A d v e r t i s e m e n t With Us

Search Results For: Zika

ရတနာပုံမန္တလေးကို… အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၁)

မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်နန်းစိုက်ရာ ယဉ်ကျေးမှုမြို့တော် ရတနာပုံ မန္တလေးအကြောင်း ပြောကြပြီဆိုရင် လူတိုင်းလိုလို သိကြတာက “အသက်ကလေးရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို” အဲ့သလိုမဟုတ်လား။ စစ်အစိုးရခေတ် အဆက်ဆက်တုန်းကတော့ လူသူအများဟာ ကိုယ့်အသက်ရှည်ရေး၊ ကိုယ်ကောင်းစားရေး၊ ကိုယ်အနေချောင်ရေးအတွက်သာ တွေးတောကြံစည် လုပ်ကိုင်ရင်း မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ အထင်အရှားဆုံး စုပုံကျန်ရစ်ရာ နေရာတနေရာဖြစ်တဲ့ ရတနာပုံ မန္တလေးရဲ့ အသက်ရှည်ရာ ရှည်ကြောင်းလေးကို မေ့လျော့သူကမေ့လျော့၊ မတတ်သာတော့ ခပ်ခွာခွာနေခဲ့သူကနေလို့၊ တနိုင်တပိုင် လုပ်ကိုင်သူတွေက အနည်းအကျဉ်းသာ ရှိခဲ့တာမဟုတ်လား။ အခုချိန်မှာတော့ ပြည်သူအများစုက တရားဝင်ပေးအပ်လိုက်တဲ့ အုပ်ချုပ်ခွင့်၊ လုပ်ပိုင်ခွင့် အာဏာတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းပြည်ကို မကြာခင်မှာ စီမံအုပ်ချုပ်ခွင့် ရတော့မှာပါ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရဲ့ ပုံမှန်အစည်းအဝေးတွေ ကိုလည်း နိုင်ငံနဲ့လူမျိုး အကျိုးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် အများစုနဲ့ ခေါ်ယူကျင်းပနေခဲ့ပါပြီ။ ဦးသိန်းစိန်တို့ရဲ့ အရင် စစ်တပိုင်းအစိုးရ လက်ထက်ကလို အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် မတိုက်ဖျက်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ထက်တော့ အများကြီးသာအောင် လုပ်နိုင်မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲလောက်ပါဘူး။ ဒါပေမယ့် မျိုးဆက်နဲ့ချီပြီး နစ်နာဆုံးရှုံးခဲ့ရသူတွေ မျှော်လင့်သလောက်တော့ မြန်မြန်ဆန်ဆန် ပြောင်းလဲတိုးတက်နိုင်ဖို့ကတော့ အခက်အခဲ ကန့်သတ်မှုများစွာ ရှိနေပါသေးတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲကို ဖော်ဆောင်ရမယ့် အန်အယ်လ်ဒီအစိုးရဟာ သံခြေကျင်းတတ်ခံရတဲ့ လူတယောက်လို အပြောင်းအလဲကို မလိုက်ပါလိုတဲ့ စစ်အာဏာရှင် လက်ကျန်အသိုင်းအ၀ိုင်း တန်းလန်းနဲ့ မလွတ်မလပ် လုပ်ကိုင်ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်ပြောင်းလဲနေတဲ့ သမိုင်းရေစီးကြောင်းကြီးကတော့ အရှိန်အဟုန်နဲ့ ဆက်လက်စီးဆင်းနေမှာပါ။ မလိုက်ပါလိုသူတွေဟာ တနေရာရာ တချိန်ချိန် ရောက်တဲ့အခါ ကမ်းပေါ်မှာအမှိုက်တွေ၊ ဒိုက်တွေလို တင်ကျန်ရစ်ခဲ့မှာပါပဲ။ ရတနာပုံမန္တလေးရဲ့ အသက်ရှည်ရေးအကြောင်း ပြန်ကောက်ရရင် မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်တည်ရာ မင်းနေပြည်တော်ဟောင်း မန္တလေးမြို့ဟာ အောက်ပါဘေးကြီး (၇) မျိုးရဲ့ ခြိမ်းခြောက် အန္တရာယ်ပြုမှုကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးမျိုးလုံးမှာ ခံခဲ့ရ၊ ခံနေရ၊ ခံရဦးမှာ ဖြစ်ပါတယ်။ (၁) ရေဘေး (၂) မီးဘေး (၃) ခြင်ဘေး (၄) ပူလောင်ခြောက်သွေ့မှုဘေး (၅) ရှေးဟောင်းအမွေအနှစ်ပျက်စီးမှုဘေး (၆) ယဉ်ကျေးမှုကွယ်ပတိမ်ကောခြင်းဘေး (၇) အမျိုးသားရေးလက္ခဏာပျက်သုဉ်းခြင်းဘေး … စတာတွေပါပဲ။ အထက်ပါဘေးဆိုးကြီးတွေဟာ ပြန်အစားထိုးမရနိုင်တော့တဲ့ မန္တလေးရဲ့ အသွေးအသားတွေကို အရည်အသွေး ညံ့ဖျင်းရုံမက စေတနာချို့တဲ့ပြီး အမြော်အမြင်နည်းပါးတဲ့ အုပ်စိုးသူတွေ လက်အောက်မှာ တတိတိတအိအိ ဖျက်ဆီးဝါးမျိုပစ်နေတာပါ။ (၁) ရေဘေး မန္တလေးမှာ မိုးတွင်းရောက်ရင် မိုးသည်းသည်းရွာလိုက်တာနဲ့ တချို့နေရာတွေမှာ လမ်းမတွေပေါ် ရေတွေ ဒူးဆစ်လောက်ထိ တက်လာပြီး ရေလွှမ်းတာ နှစ်စဉ်လိုလို ဖြစ်လာပြီ။ ဧရာဝတီမြစ်ရေကြီးလို့ ရေလွှမ်းခံရတယ်ဆိုတာ မြန်မာဘုရင်တွေ လက်ထက်ကတည်းက ဖြစ်ခဲ့တာ ဆိုပေမယ့် အခုခေတ် ကြုံနေရတဲ့ ရေကြီးမှုကတော့ မြစ်ရေမကြီးပေမယ့် မြောင်းတွေ ရေမစီးလို့ မလွှမ်းသင့်ဘဲ လွှမ်းရတဲ့ ရေကြီးမှုပါ။ တနည်းအားဖြင့်ပြောရရင် သဘာဝရေဘေးဆိုတာထက် အုပ်ချုပ်သူတွေ စီမံပုံညံ့ဖျင်းလို့ ဖြစ်ရလာတဲ့ လူ့ပရောဂရေဘေးကို ပြောနေတာပါ။ မလွှမ်းခံနိုင်ရိုးလား၊ မန္တလေးမြို့တွင်းမှာ ရှိရှိသမျှမြောင်းကြီး၊ မြောင်းလတ်၊ မြောင်းငယ် အသွယ်ကို ကြည့်လိုက်ပါ။ မပိတ်မဆို့ဘဲ ကြည်ကြည်လင်လင်နဲ့ စီးဆင်းနေတဲ့မြောင်းဆိုတာ မရှိသလောက်ပါပဲ။ မြောင်းတိုင်းလိုလို ပိတ်ဆို့နေတာကိုး။ မပိတ်ခံနိုင်ရိုးလား၊ မြို့တော်တခုရဲ့ အရေးကြီးဆုံး အင်္ဂါရပ်တွေထဲမှာပါတဲ့ ရေဆိုးစွန့်ပစ်တဲ့စနစ်နဲ့ မညီညွတ်ဘဲ ဖောက်ချင်သလို ဖောက်ထားတာလေ။ ပြီးတော့ လုံလောက်တဲ့ အမှိုက်သိမ်းတဲ့ စနစ်ကလည်း မရှိတော့ မြို့သူမြို့သားတွေက ရေမြောင်းဆိုတာ အမှိုက်ပစ်တဲ့နေရာ၊ မစင်စွန့်တဲ့အရပ်လို့ သတ်မှတ်ကြတာ ဆန်းသလား။ မြန်မာဘုရင်တွေလက်ထက်က လှေတွေအသုံးပြုပြီး မတ္တရာနယ်နဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်နိုင်အောင် ရေစီးကောင်းပြီး သန့်ရှင်းခဲ့ဖူးတဲ့ ရွှေတချောင်းမြောင်းဆိုတာ ခုသွားကြည့်လိုက်ပါ။ ရေအရောင်ကိုက မည်းနက် အမြင်ကမကောင်း၊ ယင်နဲ့ခြင်တွေ တလောင်းလောင်း၊ အပုပ်နံ့ တထောင်းထောင်း ဖြစ်သွားတာ ဘယ်လောက် ရှက်စရာကောင်းသလဲ။ လှပသန့်ရှင်း အနံ့အသက်ကင်းပြီး ခေတ်မီတင့်တယ် နေချင်စဖွယ်မြို့တော် ဖြစ်ဖို့ဆိုတာ စနစ်ကျတဲ့ ရေဆိုးစွန့်ထုတ်မှု၊ ကောင်းမွန်ထိရောက်တဲ့ အမှိုက်သိမ်းစနစ်တွေ မဖြစ်မနေ ရှိဖို့လိုပါတယ်။ မြောင်းဆိုတာ ရေမစီးနိုင်ရင် မိုးရွာတာနဲ့ ချက်ချင်း ပြည့်လျှံပြီး ရေကြီးစေတော့တာ မဟုတ်လား။ နောက်ထပ်ပြောချင်တဲ့အချက်က မိုးရာသီမှာ မန္တလေးမြို့ကို မြစ်မင်းဧရာဝတီ ဒေါသူပုန်ထလာခဲ့ရင် ကာကွယ်ပေးနိုင်အောင် မြစ်ကမ်းပါးတလျှောက် ဖို့တည်ထားတဲ့ တာရိုးကြီးရဲ့ ကြံ့ခိုင်မှုပါပဲ။ မင်းတုန်းမင်းတရားကြီးဟာ အမရပူရ ရွှေနန်းကနေ ပြောင်းရွှေ့ဖို့ မန္တလေး ရတနာပုံမြို့သစ် တည်စတုန်းက ဧရာဝတီမြစ်ကမ်းဘေးက တာရိုးကြီးရဲ့ ထိပ်အကျယ်ကိုလည်း ချဲ့ခဲ့သလို တာရိုးအမြင့်ကိုလည်း မြှင့်တင်ခဲ့ပါတယ်။ မပြောကောင်း မဆိုကောင်း အဲ့ဒီတာရိုးကြီး ကျိုးခဲ့ရင် မန္တလေးတမြို့လုံးနဲ့ အနီးနားဒေသတွေ ရေအောက်ရောက်ရုံတင်မက ဧရာဝတီမြစ်လမ်းကြောင်း ပြောင်းသွားလောက်အောင် အန္တရာယ်ရှိပါတယ်။ လူလုပ်ကပ်ဘေးတွေကြောင့် လက်ရှိကမ္ဘာကြီးရဲ့ ရာသီဥတု အပြောင်းအလဲနဲ့ နောင်မှာ ပိုများလာမယ့် ရွာသွန်းမိုးရေချိန်လက်မ မြင့်တက်လာမှုတွေကို ကြိုတင်ထည့်သွင်း တွက်ချက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ တာရိုးကြီးရဲ့ ဒဏ်ခံနိုင်မှု၊ သင့်တော်မှုရှိမရှိ ဆိုတာကို လေ့လာ ဆန်းစစ်သင့်ပါတယ်။ လိုအပ်လာရင် သံကူကွန်ကရစ်တွေနဲ့ တာရိုးအသစ် ဆောက်သင့်ရင်လည်း ဆောက်ရမှာပါ။ (၂) မီးဘေး နွေရာသီရောက်ပြီဆိုရင် မြို့သူမြို့သားတွေ ပူပင်သောက အရောက်ရဆုံး ကိစ္စကတော့ မီးဘေးအန္တရာယ်ပါပဲ။ မန္တလေးဟာ နှစ်ကြိမ်တိုင်တိုင် (၁၉၈၁ နဲ့ ၁၉၈၄ ခုနှစ်) မြို့လုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့ဖူးပါတယ်။ အနည်းနဲ့အများသာကွာမယ် မီးမလောင်တဲ့နှစ်ဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် တချို့က မန္တလေးမီးကိန်းသင့်တယ်လို့ ပြောကြတယ်။ တကယ်တော့ အရပ်ဒေသတခုမှာ မီးလောင်မှု မကြာခဏဖြစ်တယ်၊ ဖြစ်တိုင်းလည်း ဆုံးရှုံးမှုကြီးမားတယ်ဆိုတာ ဘာကိုညွှန်ပြနေသလဲဆိုရင် အဲ့ဒီအရပ်ဒေသဟာ မီးဘေးအန္တရာယ်ကို ထိရောက်မှန်ကန်စွာ ကြိုတင်ကာကွယ်မှု ပြင်ဆင်မှုမရှိဘူး၊ မီးဘေးအန္တရာယ်ကို ကောင်းစွာ မသိသေးဘူးဆိုတာကို ညွှန်ပြနေတာပါပဲ။ မီးလောင်မှုဖြစ်ပွားတယ်ဆိုတာ အောက်ပါအခြေအနေ အကြောင်းသုံးပါးပြည့်စုံမှ ဖြစ်တာပါ။  မီးလောင်တတ်တဲ့ပစ္စည်း လောင်စာ (Fuel)၊ အောက်ဆီဂျင် (Oxygen) နဲ့ အပူ (Heat) စတဲ့ အခြေအနေထဲက တခုခုမရှိရင် မီးမလောင်ပါဘူး။ အဲ့ဒီအထဲမှာ အောက်ဆီဂျင်ကို ဖယ်ရှား ထိန်းချုပ်ဖို့ဆိုတာ ခဲယဉ်းတာမို့ လောင်စာတွေဖြစ်တဲ့ ဓာတ်ဆီ၊ ဓာတ်ငွေ့၊ သစ်သား၊ စက္ကူ၊ ပလတ်စတစ် စတာတွေကို စနစ်တကျ သိုလှောင်ထားမယ်၊ အပူဖြစ်ပေါ်စေမယ့် ကိစ္စရပ်တွေ ဥပမာ- လျှပ်စစ်ကြိုးတွေ မနိုင်ဝန်သုံးလို့ အပူလွန်လျှော့ဖြစ်စေမှု မဖြစ်အောင် ပညာပေး အရေးယူ တားဆီးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာက တရားဥပဒေ မစိုးမိုးတော့ ဟိုးအရင်တုန်းကလည်း ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းချမှုတွေကို ကောင်းကောင်းမထိန်းချုပ်ဘူး၊ အခုခေတ် ပိုဆိုးလာတယ်။ မန္တလေးမှာဆိုရင် လမ်းဘေးတွေမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းတဲ့ဆိုင်တွေ မှိုလိုပေါက်နေတာ မဟုတ်လား။ ဘာလိုင်စင်မှမလိုဘူး၊ ရောင်းချင်တဲ့သူက ကိုယ့်အိမ်ရှေ့မှာတင် စင်ကလေးထိုး၊ နေ့ခင်းဆို ဓာတ်ဆီပုလင်းတွေ ထုတ်ရောင်း၊ ညဆို အိမ်ထဲ ဖြစ်သလို သိမ်းထားကြတာပဲလေ။ ဒီတော့ မီးလောင်ပြီဆိုတာနဲ့ မီးက ချက်ချင်းကြီးမယ်၊ ကူးစက်တာ မြန်တော့တာပေါ့။ ဦးကျားကြီးဝင်းမီးကြောင့် မန္တလေးမြို့ ပြောင်သလင်းခါအောင် မီးလောင်ခံခဲ့ရတာ သိုလှောင်ထားတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကြောင့်လည်း ပါတယ်။ (၃) ခြင်ဘေး ဒီနေ့ ကမ္ဘာကြီးမှာ လူသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ ကြောက်စရာ ကောင်းတဲ့ ဗိုင်းရပ်စ်ပိုး (၅) မျိုးထက်မနည်းကို သယ်ဆောင် ကူးစက်ပေးနေတာ ခြင်ကောင်တွေပါ။ ဇီကာ (Zika)၊ သွေးလွန်တုပ်ကွေး (Dengue)၊ ငှက်ဖျား (Malaria)၊ အာဖရိက အ၀ါရောင်အဖျား (Yellow fever)၊ နိုင်းအနောက်ပိုင်းအဖျား (West Nile) နဲ့ ဆင်ခြေထောက်ရောဂါ၊ ဂျပန်ဦးနှောက်အမှေးရောင်အဖျား (Japanese encephalitis, chikungunya) တွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို လူ၊ တိရစ္ဆာန်တွေဆီ ကူးစက်စေနိုင်ပါတယ်။ မန္တလေးမှာရှိတဲ့ မြောင်းတိုင်းလိုလိုဟာ ခြင်တွေအတွက် ပေါက်ပွားမွေ့လျော်စရာ ဘုံဗိမာန်ကြီးတွေဖြစ်နေတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီတော့ မန္တလေးကို အလည်ရောက်လာသူတိုင်း ကြုံတွေ့ညည်းညူ  မှတ်ချက်ပြုကြတာက ခြင်တွေပေါလိုက်တာ ဆိုတာပဲ မဟုတ်လား။ နှစ်စဉ်နှစ်တိုင်း ဒီခြင်တွေကြောင့် တုပ်ကွေးအဖျားတွေ ဖြစ်ပွားပြီး မလိုအပ်ဘဲ ငွေကြေးတွေ ကုန်ကျခံကုသရ၊ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးနေရတာ မဟုတ်လား။ ခြင်ဘေးကို ကာကွယ်တားဆီးလိုရင်တော့ အစိုးရနဲ့ပြည်သူ လက်တွဲကူမှ ဖြစ်နိုင်တာပါ။ ထိရောက်မှန်ကန်တဲ့ အမှိုက်သိမ်းစနစ် ရှိဖို့လိုတယ်။ ပြည်သူတွေကလည်း အမှိုက်သိမ်းတာ အစိုးရအလုပ်လို့ သဘောထားပြီး အမှိုက်ပစ်ချင်ရာပစ်တဲ့ စိတ်ဓာတ်တွေ ဖျောက်ဖို့လိုတယ်။ လူတဦးချင်းဆီက သန့်ရှင်းမှုကို အလေးထားပြီး စည်းကမ်းကောင်းမှ မြို့ရွာနိုင်ငံတွေဆိုတာ ထာဝစဉ် သန့်ရှင်းလှပနိုင်တာ ဖြစ်တယ်။ ခြင်တွေပေါက်ပွားစေနိုင်တဲ့ မစီးဆင်းတဲ့ရေတွင်း၊ ရေကန်တွေ၊ စီးဆင်းနေတဲ့ ရေမြောင်းတွေကို သန့်ရှင်းပြီး ခြင်မနေနိုင်အောင် အမြဲတမ်း လုပ်ကိုင်စစ်ဆေး ဆောင်ရွက်နေဖို့ လိုပါတယ်။ ဥပမာ ပိတ်ဆို့နေတဲ့ အမှိုက်တွေ ပုံမှန်ဆယ်ဖို့လိုသလို ခြင်သတ်ဆေးရေ၊ ဆေးပြားထည့်တာတို့ ခြင်ဆေးဖြန်း (Thermal Fogging) တာတွေ စနစ်တကျ လုပ်ဖို့လိုတယ်။ ဇီကာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ ဘရာဇီးနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံအဆင့် အရေးပေါ် ဇီကာဗိုင်းရပ်စ် အန္တရာယ်ကို တိုက်ဖျက်ဖို့ စစ်သည်အင်အား ၂ သိန်းကျော် အသုံးချပြီး သူ့လူထုကို ကျန်းမာရေးအသိ ဖြန့်ဖြူးရေး၊ ဇီကာဗိုင်းရပ်စ်အန္တရာယ် ကာကွယ်တားဆီးရေးအတွက် သတိပေး လုပ်ဆောင်နေရပြီ။ တို့နိုင်ငံလည်း ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ မကြာခင် ပေါ်ထွန်းလာတော့မယ်။ ပြုပြင်စရာ၊ ပြောင်းလဲစရာ ယိုယွင်းနေတဲ့ ကဏ္ဍပေါင်း သောင်းခြောက်ထောင်ထဲက ဘယ်ဟာတွေဟာ ဦးစားပေး ကိုင်တွယ်ရမယ်၊ ဘယ်လိုဆောင်ရွက်အပ်တယ် ဆိုတာ ဆုံးဖြတ်လုပ်ကိုင်ကြတဲ့အခါ လွှတ်တော်၊ အစိုးရအဖွဲ့တင်သာမက ပြည်သူတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကြဖို့ လိုတယ်။ ပြည်သူမပါတဲ့ အပြောင်းအလဲမှန်သမျှ ဘယ်တော့မှ ရေရှည်မအောင်မြင်နိုင်ပါဘူး။ ကဲ အခုတော့ စာရှည်သွားပြီမို့ နောက်ဆောင်းပါးကျမှ ကျန်တဲ့ ဘေးလေးမျိုးအကြောင်း ရေးပါဦးမယ်။ မင်းကောင်းချစ်
5 years Ago

