A d v e r t i s e m e n t With Us

February 27, 2021

ဟားခါးတိုင်းမ် စီအီးအို အဖမ်းခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ဟားခါးတိုင်းမ်တည်ထောင်သူ ဦးပါပွီးလ် ဒီကနေ့မှာ သတင်းယူရင်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ 

ဒီနေ့မှာတော့ အနယ်နယ်အရပ်ရပ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲ၊ စစ်တပ်တို့က အကြမ်းဖက် ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာပါ။ 

သတင်းမီဒီယာက ပုဂ္ဂိုလ်တွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ၊ ဝန်ထမ်းတွေ အများအပြား ဖမ်းဆီးခံခဲ့ကြရပါတယ်။

အောင်ကိုလတ်

5 hours Ago

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအလိုမရှိသဖြင့် ဖားကန့်ပြည်သူများက ရပ်ကွက်ရုံးများကို ပိတ်ပစ်

အာဏာသိမ်း စစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းပေးမဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အယုံအကြည်မရှိတာကြောင့် ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးရုံးတွေကို ပြည်သူတွေက လိုက် ပိတ်နေပါတယ်။ 

ပြည်သူ့ဆန္ဒအရ ရွေးချယ်ထားသူတွေ မဟုတ်တာကြောင့် သူတို့ရဲ့ရပ်ကွက်ရုံးတွေကို အသုံးပြုခွင့်မပေးနိုင်တဲ့အတွက် အခုလို အသေပိတ်ထားရတာလို့  ပြည်သူတွေက ပြောပါတယ်။

“ကျမတို့ပြည်သူ့ဆန္ဒမပါဘဲ ရွေးချယ်ထားတဲ့လူတွေ အုပ်ချုပ်တာမခံနိုင်ဘူး၊ အသိအမှတ်လည်း မပြုနိုင်ဘူး၊ ရုံးတွေကိုလည်း အသုံးပြုခွင့်မပေးနိုင်ဘူး၊ ဒီရုံးတွေက ပြည်သူပိုင်ရုံးတွေ၊ ရပ်ကွက်ပိုင်ရုံးတွေ၊ ပြည့်သူ့ပိုက်ဆံနဲ့ ဆောက်ထားတဲ့ရုံးတွေ” လို့ မရှီကထောင်ရပ်ကွက်သားတဦးက ပြောပါတယ်။ 

ဖားကန့်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မရှီကထောင်ရပ်ကွက်၊ မော်ဝမ်းရပ်ကွက်ရုံးတွေကို ပြည်သူတွေက ချိတ်ပိတ်ခဲ့ပေမဲ့ မြို့မ၊ အေးမြသာယာ၊ ငှက်ပျောတော ရပ်ကွက်က အုပ်ချုပ်ရေးရုံးတွေကိုတော့ ပြည်သူတွေ ဆန္ဒပြတာ၊ သော့ခတ်ပိတ်တာတွေ မတွေ့ရပါဘူး။

ဆိပ်မူအုပ်စုအတွင်းမှာတော့  မမုံကျေးရွာအုပ်ချုပ်ရေးရုံး၊ စပေါ့ကျေးရွာအုပ်ချုပ်ရေးရုံး နဲ့ လုံးခင်းကျေးရွာအုပ်ချုပ်ရေးရုံးတွေကိုလည်း ပြည်သူတွေက ဆန္ဒပြကန့်ကွက်ပြီး ရုံးတွေကို ပြည်သူ့ဆန္ဒနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက အသစ်ဖွဲ့စည်းခန့်အပ်မဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက် ကန့်ကွက် ဆန္ဒဖော်ထုတ်ပြီး ရုံးတွေကိုလည်း အသုံးပြုလို့မရအောင် အခိုင်အမာ ပိတ်သွားမယ်လို့လည်း ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။

ဇော်မိုးထက် (ဖားကန့်)

7 hours Ago

မကွေးတွင် တတိယနှစ်ကျောင်းသားနှင့် မိသားစုဝင် ၂ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်

မကွေးမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မနက်ပိုင်းက မြန်မာစာ(တတိယ)နှစ်ကျောင်းသား ကိုမင်းချစ်သူနဲ့ မိသားစုဝင် ၂ ယောက်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူထားတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

မကွေးမြို့ သစ္စာလမ်းမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လူငါးယောက်ထက် ပိုမစုဝေးဖို့ လိုက်လံကြေညာပြီး အင်အားသုံးကာ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ကာ ကိုမင်းချစ်သူအပါဝင် ၁၀ ယောက်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

မြေလတ်ဂျာနယ်က အမျိုးသမီးသတင်းထောက်တစ်ယောက်၊ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းက ပရဟိတ အဖွဲ့ဝင် ၃ ယောက်နဲ့ ကျောင်းသားတချို့ကိုပြန်လွှတ်ပေးခဲ့ပြီး ကိုမင်းချစ်သူ၊ မိခင်ဖြစ်သူ ဒေါ်ခင်တင့်နဲ့ အဒေါ်ဖြစ်သူ ဒေါ်အေးငွေတို့ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး လာမယ့်တနင်္လာနေ့ တရားရုံးထုတ်မှာဖြစ်ပြီးတော့ မကွေးမြို့နယ်ရှေ့နေတွေက ကိုယ်စားလှယ်လွှဲစာရယူပြီး အခမဲ့ လိုက်ပါကူညီ အကျိုးဆောင်ပေးမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကိုလည်း နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ္မ ၅၀၅(ခ) နဲ့ အမှုဖွင့်ထားတာကြောင့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်နဲ့ ဦးမြင့်အောင်တို့က လိုက်ပါအကျိုးဆောင်ပေးနေပြီးတော့ လက်ရှိအချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

မင်းထီး

7 hours Ago

မြတောင်တိုက်ရှေ့ ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းရန်ကြိုးပမ်း

မန္တလေးမြို့ ၃၅ လမ်း မြတောင်းတိုက်ရှေ့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး တောင်းဆိုဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လာရောက် ဖြိုခွင်းဖို့ လုပ်ခဲ့ပါတယ်။

လာရောက်မဖြိုခွင်းခင်ကတည်းက ဆရာတော် သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေဟာ လူစုခွဲပြီးဖြစ်တဲ့အတွက် ဖမ်းဆီးခံရသူမရှိခဲ့ပါဘူး။

ဒီလို ဖမ်းဆီးခံရသူမရှိခဲ့ပေမယ့် မြတောင်ကျောင်းတိုက်နေ ဘုန်းကြီးကျောင်းသား တစ်ဦးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လေးခွနဲ့ ထုတာကြောင့် နဖူးကွဲသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဆုပ်ခွါသွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ သူတွေကို လေးခွနဲ့ ထုတာကို တွေ့ရှိရပါတယ်။

