A d v e r t i s e m e n t With Us

ကိုဗစ်-၁၉ လူနာသစ် ၃၈၃ ဦး၊ သေဆုံးသူ ၇ ဦးထပ်တိုး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၃၈၃ ယောက်နဲ့ သေဆုံးသူ ၇ ယောက် ထပ်တိုးလာတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးသူ ၇ ယောက်အနက် ၆ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇,၉၂၄ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၃၈၃ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။

လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ  အယောက် ၅၅၈ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၃၇၈ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက  အယောက် ၁၈၀ ဝင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၄၁၀ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၇,၉၅၇  ယောက်၊ သေဆုံးသူ ၃,၀၆၉ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၂၂,၁၁၆ ယောက်  ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

4 hours Ago

အားကစား

အနုပညာ

ကိုဗစ်ဆေးဝယ်ယူလှူဒါန်းနိုင်ရန် မြန်မာနိုင်ငံ ကာတွန်းဆရာအသင်းက ရန်ပုံငွေရှာဖွေပွဲ လုပ်မည်

ကိုဗစ် ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းနိုင်ဖို့ ရန်ပုံငွေရှာဖွေပွဲကို မြန်မာနိုင်ငံ ကာတွန်းဆရာအသင်းက စီစဉ်နေပါတယ်။ ရေးဆွဲမယ့် ကာတွန်းဆရာတွေအနေနဲ့ ကိုယ့်စိတ်ကြိုက် ခဲ၊ မင်၊ ရေဆေး၊ ဆီဆေး၊ ဒစ်ဂျစ်တယ်စနစ်တို့နဲ့ ရေးဆွဲနိုင်ပြီး အရွယ်အစားကိုလည်း ကန့်သတ်မထားပါဘူး။  ဒါပေမယ့် ပုံကိုတော့ ပန်းချီကားဆန်တဲ့ ကာတွန်းပုံဖြစ်ရမယ်လို့ သတ်မှတ်ပေးထားပါတယ်။ ကားတွေကို ဒီလကုန် အပြီးပို့ပေးရမှာဖြစ်ပြီး ပွဲလုပ်မယ့် ရက်ကို ထပ်ပြီး ကြေညာမှာ ဖြစ်ပါတယ်။ အသင်းဥက္ကဋ္ဌ ကာတွန်းဝင်းအောင်က “ကျနော်တို့လည်းလှူဖြစ်ဖို့ စီစဉ်လိုက်တာ။ ငွေကြေးအရတယောက်ချင်းဆိုရင် အဆင်မပြေတာတွေ ရှိနိုင်တယ်လေ။ ဒါကြောင့် ကိုယ်တတ်တဲ့ အနုပညာနဲ့ပဲ ရန်ပုံငွေရှာဖို့ စီစဉ်တာပါ။ ဒီအတွက် ကုန်ကျစရိတ်တွေနုတ်မှာမဟုတ်ဘူး။ ကာတွန်းဆရာတွေကိုလည်း ကော်မရှင်ပေးမှာမဟုတ်ဘူး။ ရောင်းလို့ရတာကို အကုန်လှူမှာပါ” လို့ ပြောပါတယ်။ ပွဲမှာတော့ ကာတွန်းပုံတွေကို အသင်းရဲ့ပေ့ဂျ်မှာတင်ပြီး အွန်လိုင်းကနေပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ရေးဆွဲတဲ့ ကာတွန်းဆရာတွေအနေနဲ့ ကိုယ့်ရဲ့ ကာတွန်းပုံကို ကိုယ်တိုင်ဈေးနှုန်း သတ်မှတ်ပေးထားရမှာဖြစ်ပြီး ရောင်းရငွေအားလုံးကိုလည်း လှူဒါန်းဖို့ သဘောတူညီပြီး ဖြစ်ရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။ အသင်းဝင် ကာတွန်းဆရာပေါင်း ၄၀၀ လောက်ရှိပြီး ဒီပွဲအတွက်တော့ အသင်းဝင်ရယ်လို့ မဆိုလိုပဲ စိတ်ဝင်စားတဲ့ ကာတွန်းဆရာတွေပေးပို့နိုင်တယ်လို့လည်း ကာတွန်းဝင်းအောင်က ပြောပါတယ်။  
1 day Ago