တရုတ်နိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ်တွေ့ကြောင်း ကြေညာ

တရုတ်နိုင်ငံမှာ ဇီကာဗိုင်းရပ်စ် (Zika Virus) ကို ဗင်နီဇွဲလားနိုင်ငံကနေ ပြန်လာသူ အသက် ၃၄ နှစ်အရွယ် အမျိုးသားတဦးထံကနေ ပထမဆုံးအကြိမ်တွေ့ရှိတယ်လို့ တရုတ်အစိုးရက ဒီကနေ့ကြေညာပါတယ်။ အဆိုပါ အမျိုးသားဟာ ဇန်န၀ါရီ ၂၈ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံမှာ ဆေးဝါးကုသမှုခံယူခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံတောင်ပိုင်းက Ganzhou မြို့က ဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကအပြန် ဟောင်ကောင်နဲ့ တရုတ်တောင်ပိုင်းမြို့ Shenzhen ကနေ ဖြတ်လာတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးနဲ့ မိသားစုစီမံကိန်းကော်မရှင်က ကြေညာပါတယ်။ သူ့မှာ ဇီကာဗိုင်းရပ်စ်ပိုးတွေ့ရှိမှုကို မနေ့က အတည်ပြုခဲ့ပြီး Ganxian ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ ဆိုပါတယ်။ သူ့ကိုယ်အပူချိန်ဟာ အခု သာမန်အခြေအနေ ပြန်ရောက်ရှိသက်သာလာပြီး အရေပြားပေါ်က အဖုကလည်း လျော့နေပြီ လို့ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ လက်တင်အမေရိကမှာ ပျံ့နှံ့နေပြီး ဒီဗိုင်းရပ်စ်ကြောင့် ကလေးမွေးဖွားတဲ့အခါ ဦးခေါင်းသာမန်ထက်သေးငယ်တဲ့ ရလဒ်တွေ ထွက်ပေါ် နိုင်ဖွယ်ရှိတယ်ဆိုတဲ့ သံသယတွေ မြင့်တက်နေတာကြောင့် နိုင်ငံတချို့မှာ ၂ နှစ်တာကာလအတွင်း ကလေးမယူဖို့ နှိုးဆော်မှုတွေ ရှိပါတယ်။ လောလောဆယ် နိုင်ငံပေါင်း ၂၀ ကျော်မှာ ကူးစက်နေတဲ့အနက် ဘရာဇီးနိုင်ငံက အများဆုံးဖြစ်ပြီး ကိုလံဘီယာနိုင်ငံကတော့ ဒုတိယနေရာက လိုက်နေတာပါ။ ဇန်န၀ါရီ ၁ ရက်နဲ့ ၂ ရက် အတွင်း ဂျမေကာနဲ့ ပီရူးနိုင်ငံတို့မှာလည်း ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများတဲ့ နိုင်ငံတွေမှာ ကူးစက်နိုင်ခြေရှိတာဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးဖြစ်တဲ့ခြင်နဲ့ ဇီကာဖြစ်တဲ့ခြင်က အတူတူပဲဖြစ်တဲ့အတွက် သတိထားဖို့လိုကြောင်း မြန်မာအစိုးရကလည်း အသိပေးနှိုးဆော်ထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ဇီကာဗိုင်းရပ်စ် ပြန့်ပွားလာမှုနဲ့ပတ်သက်လို့ စိုးရိမ်တဲ့အတွက် ဒီလဆန်းမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
5 years Ago

