရှားပြော

ရလဒ်တွေ မကောင်းချိန်မှာ အသင်းရဲ့ထောက်ခံမှု အပြည့်အဝရခဲ့တဲ့အပေါ် ကျေနပ်မိတယ်လို့  မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။

ချဲလ်ဆီးအသင်းက ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တဲ့ နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ နည်းပြဆိုးလ်ရှားက ပြောခဲ့တာပါ။

မန်ယူအသင်းဟာ ရာသီအစတုန်းက ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အခြေအနေဆိုးတွေကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ကာ လက်ရှိအချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ယုံကြည်မှုတွေတင်မကဘဲ အသင်းလူစာရင်းကလည်း ဒဏ်ရာကင်းစင်နေပြီ ဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

မန်ယူအသင်းဟာ လက်ရှိအချိန်  ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၄၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

3 months Ago

မန်ယူအသင်းက ပိုမိုကောင်းမွန်လာသည့် အသင်းဖြစ်လာပြီဟု နည်းပြ ဆိုးလ်ရှား ချီးကျူး

မန်ယူအသင်းက  တဖြည်းဖြည်းနဲ့ ပိုမိုကောင်းတဲ့အသင်းဖြစ်လာပြီလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာဦးဆောင်နေသလို အက်ဖ်အေဖလားမှာလည်း အဓိကပြိုင်ဘက် လီဗာပူးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ယူပြီး ပဉ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ 

လီဗာပူးကို အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်အသင်းက ပိုမိုတောင့်တင်းတဲ့ အသင်းဖြစ်လာပြီလို့ ဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။

”ပြီးခဲ့တဲ့တစ်နှစ် ဒါမှမဟုတ် ၆ လ လောက်ကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိခြေစွမ်းနဲ့  ကွဲပြားခြားနားတာကို မြင်တွေ့ရမှာပါ။ အလွန်ကြီးမားတဲ့ တိုးတက်မှုကြီး မဟုတ်ပေမယ့်လည်း ခက်ခဲတဲ့ ပွဲစဉ်တွေကိုလည်း အနိုင်ရခဲ့ပြီး အသင်းက တဖြည်းဖြည်းနဲ့ ပိုကောင်းလာနေပါတယ်။ ဒီလိုယုံကြည်မူနဲ့ စရိုက်လက္ခာရှိတာက အသင်းအတွက် အလွန်ကောင်းမွန်ပါတယ်” လို့ ဆိုးလ်ရှားကသုံးသပ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ ၂၈ ရက်နေ့မနက် ၂ နာရီ ၄၅ မိနစ်မှာ ပရီးမီးယားလိဂ်ဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပြီး အက်ဖ်အေဖလား ၁၆ သင်းအဆင့်မှာတော့ ဝက်စ်ဟမ်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

3 months Ago

လီဗာပူးနှင့်ပွဲ၌ ဂရင်းဝုဒ်ဒဏ်ရာရ၊ ကစားသမားများ၏တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆိုးလ်ရှားချီးကျူး

လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဒူးဒဏ်ရာရရှိခဲ့တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ 

အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ဂရင်းဝုဒ်ဟာ အသင်းအတွက် ပထဆုံးချေပဂိုးကို သွင်းယူခဲ့သူဖြစ်ပြီး ပွဲအပြီး ဥမင်ထဲမှာ ထော့နင်းထော့နင်းနဲ့ ဝင်  ရောက်သွားခဲ့တာ တွေ့ခဲ့ရပါတယ်။ 

ကစားသမားမှာ ဒဏ်ရာပြဿနာရှိနေပြီး အခြေအနေကို စကင်ဖတ်ကြည့်ဖို့ လိုအပ်တယ်လို့ ဆိုးရှားက အတည်ပြုပြောပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက ဦးဆောင်ဂိုးပေးထားရတဲ့အချိန်မှာ ချေပဂိုးတွေ၊ အနိုင်ဂိုးတွေ ပြန်ရအောင်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ရက်ဖို့ဒ်ရဲ့ ပေးပို့မှုကနေ ဂရင်းဝုဒ်က ဆာလက်ရဲ့ အစောပိုင်းဦးဆောင်ဂိုးကို ချေပပေးခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် ရွန်းနီနောက်ပိုင်း လီဗာပူးအသင်းကို ဂိုးသွင်းယူနိုင်တဲ့ အသက်ငယ်ဆုံး ယူနိုက်တက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

ဂရင်းဝုဒ်ဟာ ရက်ဖို့ဒ်ရဲ့  ဦးဆောင်ဂိုးကိုလည်း ဖန်တီးပေခဲ့ပါတယ်။ ဆာလက်က တစ်ဖက် ၂ ဂိုးစီ သရေဖြစ်အောင် ချေပနိုင်ခဲ့ပေမယ့် လူစားဝင်ကစားသမား ဖာနန်ဒက်စ်ရဲ့ စပါယ်ရှယ်ဖရီးကစ်ဂိုးနဲ့ ယူနိုက်တက်အသင်းဟာ နောက်တစ်ဆင့်တက်ရောက်သွားနိုင်ခဲ့တာပါ။

ကျနော်တို့ တစ်ဂိုးပေးထားရချိန်မှာ အသင်းသားတွေရဲ့ တုံ့ပြန်မှုက အရမ်းကိုကောင်းခဲ့ပါတယ်။ ကျနော်တို့ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သလို ကောင်းမွန်တဲ့ ဂိုးတစ်ချို့ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်‌။ ကျနော်တို့ ပြိုင်ဘက်ကို ကောင်းကောင်းကာကွယ်နိုင်ခဲ့သလို တုံ့ပြန်မှုကလည်း အရမ်းကိုကောင်းခဲ့ပါတယ်။ ရက်ဖို့ဒ်ဟာ တိုက်စစ်နေရာစုံမှာ ကစားခဲ့သလို လီဗာပူးရဲ့ ခံစစ်လိုင်းမြင့်မှုကြောင့် ဘောလုံးကို မြန်မြန်ဆန် ဆန်ရွှေ့ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကိုအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။

ဆိုးလ်ရှားဟာ အနိုင်ဂိုးရှင် ဖာနန်ဒက်စ်ကိုလည်း ဆက်လက်ချီးကျူးသွားခဲ့ပြီး သူ့ကို ပွဲထွက်လူစာရင်းမှာ ပါမှာမဟုတ်ဘူးလို့ ကြိုပြောထားပေမယ့် ပေါ်တူဂီသားကတော့ စနေနေ့လေ့ကျင့်ရေးကွင်းမှာ ဖရီးကစ်လေ့ကျင့်နေခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

“လေ့ကျင့်ရေးအပြီးမှာတောင် ဖာနန်ဒက်စ်က ၄၅ မိနစ်လောက် ဖရီးကစ်ကန်တာ လေ့ကျင့်နေခဲ့ပြီး ဒီပွဲမှာ သူအခွင့်အရေးရရင် သူတစ်ဂိုးတော့သွင်းယူနိုင်လိုက်မယ်လို့ ကျနော်ယုံကြည်မှု ရှိခဲ့ပါတယ်။” 

3 months Ago

ပွဲကစားခွင့်နှင့်ပတ်သက်ပြီး ဗန်ဒီဘိခ်မပျော်မရွှင်ဖြစ်နေဟု ဆိုးလ်ရှားဝန်ခံ

ပွဲကစားခွင့်နည်းပါးတာကြောင့် ဗန်ဒီဘိခ်တစ်ယောက် အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက် အဓိကကစားသမားဖြစ်လာမယ်လို့  မျှော်လင့်ခဲ့ကြပေမယ့် အင်္ဂလန်မြေကိုပ ထမဆုံးရာသီမှာ ပုံမှန်ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာဖြစ်ပါတယ်။  သူဟာ ဒီရာသီမှာ အသင်းအတွက် ၂၁ ပွဲကစားထားရပေမယ့် အဲ့ထဲမှာ ပရီးမီးယားလိဂ် ၁၀ ပွဲပဲ ပါပြီး ၂ ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ ဒီရာသီအသင်းရဲ့အောင်မြင်မှုမှာ ဖရက်၊ တွမ်မီနေး၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့က ကွင်းလယ်ရဲ့ အဓိကနေရာကနေ ပါဝင်နေပြီး ဗန်ဒီဘိခ်အနေနဲ့ ဒီ ၄ ယောက်ကို ကျော်ပြီး ပွဲထွက်ခွင့်မရတာဖြစ်ပါတယ်။  ဒီအခြေအနေအပေါ် နည်းပြဆိုးလ်ရှားက “သူပျော်ရွှင်နေတယ်လို့ ကျနော်မပြောနိုင်ပါဘူး။ သေချာတာပေါ့ ဗန်ဒီဘိခ်လည်း ပိုကစားချင်မှာပဲလေ။ ဒါပေမယ့် သူဟာ သူ့အလုပ်ကို အကောင်းဆုံးပုံစံနဲ့ လုပ်နေပါတယ်။ ကျနော်တို့အသင်းက ကောင်းကောင်းလုပ်ပြနေပြီးတော့ သူ့နေရာမှာ တခြားကစားသမားတွေကလည်း တကယ်ကို ကောင်းနေပါတယ်” လို့ ပြောပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းနဲ့ ကစားသမားဘဝမှာ အကောင်းဆုံးလူစားလဲကစား သမားဖြစ်ခဲ့သူဖြစ်ပြီး ဒီအခြေအနေက ကစားသမားသစ်ဘန်ဒီဘိခ်ရဲ့ ခံစားချက်ကို နားလည်မှုပေးနိုင်တာလည်း ဖြစ်ပါတယ်။  “သူ့ကိုကြည့်ပြီး ကျနော့်ကိုယ်ကျနော်ပြန်သတိရမိပါတယ်။ ဖာဂူဆန်လက်ထက်က ကျနော့်အခြေအနေနဲ့ အတူတူပါပဲ။ ကျနော့်ကို သူကွင်းထဲ ဝင်ကစားခိုင်းရင် ကျနော်အသင်းကို အနိုင်ရအောင်လုပ် ပေးဖို့ ပျော်ရပါတယ်။ ဗန်ဒီဘိခ်ဟာလည်း ဒီလိုကစားသမားမျိုးပဲဖြစ်ပါတယ်။ သူဟာ ကျနော်တို့အတွက် အရေးကြီးတဲ့ကစားသမားဆိုတာ သူ့ကိုယ်သူသိပါတယ်။ သူပွဲတွေ အများကြီးကစားရတော့မယ်ဆိုတာလည်း သူသိပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာ လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲကစားရဖို့ရှိနေပြီး ဒီပွဲမှာ ဘန်ဒီဘိခ်သေချာပေါက်ပါဝင်လာလိမ့်မယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
3 months Ago