7 hours Ago

စစ်အာဏာရှင်ဆန့်ကျင်ရေး ရွှေကူမြို့တွင် ပထမဆုံး ရေပေါ်သပိတ်ဆင်နွှဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကဧ ရာဝတီမြစ်ကြောင်းတလျှောက် မော်တော်တွေနဲ့လှည့်ပြီး ပထမဆုံးရေးပေါ်သပိတ်ပြုလုပ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်ခဲ့သူတစ်ဦးက  "ကျနော်တို့ ပုံမှန်အတိုင်းဆိုရင်တော့ အမှတ် ၂ ရွှေမြင်တင်ကုန်းကို စုရပ်အနေနဲ့ထားပြီး မြို့ပေါ်မှာလှည့်ပြီး ဆန္ဒဖော်ထုတ်နေကြတာပါ။ ဒီနေ့တော့ ထွေအုပ်နဲ့ရဲတွေက ကား နဲ့လှည့်ပြီး ခွင့်ပြုမိန့်မရဘဲ လူစုလူဝေး လုပ်တာတွေ အကုန်ဖမ်းမယ်ဆိုပြီး ကြေညာနေတော့ သူတို့နဲ့ထိပ်တိုက်တွေ့တာတွေဖြစ်လာရင် ကလေးတွေ အထိနာတာမျိုးတွေ မဖြစ်စေချင်လို့ အခုလိုရေပေါ်သပိတ်ကို စုပေါင်းတိုင်ပင်ပြီး လုပ်ဖြစ်တာပါ။ တစ်ဦးတစ်ယောက်တည်းက ဦးဆောင်တာမျိုးတော့ အစကတည်းက မရှိခဲ့ဘူး။ အားလုံးစုပေါင်းတိုင်ပင်ပြီး လုပ်ပြတာလေ။ မော်တော်ပိုင်ရှင်တွေကလည်း အခမဲ့ကူညီပါဝင်ကြတော့ အားလုံးအဆင်​​ပြေပါတယ်” လို့ ပြောပါတယ်။

ရေပေါ်သပိတ်ပြုလုပ်နေတာကို မြို့နယ်ရဲတပ်ဖွဲ့က မြို့နယ်မှူး ဦးဆောင်တဲ့အဖွဲ့က မော်တော်နဲ့လိုက်ပြီး တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးမှာမဟုတ်ကြောင်း ကတိပေးပြီး မိမိတို့အိမ်ကို အေးအေးဆေးဆေးပြန်ကြဖို့ လာပြောသွားတာတယ်လို့ သိရပါတယ်။

ရေပေါ်သပိတ်စစ်ကြောင်း ရပ်နားချိန်မှာတော့ ပြည်သူတွေက သိပိတ်စစ်ကြောင်းကို ဝန်းရံကြိုဆိုခဲ့ကြပြီး အိမ်အရောက်ပြန်နိုင်အောင် ဝိုင်းဝန်းကူညီခဲ့ကြတယ်လို့သိရပါတယ်။

ကျော်ဇေယျ(ရွှေကူ)

7 hours Ago

မအူပင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီး

မအူပင်မြို့က အာဏာသိမ်း စစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးတာကြောင့် ရပ်ကွက်လမ်းကြိုလမ်းကြားများထဲ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆိုတားဆီးတာကြောင့် ရှောင်ကွင်းဆန္ဒပြခဲ့ကြပါတယ်။

မအူပင်မြို့ခံတဦးက “ပုံမှန်ဆို မအူပင်မြို့ ကမ်းနားလမ်း တိုးရွှေဝါခန်းမ အရှေ့မှာလူစုပြီး စတင်ချီတတ်တာ နေ့တိုင်းလိုပေါ့။ အခုတော့ မနက်မိုးလင်းတည်းက ရဲတပ်ဖွဲ့အင်အား အတော်များများတွေ့နေရပြီး ဆန္ဒဖော်ထုတ်တဲ့ စစ်ကြောင်းတွေကလည်း ရဲရှိတဲ့နေရာကမထွက်ဘဲ ဘယ်လိုဘယ်လိုလမ်းပေါ်ရောက်လာလည်း မသိရဘူး” လို့ ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို နွေဦးတော်လှန်ရေး ကျောင်းသားသမဂ္ဂစစ်ကြောင်းက ဦးဆောင်ပြီး အင်ဂျင်နီယာစစ်ကြောင်း၊ တောင်သူလယ်သမားတွေနဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ မအူပင်မြို့ အထင်ကရ လမ်းမကြီးပေါ်တွေမှာ လုံခြုံရေးအင်အားအများအပြားချကာ ပိတ်ဆို့မှုတွေ ပြုလုပ်နေတာကြောင့် ရပ်ကွက်ထဲက လမ်းကြိုလမ်းကြားတွေမှာ လှည့်လည်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

8 hours Ago

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲထားသည့် တောင်ကုတ် စည်ပင်ဥက္ကဋ္ဌအပါအဝင် ၄ ဦးကို စွဲချက်တင် အမိန့်ချ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံနေရတဲ့ စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်နဲ့ ဥက္ကဌဟောင်း ဦးစန်းငွေ အပါအဝင် ၄ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၂(က)နဲ့ စွဲချက်တင်အမိန့်ချမှတ်လိုက်တယ်လို့ တရားလွှတ်တော်ရှေ့နေဒေါ်သင်္ဂီမောင်က ပြောပါတယ်။

“ဒီနေ့ သူတို့ကို စွဲထားတဲ့ပုဒ်မ-၅၂(က)နဲ့ စွဲချက်တင်ဖြေရှင်းဖို့အတွက် တရားရုံးက အမိန့်ချလိုက်တယ်။ အဲဒါကြောင်မို့လို့ နောက် ၁ ပတ် ၃ ရက်နေ့ကို ရုံးချိန်းထားတာပေါ့နော်။ သူတို့ ၄ ယောက်ထဲမှာ ၂ ယောက်ကို အရင်စစ်မှာပေါ့။ နောက်အပတ်တွေကျတော့မှ ကိုယ့်ဘက်က သက်သေတွေ စစ်မယ်၊ စစ်ပြီးတော့မှ အပြီးသတ်အမိန့်ချမှာပေါ့။ ရုံးချိန်းကတော့ အကြိမ် ၂၀ လောက်တော့ရှိတော့မယ်၊ သူတို့က ၂၀၂၁၊ ၅ လပိုင်း ဆိုရင် ၁ နှစ်ပြည့်ပါပြီ” လို့ ပြောပါတယ်။