ဘရာဇီးတွင် ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှု အိုလံပစ်ကျင်းပရေးကော်မတီ စိုးရိမ်

ဘရာဇီးနိုင်ငံမှာ ဇီကာ (Zika) ဗိုင်းရပ်စ် အလျှင်အမြန် ပျံ့နှံ့နေတာကြောင့် အိုလံပစ် ကျင်းပရေး ကော်မတီက စိုးရိမ်နေပါတယ်။ အမေရိကဒေသ နိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်ပြီး သြဂုတ်လ အိုလံပစ်ကို လာမယ့် ပရိသတ်ဦးရေလည်း နည်းပါးနိုင်တယ်လို့ ဘရာဇီး အရာရှိတွေက ခန့်မှန်းထားပါတယ်။ နှစ်စဉ် ဘရာဇီးမှာ ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်အင်္ဂါချို့တဲ့ကလေး ထောင်ချီ မွေးဖွားနေတယ်လို့လည်း အစိုးရက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျ်အို) က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားပြီး အမေရိကားဒေသမှာ လူဦးရေ ၄ သန်းလောက်ကို ကူးစက်နိုင်တယ်လို့ သတိပေးထားပါတယ်။ ရောဂါဖြစ်ပွားရာ နိုင်ငံတွေဆီ ကိုယ်ဝန်ဆောင်မိခင်တွေ သွားဖို့ သင့်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။ ကိုယ်ဝန်နုစဉ်မှာ ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရရင် ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးနိုင်ပါတယ်။ လောလောဆယ်မှာတော့ အိုလံပစ်ပွဲတော် ကျင်းပရေး ကော်မတီက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ ခရီးသွားလမ်းညွှန်အတိုင်းပဲ လိုက်နာမယ်လို့ ဆိုပါတယ်။ ဒဗလျူအိတ်ခ်ျအိုရဲ့ လမ်းညွှန်ချက်ထဲမှာ ဘရာဇီးကို ခရီးမသွားဖို့ အကြံပြုချက်တွေ မပါဝင်သေးပါဘူး။
5 years Ago

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ဖျက်ဗိုင်းရပ်စ်ပိုး (၃) မျိုး ကုသရေး