မန်ယူနိုက်တက်က ဖူဟန်ကို (၂-၁)ဂိုးဖြင့်နိုင်၊  ပေါ့ဘာ၏ခြေစွမ်းကို ဆိုးလ်ရှား ချီးကျူး

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက်  ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့  ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချီးကျူးပြောဆို လိုက်ပါတယ်။  ဒီရာသီအစပိုင်းမှာ ပေါ့ဘာဟာ ဒဏ်ရာကြောင့် ပွဲထွက်ခွင့် နည်းပါးခဲ့သလို ကိုရိုနာ ဗိုင်းရပ်စ်ပါ ကူးစက်ခံခဲ့ရတာ ကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့သီတင်းပတ်တွေကစလို့ သူဟာ အသင်းအတွက် အားကိုးရတဲ့ ကစားသမား တစ်ဦးအဖြစ် ပြန်လာနိုင်ခဲ့ပါတယ်။  မနေ့ညက ပွဲစဉ် ပထမပိုင်း ၅ မိနစ်မှာပဲ ဖူဟန်အတွက် အဖွင့်ဂိုးကို လွတ်ခ်မန်းက သွင်းယူပေးခဲ့ပြီး မိနစ် ၂၁ မှာတော့ မန်ယူအတွက် ချေပဂိုးကို ကာဗာနီက သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ တဖက်တစ်ဂိုးစီသရေကျနေခဲ့တာပါ။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်မှာ ပေါ့ဘာက ဘယ်ခြေ ကန်ချက်နဲ့သွင်းယူပေးခဲ့ပါတယ်။  သူဟာ ၅ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး အသင်းအတွက် ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။  ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်ရှိနေပြီး ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဆိုးလ်ရှားက ပေါ့ဘာကို ချီးကျူး ပြောဆို သွားခဲ့ပါတယ်။  “ကျနော်အရင်က ပြောခဲ့သလိုပဲ ကွင်းထဲမှာ ပေါ့ဘာ မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ သူဟာ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ အခွင့်အရေးတွေ ဖန်တီးပြီး ကန်ချက်တွေကိုလည်း ပြသ နိုင်ခဲ့ပါတယ်။ ဒီနေ့ခြေစွမ်းကြောင့် သူဟာ ကွင်းလယ်မှာ သင့်တော်တဲ့ ကစားသမား တစ်ဦးလို့ ခံစားခဲ့ရပြီး သူ့ရဲ့ ဘယ်ခြေကန်ချက်ဟာလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူ တကယ်ကို ပြန်လာနိုင်ခဲ့ပါပြီ။ သူ့ ကြံ့ခိုင်ရေးကလည်း အကောင်းဆုံးပုံစံမှာရှိနေပြီး နေရာစုံမှာ ကစားနိုင်ခဲ့ ပါတယ်။ သူတကယ်ကို ကောင်းခဲ့ပါတယ်”  ဒီနေ့နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နောက်ဆုံးလိဂ်ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အဆင်သင့်ရှိနေကြောင်းကို ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း ပထမဆုံးသော လိဂ်ဖလားကို ရရှိဖို့ အလားအလာအကောင်းဆုံး အခြေအနေမှာ ရှိနေပေမယ့် ဆိုးလ်ရှားကတော့ ချန်ပီယံဖြစ်ဖို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တတ်နိုင်သလောက် မပြောဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ 
4 months Ago

ဘရူနိုဖာနန်ဒက်စ်ကို အနားပေးရန် မလိုအပ်သေးဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို အနားပေးဖို့ မလိုအပ်သေးဘူးလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းကို ပွဲထွက်ကစားနေရတဲ့အပေါ်မှာ အနားယူဖို့ လိုအပ်သလားဆိုတဲ့ မေးခွန်းအပေါ်မှာ နည်းပြဆိုးလ်ရှားက မလိုအပ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။  ဒီဇင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အသင်းနဲ့ စုစုပေါင်း ၄၉ ပွဲမှာ ၂၇ ဂိုးသွင်းပြီး ၁၇ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ပွဲဆက်များနေပေမယ့် ဖာနန်ဒက်စ်က ပွဲပန်းတာမျိုးမရှိသလို အနားပေးဖို့လည်း အခွင့်အရေးမရှိကြောင်း၊ တစ်ပွဲပြီးတစ်ပွဲတိုင်း အမြန်ဆုံး ပြန်လည်အားပြည့်အောင် လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း နည်းပြဆိုးလ်ရှားက မှတ်ချက်ပေးခဲ့ပါတယ်။  “သူ ရောက်လာချိန်ကတည်းက အလွန်သန်မာတဲ့ ကစားသမားဖြစ်ခဲ့ပြီး ပွဲပန်းတာမျိုး မရှိပါဘူး။ မောပန်းနေသလားလို့ သူ့ကို မေးမယ်ဆိုရင်လည်း ဘာမှမဖြစ်ဘူးလို့ သူ ပြန်ပြောမှာ သေချာပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ မန်ယူအသင်းဟာ ဇန်နဝါရီ ၂၁ ရက်  မနက်ပိုင်းမှာ ဖူဟမ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ 
4 months Ago

ကာဗာနီဟာ အသင်းအတွက် အားတစ်ခုဖြစ်စေဟု နည်းပြဆိုးလ်ရှားပြော

မန်ယူနိုက်တက်တိုက်စစ်မှူးကာဗာနီဟာ ပွဲပယ်ပြစ်ဒဏ်ပြည့်မြောက်သွားလို့ အသင်းအတွက် အားတစ်ခု ဖြစ်စေတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ကာဗာနီဟာ အင်စတာဂရမ်မှာ လူမျိုးရေးခွဲခြားစေတဲ့ စာသား ရေးတင်ခဲ့တာကြောင့် အက်ဖ်အေက ၃ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင် ၁ သိန်း ချမှတ်ခံခဲ့ရတာပါ။  အက်စ်တွန်ဗီလာ၊ မန်စီးတီးနဲ့ ဝက်ဖို့ဒ် ပွဲစဉ် ၃ ပွဲကို လွဲချော်ခဲ့တဲ့ ကာဗာနီဟာ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းမှာ ကစားမယ့် ဘန်လေနဲ့ ပွဲမှာတော့ ပြန်လည်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။  ကာဗာနီဟာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် အကောင်းဆုံးလေ့ကျင့်ခဲ့တာကြောင့် ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပြီး သူ ပြန်လည်ကစားနိုင်တာက အသင်းအတွက် အားတစ်ခု ဖြစ်စေတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ကာဗာနီက ဂရင်းဝုဒ်၊ မာစီယယ်နဲ့ ရက်ရှ်ဖို့ဒ်တို့လို တိုက်စစ်မှူးတွေနဲ့မတူတဲ့  ကစားသမား ဖြစ်တာကြောင့် အမှန်တကယ် အရေးပါတဲ့တိုက်စစ်မှူး ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ချီးကျူးပါတယ်။
4 months Ago

ကိုဗစ်စည်းကမ်း လိုက်နာပြီး ဘောလုံးပွဲများ ဆက်ကစားရန်လိုကြောင်း နည်းပြဆိုးလ်ရှား ပြော

ကိုဗစ်-၁၉ ကပ်ရောဂါက ကြောက်စရာကောင်းပေမဲ့ ဘောလုံးပွဲစဉ်တွေ ဆက်ကစားဖို့ လိုအပ်တယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  ယူကေမှာ ကူးစက်မြန်ဗိုင်းရပ်စ်ပိုးကြောင့် လော့ဒေါင်း ချထားရတာဖြစ်ပါတယ်။ ဘောလုံးပွဲစဉ်တချို့ ရွှေ့ဆိုင်းရတာတွေရှိပေမဲ့လည်း အများစုကိုတော့ ဆက်ပြီး ယှဉ်ပြိုင် ကစားနေဆဲဖြစ်ပါတယ်။  နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ပိုးက  ထိတ်လန့်စရာ ကောင်းပေမဲ့လည်း စည်ကမ်းချက်တွေကို လိုက်နာပြီး ပွဲစဉ်တွေဆက်ကစားဖို့ လိုတယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  လော့ဒေါင်းကာလမှာ  ဘောလုံးပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်စေတာက လူတွေအတွက် ပိုမိုအကျိုးရှိနိုင်ပြီး အိမ်မှာပဲ တီဗွီကနေ အေးဆေးကြည့်လို့ရတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းမှာ လူငယ်ကစားသမား ပယ်လစ်ထရီက ကိုဗစ်-၁၉ ပိုးကူးစက်ခံခဲ့ရပေမဲ့ ပထမအသင်းကြီးနဲ့ ပူပေါင်လေ့ကျင့်တာမျိုး မရှိခဲ့လို့ သက်သာရာရခဲ့တာဖြစ်ပါတယ်။ 
4 months Ago