ကိုဗစ်ကာကွယ်ဆေးအလှူ Social Media ပန်းချီပြပွဲ Yadana Art Studio ဖေ့စ်ဘွတ်ခ်က ပြုလုပ် (ဓာတ်ပုံ)

ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ၇၀ ရာခိုင်နှုန်းလှူမယ့် အွန်လိုင်းပြပွဲမှာ မြန်မာ ပန်းချီပညာရှင် ၂၅ ဦးရဲ့ လက်ရာတွေကို Yadana Art Studio ပန်းချီပြခန်း  ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ပြသသွားမှာပါ။ ဒီပြပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကနေ ၃၁ ရက်တိုင်အောင် ၉ ရက်တိတိ Yadana Art Studio ပန်းချီပြခန်း ဖေ့စ်ဘုတ်ပေ့ချ်ကနေ ပြသနေတာပါ။  ဆရာမ စန်းလတ်၊ ခင်ယွန်းစံနဲ့ စန်းစန်းသွယ် (မန္တလေး) တို့အပါအဝင် ပန်းချီဆရာမ ၇ ဦး၊ ဆရာ မြတ်ထွန်းအောင်၊ ရိုးယာမောင်၊ မင်းသားကြီး၊ ညွန့်နိုင်လှ (ခရမ်း) ပန်းချီကိုဌေးတို့ အပါအဝင် ပန်းချီဆရာ ၁၈ ဦး၊ စုစုပေါင်း ၂၅ ဦးတို့ရဲ့ လက်ရာပေါင်း ကား ၆၀ ကို ပြသထားပြီး ပန်းချီ ၁ ကားကို ၆၀,၀၀၀ ကျပ် ကနေ ၂ သိန်းအထိ ဈေးနှုန်း သတ်မှတ်ထားပါတယ်။  ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုဗစ် ကာကွယ်ဆေးအလှူအဖြစ် လှူသွားမယ်လို့ ပြပွဲစီစဉ်သူ ပန်းချီကိုဌေးက ပြောပါတယ်။
1 day Ago

ဆောင်းပါး၊ မေးမြန်းခန်း၊ အယ်ဒီတာအာဘော်

ရုပ်သံသတင်း

COVID-19

ကိုဗစ်-၁၉  လူနာသစ် ၄၇၆ ဦး၊  သေဆုံးသူ ၁၇ ဦးထပ်တိုး  

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာသစ် ၄၇၆ ယောက်နဲ့ သေဆုံးသူ ၁၇ ယောက် ထပ်တိုးလာတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၁၇ ယောက်အနက် ၁၅ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီမှ ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈,၇၀၆ ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ လူနာသစ် ၄၇၆ ယောက် ထပ်မံတွေ့ရှိခဲ့တာပါ။ လူနာသစ်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန် ကြေညာတာ မရှိသေးပါဘူး။ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဒီနေ့ ဆေးရုံမှ ဆင်းခွင့်ရသူ  အယောက် ၄၃၄ ရှိပြီး ပြည်သူ့ဆေးရုံတွေက ၂၉၇ ယောက်နဲ့ ရန်ကုန် ကိုဗစ်-၁၉ ကုသရေးဌာနတွေက ၁၃၇ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာတွေက အတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအနက် ရောဂါပိုးမတွေ့သူ ၃၃၀ ယောက်ကို နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၃၇,၅၇၄  ယောက်၊ သေဆုံးသူ ၃,၀၆၂ ယောက် ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၂၁,၅၅၈ ယောက်  ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၉ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၂ ဒသမ ၁ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၇၁ ဒသမ ၄ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ပုံစာ- ဝေဘာဂီအထူးကုဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါကုသရေးဌာန အထူးကြပ်မတ်ကုသဆောင်(ICU)
1 day Ago

ကိုဗစ်ကာကွယ်ဆေး ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်နေ့ စထိုးပေးမည်