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုမဲ အများဆုံးကို အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ ဦးဆောင်တဲ့ သမိုင်းဝင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ (၁) ရက်နေ့က စတင်ကျင်းပလို့ ပြီးစီးခဲ့ပါပြီ။ အဲ့ဒီအစည်းအဝေးကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးတီခွန်မြတ်ကို ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ဖို့ အတည်ပြုခဲ့ပြီးတဲ့နောက် ပြည်သူ့လွှတ်တော် အကြီးအကဲနှစ်ဦးက ကတိသစ္စာပြုခဲ့ကြပါတယ်။ “တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်များ၊ ကြေညာချက်များဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ညီ မညီ၊ လူ့အခွင့်အရေး စံနှုန်းများနဲ့ ကိုက်မကိုက်၊ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနဲ့ ဆီလျော်မှုရှိမရှိ၊ နိုင်ငံတကာ စာချုပ်စာတမ်းများနဲ့ အကျုံးဝင်မ၀င်၊ ပြည်သူလူထုအတွက် အကျိုးရှိမရှိ၊ ပြည်သူလူထုရဲ့ ဘ၀လုံခြုံရေးနဲ့ စိတ်လုံခြုံရေးကို အကာအကွယ်ပေးမပေးတို့ကို လေ့လာစိစစ်ကြပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ဆောင်ရွက်နေကြရမှာ ဖြစ်ပါတယ်”လို့ လွှတ်တော်ဥက္ကဋ္ဌသစ် ဦးဝင်းမြင့်က ပြောကြားခဲ့တယ်ဆိုတာကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်ရပါတယ်။ အင်မတန်ကျက်သရေရှိတဲ့စကား၊ ပြည်သူလူထု အကြားချင်ဆုံးစကားကို လွှတ်တော် ဥက္ကဋ္ဌသစ်က ပြောသွားတယ်လို့ပဲ ဆိုပါရစေ။ ဒါပေမယ့် လက်တွေ့မှာ ဒီစကားဟာ ဘယ်လောက် ခရီးပေါက်မယ်၊ ဘယ်လောက်အတိုင်းအတာထိအောင် အကောင်အထည် ဖော်နိုင်မယ် ဆိုတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တခုတည်း အပေါ်မှာသာ တည်မှီနေတာ မဟုတ်ပါဘူး။ နိုင်ငံရေးအင်အားစုအားလုံး၊ ပါတီအသီးသီးနဲ့တကွ တပ်မတော်သားတွေ၊ အရပ်သား၊ ကျောင်းသား၊ ရဟန်းသံဃာများ အပါအ၀င် နိုင်ငံသူ နိုင်ငံသားအားလုံး (All Stakeholders) တွေဟာ မှန်ကန်တဲ့ အပြောင်းအလဲတွေအပေါ် ဘယ်လောက်ထိ လိုချင်ဆန္ဒ ပြင်းပြသလဲဆိုတာ အပေါ်မှာသာ မူတည်ပါလိမ့်မယ်။ ဒီနေ့မျက်မှောက်ကမ္ဘာကြီးမှာ အလွန်အန္တရာယ်များတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ပြန့်ပွားလို့ သေကျေပျက်စီးမှုတွေ တိုးပွားလာနေသလို ဆေးပညာရှင်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေကလည်း အစွမ်းကုန်ကုသ အဖြေရှာနေကြပါတယ်။ တချို့ပိုးတွေက အရင်က ပေါ်ခဲ့ဖူးပြီးပေမယ့် လူသားတွေ တီထွင်တဲ့ ကာကွယ်ဆေးတွေကို ခံနိုင်ရည်ရှိလာပြီး မျိုးရိုးဗီဇပြောင်းလို့ အဖျက်စွမ်းအား ပိုကောင်းလာကြတယ်။ တချို့ပိုးတွေကတော့ နောက်တိုး အသစ်တွေပေါ့။ အခုလောလောဆယ်မှာ ထင်ရှားလူသိများပြီး ကြောက်မက်ဖွယ် အကောင်းဆုံး ဗိုင်းရပ်စ်ပိုးတွေကတော့ အီဗိုလာ (Ebola)၊ အေအိုင်ဒီအက်စ် (HIV)၊ ဇီကာ (Zika) နဲ့ သွေးလွန်တုပ်ကွေး (Dengue) ဗိုင်းရပ်စ်ပိုးတွေပါပဲ။ ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးအသိ နိမ့်ကျတဲ့ အရပ်ဒေသတွေ၊ အုပ်ချုပ်ပုံစနစ် မမှန်ကန်တဲ့ တိုင်းနိုင်ငံတွေမှာ ဒီဗိုင်းရပ်စ်ပိုးတွေကြောင့် အနာရောဂါတွေ ဖြစ်ပွားခဲ့ရင် လျှင်မြန်စွာ ကူးစက် ပြန့်ပွားတတ်သလို၊ သေကျေပျက်ဆီး ဆုံးရှုံးမှုလည်း ပိုကြီးမားလေ့ရှိတယ်။ အဲ့ဒီလိုပါပဲ လွန်ခဲ့တဲ့နှစ် (၅၀) ကျော်ကတည်းက စစ်ဖိနပ်အောက် ရောက်ခဲ့ရပြီး အုပ်ချုပ်ပုံစနစ် မမှန်ကန်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကိုယ်ကျင့်သီလနဲ့ စာရိတ္တဆိုတဲ့ စိတ်ကျန်းမာရေး နယ်ပယ်ကို ဗိုင်းရပ်စ်ပိုးအမျိုးမျိုး ကူးဆက်ပြန့်ပွားခြင်း ခံခဲ့ရပြီး ကဏ္ဍပေါင်းစုံမှာ ချွတ်ခြုံကျ၊ နာတာရှည် ရောဂါသည်ဘ၀ ရောက်ခဲ့ရတယ် မဟုတ်လား။ ကမ္ဘာမှာ သူခိုးမရှိတဲ့နိုင်ငံလို့ တချိန်တခါတုန်းက နိုင်ငံရပ်ခြား ကုန်သည်တွေ အသိအမှတ်ပြု လေးစားခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ စောရပြည်လို့ ခေါ်ရလောက်အောင် နိစ္စဓူဝ လူမှုဘ၀တွေမှာ ရှောင်လို့မလွတ်နိုင်တဲ့ အဂတိလိုက်စားမှုတွေ၊ တရားမမျှတမှုတွေ ပြည့်လျှမ်း ညစ်နွမ်းနေတဲ့ အခြေအနေဆိုးကြီးထဲ လှောင်ပိတ်ခံနေရအောင် အစိုးရကနေ အောက်ခြေပြည်သူတွေကြား ကူးဆက်ပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်ရာ ဗိုင်းရပ်စ်ပိုး (၃) မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့ …. (၁) အာဏာရှင်ဗိုင်းရပ်စ်ပိုး (၂) အကျင့်ပျက်ခြစားဗိုင်းရပ်စ်ပိုး (၃) အခွင့်ထူးခံဗိုင်းရပ်စ်ပိုး စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ပိုးတွေဟာ ပေါက်ပွားချင်တိုင်း ပေါက်ပွားခွင့် နှစ်ရှည်လများ ရခဲ့ကြတော့ အလွန်သန်စွမ်းကြတယ်။ ဟိရိသြတ္တပ္ပတရား၊ ဗြဟ္မစိုရ်တရား၊ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မ အဆုံးအမ စတဲ့ ကာကွယ်ဆေးတွေတောင် မတိုးတော့ဘဲ လူတိုင်းလိုလိုရဲ့ နှလုံးသားနဲ့ ကိုယ်ကျင့်သီလကို ထိုးနှက်ချိုးဖျက် မိုက်တွင်းနက်စေခဲ့တယ် မဟုတ်လား။ (၁) အာဏာရှင်ဗိုင်းရပ်စ်ပိုး ဒီဗိုင်းရပ်စ်ပိုးရဲ့ လက္ခဏာကတော့ အများသိပြီးကြတဲ့အတိုင်း အနိုင်ကျင့်ဗိုလ်ကျမယ်၊ စီးပိုးမယ်၊ ဘယ်ကိစ္စမဆို သူ့စိတ်တိုင်းကျ ချယ်လှယ်မယ်၊ အရာရာကို မောင်ပိုင်စီးချင်တယ်။ တခြားသူတွေရဲ့ သဘောထားကို လုံးလုံး ထည့်သွင်းစဉ်းစားပေးခြင်း မပြုဘူး။ သူ့ဆန္ဒကိုသာ အမြဲရှေ့တန်းတင်လေ့ ရှိကြတာ လူတိုင်းသိပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်း မြေစမ်းခရမ်းပျိုးခဲ့တဲ့ ဒီအာဏာရှင် ဗိုင်းရပ်စ်ပိုးဟာ တပ်မတော်သားတွေ သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စတဲ့ ရှိရှိသမျှ နယ်စုံပယ်စုံမှာသာမက အငယ်ဆုံး လူ့အဖွဲ့စည်းဖြစ်တဲ့ မိသားစုတွေထဲမှာတောင် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ရင်း အခုဆို ထုံးတမ်းအစဉ်အလာသဘော၊ သူတို့ရဲ့ မူလရပိုင်ခွင့်လို့တောင် ထင်မှတ်မှားတဲ့အဆင့် ရောက်နေပါပြီ။ တနည်းအားဖြင့်ပြောရရင် ဗိုင်းရပ်စ်ပိုးဟာ အသွေးထဲ အသားထဲထိ စိမ့်ဝင်ပြီး နှလုံးအိမ်မှာလွှမ်း၊ ရောဂါတော်တော်ကျွမ်းနေတဲ့ အဆင့်ကို ရောက်နေပြီဆိုတဲ့ သဘောပါပဲ။ (၂) အကျင့်ပျက်ခြစားဗိုင်းရပ်စ်ပိုး ဒီနေ့ မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားတယ်ဆိုတာ နေ့ခင်းကြောင်တောင် ဗြောင်လုပ်ဆောင်ရဲတဲ့အဆင့် ရောက်သွားပြီ။ ဟီရိသြတ္တပ္ပတရားတွေ ပျောက်ဆုံးစေတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေဟာ နေ့စဉ် လူမှုဘ၀တွေထဲမှာ သမားရိုးကျကိစ္စတရပ်လို ပျော်ဝင်ဖြစ်တည်နေခဲ့ပြီလေ။ ပြည်သူ့ဘဏ္ဍာ ခိုးယူခွင့်ရဖို့ မင်္ဂလာဆောင်မှာ လက်ဖွဲ့တာကစလို့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အပေးအယူ လုပ်နေကြတာ လူတိုင်းမြင်နေရတာ မဟုတ်လား။ ဒီအကျင့်ပျက်ပိုးဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေထဲမှာသာမက ကိုယ်ကျင့်တရားတွေ ကောင်းမွန်အောင် ထိန်းကြောင်း တည့်မတ်ပေးရမယ့် အာစရိယဂိုဏ်းဝင် မိဘဆရာသမား၊ ဘာသာရေးခေါင်းဆောင်၊ ရဟန်းသံဃာတချို့ထိတိုင်အောင် နက်နက်ရှိုင်းရှိုင်း ကူးစက်ပြန့်ပွားနေတာဟာ အလွန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ပြောရင် မမှားပါဘူး။ အဆိပ်ပြင်းလွန်းလှတဲ့ အဂတိတရားလေးပါးကို အခြေခံလာတာမို့ အကျင့်ပျက် ခြစား ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံနဲ့ချီပြီး စာရိတ္တသီလ၊ ၀ါရိတ္တသီလတွေ ကျိုးပြတ်ချွတ်ခြုံကျစေအောင် အဖျက်စွမ်းအား ကြီးမားလွန်းလှပါတယ်။ ဒီပိုး ကူးဆက်ပြန့်ပွားနေတဲ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ တိုင်းနိုင်ငံ လူ့အဖွဲ့အစည်းတိုင်းဟာ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ မတရားမှုတွေနဲ့သာ ပြည့်လျှမ်းနေလေ့ရှိပြီး လူများစုဟာ ငရဲဘုံမှာ ကျခံရသလို ဆင်းရဲဒုက္ခ ရောက်ကြရပါတယ်။ (၃) အခွင့်ထူးခံဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့၊ ဖြစ်ပျက်ဆဲ လူမှုအနိဌာရုံ အစုစုရဲ့ မြစ်ဖျားခံရာ အရင်းခံ အကြောင်းတရားဟာ တရားဥပဒေ မစိုးမိုးခြင်းပါဘဲ။ အဲ့ဒီလို တရားဥပဒေစိုးမိုးမှု မရှိစေတဲ့ လက်သည်တရားခံတွေကတော့ အခွင့်ထူးခံ ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့ ဥပဒေအထက် နေလိုသူတွေဆိုတာ မြင်သာပါတယ်။ လူအများ ဆင်းရဲမွဲတေနေတဲ့ တိုင်းပြည်မှာ မတော်မတရားတဲ့ နည်းလမ်းတွေနဲ့ သူများထက်ရူး အခွင့်ထူးခံချင်စိတ်ဆိုတာ အသိဉာဏ်ပညာ မဖွံ့ဖြိုးမှု၊ ကိုယ်ကျင့်တရား မရင့်ကျက်မှုကို ညွှန်ပြနေတာပါပဲ။ လက်နက်ကိုင်ပြီး အခွင့်ထူးခံသူတွေကို စစ်ဂျပိုး၊ စီးပွားရေးမှာ အခွင့်ထူးခံသူတွေကို ခရိုနီ၊ ရာထူးဌာနန္တရမှာ အခွင့်ထူးခံသူတွေကိုတော့ မိုးကျရွှေကိုယ်လို့ ပြည်သူတွေရဲ့ တံထွေးခွက်မှာ ပက်လက်မျောလို့ ကဲ့ရဲ့မုန်းတီးမှုကို ခံကြရတာ မဟုတ်လား။ အထက်မှာဖော်ပြပခဲ့တဲ့ ပြည်ဖျက်ဗိုင်းရပ်စ်ပိုး (၃) မျိုး နှိပ်စက်လို့ ညှိးခြုံးပိန်ခြောက် နိုင်ငံရုပ်ပျောက်နေတဲ့ မြန်မာပြည်ကို ရောဂါကင်းစင်အောင်ကုသဖို့ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ မကြာခင်မှာ လုပ်ပိုင်ခွင့် အကန့်အသတ် ဘောင်ခတ်မှုတွေနဲ့အတူ တရားဝင်ကုသခွင့်လိုင်စင်ကို လွှဲယူပါတော့မယ်။ ဆေးပီးနေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကင်းစင်အောင် ကုသဖို့ဆိုတာ အချိန်အတိုင်းအတာတခု ယူရမှာဖြစ်သလို ရှင်းရှင်းလင်းလင်း ပျောက်ကင်းဖို့ဆိုတာ သမားတော်ရဲ့ အရည်အသွေးပေါ်မှာ သာမက လူနာတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ရောဂါပျောက်ချင်တဲ့ဆန္ဒ ပြင်းထန်မှုတွေပေါ်မှာလည်း တည်မှီနေပါတယ်။ ဘုရားမကြိုက်၊ နတ်မကြိုက်တဲ့ အကျင့်ပျက် စရိုက်ဆိုး အထက်ပါ ဗိုင်းရပ်စ်ပိုးတွေကို အမြစ်ဖြတ် ရှင်းလင်းသုတ်သင်နိုင်အောင် ကြိုးပမ်းနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆင့်မြင့်နိုင်ငံရေးခရီးစဉ်မှာ ပါဝင်နိုင်ဖို့ နိုင်ငံသားတိုင်းဟာ မိမိကိုယ်မှာ စွဲကပ်နေတဲ့ အကျင့်ဟောင်းတွေကို ကိုယ်တိုင်ပြင်ခြင်းနဲ့ ပထမအဆင့်အနေနဲ့ ပူးပေါင်းပါဝင်နိုင်ပါတယ်။ မကောင်းမှန်းသိရင် ကိုယ်ကိုယ်တိုင် ကိုယ့်မှာစွဲကပ်နေတဲ့ အကျင့်ဆိုးတွေ စပြုပြင် စွန့်လွှတ်ကြဖို့ လိုပါတယ်။ ဒုတိယအဆင့်အနေနဲ့ မိမိဝန်းကျင်မှာရှိတဲ့ လူပုဂ္ဂိုလ်တွေမှာ အနည်းနဲ့အများဆိုသလို ကူးဆက်ပြန့်ပွားနေတဲ့  အထက်ပါ အဖျက်စွမ်းအားကြီးတဲ့ ဗိုင်းရပ်စ်ပိုးတွေ ပျောက်ကင်းအောင် ကုသရေးမှာ အမျိုးသားရေးတာဝန်တရပ် အနေနဲ့ မိမိစွမ်းသလောက်၊ နိုင်သလောက် လက်တွဲဖေးကူ ကုသိုလ်ယူကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးဖို့ လက်သန်းမှာ မှင်အစွန်းခံလိုက်ရုံနဲ့ မိမိတို့တာဝန် ပြီးဆုံးသွားပြီလို့ မထင်မှတ်စေချင်ပါဘူး။ တပြည်လုံးမှာ ဂျွတ်တက်နေတဲ့ အကျင့်ဆိုးတွေ ရှင်းထုတ်သန့်စင်ဖို့ တာဝန်ဟာ အသစ်တက်လာမယ့် အရပ်သားအစိုးရ တာဝန်ပဲလို့ မမှတ်ပါနဲ့။ ပြည်သူတွေကိုယ်တိုင် ကိုယ်ပိုင်အသိတရားနဲ့ မပါဝင် မပူးပေါင်းရင် ဘယ်ကိစ္စမျိုးမဆို မပြီးမြောက်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းတခုအတွက် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲခြင်းဆိုတာ အဲ့ဒီခေတ်ရဲ့ လိုအပ်နေတဲ့ ပြောင်းလဲမှုကို လူတဦးချင်း တယောက်ချင်းစီက ပြင်းပြစွာ မွတ်သိပ်လာခြင်းနဲ့အတူ၊ မိမိကိုယ်ကိုယ်ကို မိမိပြောင်းလဲခြင်းများရဲ့ စုပေါင်းပါဝင် ဖြည့်ဆည်းခြင်းတွေရဲ့ ဘုံအကျိုးရလဒ်ပါပဲ။ အဲ့ဒီလို ပြောင်းလဲမှုမျိုးကို ဟန့်တားနှောင့်ယှက်နိုင်တဲ့ အရာဆိုတာ ဒီလောကမှာ မရှိနိုင်တော့ပါဘူး။ မြန်မာနိုင်ငံသားတိုင်း မိမိကိုယ်မိမိ ပြုပြင်အောင်နိုင်ကြပါစေ။ မင်းကောင်းချစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ ၂၀၁၅ ခုနှစ်
5 years Ago