ဖလားတစ်လုံး ယူပြရန် မန်ယူနည်းပြ ဆိုးလ်ရှားကို နဗီးလ် တိုက်တွန်း

ဆုဖလား တစ်ခုခုကိုမှ မဆွတ်ခူးနိုင်ဘူးဆိုရင် ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းမှာ ဖိအားတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ဂယ်ရီနဗီးလ်က သတိပေးပြောကြားလိုက်ပါတယ်။  ယူနိုက်တက်အသင်းဟာ မန်စီတီးအသင်းကို ရှုံးနိမ့်ခဲ့လို့ ကာရာဘောင်းဖလားပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။  ပြီးခဲ့တဲ့ရာသီမှာလည်း ဒီလိုမျိုး ဆီမီးဖိုင်နယ်အဆင့်ကနေ ၃ ကြိမ်တိုင်တိုင်လှည့်ပြန်ခဲ့ရမှု ကြောင့် ယူနိုက်တက်ကစားသမားတွေဟာ ဆုဖလားတွေကို ဆွတ်ခူးဖို့ လုံလောက်တဲ့ စိတ်ဓာတ် ကြံ့ခိုင်မှု မရှိဘူးလားဆိုတဲ့ မေးခွန်းတွေဟာလည်း ထွက်ပေါ်လာခဲ့ ပြီဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ကစားသမားဘဝမှာ အောင်မြင်မှုများစွာ ရရှိခဲ့သူဖြစ်ပေမဲ့ နည်းပြဘဝမှာ တော့ အောင်မြင်မှု ကြီးကြီးမားမား ရရှိဖို့ ရုန်းကန်နေရပါတယ်။   ဒီအချက်ကြောင့် ယူနိုက်တက်နည်းပြ သက်တမ်းတလျှောက်လုံး ဝေဖန်မှုတွေ ခံထားရတဲ့ ဆိုးလ်ရှားအနေနဲ့ သူ့နေရာမှာ ကာလရှည်ရှိနေဖို့ဆိုရင် ကလော့နဲ့ ဂွါဒီယိုလာစတဲ့ ပြိုင်ဘက်  နည်းပြတွေလို အောင်မြင်မှုတွေရရှိဖို့ လိုအပ်နေပြီလို့ ယုံကြည်နေပါတယ်။   မန်စီတီးကို ရှုံးနိမ့်ခဲ့အပြီးမှာ ဂယ်ရီနဗီးလ်က “ မန်စီတီးနဲ့ ကာရာဘောင်းပွဲရယ်၊ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲရယ်မှာ ယူနိုက်တက် ပရိတ်သတ်တစ်ဦးအနေနဲ့ မျှော်လင့်ချက်များစွာ ရှိနေတယ်ဆိုတာကို ကျနော်အရင်က ပြောခဲ့ဖူးပါတယ်။ ယူနိုက်တက်အသင်းအခုရာသီမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သူဖြစ်လာမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားပေမဲ့  ဖလား တစ်လုံးလောက်တော့လိုချင်တယ်ဆိုတဲ့ ခံစားချက်တော့ ရှိကြပါတယ်” လို့ပြောပါ တယ်။  “ ဒီရာသီကုန်ဆို ဆိုးလ်ရှားအသင်းမှာရှိနေတာ ၂ နှစ်ခွဲရှိပါပြီ။ ၂ နှစ်ခွဲလုံးလုံး ဖလား တစ်လုံးမှ မရခဲ့ဖူးဆိုရင် ဒီအခြေအနေကြောင့် သူဟာ ဖိအားဒဏ်ကို ရင်ဆိုင်ရပါလိမ့်မယ်။ ကလော့ပ်က သူ့အတွက်ဖလား ရဖို့လိုအပ်နေချိန်မှာ ချန်ပီယံလိဂ်ဖလားကို ယူပြခဲ့ပြီးတော့ ဂွါဒီယိုလာဆိုရင်လည်း လိဂ်ဖလားကို ရရှိခဲ့ပါတယ်။ မော်ရင်ဟိုဟာလည်း ရောက်တဲ့အသင်းနဲ့ အတူလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ဆိုးလ်ရှားအနေနဲ့လည်း တစ်စုံတစ်ခုကို လိုအပ်နေပြီ ဖြစ်ပြီး ဒီပွဲမှာ ဗိုလ်လုပွဲကို ရောက်ဖို့ နီးစပ်တဲ့အနေအထားမှာ ရှိနေခဲ့တာပဲဖြစ်ပါတယ်” လို့ နဗီးလ်က ပြောပါတယ်။  မန်စီတီးအသင်းကို မရှုံးခင်အထိ ပုံစံကောင်းရရှိနေတဲ့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ  ဇန်နဝါရီ ၁၇ ရက်မှာ အစဉ်အလာပြိုင်ဘက်လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲမတိုင်ခင် ဝတ်ဖို့ဒ်နဲ့ အက်ဖ်အေဖလားအပြင် သီတင်းပတ်အလည်ပိုင်းမှာလည်း ဘန်လေအသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ 
4 months Ago

မန်ယူနိုက်တက်၏ ပင်နယ်တီအပေါ် ဝေဖန်သည့် ကလော့ပ်ကို ဆိုးလ်ရှား တုံ့ပြန်

မန်ယူနိုက်တက်အသင်းရဲ့ ပင်နယ်တီရရှိမှုအခြေအနေနဲ့ပတ်သက်တဲ့ ကလော့ပ်ရဲ့ ပြောစကားကို ဆိုးလ်ရှားက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။  ဒီလိုမျိုးပြောတဲ့ နည်းပြတွေဟာလည်း ဒိုင်တွေအပေါ် လွှမ်းမိုးချင်လို့ဖြစ်တယ်လို့ ယူနိုက်တက်နည်းပြက ပြောပါတယ်။ လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ကလော့ပ်က ယူနိုက်တက်အသင်း ပင်နယ်တီရရှိမှုအခြေအနေနဲ့ သူ့လက်ထက် လီဗာပူးအသင်း ပင်နယ်တီရရှိမှုအခြေအနေကြား ကွာဟချက်ကို ထောက်ပြဝေဖန်ခဲ့တာပါ။ ကလော့ပ်က “ယူနိုက်တက်အသင်း ၂ နှစ်အတွင်း ပင်နယ်တီရရှိမှုဟာ ကျနော် ၅ နှစ်ခွဲတာ ကာလအတွင်း ပင်နယ်တီရရှိမှုထက် ပိုများနေတယ်။ ဒါဟာ ကျနော့်အားနည်းချက်လား၊ ဒါမှမဟုတ် ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာကိုတော့ မသိပါဘူး။ ” လို့ ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီတရာသီလုံးမှာ ပင်နယ်တီ ၁၁ လုံး ရရှိခဲ့ပါတယ်။ အဲဒီထဲက ၆ လုံးဟာ ပရီးမီးယားလိဂ်မှာ ရခဲ့တာပါ။ တဘက်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးက ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၅ လုံးသာ ရခဲ့ပါတယ်။ နှစ်သင်းကြား ကွာဟချက်ဟာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။  ဒါပေမဲ့ ကလော့ပ်က ယူနိုက်တက်အသင်းကို ဆိုးလ်ရှား နည်းပြအဖြစ် ရောက်လာခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ နောက်ပိုင်း ရရှိခဲ့တဲ့ ပင်နယ်တီ ၄၂ လုံးကို ရည်ညွှန်းပြောဆိုခဲ့ပုံရပြီး အဲဒီအချိန်အတွင်း လီဗာပူးအသင်းကတော့ ၁၉ လုံးသာ ပင်နယ်တီပြစ်ဒဏ် ရရှိခဲ့ပါတယ်။ ကလော့ပ်ရဲ့ ပြောစကားနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားက “သူတို့ ပင်နယ်တီ ဘယ်နှ လုံးရခဲ့လဲ ကျနော် ထိုင်မရေနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ ပင်နယ်တီ ဘယ်နှလုံးရသလဲ ဆိုတာကို သူတို့မှာ စိုးရိမ်ဖို့အချိန်ရှိပေမယ့် ကျနော့်မှာတော့ ဒီကိစ္စအတွက် အချိန်မဖြုန်းနိုင်ပါဘူး” လို့ ဆိုးလ်ရှားက တုံ့ပြန်ပါတယ်။  ကလော့ပ်ဟာ ယူနိုက်တက်အသင်း ပင်နယ်တီတွေရရှိနေမှုနဲ့ပတ်သက်လို့ ထုတ်ပြောခဲ့တဲ့ ပထမဆုံးနည်းပြတော့ မဟုတ်ပါဘူး။  ချဲလ်ဆီးနည်းပြ လမ်းပတ်ကလည်း ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် ဒီကိစ္စကို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။ ဆိုးလ်ရှားက “တခြားနည်းပြတွေကိုယ်စား သူတို့ ဘာကြောင့် ဒီလိုပြောသလဲဆိုတာမျိုးကို ကျနော် လိုက်ပြောနေလို့ မရပါဘူး။ ဒါပေမဲ့ မနှစ်က လမ်းပတ် ဒီလိုပြောခဲ့တာကတော့ အဆင်ပြေသွားခဲ့တယ်လို့ ထင်ပါတယ်။ သူ့ပြောစကားကြောင့် ကျနော်တို့ ရသင့်တဲ့ ပင်နယ်တီတစ်လုံး မရခဲ့ဘူးလေ။ ဒါကြောင့် ဒီလိုပြောတာတွေက ဒိုင်လူကြီးတွေအပေါ် လွှမ်းမိုးဖို့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ‌မသေချာပါဘူး။ ဒါပေမဲ့ စိုးရိမ်စိတ်လည်း မရှိပါဘူး။ သူတို့ ကျနော့် ကစားသမားတွေကို ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်မယ်ဆိုရင်တော့ ဒါဟာ ပင်နယ်တီပါပဲ” လို့လည်း ထပ်မံပြောပါတယ်။
4 months Ago