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီက ဒုဥက္ကဋ္ဌ ဦးဝေသောင်းနဲ့ လူမှုရေးတွေမှာ တက်ကြွစွာပါဝင်လုပ်ကိုင်နေတဲ့ ဦးစည်သူကျော်ဇံတို ၄ ဦးကို စစ်တွေမြို့ အထူးသတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက  တောင်ကုတ်မြို့မရဲစခန်းမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၀(က)၊၅၂(က) တို့နဲ့ တရားလိုပြု အမှုဖွင့်လှစ်ခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစတင်ပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်တော်တို့ တိုက်ပဲဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သံသယနဲ့ ဖမ်းဆီးကာ တရားစွဲခံထားရသူ ၂၀၂၀ ပြည့်နှစ် သြဂုတ်လထိ ၂၇၆ ဦး ရှိတယ်လို့ သဇင်ဥပဒေအထောက်အကူပြုရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

နောင်နောင်

8 hours Ago

လွိုင်ကော်လူထု ချီတက်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့တားဆီး

စစ်အာဏာရှင်ဆန့်ကျင်ရေး လွိုင်ကော်မြို့က ဒီနေ့ လူထုချီတက်ဆန္ဒပြရာ လမ်းကြောင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံပိတ်ပင်မှုတွေ ရှိခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ဝင် ၅၀ အင်အားအပြင် လူစုဖြိုခွဲဖို့ ရေကားတွေနဲ့ပါ တားဆီးမှုတွေ ရှိခဲ့ပေမယ့် ထိပ်တိုက်ရင်ဆိုင်တဲ့အခြေအနေ မဖြစ်အောင် သပိတ်စစ်ကြောင်းကို ပြည်သူတွေက ကားကြီး ကားငယ်တွေနဲ့ လမ်းထိပ်တွေမှာ ကာရံပေးထားသလို ဆန္ဒပြပြည်သူဘက်က ဖွဲ့စည်းထားတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ကာရံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

ဆန္ဒပြလူငယ်ခေါင်းဆောင် တဦးဖြစ်တဲ့ ခူးရီးဒူက “အခု လက်ရှိ လွိုင်ကော်မှာ ကျနော်တို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ လမ်းကြောင်းကို ပုံမှန်နဲ့ ငြိမ်းချမ်းစွာ သွားနေတယ်။ သို့သော် ရဲဘက်ကတော့ ကျနော်တို့သွားမယ့်လမ်းကြောင်းကို လိုက်ပြီးတော့မှ ပိတ်ဆို့နေတဲ့ အနေအထားမှာ ရှိနေတယ်။ လက်ရှိ ရဲအင်အားအရ ဆိုလို့ရှိရင်တော့ ၄၀ လောက်ရှိပါတယ်။ ပြီးတော့မှ ရေပွိုင့်ကား ၂ စီးနဲ့ ကျနော်တို့ ထည့်ထားတဲ့ အနေအထားမှာ ရှိတယ်။ လက်ရှိ ညှိနှိုင်းမှုအရ ကျနော်တို့လမ်းကြောင်းကို ဆက်သွားပြီးတော့မှ ရှောင်လွှဲသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့တွေ ပိတ်ထားတဲ့လမ်းမှာ မြေထိုးစက်နဲ့ ကာရံပေးထားတာနဲ့ပတ်သက်လို့  သပိတ်ကော်မတီဝင်တဦးက “တကယ်လို့ ရဲတွေ ရောက်လာတယ်၊ တပ်တွေ ရောက်လာတယ်ဆိုရင် သူတို့ ချက်ချင်း လာလို့မရအောင် တဆင့်ခံထားတဲ့ သဘောပါပဲ။ ကျမတို့ ပြည်သူလူထုကနေ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေ မထိခိုက်ဖို့အတွက်ပါပဲ” လို့ ပြောပါတယ်။

ဆန္ဒပြလူထုတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ထိတွေ့မှုမရှိအောင်လည်း လူထုသပိတ်ကော်မီတီနဲ့ ရဲတပ်ဖွဲ့အကြား ဆွေးနွေးပြောဆိုခဲ့ပြီးနောက် ပြည်သူတွေက တခြားလမ်းကြောင်းကနေ  သူတို့ရဲ့ဆုံရပ်ဖြစ်တဲ့ နောင်ယားကန်ကို ငြိမ်းချမ်းစွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်။

နော်နိုရင်း

8 hours Ago

ဖမ်းဆီးခံကျောင်းသူကို ချက်ချင်းလွှတ်ပေးရန် NMDC ကျောင်းသားသမဂ္ဂ တောင်းဆို

ရန်ကုန်မြို့၊ တာမွေအိုးရှင်းရှေ့ ရဲတပ်ဖွဲ့ရဲ့လူစုခွဲရာကနေ ဖေဖော်ဝါရီ ၂၇ ရက် မနက်က မတရားဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားစီမံခံ့ခွဲမှုပညာဒီဂရီကောလိပ် (NMDC) က သတင်းအတတ်ပညာ၊ တတိယနှစ်ကျောင်းသူ မရွှေရည်ပွင့်ဦးကို ချက်ချင်းလွှတ်ပေးဖို့ ကျောင်းသားသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံကျောင်းသူဟာ ဆန္ဒပြရာမှာ ပါဝင်ခြင်းမရှိဘဲ တာမွေအိုးရှင်းဘေး အောင်ချမ်းသာ အိမ်ရာကိုလာရင်း လူစုကွဲပြီး မနက် ၁၀ နာရီခွဲလောက်က အဖမ်းခံခဲ့ရတာလို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာ အဆက်အသွယ်မရရှိသေးပါဘူး။

 ဖမ်းဆီးခံကျောင်းသူရဲ့ မိဘတွေ၊ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား/သူတွေက တာမွေရဲစခန်းရှေ့မှာ ဝန်းရံခဲ့ပေမယ့် တစ်စုံတစ်ရာမထူးခြားလို့ လူစုခွဲခဲ့ပါတယ်။

လက်ရှိမှာ သမဂ္ဂအနေနဲ့ ရှေ့နေတစ်ယောက်နဲ့ ချိတ်ဆက်ထားပြီး အခြေအနေကို စောင့်ကြည့်နေဆဲပဲရှိတယ်လို့ သိရပါတယ်။

လွင်မိုးအောင် 

8 hours Ago

မြိတ်မြို့တွင် ရဲနှင့်စစ်တပ်ပေါင်းပြီး ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲ

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဒီနေ့မနက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ် ပူးပေါင်းပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ တောင်းဆိုချီတက်နေတဲ့ ပြည်သူတွေကို ရဲကားနဲ့ စစ်ကားတွေ ရောက်လာပြီး လူစုလူဝေးဖြိုခွင်းမှု အဆင့်ဆင့်တိုင်း ဆောင်ရွက်တာမျိုး မရှိခဲ့ဘဲ အကြမ်းဖက်ဝင်ရောက် ရိုက်နှက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် လူစုကွဲသွားပြီးတဲ့နောက် နေအိမ်တွေထဲကနေ အားပေးနေသူတွေကိုပါ ဝင်ရောက် ရိုက်နှက်မှုတွေရှိခဲ့သလို လမ်းသွားလမ်းလာ တချို့ကိုလည်း ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားမှုတွေ ရှိခဲ့ပါတယ်။