ဇီကာဗိုင်းရပ်စ် ကူးစက်မှုမဖြစ်ရေး ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဌာန သတိပေး

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်းများတဲ့ မြန်မာနိုင်ငံမှာ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဇီကာဗိုင်းရပ်စ်ကို ပြည်တွင်းမှာ ကူးစက်မှုမဖြစ်စေဖို့ ခြင်နှိမ်နင်းရေး အပါအ၀င် ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်ဖို့ ပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ဇီကာဗိုင်းရပ်စ် (Zika Virus) ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများတဲ့ နိုင်ငံတွေမှာ ကူးစက်ဖြစ်ပွားနိုင်ခြေရှိတာဖြစ်ပြီး၊ သွေးလွန်တုပ်ကွေးဖြစ်တဲ့ခြင်နဲ့ ဇီကာဖြစ်တဲ့ခြင်က အတူတူပဲဖြစ်တဲ့အတွက် သတိထားဖို့လိုကြောင်း အသိပေးထားပါတယ်။ ဇီကာဗိုင်းရပ်စ်ဟာ သွေးလွန်တုပ်ကွေးလောက် မပြင်းဘဲ လူ့အသက်ကို သေစေနိုင်တဲ့အခြေအနေမရှိပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေကတဆင့် မွေးလာတဲ့ ကလေးတွေမှာ ဦးနှောက် ပုံမှန်လောက် မဖွံ့ဖြိုးဘဲနဲ့ မွေးဖွားလာတတ်ကြပါတယ်။ ဒါကြောင့် ဇီကာဗိုင်းရပ်စ် မဖြစ်ချင်ရင် သွေးလွန်တုပ်ကွေးခြင်ကို အဓိက နှိမ်နင်းနိုင်မှသာ ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဌာနမှ သတိပေးထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း ဒီဇီကာဗိုင်းရပ်စ်ဟာ ကြောက်ခမန်းလိလိ ကူးစက်ပြန့်ပွားနေတယ်လို့ သတိပေးထားပြီး အခုနှစ်အတွင်း ကူးစက်ခံရသူ ၄ သန်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လောလောဆယ် နိုင်ငံပေါင်း ၂၀ ကျော်မှာ ကူးစက်နေပြီး ဘရာဇီးနိုင်ငံက အများဆုံးဖြစ်ပြီး ကိုလံဘီယာနိုင်ငံကတော့ ဒုတိယနေရာက လိုက်နေတာပါ။ ဇန်န၀ါရီ ၁ ရက်နဲ့ ၂ ရက် အတွင်း ဂျမေကာနဲ့ ပီရူးနိုင်ငံတို့မှာလည်း ပထမဆုံး ကူးစက်မှုတွေ တွေ့ရှိခဲ့ပါတယ်။
5 years Ago