မန်စီးတီးကို ရှုံးနိမ့်ခဲ့လျှင် ဆင်ခြေပေးစရာရှိလာမည်မဟုတ်ဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရင် ဆင်းခြေပေးစရာရှိမှာ မဟုတ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ ဒီကနေ့ညပိုင်းမှာ ဒါဘီပြိုင်ဘက် မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ကစားရမှာပါ။ မန်စီးတီးနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး ယုံကြည်မှုအပြည့်နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်လို့ ရှုံးနိမ့်ခဲ့ရင်လည်း ဆင်ခြေပေးစရာရှိမှာ မဟုတ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဆုဖလားတစ်လုံးရယူဖို့အတွက် လက်တကမ်းအလိုကို ရောက်ရှိနေပြီး ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ၆ လ၊ သို့မဟုတ် ၁၂ လလောက်အတွင်းမှာ ခြေစွမ်းတိုးတက်လာတဲ့ အသင်း ဖြစ်လာတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ မနှစ်ကလည်း ဒီလိုအဆင့်ကနေ ထွက်ခွာခဲ့ရဖူးတာကြောင့် အခုပွဲစဉ်က သင်ခန်းစာယူရမယ့် ပွဲမဟုတ်ဘဲ စွမ်းဆောင်ရည်ကောင်းပြသပြီး ဗိုလ်လုပွဲတက်ရမယ့်ပွဲစဉ် ဖြစ်တယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
4 months Ago

ဝုဗ်အသင်းနှင့်ပွဲစဉ်တွင် တိုက်စစ်ဖွင့်ကစားလွန်းပါက ပြဿနာရှိနိုင်ကြောင်း နည်းပြဆိုးလ်ရှားပြော

ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်ဖွင့်ကစားလွန်းရင် ပြဿနာရှိနိုင်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းဟာ ဒီဇင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ ဝုဗ်အသင်းနဲ့အိမ်ကွင်းမှာလက်ခံ ကစား သွားရမှာပါ။  နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲမှာ ပေးဂိုး၆ အထိခွင့်ပြုခဲ့ရတာကြောင့် ဝုဗ်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်ဖွင့်ကစားလွန်းရင် ပြဿနာတစ်ခုရှိလာနိုင်တယ်လို့ ဆိုးလ်ရှားကပြောပါတယ်။ ဝုဗ်အသင်းနဲ့တွေ့ဆုံတိုင်းခက်ခဲတတ်ပေမဲ့ မန်ယူအသင်းကခြေစွမ်းတိုးတက်လာပြီး မတူညီတဲ့ ပွဲစဉ်တွေမှာ မတူညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ ရင်ဆိုင်လာနိုင်ခဲ့တယ်လို့ ဆိုးလ်ရှားကပြောပါတယ်။ တိုက်စစ်မှူးသစ် ကာဗာနီ အနေနဲ့လည်း အသင်းနဲ့အတူအသားကျလာပြီး ဖိအားတွေကို ကျော်လွှား နိုင်လိမ့်မယ်လို့ နည်းပြဆိုးလ်ရှားက သုံးသပ်ပြောပါတယ်။ 
4 months Ago

ပုံမှန်ပွဲထွက်ခွင့်အတွက် ကာဗာနီစောင့်ဆိုင်းရမည်ဟု ဆိုးလ်ရှားပြော

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ကာဗာနီအနေနဲ့ အခွင့်အရေးကို  စောင့်ဆိုင်းရမယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဥရုဂွေးတိုက်စစ်မှူးဟာ လက်စတာနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ဘောက်ဆင်ဒေး နေ့ပွဲစဉ်မှာ အရန်ခုံကနေထလာပြီး ဖာနန်ဒက်စ်ရဲ့ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။  ဒီပွဲမတိုင်ခင်  ၃ ရက်က အဲဗာတန်နဲ့ ကာရာဘောင်းပွဲစဉ်မှာလည်း သူဟာ ယူနိုက်တက်အသင်းအတွက် မိနစ် ၉၀ ပြည့်ကစားပေးခဲ့ပြီး အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။  ဒါ့ကြောင့် လက်စတာနဲ့ပွဲမှာကာဗာနီကို အရန်ခုံမှာထာားခဲ့တဲ့ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်ကို ယူနိုက်တက်ဂန္တဝင်ကစားသမား ပေါလ်စခိုးလ်က မေးခွန်းထုတ်ခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့အတောင့်တင်းဆုံး ပွဲထွက် လူစာရင်းကို ရွေးချယ်သင့်တယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့် အသက် ၃၃ နှစ်ဖြစ်နေတာ၊ ၁၆ ရက်အတွင်းမှာ ၆ ပွဲကစားရမယ့် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်ဇယားအခြေအနေတို့ကြောင့် ကာဗာနီဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်ဖို့မ ရှိပါဘူး။ ဆိုးလ်ရှားကလည်း ကာဗာနီအတွက် အခွင့်အရေးတွေရှိလာမှာဖြစ်ပေမယ့် ကစားသမားအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် စောင့်ဆိုင်းရမယ်လို့  ပြောပါတယ်။  “ဒဏ်ရာပြဿနာတွေကြောင့် ကာဗာနီအနားယူခဲ့ရပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ တောင်းဆိုမှုမြင့်မားတဲ့ အဲဗာတန်နဲ့ပွဲမှာ သူပွဲချိန်ပြည့်ကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ သူ့ကို အရန်ခုံမှာထားဖို့ ဆုံးဖြတ်ခဲပေမယ့် ကစားသမားကတော့ ကောင်းမွန်တဲ့ပေးပို့မှုတခုနဲ့ ဂိုးဖန်တီးမှုလုပ်ပြနိုင်ခဲ့ပါတယ်။ ကာဗာနီအတွက် အင်္ဂလိပ်ဘောလုံးလောကနဲ့ ဒီရာသီရဲ့တောင်းဆိုမှုတွေကို အသားကျဖို့ အချိန်လိုအပ်ပါတယ်။ ဒါပေမယ့် သူဟာ ရောက်ရောက်ချင်းမှာတင် အသင်းအတွက် အကျိုးပြနိုင်ခဲ့ပြီး လူစာရင်းအတွက်လည်း ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေကို ဖြစ်စေခဲ့ပါတယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။  လက်စတာနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ တိုက်စစ်မှူးရက်ဖို့ဒ်ဟာ အသင်းအတွက် ဂိုး ၅၀ မြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဆိုးလ်ရှားက အင်္ဂလန်ကစားသမားကို ဘောလုံးသမားတစ်ယောက်အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအဖြစ်နဲ့ပါ ချီးကျူးပြောဆိုခဲ့ပါတယ်။  ရက်ဖို့ဒ်ဟာ ကင်းပါဝါကွင်းမှာ ကစားခဲ့တဲ့ပွဲရဲ့ ပွဲပြီးခါနီးမှာ လက်စတာ ကစားသမား ဟာဗေးဘန်းစ်နဲ့ ထိခိုက်မိခဲ့တာကြောင့် ပုခုံးဒဏ်ရာရရှိသွားခဲ့ပုံရပြီး ဒီဒဏ်ရာကို မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
4 months Ago

ယမန်နှစ် ဆီမီးဖိုင်နယ်ရလဒ်ဆိုးကို ချေဖျက်နိုင်ရန် မန်ယူနည်းပြဆိုးလ်ရှား မျှော်လင့်

မနှစ်က ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ရလဒ်ဆိုးတွေကို အခုနှစ်မှာ ပြန်လည်ချေဖျက်နိုင်ဖို့ မန်ယူနည်းပြဆိုးလ်ရှားက မျှော်လင့်နေပါတယ်။  ယူနိုက်တက်အသင်းဟာ ကရာဘောင်းဖလား ကွာတားဖိုင်နယ်မှာ အဲဗာတန်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး ဆီမီးမှာ အဓိကပြိုင်ဘက်မန်စီးတီးနဲ့ ပြန်တွေ့ရမှာပါ။  မနှစ်က ဆီမီးမှာလည်း မန်စီးတီးနဲ့ တွေ့ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ပြိုင်ပွဲကနေ နူတ်ဆက်ခဲ့ရတာပါ။  ဒါ့အပြင် အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာလည်း ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။  ဒီနှစ်မှာတော့ အဲဒီလို ဆီမီးဖိုင်နယ်ရလဒ်ဆိုးတွေကို ချေဖျက်ပြီးဖို့ မျှော်လင့်ထားပြီး တကယ့်ပွဲမှာ ချေဖျက်ပြနိုင်မလားဆိုတာ ဆက်ကြည့်ရမယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  အဲဗာတန်နဲ့ပွဲမှာ နောက်ခံလူ ရာရီမီနာကို တွန်းထိုးခဲ့တဲ့ ကာဗာနီ အရေးမယူခံခဲ့ရတဲ့အ ပေါ်မှာတော့ ပွဲအပြီးမှာ “အဲဒီအကြောင်းကို ဘယ်သူမှမပြောကြပါဘူး။ ဒိုင်က ကာဗာနီ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆုံးဖြတ်ရင် အဲဒါကို ကျနော်တို့လက်ခံရမှာပါ” လို့ ဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။
4 months Ago

သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး ဒါဘီပွဲစဉ်တိုင်း ခြေစွမ်းကောင်းခဲ့ဟု နည်းပြဆိုးလ်ရှား ပြော

မန်စီးတီးနဲ့ သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး မန်ချက်စတာဒါဘီပွဲတိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲစဉ်မှာ ဂိုးမရှိ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာပါ။  ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ သရေရလဒ်အပေါ် ကျေနပ်သင့်ပြီး အားလုံး ပျော်ရွှင်သင့်တဲ့ရလဒ် ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ အသင်းရဲ့ ခံစစ်ကစားပုံကိုလည်း နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့ပြီး ဧရိယာထဲမှာ မန်စီးတီး ကစားသမားတွေကို အခွင့်အရေးမပေးခဲ့ကြဘူးလို့ ပြောပါတယ်။  သူ့ရဲ့ မန်ယူနည်းပြဘဝမှာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တိုင်း အကောင်းဆုံးစွမ်းဆောင်ရည် ရအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ရလဒ်ပိုင်းမှာပဲ အကောင်းဆုံး မဖြစ်ခဲ့ကြောင်း ဆိုးလ်ရှားက ပြောပါတယ်။  ဆိုးလ်ရှားဟာ မန်စီးတီးနဲ့ စုစုပေါင်း ၆ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၃ ပွဲနိုင် ၂ ပွဲ ရှုံးခဲ့ပြီး ၁ ပွဲ သရေ ရလဒ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ မနှစ်ကပွဲတုန်းကလို တန်ပြန်တိုက်စစ်ကနေ ဂိုးမပေးရဖို့ ပြင်ဆင်ခဲ့ပြီး ဂိုးမပေးရလို့ ကျေနပ်ကြောင်း၊ ဂိုးမရခဲ့ပေမယ့် နောက်လာမယ့် ပွဲစဉ်တွေမှာ တိုးတက်လာလိမ့်မယ်လို့ ပွဲအပြီးမှာ သုံးသပ်ခဲ့ပါတယ်။
5 months Ago

ဆိုးလ်ရှား၏ တန်ဖိုးကို သိကြရန် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာ ပြော

ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် မန်စီးတီးနည်ပြ ပက်ဂွါဒီယိုလာကတော့ နည်းပြ ဆိုးလ်ရှားကို မန်ချက်စတာဒါဘီပွဲမတိုင်ခင် ထောက်ခံစကား ပြောလိုက်ပါတယ်။  အင်္ဂါနေ့ပွဲမှာ လိုက်ပစ်ဇ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေတင် လှည့်ပြန်ခဲ့ရပါပြီ။ ဒီရလဒ်ကြောင့် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြ ရာထူးနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။  ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့ ရလဒ်ကို ရရှိထားပြီး မန်စီးတီးအသင်းရဲ့အထက် ၁ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒါဘီပွဲမတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ အနိမ့်အမြင့် အတက်အကျများတဲ့ ဘောလုံးမန်နေဂျာတွေအကြောင်း မန်စီးတီးနည်းပြ ပက်ကို မေးမြန်းခဲ့ပြီး “ဒီလိုအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် ကျနော်တို့ကို လစာတွေအများကြီး ပေးထားကြတာပေါ့ဗျ” လို့ ပက်က အရွှန်းဖောက်ခဲ့ပါတယ်။  ဆိုးလ်ရှားနဲ့ပတ်သက်ပြီး သူက “အရေးကြီးဆုံးအချက်က ဆိုးလ်ရှားရဲ့ တန်ဖိုးကို သိထားဖို့ပါပဲ။ ဒီအတွက် လုံးဝ သံသယမရှိပါဘူး။ သူက ကြံ့ခိုင်ပြီးသားလူဖြစ်လို့ ကျနော့်ဆီက အားပေးမှု မလိုအပ်ပါဘူး။ ဒီအလုပ်က ဘယ်လိုပုံစံရှိလဲဆိုတာ သူ သိပါတယ်။ ကျနော်တို့ အနိုင်ရရင် လူတွေက ဉာဏ်ကြီးရှင်တွေလို ချီးကျူးကြပြီးတော့ ရှုံးရင်တော့ ရာထူးကနေ အထုတ်ခံခဲ့ရပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းမှာ ဖြစ်သလို ကမ္ဘာတဝန်းလုံးက ကလပ်အသင်းတိုင်းမှာလည်း ဖြစ်ပါတယ်။ ဒါဟာ အရှိတရားပါ” လို့ ပက်က ပြောပါတယ်။ ပက်ရဲ့ မန်စီးတီးအသင်းကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ၈ နှစ် ဆက်တိုက် တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာလည်း ပက်လက်ထက် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ မှတ်တမ်းဆိုးကို ချေဖျက်သွားဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။  လာမယ့် မန်ချက်စတာဒါဘီမှာ နောက်ခံလူ အဲရစ်ဂါစီယာ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ ပက်က ပြောခဲ့ပြီး ဒဏ်ရာကနေ ပြန်ကောင်းခါစ အဂွဲရိုးဟာ လာမယ့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ မန်ချက်စတာမြို့မှာ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ကန့်သတ်ချက်တွေရှိနေဆဲ ဖြစ်တာကြောင့် စနေနေ့ပွဲဟာ ပရိသတ်မပါတဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
5 months Ago

ဂိုးသမား ဒီဂီယာကို နံပါတ် ၁ နေရာထားသည့် နည်းပြ ဆိုးလ်ရှား မှန်ကန်ကြောင်း နဗီးလ်သုံးသပ်

ဂိုးသမား ဒီဂီယာကို နံပါတ်တစ်နေရာမှာ ဆက်ထားခဲ့တဲ့ နည်းပြဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ ဂယ်ရီနဗီးလ်ကပြောပါတယ်။  မန်ယူအသင်းဟာ ဂိုးသမား ဒီဂီယာနဲ့ လူငယ်ဂိုးသမား ဒီးဟန်ဒါဆန်တို့က ပွဲထွက်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်လာခဲ့တာပါ။  အင်္ဂလန်လက်ရွေးစင်မှာလည်း ရွေးချယ်ခံခဲ့ရတဲ့ ဟန်ဒါဆန်ဟာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီဂီယာအစား လူစားဝင် ကစားခဲ့ပါသေး တယ်။  ပီအက်စ်ဂျီကိုရှုံးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ဒီဂီယာက ပွဲထွက်ကစားခဲ့တာပါ။ ဒီဂီယာက နံပါတ်တစ်နေရာမှာရှိနေဆဲဖြစ်ပြီး ဒီးဟန်ဒါဆန်အနေနဲ့ လုပ်ပြစရာတွေအများ ကြီး ရှိနေသေးတယ်လို့ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။  လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလကို ပြန်ကြည့်ရင် ယူနိုက်တက်အသင်းမှာ လူငယ်ဂိုးသမားကောင်း များစွာရှိခဲ့ပေမယ့် ဗန်ဒါးဆားနဲ့ ပီတာရှမိုက်ကယ်တို့သာ  လက်စွမ်းပြ နိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီဂီယာဖြစ်တယ်လို့ နဗီးလ်ကပြော ပါတယ်။  ဟန်ဒါဆန်လို ဂိုးသမား တစ်ဦးထွက်ပေါ်လာတာက ယူနိုက်တက်အတွက် စိတ်လူပ်ရှားစရာ ဖြစ်ပေမဲ့ နောက် ၁၀ နှစ်အတွင်းမှာ ယူနိုက်တက် နံပါတ်တစ်ဂိုးသမား ဘယ်သူဖြစ်မလဲဆိုတာက  ခန့်မှန်းရခက်ခဲကြောင်းလည်း နဗီးလ်က သုံးသပ်ခဲ့ပါတယ်။ 
5 months Ago