အခုလို အကြမ်းဖက်နှိမ်နှင်းမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သပိတ်စစ်ကြောင်းကို ဖြိုခွင်းတဲ့ ရည်ရွယ်ချက်မျိုး မဟုတ်တော့ပဲ လမ်းသွားလမ်းလာတွေအားလုံးကိုပါ ရိုက်နှက်ဖမ်းဆီးတဲ့အတွက် မြိတ်မြို့ပြည်သူတွေအနေနဲ့လည်း စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် သပိတ်စစ်ကြောင်း စတင်ထွက်ခွာတဲ့ မြိတ်မြို့ ရေကန်ဘောင်အနီးမှာ ရပ်နားထားခဲ့တဲ့ ဆိုင်ကယ်တွေအားလုံးကိုလည်း စစ်ကားတွေနဲ့ လာရောက် ယူဆောင်သွားကြပါတယ်။ 

ဒီနေ့ ဖြိုခွင်းခံရတဲ့ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေနဲ့ အားပေးဝန်းရံသူတွေ ဘေးနားက ရပ်ကြည့်နေသူအချို့ ဖမ်းဆီးခံခဲ့ရတာရှိပြီး အရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ကာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အောင်ကျော်

8 hours Ago

ဗန်းမော်မြို့ ဆန္ဒပြ သပိတ်စုရပ်နေရာတွင် လုံခြုံရေအင်အားအလုံးအရင်းဖြင့် တားဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၀ နာရီကစပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် လူထုစုရပ်နေရာမှာ ပြည်သူ့ရဲကား ၂ စီး၊ အချုပ်ကား ၁ စီး၊ စစ်ကား ၄ စီး၊ ရေကား ၁ စီး ရောက်လာကာ တားဆီးပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်များက ပြည်သူများကို ညှိနှိုင်းမှုတွေ ပြုလုပ်ရာ ၅၀ မိနစ် အချိန်ပေးတာကြောင့် လူထုက ထိုင်သပိတ် ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင် အလိုမရှိ၊ မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဆန့်ကျင်ကြလို့ ကြွေးကြော်ကြပြီး မနက် ၁၁ နာခွဲလောက်မှာ လူစုခွဲခဲ့ကြပါတယ်။

ဇော်လင်းအောင်(ဗန်းမော်)

8 hours Ago

မြန်အောင်မြို့က ဆန္ဒပြသူများကို ရဲက လိုက်လံဖမ်းဆီးနေ

ဧရာဝတီတိုင်း မြန်အောင်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က  အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေကတော့ ရဲတွေနဲ့ ထိပ်တိုက်တွေ့တာတွေကို ရှောင်ရှားခဲ့ကြပြီး ဒီနေ့ နေ့လယ်ပိုင်းအထိ ဖမ်းဆီးမိတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

မြန်အောင်မြို့နယ်မှာ ည ၈ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရနဲ့ လူ ၅ ဦး ၅ ထက်ပို မစုဝေးရအမိန့် ထုတ်ပြန်ထားပြီး ပြည်သူတွေကို အသံချဲ့စက်နဲ့ လိုက်လံအသိပေး ကြေညာနေပါတယ်။

9 hours Ago

UEC နှင့် တွေ့ဆုံပွဲတက်ခဲ့သည့် ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌကို ပါတီက ထုတ်ပယ်

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နဲ့တွေ့ဆုံပွဲကို တက်ခဲ့တာကြောင့် ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌကို ပါတီကနေ ထုတ်ပယ်လိုက်ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးအေးမင်းဟာ မနေ့က လုပ်တဲ့ စစ်ကောင်စီ UEC နဲ့ ပါတီတွေ တွေ့ဆုံပွဲကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီနဲ့ အသိပေး ဆွေးနွေး သဘောတူညီမှုမယူဘဲ တယောက်တည်း ဆန္ဒအလျောက် တက်ရောက်ခဲ့တာကို စိစစ်သိရတယ်လို့ ပါတီက မနေ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် သူဟာ ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွေချိုးဖောက်ခဲ့ပြီး နိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုကို လျစ်လျူရှုတာ၊ ပြည်သူလူထုတရပ်လုံးရဲ့ သဘောထားဆန္ဒကို သွေဖည်တာ စတာတွေကြောင့် တာဝန်ကရပ်ဆိုင်းပြီး ပါတီကလည်း ထုတ်ပယ်လိုက်ပါတယ်။

ဦးအေးမင်းဟာ ပါတီရဲ့ ခိုင်ခိုင်မြဲမြဲစွဲကိုင်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေကို လျစ်လျူရှု မစောင့်ထိန်းခဲ့ဘဲ သူ့လုပ်ရပ်ကြောင့် ပါတီဂုဏ်သိက္ခာလည်း ကျခဲ့ရတယ်လို့ ဆိုပါတယ်။

မနေ့ကလုပ်တဲ့ စစ်ကောင်စီ UEC နဲ့ ပါတီတွေ တွေ့ဆုံပွဲကို ၅၃ ပါတီတက်ရောက်ခဲ့ပြီး ၃၈ ပါတီကတော့ မရောက်ခဲ့ပါဘူး။

9 hours Ago

ညောင်လေးပင် CDM စည်ပင်ဝန်ထမ်းများကို လစာဖြတ်တောက်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်က CDM လုပ်နေတဲ့ စည်ပင်ဝန်ထမ်းတွေကို ဖေဖော်ဝါရီလအတွက် လစာအပြည့်မပေးပဲ ၇ ရက်စာပဲ ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်း​ပြီး​နောက် ဖေဖော်ဝါရီ ၈ ရက်နေ့ကစ​ပြီး ညောင်လေးပင်မြို့နယ် စည်ပင်သာယာ​ရေးဌာက ဝန်ထမ်း ၁၄ ဦးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတာပါ။

CDM ဝန်ထမ်း ၁၄ ဦးဟာ အမြဲတမ်းဝန်ထမ်းဖြစ်နေတာကြောင့် နေ့စားပုတ်ပြတ်ပေးသလို လစာကို ဖြတ်တောက်ပေးတာဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီတာကြောင့် မကျေနပ်ဘူးလို့ CDM စည်ပင်ဝန်ထမ်းတစ်ဦးက ​​ပြောပါတယ်။