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေကို အခုလာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးပေးတော့မယ်လို့ သိရပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး ပထမအသုတ်မှာ ပါဝင်တဲ့  ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးသွားမယ်လို့ ဗဟိုကူးစက်ရောဂါဌာနခွဲရဲ့ တာဝန်ရှိသူကပြောပါတယ်။ လက်ရှိမှာတော့ ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးမှာ တပြိုင်တည်းထိုပေးမှာလား ဒါမှမဟုတ် ရောဂါဖြစ်ပွားမှုများနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ စထိုးပေးမလားဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကိုတော့   ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေကို ပထမဦးစားပေးထိုးနှံသွားမှာဖြစ်ပါတယ်။  နိုင်ငံ့တာဝန်တွေကို အရေးကြီး လုပ်ဆောင်နေတဲ့  ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဒုတိယဦးစားပေး အုပ်စုအဖြစ် ထိုးနှံပေးသွားမှာဖြစ်ပြီး တတိယအုပ်စုအနေနဲ့ကတော့ ရောဂါကူးစက်နိုင်တဲ့သူတွေကို ထိုးပေးဖို့ သတ်မှတ်ထားပါတယ်။ ဗဟိုအဆင့်မှာတော့ ကာကွယ်ဆေးထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ သင်တန်းပို့ချပေးနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ဇန်နဝါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ သင်တန်းပို့ချသွားမယ်လို့ ဒေါက်တာခင်ခင်ကြီးက  ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေးအာနိသင် သက်ရောက်ဖို့အတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက် အကြာမှာ ဒုတိယအကြိမ် ထိုးရမှာဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံက ပေးပို့တဲ့ ကိုဗစ် ကာကွယ်ဆေး ၁ သန်းခွဲဟာ လူဦးရေ ၇ သိန်းခွဲကို ထိုးနှံနိုင်မှာလည်းဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေးရောက်ရှိလာမယ်ဆိုရင်လည်း အရေးကြီးအုပ်စုအလိုက်ခွဲခြားပြီး ထိုးပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။  ရန်ကုန်မြို့က မြို့နယ်တချို့မှာ ကာကွယ်ဆေးထိုးဖို့အတွက် စာရင်းကောက်ခံတာတွေ လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။   
1 day Ago

၂၀၂၀ ရွေးကောက်ပွဲ

ဝမ်းတွင်းတွင် ရွေးကောက်ပွဲ တရားမျှတမှုရရေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်

မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲ တရားမျှတမှုရရေး ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ၃ ဦးကို ငြိမ်းစုစီဥပဒေအပါအဝင် ပုဒ်မ ၃ ခုနဲ့ ဇန်နဝါရီ ၁၇ရက်နေ့မှာ အမှုဖွင့်လိုက်တယ်လို့ ဝမ်းတွင်းမြို့မ ရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲအရာရှိတဦးက "ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်ထား ပါတယ်။ ငြိမ်းစုစီဥပဒေပုဒ်မရယ်၊ သဘာဝဘေးအန္တရာဟ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂ ခုရယ် ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတာပါ"လို့ ပြောပါတယ်။   ဇန်နဝါရီ ၁၇ ရက်နေ့လယ်က လူအင်အား ၂၇ ဦးနဲ့ ဝမ်းတွင်းမြို့ အမှတ် ၃ ရပ်ကွက် ပြည်သူ့အားကစားကွင်းကနေ စတင်စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပြီး အမှတ် ၂ ရပ်ကွက် မေခလာဟစ်တိုင်ကွင်းမှာ ဝန်းရံလူအင်အား ၃၀၀ ကျော်သွားတာကြောင့် ဦးဆောင်သူ တဲစုရွာနေ ဦးမောင်ဆင့်၊ တောင်ဆည်ရွာနေ ဦးသန်းဆွေ၊ ရွှဲသီးရွာနေ ဦးဇော်မင်းတို့ ၃ ဦးကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။ ငြိမ်းချမ်စွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်ကို  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ဖို့ အသိပေးခဲ့ပြီး တင်ပြထားတဲ့ အင်အားထက် ဝန်းရံသူတွေ လာရောက်ပူးပေါင်းပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဥပဒေနဲ့ အရေးယူခံရမည်ဆိုတာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဝန်ခံလက်မှတ်ရေးထိုးစေ ခဲ့တယ်လို့ သိရပါတယ်။   ဝမ်းတွင်းမြို့မရဲစခန်းမှာ ဦးမောင်ဆင့်အပါအဝင် ၃ ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြိမ်းစုစီဥပဒေပုဒ်မ ၂၀၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဒုဦးစီးမှူး သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) နဲ့ ဝမ်းတွင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။   တပ်မတော်ထောက်ခံပွဲနဲ့ ရွေးကောက်ပွဲ တရားမျှတမှုရရေး ဦးဆောင်ပြုလုပ်ခဲ့တဲ့ မိတ္ထီလာမြို့က ဦးခင်ကိုလတ်၊ ပျော်ဘွယ်မြို့က ဦးကိုကိုလွင်တို့ကိုလည်း အမှုဖွင့်အရေးယူ ထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း
1 week Ago