ချန်ပီယံလိဂ်အုပ်စုအဆင့်တက်ရေး အခွင့်အရေးရှိဆဲဟု မန်ယူနည်းပြဆိုးလ်ရှားပြော

ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ့်အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိနေ သေးတယ်လို့ မန်ယူနည်းပြ ဆိုးလ်ရှားကပြောပါတယ်။  မန်ယူအသင်းဟာ ဒီနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ အိမ်ကွင်းပွဲစဉ်မှာ ၃ဂိုး ၁ဂိုးနဲ့ရှုံးနိမ့်ခဲ့တာပါ။  လက်ရှိအုပ်စု ရပ်တည်မှုအရ မန်ယူ၊ ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တ ၃ သင်းစလုံး ရမှတ် ၉ မှတ်စီတူညီသွားခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရထားတဲ့ မန်ယူက အဆင့်တစ်နေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။  အုပ်စုနောက်ဆုံးပွဲစဉ်မှာ မန်ယူအသင်းက လိုက်ဇစ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး အနည်းဆုံးသရေ တစ်မှတ်ရ ယူနိုင်မှ နောက်တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။  နည်းပြ ဆိုးလ်ရှားကလည်း နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးက ကိုယ့်လက်ထဲမှာပဲ ရှိ နေသေးသလို ခြေစွမ်းတိုးတက်လာနိုင်သေးတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ကွင်းလယ်လူ ဖရက်ဒ်ဟာ ဒုတိယပိုင်းမိနစ် ၇၀ မှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး  ပထမပိုင်းကတည်းက ပါရီဒက်စ်ကို ခေါင်းနဲ့တိုက်ခဲ့ပေမဲ့ အထုတ်မခံခဲ့ရတာက ကံကောင်းခဲ့ တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  ဖရဒ်အနီကတ်ပြခံခဲ့ရတဲ့ ဟာရဲယားကို ဖျက်ထုတ်မှုကတော့ ပြစ်ဒဏ်ဘောတောင် မပေးသင့်တဲ့အခြေအနေဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက သုံးသပ်ခဲ့ပါတယ်။ 
5 months Ago

ပီအက်စ်ဂျီကို ရှုံးခဲ့သည့်ပွဲ၌ ဖရက်ဒ်ကို လူစားလဲရန် စဉ်းစားခဲ့ဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကို  ၃ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဒီရလဒ်ကြောင့်    အုပ်စုကနေ နောက်တဆင့်တက်ရေး မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါပြီ။  ဒီပွဲမှာပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပွဲချိန် ၆ မိနစ်မှာအသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ယူနိုက်တက်တိုက်စစ်မှူး ရက်ဖို့ဒ်က ဘစ်ဆာခါရဲ့ဖန်တီးပေးမှုကနေ ၃၂ မိနစ်မှာချေပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီအသင်းဘက်က မာကွင်ဟိုနဲ့ နေမာတို့ထပ်မံသွင်းယူတဲ့ အနိုင်ဂိုးတွေကိုတော့ ယူနိုက်တက်အသင်းဘက်က ပြန် လည်ချေပနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒီပွဲမှာ မန်ယူကစားသမား ဖရက်ဒ်ဟာ ပီအက်စ်ဂျီအသင်းက အန်ဒါဟာရဲရားကို ပြစ်ဒဏ်ကျူး လွန်ခဲ့တာကြောင့် ဒုတိယအဝါကတ်နဲ့ အထုတ်ခံခဲ့ရတာပါ။  အဲ့ဒီချိန်မှာ ယူနိုက်တက်အသင်းဟာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဖရက်ဒ်မထွက်ခင် ၁ မိနစ်လောက်မှာ ပီအက်စ်ဂျီကစားသမား မာကွင်ဟိုစ်က ပီအက်စ်ဂျီအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ကို သွင်းယူခဲ့ပါတယ်။  ဒီနေ့ပွဲမှာ ဖရက်ဒ်ဟာ ယူနိုက်တက်အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း ပွဲချိန် ၇၀ မိနစ်မှာအထုတ်ခံခဲ့ရတာဖြစ်ပြီး ပွဲချိန် ၂၃ မိနစ်ကတည်းက ပထမအဝါကတ် ပထမအကြိမ် ပြခံခဲ့ရတာဖြစ်ပါတယ်။  ပြိုင်ဘက်ကစားသမားကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် အဝါကတ်ပြခံရတာဖြစ်ပြီး  အများစုကတော့ အဲ့ဒီအချိန်ကတည်းက အနီကတ်နဲ့ အထုတ်ခံခဲ့ရသင့်တယ်လို့ ယူဆခဲ့ပါတယ်။  ဒီလိုယူဆသူတွေထဲမှာ ယူနိုက်ကတ်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွဲယား လည်း ပါဝင်ပါ တယ်။  နည်းပြဆိုးလ်ရှားကတော့ ဖရက်ဒ်ကို ဒုတိယပိုင်းမှာလူစားလဲဖို့ စဉ်းစားခဲ့တယ်လို့ ပွဲအပြီးမှာ ဝန်ခံပါတယ်။  “ ဒါကို စဉ်းစားခဲ့ပါတယ်။ ဖရက်ဒ်ရဲ့ခြေစွမ်းကလည်း ကောင်းခဲ့ပါတယ်။ တည်တည်ငြိမ်ငြိမ် နဲ့ ကစားသွားဖို့ ကျနော်တို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်ဒုတိယအဝါကတ်ကတော့ မပေးသင့်ပါဘူး။ ပထမအဝါကတ်အတွက်ကတော့ ဖရက်ဒ်ဟာ သူ့ရဲ့ခေါင်းကို အသုံးမပြုခဲ့သင့်ပါဘူး။ သူ့လုပ် ရပ်က ပြိုင်ဘက်ကို ထိခဲ့တယ်လို့ မထင်ပေမဲ့ တိုက်ရိုက်အနီကတ် မထိခဲ့တာကတော့ သူ ကံကောင်းခဲ့တာပါ” လို့ ဆိုးလ်ရှားက ပြောပါတယ်။  ယူနိုက်တက်အသင်းအတွက် အရှုံးနာစေခဲ့တာက အားထားရတဲ့တိုက်စစ်မှူး ရက်ဖို့ဒ် ပခုံးဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဆိုးလ်ရှားကတော့ ဝက်စ်ဟမ်းနဲ့ပွဲအမီ တိုက်စစ်မှူး ပြန်လည်သက်သာလာမယ်လို့မျှော်လင့်ထားပါတယ်။ 
5 months Ago

ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး မှတ်တမ်းကို ဟာလန်း ကျော်ဖြတ်နိုင်မည်ဟု ဆိုးလ်ရှား ခန့်မှန်း

တိုက်စစ်မှူးဟာလန်းက မိမိရဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး နော်ဝေ ကစားသမား မှတ်တမ်းကို ချိုးဖျက်နိုင်မှာ သေချာတယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဆိုးလ်ရှားဟာ နော်ဝေ ကစားသမားတစ်ဦးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ နဲ့ ဂိုးအများဆုံး သွင်းယူထားတာပါ။  ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက ချန်ပီယံလိဂ်သွင်းဂိုး ၁၆ ဂိုးသွင်းထားပြီး ဆိုးလ်ရှားရဲ့ သွင်းဂိုး ၂၀ မှတ်တမ်းကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေတာပါ။  ပီအက်စ်ဂျီနဲ့ မကစားခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ခြေစွမ်းပြနေတဲ့ ဟာလန်းအပေါ် နည်းပြဆိုးလ်ရှားက ဂုဏ်ယူကြောင်း ပြောခဲ့ပြီး သူ့ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး မှတ်တမ်းကိုလည်း ကျော်ဖြတ်နိုင်မှာ သေချာကြောင်း သုံးသပ်ခဲ့တာပါ။  ဟာလန်းက သူ့ရဲ့ ကစားသမားဘဝ အစကတည်းက ခမ်းနားတဲ့ခြေစွမ်းနဲ့ စတင်နိုင်ခဲ့ပြီး မိုလ်ဒီမှာကတည်းက ဟာလန်းနဲ့အတူ တသင်းတည်းမှာ ရှိခဲ့သလို သူ့ရဲ့ အလားအလားကောင်းတွေကို မြင်ခဲ့ရတာက ဂုဏ်ယူစရာ ဖြစ်တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဟာလန်းဟာ ၁၄ ဂိုးစီ သွင်းထားတဲ့ ဘရာဇီးတိုက်စစ်မှူး ရိုနာဒို၊ ဒေးဗစ်ဗီလာ၊ ကလိုဆေး တို့ရဲ့ ချန်ပီယံလိဂ်သွင်း ဂိုးမှတ်တမ်းတွေကို ကျော်ဖြတ်ခဲ့သလို ဇီဒန်းရဲ့ သွင်းဂိုးမှတ်တမ်းကိုလည်း လိုက်မီနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
5 months Ago

ခြေစွမ်းပိုမိုကောင်းမွန်သည့်အသင်းဖြစ်လာပြီဟု မန်ယူနည်းပြဆိုးလ်ရှား ပြော

မန်ယူနိူက်အသင်းဟာ ခြေစွမ်း ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်လာနေပြီလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဆောက်သမ်တန်အသင်းကို ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ၃ ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အသင်းရဲ့ခြေစွမ်းနဲ့ ပတ်သက်လို့ နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့တာပါ။  ခြေစွမ်းကောင်းမွန်အောင်ကစားနိုင်ခဲ့လို့ ၂ ဂိုးအရှုံးကနေ ၃ ဂိုး ပြန်သွင်းနိုင်ခဲ့တာဖြစ်ပြီး ဂုဏ်ယူစရာ ကောင်းတဲ့ရလဒ်ဖြစ်တယ်လို့ ဆိုးလ်ရှားကပြောပါတယ်။  လူစားဝင်ပြီး ၂ ဂိုးသွင်းခဲ့တဲ့ ကာဗာနီရဲ့စွမ်းဆောင်ရည်က အသင်းအတွက် အကျိုးသက် ရောက်မှုရှိစေခဲ့ပြီး ကာဗာနီဟာ ဂိုးဧရိယာရှေ့မှာ ချိန်သားကိုက် လှုပ်ရှားချင်တဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဂိုးရှေ့မှာ အမြဲတမ်းလူပ်ရှားလိုသူလို့ ချီးကျူးခဲ့ပါတယ်။  ဆောက်သမ်တန်နည်းပြ ဟက်ဆန်ကတော့ ကာဗာနီက ဂိုးပေါက်ရှေ့မှာ ထိန်းချုပ်ရခက်တဲ့ တိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။  အနိုင်မရခဲ့ပေမယ် ဦးဆောင်ဂိုး ၂ ဂိုး စသွင်းပြီး ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့တဲ့ အသင်းသားတွေအတွက် ဂုဏ်ယူတယ်လို့လည်း ဆောက်သမ်တန်နည်းပြက ပြောခဲ့ပါတယ်။
5 months Ago