CDM လုပ်ခဲ့စဥ်ထဲက လစာကို မထုတ်ယူဖို့ ဆုံး​ဖြတ်ထား​ကြတာ​ဖြစ်ပြီး CDM လုပ်နေကြတာကလည်း အလုပ်က ထွက်တာမဟုတ်တာကြောင့် ပြည်သူလူထုထောက်ခံထားတဲ့ ​ပြည်သူအစိုးရစစ်စစ် ​ပြန်တက်လာမှသာ ရုံးပြန်တက်သွားမယ်လို့ ဆိုပါတယ်။

အာဏာဖီဆန်ရေး CDM လုပ်ရှားမှုမှာပါတဲ့ ဝန်ထမ်းတစ်ဦးက “ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီ CDM လုပ်တယ်၊ အဲ့အတွက်ကြောင့် ၇ ရက်စာပဲ ပေးတာ လို့ပြောတယ်။ ကျနော်တို့က အစကတည်းက ယူဖို့လည်း အစီအစဥ်မရှိဘူး၊ လစာအပြည့်ပေးလည်း မယူဘူး၊ ခုဟာက လုပ်ထုံးလုပ်နည်းနဲ့မညီလို့ ပြောနေရတာ” လို့ ပြောပါတယ်။

ညောင်လေးပင်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်မှုတွေဟာ အရှိန်အဟုန်မြင့်လာနေပြီ CDM လုပ်ထားတဲ့ ဝန်ထမ်း ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ - နေလင်းထိုက်

9 hours Ago

တောင်ကြီး ဟိုတယ် ၄ ခုတွင် မိုင်းထောင်ထားကြောင်း ဖုန်းဆက်လာသဖြင့် ရဲနှင့်တပ်က ရှာဖွေ

ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ရှိ ဟိုတယ် ၄ ခုမှာ မိုင်းထောင်ထားကြောင်း ဒီနေ့မနက်ပိုင်းက ဖုန်းနံပါတ်တူ ဆက်သွယ်အကြောင်းကြားလာတာကြောင့် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တောင်ကြီးမြို့ရှိ UCT ဟိုတယ်၊ Hotel Grace၊ ချယ်ရီကွင်း ဟိုတယ်နဲ့ ရတနာနန်းတော်ဟိုတယ်တွေကို ၀၉၉၅၁၉၂၂၄၄၃ ဖုန်းနံပါတ် တစ်လုံးတည်းနဲ့ ဆက်သွယ်အကြောင်းကြားလာခဲ့တာလို့ UCT Taunggyi ဟိုတယ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

UCT ဟိုတယ်မှာ လာရောက်ရှာဖွေရာမှာ နှစ်ရက်လောက်ရှိပြီဖြစ်တဲ့ ပြင်ပမှ ဧည့်သည်အတွက် ပေးပို့ထားတဲ့ ပါဆယ်ပုံးတစ်ပုံးကိုသာ တွေ့ရှိခဲ့ပြီး ရိုးရာ လက်ဖက်ခြောက်နဲ့ ဒေသထွက်လက်ဆောင် ပစ္စည်းတွေသာ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျန်ဟိုတယ်တွေကိုလည်း ရှာဖွေမှု ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

9 hours Ago

ဝိုင်းမော်ဆန္ဒပြပွဲ ဖြိုခွင်းခံရ၊ ဆန္ဒပြသူ နှစ်ဦးကိုဖမ်းဆီးပြီး မြစ်ကြီးနားထောင် ပို့ဆောင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ ဒီနေ့မနက်အစောပိုင်း စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ရာမှာ ရဲ၊ စစ်သားများရဲ့ ဖြိုခွင်းမှုခံရပြီးနောက် မူအုပ်ဆရာမကြီးတစ်ဦး အပါအ၀င် အမျိုးသမီး နှစ်ဦးဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

သက်ဆိုင်ရာတွေက ဒုတိယအကြိမ် သတိပေးပြီးနောက် လူအုပ်စုခွဲပြန်နေချိန်မှာ အဖမ်းခံရတာဖြစ်ပြီး ငြီမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့ ရှေ့နေများက အဆိုပါ ဖမ်းဆီးခံဆရာမတို့ လွတ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးပေမယ့် ပြည်နယ်စီမံအုပ်ချုပ်ရေးက ဖွဲ့ထားတဲ့ ညိနှိုင်းဖျန်ဖြေရေးအဖွဲ့ မဟုတ်တာကြောင့် လက်မခံဘဲ မြစ်ကြီးနားထောင် ပို့လိုက်တယ်လို့ ‌ဝိုင်းမော်ဒေသခံ ရှေ့နေ ဦးဂဲနက်စ်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဇုန်းကျန်း

9 hours Ago

ဘားအံနာရီစင်အနီး ဆန္ဒပြသူများ မစုဝေးစေရန် လုံ​ခြုံရေးအင်အားသုံး လမ်းပိတ်ဆို့

ကရင်ပြည်နယ်၊  ဘားအံမြို့မှာ စစ်အာဏာရှင်စနစ် ဆန်ကျင့်တဲ့ သပိတ်စစ်ကြောင်းစုရပ် ဖြစ်တဲ့ နာရီစင်အနီး လမ်းဆုံတွေမှာ လူစုလူဝေး မပြုလုပ်နိုင်အောင် လုံခြုံရေးအင်အားသုံးပြီး လမ်းပိတ်ဆို့ထားတဲ့အတွက် ဆန္ဒပြပွဲပျက်ခဲ့ရပါတယ်။

နာရီစင်အနီးမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သား အင်အား ၁၀၀ လောက် လုံခြုံရေးယူထားပြီး ဗိုလ်ချုပ်လမ်း၊ သစ္စာလမ်း၊ ဘုရားလမ်း၊ မင်းတန်းလမ်း၊ မဲဘောင်ကျောင်းလမ်းတွေမှာ ဆန္ဒပြသူတွေ လူစုလူဝေးမဖြစ်အောင် လမ်းဆုံနေရာတွေမှာ ယာဥ်တွေကို ကန့်လန့်ခံပိတ်ဆို့ နေရာယူထားတာပါ။

G-Z ဆန္ဒပြလူငယ်တစ်ဦးက “သူတို့က အဓမ္မဘက်က လူတွေဖြစ်တဲ့အတွက် နည်းမျိုးစုံ ယုတ်မာမှာ။ ဒါကြောင့် ထိပ်တိုက်တွေ့စရာ မလိုဘူး။ လက်နက်အားကိုးတဲ့သူတွေကို ရှုတ်ချသွားမယ်။ ကျနော်တို့က ငြိမ်းချမ်းတဲ့ လက်နက်နဲ့ တိုက်ခိုက်မယ်” လို့ ပြောပါတယ်။