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန်တောင်းဆိုချက် ပယ်ချခံရ  

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့ မရှိတဲ့ အကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ဇန်နဝါရီ ၁၂ ရက်‌နေ့စွဲနဲ့ အကြောင်းပြန်ကြား လိုက်ပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကျင်းပပေးဖို့  ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက ပြည်ထောင်စုလွှတ်တော် နာယကထံ စုစည်းတင်ပြတောင်းဆိုထားတဲ့ အပေါ် လွှတ်တော်ရုံးက အကြောင်းပြန်လိုက်တာ ဖြစ်ပါတယ်။ အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ တင်ပြတောင်းဆိုတဲ့ အကြောင်းပြချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်တွေအရ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူရမယ့် ကိစ္စမဟုတ်တာ၊  ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ကို တိုင်ကြားကန့်ကွက်တာတွေကို ရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တာကြောင့် အထူးအစည်းအဝေးခေါ်ယူကျင်းပဖို့ မလိုအပ်ဖူးလို့ လွှတ်တော်ရုံးရဲ့ အကြောင်းပြန်စာမှာဖော်ပြထားပါတယ်။   လွှတ်တော် အထူးအစည်းအဝေးခေါ်ပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ် စားလှယ် ၃၆ ဦး၊ ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ဦးတို့က ပူးပေါင်း တောင်းဆိုထားတာဖြစ်ပါတယ်။  ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ကျန်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့၊ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးနိုင်ဖို့၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်အခြေခံမူတွေ မပျက်ယွင်းအောင် ပြည်ထောင်စုလွှတ်တော်က ထိန်းကျောင်း ဆောင်ရွက်နိုင်ရန်ဖို့စတာတွေကို  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၇ တို့နဲ့အညီ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။
2 weeks Ago

၁၇၉ မြို့နယ်က မဲစာရင်း ၅ ပုံ ၁ ပုံခန့် ထပ်နေ၊ မသမာမှုဖြစ်နိုင်ဟု တပ်မတော် ထုတ်ပြန်

မြို့နယ်ပေါင်း ၁၇၉ မြို့နယ်က မဲစာရင်းတွေကို စိစစ်ရာမှာ ၅ ပုံ ၁ ပုံလောက်က ထပ်နေတာ၊ မသမာမှုဖြစ်နိုင်တာကို တွေ့ရတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

တပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ်ပေါင်း ၂၀၀ ကျော်ရဲ့ မဲစာရင်းတွေကို တပ်မတော်က စိစစ်ထုတ်ပြန်နေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ ၁၃ ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