ဆောက်သမ်တန်နှင့်ပွဲ၌ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ် ပါဝင်ကစားရန် မသေချာဟု ဆိုးလ်ရှားပြော

ဆောက်သမ်တန်နဲ့ပွဲမှာ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်ကစားနိုင်ဖို့ မသေချာဘဲဖြစ်နေတယ်လို့ မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ နိုဝင်ဘာ ၂၉ ရက်နေ့ ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်ပြီး ခြေချင်းဝတ် ဒဏ်ရာရနေတဲ့ပေါ့ဘာ ဒဏ်ရာက ပြန်လည်သက်သာလာခြင်းမရှိသေးဘူးလို့ သိရပါတယ်။  ပေါ့ဘာဟာ နိုဝင်ဘာ ၂၇ ရက်အထိ လေ့ကျင့်ခန်းပြန်မဆင်းနိုင်ခဲ့တာကြောင့် ဆောက်သမ်တန်နဲ့ပွဲကို ဆက်လက်လွဲချော်ဖို့ရှိနေပါတယ်။  ဒါ့အပြင်  တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာလည်း လေကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးကြောင်း နည်းပြ ဆိုးလ်ရှားက အတည်ပြုပါတယ်။  တွန်မီနေးနဲ့ ပေါ့ဘာတို့က နိုဝင်ဘာ ၂၇ ရက်အထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးသလို ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်နဲ့ ဝမ်ဘစ်ဆာကာတို့ကတော့ လေ့ကျင့်ခန်းဆင်ခဲ့ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိသေးဘူးလို့ ဆိုးလ်ရှားက ပြောပါတယ်။  တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အစ္စတန်ဘူလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီကနေ ၁ ဂိုးသွင်းခဲ့ပြီး ပခုံးဒဏ်ရာရခဲ့တာကြောင့် ကြံ့ခိုင်မှုမပြည့်သေးတာ ဖြစ်ပါတယ်။
5 months Ago

မန်ယူနိုက်တက်အသင်းတွင် ဒင်းဟန်ဒါဆန် ပျော်ရွှင်နေဟု နည်းပြဆိုးလ်ရှား ပြော

ကစားခွင့် နည်းပါးနေပေမယ့် ဒင်းဟန်ဒါဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေကြောင်း နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ ရရှိလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချသွားဖို့လည်း ဆိုးလ်ရှားက အင်္ဂလန်ဂိုးသမားကို တိုက်တွန်းပါတယ်။  အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ရှက်ဖီးလ်မှာ အငှားထွက်ကစားကာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် ပထမဦးစားပေး ဂိုးသမားနေရာကို ယှဉ်ပြိုင်ဖို့ ယူနိုက်တက်အသင်းကို ပြန်လည်ရောက်ရှိလာတာပါ။ ဒါပေမဲ့ ယူနိုက်တက်အသင်းမှာ ဒီဂီယာကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်နေရပြီး အသင်းအတွက် လိဂ်ပွဲ ၂ ပွဲနဲ့ ချန်ပီယံလိဂ် ၁ ပွဲသာ ကစားခွင့်ရထားပါသေးတယ်။ လာမယ့်နွေရာသီ ယူရိုပြိုင်ပွဲ ရှိတာကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရရေးအတွက် ဟန်ဒါဆန်ဟာ ပွဲကစားခွင့် ပိုမိုလိုအပ်နေပြီး လာမယ့်ဇန်နဝါရီမှာ အငှားထွက်ကစားမယ်လို့လည်း ယူဆရပါတယ်။  ဒါပေမဲ့ ဆိုးလ်ရှားကတော့ ဟန်ဒါဆန်အတွက် ကစားခွင့်ဟာ ရောက်ရှိလာလိမ့်မယ်လို့ အခိုင်အမာ ပြောပါတယ်။ အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲမှာ ဟန်ဒါဆန် ပွဲထွက်ခွင့်ရမလား အတိအကျ မပြောနိုင်ပေမယ့် ဂိုးသမားဟာ မန်ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။ “ဘာဆတ်ဆီဟာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါခွင့်ရခြင်း မရခြင်းက သူ့အတွက် အဆုံးအဖြတ်ပေးသွားမယ့်ကိစ္စ မဟုတ်ပါဘူး။ သူဟာ ပိုမိုရင့်ကျက်တဲ့ အနေအထားနဲ့ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီး ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးနဲ့လည်း လေ့ကျင့်ရေးကို အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးထဲက တစ်ယောက်ဖြစ်လာဖို့ အလားအလာရှိသူပါ။ အသင်းမှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုရှိနေပြီး စွမ်းဆောင်ရည်ကသာ ဘယ်သူ ကစားရမလဲ၊ ဘယ်သူက အရန်ခုံမှာ ထိုင်ရမလဲဆိုတာကို အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ ခင်ဗျားသာ ယူနိုက်တက်အသင်းအတွက် ကစားတဲ့သူဆိုရင် ကျနော်နဲ့ နည်းပြတွေ စိတ်တိုင်းကျ စွမ်းဆောင်ပြနိုင်တာဟာ နောက်တစ်ခါ ပွဲထွက်ကစားခွင့် ရရှိဖို့အတွက် အခွင့်အရေးကို ပိုပြီးကြီးမားစေပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။  ဟန်ဒါဆန်ဟာ အစ္စတန်ဘူလ် ဘာဆတ်ဆီဟာ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့တာ ဖြစ်ပြီး ဒီပွဲမှာ ယူနိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  ဒါပေမဲ့ လာမယ့်အင်္ဂါနေ့မှာ တူရကီကလပ်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံကစားမယ့်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် ကစားသမားတွေဆီက ပိုကောင်းတဲ့တုံ့ပြန်မှုမျိုး မျှော်လင့်ထားတယ်လို့လည်း ဆိုးလ်ရှားက ပြောပါတယ်။
5 months Ago

ဘာဆက်စီဟာနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပေါ့ဘာ ပြန်လည်ကစားနိုင်မည်ဟု ဆိုးလ်ရှား ပြော

ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာ ပြန်လည်ပါဝင်ကစားနိုင်မယ်လို့ နည်းပြဆိုးလ်ရှားက အတည်ပြုခဲ့ပါတယ်။  ပေါ့ဘာဟာ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။  ပေါ့ဘာဟာ ဆွီဒင်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးပမ်းခဲ့ပေမယ့် ပိုမိုဆိုးရွားလာတဲ့အတွက် ဝက်စ်ဘရွန်းနဲ့ ပွဲကို လွဲချော်ခဲ့တာလို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  ဒါပေမဲ့ တူရကီကလပ် အက်စ်တန်ဘူ ဘာဆက်ဆီဟာ အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ကြံ့ခိုင်မှုပြည့်ဝနေဖို့ မျှော်လင့်တယ်လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။  ပေါ့ဘာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ဖရက်ဒ်၊ တွန်မီနေးနဲ့ ဘရူနိုဖာနန် ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲကိုပဲ ဆိုးလ်ရှားက အသုံးပြုခဲ့ပါတယ်။  ပေါ့ဘာဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးတဲ့အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။
5 months Ago