လုံ​ခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့ထားတဲ့လမ်းတွေဟာ အများပြည်သူ အဓိကသွားလာတဲ့လမ်းတွေ ဖြစ်သလို မြို့မစျေးကြီးအနီး ဖြစ်တဲ့အတွက် စျေးသွားစျေးလာတဲ့ ယာဥ်တွေဟာ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ရသလို့ မြို့ဝင်ဂိတ်တွေမှာ ဝင်ရောက်လာသူတွေကိုလည်း ဆေးစစ်မေးမြန်းတာတွေ ရှိပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က အင်အားသိန်းချီတဲ့ သပိတ်စစ်ကြောင်းနောက်ကနေ  လုံခြုံရေးယာဥ်တန်းက လူစုခွဲဖို့ လိုက်လံသတိပေး နှိုးဆော်တာတွေ ရှိခဲ့ပေမယ့် သပိတ်စစ်ကြောင်းဟာ ပြီးဆုံးတဲ့အထိ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ရဲမင်းခေါင်

9 hours Ago

ကုလသမဂ္ဂတွင်လက်သုံးချောင်းထောင်ပြီး ပြည်သူဘက်ကရပ်တည်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မေးမြန်းချက်

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်အစိုးရကို ဘယ်နည်းနဲ့မှလက်မခံဖို့နဲ့ စစ်အာဏာသိမ်းမှုအဆုံးသတ်ရေး အပြင်းထန်ဆုံးအရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂအထွေထွေညီလာခံ အလွတ်သဘော ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က  နယူး ယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မြန်မာပြည်သူတွေက ရွေးချယ်ထားတဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့  အရပ်သားအစိုးရကို ကိုယ်စားပြုပြီး ပြောဆိုသွားတာပါ။ 

သူ့ရဲ့မိန့်ခွန်းအဆုံးမှာ  ပြည်သူသာ အဓိက အရေးတော်ပုံ အောင်ရမည်ဆိုပြီး လက်သုံးချောင်းထောင်ကာ  မြန်မာပြည်တွင်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ မြန်မာပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသသွားပါတယ်။ 

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒီဗွီဘီသတင်းထောက် အောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - “မနေ့ကတုန်းက Informal အစည်းအဝေး ကျနော်တို့ နားထောင်လိုက်ရတယ်။ သံအမတ်ကြီးအနေနဲ့ မြန်မာပြည်သူတွေဘက်က အခုလိုမျိုး ရပ်တည်ပြီး ပြောရတဲ့ အကြောင်းရင်းလေးတွေ ပြန်ပြောပြလို့ရမလား။”

ဖြေ - “ကျနော်လည်း ပြည်သူထဲက ပြည်သူတယောက်ပါပဲ။ တောက်လျှောက် ၁၉၉၃ ကတည်းက နိုင်ငံခြားရေးရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ တဆင့်တဆင့် တက်လာပြီးတော့ ဒီရာထူး ရောက်ခဲ့တာပေါ့။ ပထမဆုံး မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ၂၀၁၈ ဇူလိုင်မှာ စပြီးတော့ ဂျီနီဗာမှာ စတာဝန်ထမ်းဆောင်ပါတယ်။ အဲဒီကနေ နယူးယောက်ကို ၂၀၂၀ အောက်တိုဘာမှာ ရောက်လာတယ်။ ၂၀၁၆ နောက်ပိုင်းမှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားနေတယ်။ တစတစလည်း တိုးတက်လာတာတွေ၊ တစတစလည်း လူ့အခြေခံအခွင့်အရေးတွေနဲ့ပတ်သက်ပြီး တိုးတက်လာတာတွေ လူတိုင်းမှာ ရှိလာတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တဲ့အချိန်မှာ စစ်အာဏာသိမ်းမှု ဖြစ်တယ်။ ကျနော့်မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ ကျနော်တို့အနေနဲ့ အရင်လိုမျိုး တနေ့တနေ့ ကြောက်စိတ်တွေနဲ့ နေနေရမယ့် အနေအထားမျိုး ဘယ်သူမှ ပြန်မနေချင်ကြဘူး။ ကျနော်အပါအဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတွေအားလုံးပေါ့။ ဒါကြောင့်မို့ ဒီအခြေအနေမှာ လွန်ခဲ့တဲ့ ၂၀၁၁ အရှေ့ပိုင်းကို ဘယ်သူမှ ပြန်မသွားချင်ကြဘူးဆိုတာ လူတိုင်းမှာ ခံစားချက်ရှိပါတယ်။ အဲဒီလိုအနေအထားကနေ ၁ ရက် နောက်ပိုင်းမှာ ဆန္ဒပြမှုတွေ ရှိလာတယ်။ ဖြိုခွင်းတာတွေ ရှိလာတယ်။ ဒီလိုအခြေအနေမှာတော့ ကျနော် ပြည်သူပြည်သားထဲက တယောက်အနေနဲ့ ပြည်သူတွေရဲ့အသံကို ပြည်ပမှာလည်း နိုင်ငံတကာက သိစေချင်တယ်။ အဲဒီလိုမျိုး အခြေအနေလည်း ပေးလာတဲ့အတွက် ၂၆ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ မိန့်ခွန်းလေးတခု ပြောပြီး ပြည်သူတွေရဲ့ ဆန္ဒကို အသိပေးနိုင်ခဲ့တယ်။”

မေး - “အခုလို ပြောဆိုမှုကြောင့် သက်ရောက်လာမယ့် အကျိုးဆက်တွေ ဘယ်လိုရှိလာနိုင်မလဲ။”

ဖြေ - “ပြန်ခေါ်တာတို့၊ အလုပ်က အနားပေးတာတို့ ရှိလာမှာပေါ့။ အဲဒါတွေလည်း စဉ်းစားပြီးတော့ ကျနော့်မိန့်ခွန်းထဲမှာ ပါတဲ့ အခုလုပ်နေတဲ့ အရေးတော်ပုံ အောင်မြင်ရေးအတွက် ကျရာကဏ္ဍကနေ  ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ ကျနော် ဆုံးဖြတ်ထားပါတယ်။”

မေး - “မနေ့ကတုန်းက သံအမတ်ကြီးရဲ့ မိန့်ခွန်း ပြောကြားပြီးသွားတဲ့အခါမှာ မြန်မာပြည်သူလူထုက စိတ်အားထက်သန်မှုတွေ အများကြီး ရလာခဲ့တာ ကျနော်တို့ ကြားရတယ်။ မြန်မာပြည်သူအတွက် ဒီမိန့်ခွန်းရဲ့သက်ရောက်မှု ဘယ်လောက်ရှိ အကျိုးသက်ရောက်မှု ရှိလာနိုင်မလဲခင်ဗျ။”