စုစုပေါင်း စိစစ်ထားတာမှာ ၁ ကြိမ်ထက်ပိုပြီး မဲပေးခွင့်ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းက ၁၆၀၄၄၁၆၊ မဲမသမာမှုဖြစ်နိုင်တဲ့စာရင်းက ၂,၃၅၀,၃၀၁ ဖြစ်တာကြောင့် စုစုပေါင်း ၃,၉၅၄,၇၁၇ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ ၁၇၉ မြို့နယ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲရလဒ်ထုတ်ပြန်ချက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်းက ၂၀,၅၅၇,၉၅၁ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်က စိစစ်နေတယ်ဆိုတဲ့ မဲစာရင်းတွေဟာ အပြီးသတ်မဲစာရင်းမဟုတ်ဘဲ ပြင်ဆင် ဖြည့်စွက်တာတွေ မလုပ်ခင်က စာရင်း ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောထားပြီး အွန်လိုင်းက မဲစာရင်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအပေါ်မှာ တပ်မတော်ကတော့ တချို့မြို့နယ်တွေမှာ နောက်ဆုံးမဲစာရင်းကို စိစစ်တာဖြစ်ပြီး တချို့မြို့နယ်တွေမှာတော့ နောက်ဆုံးမဲစာရင်းမဟုတ်ဘဲ  ဒုတိယအကြိမ် မဲစာရင်းတွေနဲ့ စိစစ်ခဲ့တာလို့ တုံ့ပြန် ထုတ်ပြန်ထားပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အထွေထွေ ရွေးကောက်ပွဲကြီးကို မကြာခင်က အောင်အောင်မြင်မြင်ကျင်းပနိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဇန်နဝါရီ  ၈ ရက်က ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်က နည်းပြအရာရှိကြီးတွေ၊ သင်တန်းသား အရာရှိကြီးတွေနဲ့ Video Conferencing နဲ့ တွေ့ဆုံပြောခဲ့တာဖြစ်ပြီး တပ်မတော်သားတွေ အနေနဲ့လည်း လွတ်လွတ်လပ်လပ် ဆန္ဒမဲတွေ ပေးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပမီကပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုတယ်လို့ အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာမှာ တရားမမျှတတဲ့ အခြေအနေတွေ၊ မရိုးသားတာတွေကို တွေ့လို့ ဝေဖန်ထောက်ပြနေရတာလို့ ဆိုပါတယ်။

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ ၁၃ ကြိမ်အထိ ထုတ်ပြန်ထားခဲ့ပြီးသား သူတို့ စစ်ဆေးထားတဲ့ စာရင်းတွေကို ဒီနေ့ နောက်တကြိမ် ပြန်ပြီး ထုတ်ပြန်နေပါတယ်။
2 weeks Ago

ရွေးကောက်ပွဲကုန်ကျစရိတ်မတင်သည့် ကိုယ်စားလှယ်လောင်းကို အမည်ပျက်စာရင်း ထုတ်မည်

၂၀၂၀ ရွေးကောက်ပွဲမှာ ကုန်ကျစရိတ် တင်သွင်းဖို့ ပျက်ကွက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းကို အမည်ပျက်စာရင်း တင်သွင်းသွားမယ်လို့ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ဒီနေ့ ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၅ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အပါအဝင် ၁၉၉ ယောက်ရှိပြီး ကိုယ်စားလှယ်လောင်း ၁ ယောက်ပဲ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တာပါ။

ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ပျက်ကွက်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဗမာတိုင်းရင်းသားလူမျိုးရေးရာ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ပြီး  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီကို တင်ပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမောင်မောင်နိုင်က “လွှတ်တော်ကိုယ်စားလှယ်လောင်း အားလုံးကို  အနိုင်ရတဲ့သူတွေရော အနိုင်မရတဲ့သူတွေရော ဖုန်းနဲ့ အကုန်လိုက်ဆက်တယ်။ မရ ရအောင်လိုက်ဆက်တယ်။ သူကျတော့ ဆက်လို့မရတော့ သူ့ပါတီက ပါတီဥက္ကဋ္ဌကို  အကြိမ်ကြိမ်ဆက်တယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်” လို့ ဆိုပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးစောမောင်ကြီးကတော့ ကုန်ကျစရိတ်မတင်တာ ခရီးလွန်နေလို့ဖြစ်တယ်လို့ ပြောပါတယ်။

“မြဝတီကို ခရီးလွန်သွားတာ ဟုတ်တယ်။ ရွေးကောက်ပွဲကုန်ကျစရိတ်ရှင်းတမ်း မတင်တာကတော့ တစုံတခုသော အကြောင်းတရားကတော့ သူတို့ဆီမှာပဲ ရှိမယ်။ ကျနော်တို့ ပါတီအနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် ဥပဒေအတိုင်းဖြစ်သင့်ပါတယ်”လို့ ဆိုပါတယ်။

အဲဒီ ကိုယ်စားလှယ်လောင်းကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းနိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်  ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲအတွင်း ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၅ ခုက  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။

ရဲမင်းခေါင်

2 weeks Ago
Up