ဝက်စ်ဘရွမ်းနှင့်ပွဲ၌ ပေါ့ဘာမပါဝင်နိုင်ခဲ့သည့်အပေါ် ဆိုးလ်ရှား ရှင်းလင်း

ဝက်စ်ဘရွမ်းနဲ့ ဒီနေ့မနက်အစောပိုင်း ပွဲစဉ်မှာ ကွင်းလယ်လူ ပေါ့ဘာ မပါဝင်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ မန်ယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  ပေါ့ဘာဟာ နိုင်ငံတကာပွဲစဉ်တွေရှိတဲ့ သီတင်းပတ်မှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ နိုင်ငံတကာသီတင်းပတ်အပြီး ပထမဆုံးကစားခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ပွဲစဉ်မှာတော့ လူစာရင်းမှာမပါဝင်ခဲ့တာဖြစ်ပါတယ်။  ပေါ့ဘာဟာ ပြင်သစ်အသင်းကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ၂ ပွဲကို မိနစ် ၉၀ ပြည့်ပါဝင်ခဲ့ကာ နောက်တပွဲကို လူစားဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်တွေအတွင်း ပြင်သစ်နည်းပြဒက်ချမ်းစ်က ပေါ့ဘာကို ချီးကျူးပြောဆိုခဲ့ကာ နိုင်ငံ့အသင်းအတွက် သူ့ရဲ့စွမ်းဆောင်ရည်ဟာ ကလပ်အသင်းမှာနေရာရရှိဖို့အတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။  ပေါ့ဘာဟာ ကလပ်အသင်းကအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတာလို့လည်း ဒက်ချမ့်စ်က ပြောပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ ပိုဇေရှင်အောက်နေတာမျိုး မဟုတ်ဘဲ ရစ်သမ်မိဖို့လို အပ်နေတာလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ စနေနေ့ပွဲမှာ ပေါ့ဘာ မပါဝင်နိုင်ခဲ့တာလဲ သူ့ရဲ့ပုံစံ ဒါမှမဟုတ် နိုင်ငံတကာ သီတင်းပတ်မှာ သူပြောခဲ့တဲ့ စကားတွ နဲ့ သက်ဆိုင်မှုမရှိဘုးလို့ ဆိုလ်းရှားက ပြောပါတယ်။  ပေါ့ဘာမပါဝင်နိုင်တာက ဒဏ်ရာကြောင့်ဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောခဲ့တာကြောင့် အင်္ဂါနေ့ ကစားမယ့် အစ္စတန်ဘူလ် ဘာဆတ်ဆီဟာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတောင် ပေါ့ဘာပါဝင်နိုင်ဖို့ မသေချာတော့ဘူးလို့ မှတ်ယူနိုင်ပါတယ်။  “ပေါ့ဘာဟာ သူ့ရဲ့  နောက်ဆုံးပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး မနေ့က လေ့ကျင့်ရေးမလုပ်ခင်အထိ ခံစားနေရတုန်းဖြစ်ပါတယ်။ သူအင်္ဂါနေ့အတွက်ပြန်ကောင်းလာဖို့ မျှော်လင့်ပေမယ့် သေသေချာချာတော့ မပြောနိုင်သေးပါဘူး” လို့ ဆိုးလ်ရှားက ပြောပါတယ်။  ပေါ့ဘာဟာ ယူနိုက်တက်အသင်းအတွက် အခုရာသီအတွင်း ပရီးမီးယားလိဂ် ၇ ပွဲကစားပေး ထားပြီး ချန်ပီယံလိဂ် ၃ ပွဲစလုံးကိုလည်း ပွဲထွက်ခွင့်ရရှိထားသူဖြစ်ပါတယ်။
6 months Ago

ဂရင်းဝုဒ်ကို ထူးချွန်သည့် ကစားသမားဟု နည်းပြဆိုးလ်ရှား ချီးကျူး

လူငယ်တိုက်စစ်ကစားသမား ဂရင်းဝုဒ်ဟာ ထူးချွန်တဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။  ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းမှာ ပြဿနာဖြစ်ခဲ့ပြီးနောက် နည်းပြ ဆောက်ဂိတ်က ရွေးချယ်ခြင်း မရှိခဲ့တာကြောင့် အားလပ်ရက် ပိုရခဲ့ပါတယ်။  ဂရင်းဝုဒ်ကို နားရက်ပိုပေးထားတာကြောင့် ဝက်စ်ဘရွန်းနဲ့ပွဲမှာ အင်ပြည့်အားပြည့်နဲ့ ကစားနိုင်ဖို့လည်း နည်းပြ ဆိုးလ်ရှားက မျှော်လင့်နေပါတယ်။  ဂရင်းဝုဒ်ရဲ့အနာဂတ်က ရှေ့မှာ စောင့်ကြိုနေပြီဖြစ်ကြောင်းနဲ့ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ဟာ လည်း ထူးချွန်တယ်လို့ ဆိုးလ်ရှားက ချီးကျူးပါတယ်။  အင်္ဂလန်အသင်းကနေ ပြန်လည်စေလွှတ်ခံခဲ့ရပြီးနောက်မှာ ဝေဖန်မှုတွေခံခဲ့ရတဲ့ ဂရင်းဝုဒ်အပေါ်  နည်းပြ ဆိုးလ်ရှားက ချီးကျူးစကားဆိုခဲ့တာပါ။  အဲဗာတန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂရင်းဝုဒ်ချန်လှပ်ခံခဲ့ ရပါသေးတယ်။  နိုဝင်ဘာ ၂၂ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲ ကစားမယ့် ဝက်စ်ဘရွန်းနဲ့ပွဲမှာတော့ ဂရင်းဝုဒ်ကို နည်းပြ ဆိုးလ်ရှားက ပွဲထွက်ကစားစေဖို့ ရှိနေပါတယ်။ 
6 months Ago

နည်းပြဆိုးလ်ရှားနှင့်အတူ လမ်းကြောင်းမှန်ပေါ်ရောက်ရန် ယုံကြည်ဟု မန်ယူဒု-ဥက္ကဋ္ဌ ပြော

နည်းပြဆိုးလ်ရှားနဲ့အတူ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ယုံကြည်တဲ့ အကြောင်း မန်ယူအသင်း ဒု-ဥက္ကဋ္ဌ အက်ဒ်ဝုဒ်က သတင်းထုတ်ပြန်ပါတယ်။  အသင်းရဲ့ဘဏ္ဍာရေးနဲ့ ကိုဗစ်-၁၉ အကျပ်အတည်းကာလအပေါ်မှာ အက်ဒ်ဝုဒ်က အသင်းဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ခဲ့ရာမှာ နည်းပြဆိုးလ်ရှားနဲ့ ကွင်းတွင်းခြေစွမ်းပိုင်းကို လည်း ထည့်သွင်းပြောကြားသွားခဲ့တာပါ။  ကိုဗစ်-၁၉ က အားလုံးအပေါ်ရိုက်ခတ်မှုရှိခဲ့ပေမဲ့ မန်ယူနိုက်တက်အသင်းအနေနဲ့ ကွင်းပြင်ပ မှာရော ကွင်းတွင်းမှာပါ အပေါင်းလက္ခဏာ ဆောင်ခဲ့တယ်လို့ အက်ဝုဒ်ကဆိုပါတယ်။  ကွင်းတွင်းခြေစွမ်းနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာတော့  ပိုမိုခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူဖို့ ကြိုးပမ်းနေရဆဲဖြစ်ပေမဲ့ နည်းပြဆိုးလ်ရှားနဲ့ အသင်းသားတွေဟာ ခြေစွမ်းတိုးတက်လာဖို့  မှန်ကန်တဲ့ လမ်းကြောင်းနဲ့ သွားနေတယ်လို့ အက်ဝုဒ်က သုံးသပ်ပါတယ်။  မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ၇ ပွဲကစားပြီးမှာ ၃ ပွဲသာ အနိုင်ရထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၄ မှာရပ်တည်နေတာဖြစ်ပါတယ်။ 
6 months Ago

ဆိုးလ်ရှားနေရာ အစားထိုးရန် ပြောသည့်သတင်းများကို ဖာဒီနန် ဝေဖန်

မန်ယူနည်းပြ ဆိုးလ်ရှားနေရာမှာ အစားထိုးဖို့ ပိုချက်တီနိုနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဖော်ပြခဲ့တဲ့ သတင်းတွေကို မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။  မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အသင်းဟာ အမှတ်ပေးဇယားရဲ့အဆင့် ၁၄ ကို ရောက်ရှိနေတာကြောင့် နည်းပြဆိုးလ်ရှားဟာ ဖိအားတချို့နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။  အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့မှုက ဆိုးလ်ရှားရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေကို ငြိမ်သက်သွားစေခဲ့ပေမယ့် ကလပ်အသင်း နည်းပြလောကကို ပြန်လည်ဝင်ရောက်တော့မယ်ဆိုတဲ့ ပိုချက်တီနိုရဲ့ ပြောဆိုချက်က သတိပြုစရာ ဖြစ်ခဲ့ပါတယ်။ ပိုချက်တီနိုဟာ မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် အစားထိုးမယ့် ဦးစားပေး နည်းပြလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖာဒီနန်ကတော့ ဆိုးလ်ရှား နေရာမှာ အစားထိုးဖို့အတွက် ပိုချက်တီနိုနဲ့ ဆက်သွယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပယ်ချသွားခဲ့ပြီး ဒီလိုမလုပ်ခဲ့ဖူးဆိုတာကို အသင်းဘက်က အရင်းအမြစ်တွေဆီကနေ အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။  “မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တစ်ခု ရရှိဖို့ လိုအပ်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အသင်းနဲ့ တာဝန်ရှိသူတွေပေါ်မှ ဖိအားတွေ ရှိနေပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် မီဒီယာတွေဘက်က ဆိုးလ်ရှားအပေါ် လေးစားမှုကင်းမဲ့လွန်းတယ်လို့ ထင်ပါတယ်” ဖာဒီနန်က ပြောပါတယ်။ “လူတွေက ပိုချက်တီနိုနဲ့ စကားပြောခဲ့တယ်ဆိုတဲ့အကြောင်းတွေကို ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ အသင်းဘုတ်အဖွဲ့က ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တစ်ခုကတော့ ဒီလို ပြောဆိုခဲ့တာမျိုး မရှိကြောင်းနဲ့ ဆိုးလ်ရှားအပေါ် ဒီလိုလေးစားမှုမရှိတဲ့ ပုံစံမျိုး လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စကို ဖြေရှင်းသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရင် ပိုကောင်းလာနိုင်မလဲဆိုတာကို ပြောလို့ ရပါတယ်။ ဒါဟာ ကစားပွဲရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က ချက်ချင်း ရောက်လာတော့မယ်ဆိုတဲ့ စကားကိုတော့ မဟုတ်ဘဲ မပြောသင့်ပါဘူး။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပါ” လို့ ဖာဒီနန်က ပြောပါတယ်။
6 months Ago
More News
Up