ဖြေ - “ကျနော့်ရဲ့ အဓိကရည်ရွယ်ချက်က ပြည်သူထဲက ပြည်သူတယောက်ဖြစ်တဲ့အတွက် အခုလိုမျိုး မြန်မာနိုင်ငံမှာ လမ်းတွေမှာပေါ်မှာ ဆန္ဒပြနေတဲ့သူတွေကိုလည်း ကျနော် အရမ်းကျေးဇူးတင်တယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ သူတို့ ဒီလိုပြနေတဲ့အချိန်မှာ ပြည်ပမှာ ရောက်နေတဲ့ သံတမန်တယောက်အနေနဲ့ ဒီလိုမျိုးမျက်နှာစာမှာ နိုင်ငံအများအပြား တက်နေတဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေရဲ့အသံကို ကျနော့်အနေနဲ့ ပြောခွင့်ရတာကိုလည်း ကျေးဇူးတင်ပါတယ်။ ပြောရတဲ့အတွက်ကြောင့်လည်း အတိုင်းအတာတခုအထိ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ သိရှိသွားတယ်။ အဲဒီအတွက်လည်း နိုင်ငံမှာရှိတဲ့ သွေးချင်းညီအစ်ကိုတွေ စိတ်အားတက်စရာ တထောင့်တနေရာက လုပ်ပေးလိုက်နိုင်တဲ့အတွက် ကျနော် ဝမ်းသာပါတယ်။”

မေး - “ကျနော် အခု မြေနီကုန်း သပိတ်စစ်ကြောင်းအနီးအနားဝန်းကျင်ကနေ သံအမတ်ကြီးကို ကျနော် ဆက်သွယ်နေတာပါ။ ရဲတွေလိုက်လို့ ထွက်ပြေးလာလို့ ကျနော် ဖုန်းကျသွားတာခင်ဗျ။ ကျနော်တို့ အခု လက်ရှိအခြေအနေမှာ ဖမ်းဆီးမှုတွေ ခံနေရတဲ့အပေါ်မှာ သံအမတ်ကြီးအနေနဲ့ ဘယ်လိုမှတ်ချက်များ ပေးလို့ရလဲခင်ဗျ”

ဖြေ - “ကျနော်တို့ လူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေ ဒီခေတ်ကြီးမှာ ကျနော်တို့နိုင်ငံ သွားနေတဲ့ အနေအထားမှာပဲ ဒါတွေက မဖြစ်သင့်တော့တဲ့ အခြေအနေပါ။ ဒီလိုတွေ ကြုံရတဲ့အတွက် ပြည်သူပြည်သားတွေအတွက် စိတ်မကောင်းပါဘူး။ အဲဒါတွေမဖြစ်ဖို့အတွက် ကျနော်တို့ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ကျနော်တို့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ့် လမ်းကြောင်းကို အမြန်ပြန်ရောက်ဖို့နဲ့ ကျနော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ယူနီယံ အမြန်ဆုံး တည်ဆောက်နိုင်ဖို့အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ ကျနော် မေတ္တာရပ်ခံပါတယ်။”

မေး - “အခုလက်ရှိအစိုးရဆီက စစ်ခေါင်းဆောင်တချို့ရဲ့ အာဏာသိမ်းယူမှုအပေါ်မှာ တော်လှန်နေကြတဲ့ ကျနော်တို့ မြန်မာပြည်သူတွေရဲ့အပေါ်မှာ သံအမတ်ကြီးအနေနဲ့ ဘာများ မှတ်ချက်ပေးစရာ ရှိပါသလဲ”

ဖြေ - “‌အခု လူတွေ လမ်းမပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပြတဲ့အပေါ် အရမ်းလည်း ဂုဏ်ယူမိတယ်။ အရမ်းလည်း ကျေးဇူးတင်တယ်။ အားလုံး အသက်အန္တရာယ် စွန့်လွှတ်ပြီး ဆောင်ရွက်နေကြတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ ဇွဲသတ္တိကို အရမ်းချီးကျူးပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ် မဆုံးရှုံးဖို့အတွက် ထိခိုက်ဒဏ်ရာမရဖို့ အားလုံးစုပေါင်းပြီး ဉာဏ်အမြော်အမြင်နဲ့ ဆောင်ရွက်သွားဖို့။ ကျနော်တို့ အခု ဆောင်ရွက်နေတဲ့ အရေးတော်ပုံ အောင်မြင်ဖို့ ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်သွားကြဖို့။ ကျနော်တို့ အရမ်းကျေးဇူးတင် ဂုဏ်ယူနေတဲ့အကြောင်း အခွင့်သင့်တုန်း ကျနော် ပြောချင်ပါတယ်။”

မေး - “လက်ရှိစစ်ခေါင်းဆောင်တချို့အပေါ်ကို နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချမှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း၊ လက်ရှိ ပြည်သူက တင်မြှောက်ထားတဲ့ အာဏာရအစိုးရဆီကို အာဏာပြန်ရောက်ရေးက ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်လဲ။ မြန်မာပြည်သူတွေ မျှော်လင့်သလို ဖြစ်လာနိုင်တဲ့ အနေအထားမျိုး ရှိလားနိုင်လား။”

ဖြေ - “နိုင်ငံတွေကနေ စိတ်ပိုင်း၊ ကိုယ်ပိုင်း ကူညီမှုတွေ ရှိပါတယ်။ ကျနော်တို့တွေ စိတ်ပိုင်းဆိုင်ရာ အားတက်တွေရှိအောင် စစ်ခေါင်းဆောင်တွေကို ရှုတ်ချတာတွေ၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်တာတွေက ကျနော်တို့အတွက် အားဆေးတခွက်ပါ။ နောက်တဆင့် ကျနော်တို့ ပြန်လိုချင်တဲ့ နိုင်ငံတော်အာဏာ ပြည်သူ့ဆီ ပြန်ရောက်ဖို့အတွက် ဒါတွေက အားဆေးတွေပါ။ အဲဒီကနေ တဆင့် တဆင့် တက်ပြီးမှ ဒါကို အင်အားတခုအနေနဲ့ ကျနော်တို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ထပ်ပြောရရင် ကျနော်တို့အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အသက်အန္တရာယ် မရှိအောင် ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။”

မေး - “အခု စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုနဲ့ နိုင်ငံတကာမှာ ရှိနေတဲ့ သံရုံးတွေက ဝန်ထမ်းတွေရော စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာ သံအမတ်ကြီး ဘယ်လို ထင်မြင်ယူဆပါလဲ။ ဝန်ထမ်းတွေက CDM လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ဖို့ လုပ်နေပါတယ်။ အဲဒီအပေါ်မှာ သံအမတ်ကြီးအနေနဲ့ ဘယ်လိုပြောစရာရှိပါလဲ။”