ဇီကာရောဂါပိုး မြန်မာနိုင်ငံကို မပျံ့နှံ့စေရန် ရန်ကုန်လေဆိပ်တွင် ကျန်းမာရေးစစ်ဆေး

ခြင်ကတဆင့် ဖြစ်ပွားလာတဲ့ ဇီကာ (Zika) ရောဂါပိုး မြန်မာနိုင်ငံကို ပျံ့နှံ့လာခြင်းမရှိအောင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နေမကောင်းဖြစ်တဲ့ လူနာတွေ့ရင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ဆေးစစ်ချက်အဖြေ ထွက်လာမှ နိုင်ငံတွင်းကို ဝင်ခွင့်ပြုတာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားတွေကို အဓိက စစ်ဆေးနေတာပါ။ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဇီကာလို့ခေါ်တဲ့ ဗိုင်းရပ်စ်သစ်တမျိုးဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွေမှာ ပျံ့နှံ့နေတဲ့အတွက် အဲဒီဒေသတွေကို ခရီးသွားလာမှုအပေါ် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (စီဒီစီ) က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဒေသတွေကို သွားလာရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို အထူးသဖြင့် သတိပေးထားတာဖြစ်ပြီး ရောဂါကူးစက်ခံရပါက မွေးဖွားလာတဲ့ ကလေးငယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံဘဲ မွေးဖွားလာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်မှု ကင်းဝေးစေဖို့ အဓိကထား စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အီဘိုလာရောဂါပိုး တွေ့စဉ်ကလည်း လေဆိပ်တွေမှာ ခုလို ရောဂါရှာဖွေပြုတွေ ပြုလုပ်ခဲ့ပါတယ်။
5 years Ago

ဇီကာဗိုင်းရပ်စ် အမေရိကတိုက်နိုင်ငံများအားလုံး ပျံ့နှံ့နိုင်ဟု ဒဗလျူအိတ်ခ်ျအို သတိပေး

တောင်အမေရိကတိုက်က နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ ဇီကာ (Zika) ဗိုင်းရပ်စ်ဟာ တောင်အမေရိကတိုက် နိုင်ငံတွေတင် မဟုတ်ဘဲ အမေရိကတိုက်နိုင်ငံတွေ အားလုံးနီးပါးပါ ကူးစက်နိုင်တယ်လို့ ဒဗလျူအိတ်ခ်ျအို အဖွဲ့ကြီးက ဇန်န၀ါရီ ၂၅ ရက်နေ့မှာ သတိပေး ပြောဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ပိုးကို တောင်အမေရိက၊ မြောက်အမေရိကနဲ့ ကာရစ်ဘီယံဒေသ နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ တွေ့ရှိနေရပြီး ဦးခေါင်းသေးငယ်ပြီး ဉာဏ်ရည်မပြည့်တဲ့ ကလေးတွေ ထောင်နဲ့ချီ မွေးဖွားမှုနဲ့ ဆက်စပ်နေတာပါ။ ဒါကြောင့် တောင်အမေရိကနဲ့ အလယ်အမေရိကတိုက် နိုင်ငံတချို့မှာ မိခင်တွေ ၂၀၁၈ ခုနှစ်အထိ ကိုယ်ဝန်မဆောင်ကြဖို့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက တိုက်တွန်းထားပါတယ်။ လက်ရှိအချိန်အထိ ဒီ ဇီကာဗိုင်းရပ်စ်ပိုး ကာကွယ်ကုသဆေး မရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို ကနဦး အာဖရိကမှာ ပထမဆုံးတွေ့ရှိတဲ့ ဗိုင်းရပ်စ်ဖြစ်ပေမယ့် ၂၀၁၅ မေလနောက်ပိုင်း ဘရာဇီးနိုင်ငံမှာ စတင်ကူးစက် ပျံ့နှံ့နေတာ တွေ့ရှိခဲ့တာပါ။ တောင်အမေရိကတိုက် နိုင်ငံတွေမှာ ဒီဗိုင်းရပ်စ်ကို သဘာဝအလျောက် ခံနိုင်ရည်မရှိတဲ့အတွက် လူတွေကို လျှင်လျှင်မြန်မြန် ကူးစက်ပျံ့နှံ့တာ ဖြစ်နိုင်တယ်လို့ ဒေသတွင်း အစိုးရတွေက ယုံကြည်နေကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ခြင်ကနေ ကူးစက်တာဖြစ်ပြီး ကူးစက်ခံရမှု ၈၀ ရာခိုင်နှုန်းလောက်က အနည်းငယ် နေမကောင်းဖြစ်တဲ့ လက္ခဏာက လွဲလို့ ထူးထူးခြားခြား လက္ခဏာ မပြသဘူးလို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်း ဉာဏ်ရည်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ် ၄၀၀၀ လောက် ရုတ်တရက် မြင့်တက်ခဲ့ပြီး ကလေးတွေရဲ့ ဦးနှောက်ထဲမှာ ဒီဗိုင်းရပ်စ်ကို တွေ့ရှိရတာပါ။
5 years Ago

ဇီကာ ဗိုင်းရပ်စ်သစ်တမျိုးနှင့် ပတ်သက်၍ အမေရိကန် သတိပေးချက် ထုတ်ပြန်

ခြင်ကတဆင့် ကူးစက်တတ်တဲ့ ဇီကာ (Zika) အမည်ရတဲ့ ဗိုင်းရပ်စ်သစ်တမျိုးဟာ လက်တင်အမေရိကနဲ့ ကာရစ်ဘီယမ်ဒေသတွေမှာ ပျံ့နှံ့နေတဲ့အတွက် အဲဒီဒေသတွေကို ခရီးသွားလာမှုအပေါ် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (စီဒီစီ) က ဇန်န၀ါရီ ၁၆ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဇီကာလို့ အမည်ပေးထားတဲ့ ဒီဗိုင်းရပ်စ်ဟာ ခြင်ကိုက်ရာကနေ ရောဂါကူးစက်တာဖြစ်ပြီး ကမ္ဘာ့ရာသီဥတု အပူချိန်မြင့်တက်ရာမှ ရေပြင်မှာ ပေါက်ဖွားတဲ့ ခြင်မျိုးဆက်သစ်တမျိုးမှာ တွေ့ရတဲ့ ရောဂါတမျိုး ဖြစ်ပါတယ်။ အာဖရိက၊ အရှေ့တောင်အာရှ၊ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေမှာ တွေ့ရတာကနေ ခုချိန်မှာတော့ လက်တင်အမေရိက နိုင်ငံတွေထိ ပျံ့နှံ့လာတဲ့အတွက် ခုလို သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတာလို့ ရာဟူး (Yahoo) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီဒေသတွေကို သွားလာရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေကို အထူးသဖြင့် သတိပေးထားတာဖြစ်ပြီး ရောဂါကူးစက်ခံရပါက မွေးဖွားလာတဲ့ ကလေးငယ်မှာ ကိုယ်လက်အင်္ဂါ မပြည့်စုံဘဲ မွေးဖွားလာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘရာဇီးနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်တဦးကို ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီမှာ ပထမအကြိမ်အဖြစ် အဲဒီဗိုင်းရပ်စ်နဲ့ ဆက်စပ်တဲ့ ကလေးမွေးဖွားလာမှုနောက်မှာ ခုလို သတိပေးတာတွေ ထုတ်ပြန်ခဲ့ရတာပါ။ အဲဒီဒေသတွေကို သွားလာကြမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ သွားလာသင့်တယ်လို့ စီဒီစီက အကြံပြု ပြောဆိုပါတယ်။
5 years Ago

မြန်မာနိုင်ငံအတွက် ယူရိုသန်း ၉၀ အီးယူ ကူမည်

မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ပညာရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အီးယူက ယူရိုသန်း ၉၀ ကို ၂၀၁၃ -၁၄ ကနေ ၂၀၂၀ အထိ နှစ်စဉ် ထောက်ပံ့ကူညီပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ EU1သတင်းထုတ်ပြန်ချက် မှာ  ဥရောပကော်မရှင်မင်းကြီး Andris Piebalgs က “မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် စိန်ခေါ်မှုတွေကိုတော့ ကျနော်တို့ မေ့သွားမှာမဟုတ်ပါဘူး။ နိုင်ငံမှာလိုအပ်တဲ့ ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်နေသမျှ အီးယူကလည်း အဓိကပံ့ပိုးကူညီသူအဖြစ် ရပ်တည်နေမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ အီးယူ-မြန်မာ task force  ရဲ့ စီးပွားရေးဆိုင်ရာ  ဆွေးနွေးပွဲကို ရန်ကုန်မြို့က   ကုန်သည်စက်မှု အသင်းချုပ်ရုံးမှာ ကျင်းပနေပါတယ်။ သမ္မတရုံး  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေအပေါ် ဖွံ့ဖြိုးတိုးတက်စေဖို့ ကြီးမားတဲ့ အထောက်အပံ့တွေ ပေါ်ထွက်လာမယ်လို့ ပြောပါတယ်။ ဒါ့ပြင်   မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်သစ်ကို တည်ဆောက်နေသလို လူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်အောင် ဆောင်ရွက်နေတာကြောင့်  အီးယူအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့  မြန်မာလူထုအတွက် ကူညီပံ့ပိုးပေးစေလိုတယ်လို့လည်း တိုက်တွန်းသွားပါတယ်။ ဆွေးနွေးပွဲမှာ  အီးယူနဲ့ မြန်မာနိုင်ငံက အဆင့်မြင့်အရာရှိတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ပေါင်းအယောက်  ၄၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့တာပါ။ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေးအရာရှိ ဒေါက်တာအောင်ထွန်းသက် ကတော့ အီးယူနဲ့ မြန်မာဆက်ဆံရေးက ဒီတွေ့ဆုံဆွေးနွေးမှုကတဆင့် နိုင်ငံရေးနဲ့ စီးပွားရေးအရလည်း ပိုမိုပွင့်လင်းလာမယ်လို့ ပြောပါတယ်။ “လူများများလာလေ ကောင်းလေ။ အထူးသဖြင့် အီးယူတို့လို အရင်တုန်းက ဆက်ဆံမှု မရှိတဲ့ နိုင်ငံလာရင် ပိုကောင်းတာပေါ့။ သူတို့ဆီက နည်းပညာလည်း ရမယ်။ သူတို့ဆီက အရင်းအနှီးလည်း ရမယ်။ ဆရာတို့လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အထောက်အကူ ဖြစ်စေမယ့်ဟာတွေ ဖြစ်ပါတယ်။ နိုင်ငံရေးတခုတည်းကို ကြည့်လို့မရဘူး။ စီးပွားရေးတခုတည်းကို ကြည့်လို့ မရဘူး။ နှစ်ခုလုံးကို တွဲကြည့်ရမယ်။ အရင်တုန်းက နိုင်ငံရေးအရ ဆက်ဆံမှုမရှိတဲ့ အီးယူကို ဆက်ဆံတော့ အခု စီးပွားရေး ပွင့်လာမယ်။ အဓိက အနှစ်သာရက အဲဒါပါပဲ။” ကုန်သည်အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့ ဒီဆွေးနွေးပွဲဟာ   မြန်မာနိုင်ငံရဲ့  အပြောင်းအလဲ လုပ်ဆောင်ချက်တွေရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောပါတယ်။ “ဖယ်ကျင်ထားတာ ကြာပြီးတော့ အခုမှ ဆေးဖော်ကြောဖက်လုပ်လာတဲ့ အချိန်မှာ နိုင်ငံတော်ရဲ့ အပြောင်းအလဲတွေကို ကျေနပ်အားရလာအောင် နိုင်ငံတော် သမ္မတကြီး ဦးဆောင်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ လုပ်လာတော့ အားလုံးက ကျေနပ်တယ်။ ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရမှာ တော်တော်လေးလျင်မြန်တယ်။ ဒီဥစ္စာကို အာရုံစိုက်ပြီး စိတ်ဝင်တစားနဲ့ လုပ်တဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံက ထူးခြားတဲ့အတွက် သူတို့ ဒါကို ချီးမြှောက်ချင်တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းကနေ မသွေဖည်အောင်လို့ ပံ့ပိုးချင်တဲ့ ဆန္ဒနဲ့ ဒီမှာလာပြီး လုပ်တာပါ။” မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အီးယူ- မြန်မာအထူးလုပ်ငန်းအဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေကို   နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်အထိ  ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပနေတာဖြစ်ပါတယ်။
7 years Ago

ဒေါ်အောင်ဆန်းစုကြည်မကွေးခရီးစဉ်ဖျက်သိမ်း၊ လူထုကိုတောင်းပန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မကွေးတိုင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ဖျက်သိမ်းလိုက်တယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကြေညာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းရဲ့  အကြံပေးချက် အရ ခုလို ခရီးစဉ်ဖျက် သိမ်းလိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။ လာမယ့် မတ်လ (၂၇) နဲ့ (၂၈)ရက် တွေမှာ သွားဖို့ ပြင်ဆင်ထားတဲ့ မကွေး၊ ကျောက်ပန်းတောင်း ၊ တောင်တွင်းကြီး နဲ့ နတ်မောက် ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ ဒေသခံပြည်သူတွေကို အနူးအညွတ် တောင်းပန်တယ်လို့ အန်အယ်လ်ဒီကြေညာချက်မှာ ပါရှိပါတယ်။ မကွေးခရီးစဉ်ဖျက်သိမ်းလိုက်ရတာနဲ့ပတ်သက်ပြီး ပါတီ ရွေးကောက်ပွဲဆိုင်ရာ မန်နေဂျာ ဦးဥာဏ်ဝင်းက "ပင်ပန်းတော့ နည်းနည်းအားနည်းနေတယ်၊ ဆရာဝန်က မကွေးခရီးစဉ် ခွင့်မပြုနိုင်ဘူးလို့ ဆေးဘက်ဆိုင်ရာ ထင်မြင်ချက်ပေးပါတယ်။ ဒါကြောင့် ခရီးစဉ် ဖျက်လိုက်ပါတယ်။"လို့ ပြောပါတယ်။ အထက်မြန်မာပြည် မကွေးခရီးစဉ်ကိုသာ လောလောဆယ် အနေအထားအရ ဖျက်သိမ်းတာ ဖြစ်ပြီး တခြားကျန်ရှိတဲ့ ခရီးစဉ်တွေနဲ့ ပတ်သတ်ပြီး ဖျက်သိမ်းတယ် လို့တော့ မန်နေဂျာ ဦးဥာဏ်ဝင်းက ပြောဆိုခြင်း မရှိပါဘူး။ တနင်္သာရီတိုင်း မြိတ်ဒေသကို ရွေးကောက်ပွဲ မဲဆွယ် ခရီး ထွက်ခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ကျန်းမာရေး ချို့ ယွင်းလာ တာကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး တနင်္ဂနွေနေ့ မှာ မြိတ် ကျွန်းစုရွာကို သွားရောက် ဟောပြောဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါသေးတယ်။ ကျွန်းစုရွာကို သွားရောက်ဟောပြောမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပေမယ့် ကျွန်းစုရွာသားတွေ အနေနဲ့ မြိတ်မြို့ မှာ ပြုလုပ်မယ့် ဟောပြောပွဲမှာ လာရောက် နားထောင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်က  စက်လှေ စီစဉ် ပေးခဲ့တယ် လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ မှာပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး မြိတ်မြို့ ခံ တဦးဖြစ်တဲ့ ကိုထွန်းအေးက "သူ့ မျက်နှာမြင်ရတာတော့ စင်ပေါ်မှာမြင်ရတာတော့ လန်းလန်းဆန်းဆန်းပဲ ခင်ဗျ။ အဖျား မပျောက်သေးဘူး၊ ဖျားနေတယ် လို့ သာပြောတယ် မြင်ရတာ တော့လန်းလန်းဆန်း ဆန်းပဲ၊ အားတင်းပြီးပြောနေလားတော့ ကျနော်လည်းမပြောတတ်ဘူး။ ပြောတဲ့အထဲမှာတော့ ရေယာဉ် အခက်အခဲကိစ္စရယ်၊ သူမသွားနိုင်တဲ့နေရာတွေကို နောက်တကြိမ်ပြန်လာမယ်လို့ ကတိပေး တဲ့အကြောင်းရယ် ၊ အကြောက် တရားတွေကို (၇)ရက်သည်းခံပေးဖို့ ၊ ရွေူးကောက်ပွဲ ကျင်းပဖို့ (၇)ရက် လောက်ပဲ လိုတော့တာမို့  အဲဒီ (၇)ရက်လောက် မကြောက်ပဲနေပေး ဖို့ ပြောတာလို့ ကျနော် သဘောပေါက်တယ် ခင်ဗျ။"လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ   တနင်္ဂနွေနေ့ညနေ ၃နာရီလောက်မှာတော့  ရန်ကုန်ကို လေကြောင်း နဲ့  ပြန်လည်ထွက်ခွာလာခဲ့ တယ်လို့ သိရပါတယ်။