ဖြေ - “CDM လုပ်နေတဲ့လူတွေကိုလည်း ကျနော် လေးစားပါတယ်။ သူတို့လည်း ခက်ခက်ခဲခဲ လုပ်နေရတဲ့ အပိုင်းတွေ ရှိတယ်ပေါ့။ အပြင်ဘက်က သံရုံးတွေအနေနဲ့ ပြည်ပမှာ ရောက်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို ဆားဗစ်ပေးရတာဖြစ်တဲ့အတွက်ကြောင့် တချို့နေရာတွေမှာ ကျနော်တို့ ဆားဗစ်ပေးလိုက်မှ အပြင်မှာရှိတဲ့ မြန်မာနိုင်ငံသားတယောက်အနေနဲ့သူ လုပ်လို့ရနိုင်မယ့်အနေအထားတွေ ရှိတယ်။ ဥပမာ- ပတ်စပို့ သက်တမ်းကုန်တဲ့သူတယောက်က ကျနော်တို့ သံရုံးကနေ ပတ်စပို့ မတိုးပေးလိုက်နိုင်ရင် သူက ဒီမှာနေထိုင်ခွင့်ဗီဇာသက်တမ်းတိုးဖို့ အခက်အခဲ ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုးတွေမှာ ကျနော်တို့ လုပ်ပေးနိုင်တာတွေ လုပ်ပေးလိုက်ခြင်းအားဖြင့် ပြည်ပမှာ အခက်အခဲမျိုးစုံနဲ့ နေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အခက်အခဲကနေ ကျော်လွှားနိုင်မှာပါ။ အဲဒီလိုမျိုးတွေ အပိုင်းအခြားလေးတွေ ကျနော်တို့ လုပ်သွားနိုင်ရင် ကောင်းပါတယ်။ ဒါကြောင့် CDM လုပ်တဲ့သူတွေ ကျနော် အရမ်းချီးကျူးတယ်။ လေးစားတယ်။ ကျေးဇူးလည်းတင်တယ်။ ဒါမှလည်း ကျနော်တို့က ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မယ့်အနေအထား ရှိတာပါ။”

မေး - “အခုလက်ရှိ ပြည်သူ့ထံကို အာဏာအပ်နှင်းထားတဲ့ အစိုးရ ပြန်ရောက်ဖို့အတွက် မြန်မာပြည်မှာ ရှိနေတဲ့ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေကို တွန်းလှန်ရာမှာ အဓိကလက်နက်က ဘယ်လက်နက်ဖြစ်မယ်လို့ သံအမတ်ကြီး ယုံကြည်ပါလဲ။”

ဖြေ - “စည်းလုံးညီညွတ်မှုနဲ့ ဇွဲလုံ့လရှိရှိ သွားဖို့ပါပဲ။ အဲဒီတချိန်တည်းမှာ နိုင်ငံတကာရဲ့ လိုအပ်တဲ့ ပံ့ပိုးမှုတွေနဲ့အတူ သွားနိုင်တယ်ဆိုရင် အချိန်တခုရောက်ရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ရောက်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

မေး - “နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ အနိုင်ရထားပြီးတော့ ကိုယ်စားလှယ်တွေ ဖွဲ့စည်းထားတဲ့ CRPH ကို သံအမတ်ကြီးအနေနဲ့ ထောက်ခံတယ်လို့ ပြောတယ်ပေါ့။ အခုလက်ရှိ CRPH ရဲ့ တုံ့ပြန်မှုနဲ့ ပြည်သူတွေအနေနဲ့ CRPH ကို ဘယ်လောက်အထိ ယုံကြည်သင့်သလဲဆိုတဲ့ မှတ်ချက်စကားလေး ပြောပေးပါ။”

ဖြေ - “အခုအချိန်မှာတော့ ပြည်သူက ရွေးကောက်ထားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ CRPH ကိုတော့ ကျနော်တို့ အပြည့်အဝ ထောက်ခံဖို့လိုပါတယ်။ အဲဒီလို အပြည့်အဝ ထောက်ခံမှလည်း CRPH အနေနဲ့ ဆက်လုပ်သွားဖို့ရှိတာတွေ လုပ်သွားနိုင်မယ်။ ပြည်တွင်းအင်အား၊ ပြည်ပအင်အားတွေနဲ့ ပေါင်းစပ်ပြီးတော့ ပြည်သူတွေအတွက် လုပ်ပေးနိုင်တာတွေကို လုပ်ပေးဖို့အတွက် ကျနော်တို့ CRPH ကို ဝန်းရံပေးဖို့ လိုပါတယ်။ အဲဒါကြောင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တသံတည်း ထွက်ပြီးတော့ CRPH ကို ကျနော်တို့ ထောက်ခံ ဝန်းရံပေးမယ်ဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ တစတစနဲ့ ပိုနီးလာမှာပါ။”

မေး - “နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရားဝင်အစိုးရဆီက အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အသိအမှတ်ပြုတဲ့ ပြောဆိုမှုတွေ ရှိပါသလား။”

ဖြေ - “အခု ကျနော် ထိတွေ့တဲ့အပိုင်းမှာတော့ မကြားမိသေးပါဘူး။”

မေး - “တရားဝင်အစိုးရအဖြစ် လက်ရှိ အသိအမှတ်ပြုထားဆဲကတော့ ပြည်သူက တင်မြှောက်ထားတဲ့ တရားဝင်အစိုးရပဲလား။”

ဖြေ - “အခုအနေအထား ကြည့်ရင်တော့ ပြည်သူက ရွေးကောက်ထားတဲ့ ရွေးကောက်ခံကိုယ်စားလှယ်အနေနဲ့ ကျနော် ရောက်လာတယ်။ အဲဒီကိုယ်စားလှယ်အနေနဲ့ပဲ ကျနော် ဆက်ရှိနေတယ်ဆိုတာ ပြောခွင့်ပဲ ကျနော် ရပါတယ်။ အတိုင်းအတာတခုအထိတော့ လူတွေအနေနဲ့ အန်အယ်လ်ဒီအစိုးရကိုပဲ တော်တော်များများက ရွေး‌ကောက်ခံအစိုးရကို အာဏာပြန်ပေးဖို့၊ ဖမ်းဆီးထားတဲ့လူတွေ ပြန်လွှတ်ဖို့ဆိုတာ တောက်လျှောက် တောင်းဆိုနေတာပါ။”

မေး - “လက်ရှိ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ကိုင်မှုတွေက အာဏာမစွန့်ဘဲနဲ့ နိုင်ငံတော်သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးထားမှုကို ဆက်လက်ပြီး လုပ်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်လာမလဲ။”

ဖြေ - “ကျနော်တို့ ဟိုအရင်ဘဝမျိုး ပြန်ရောက်သွားမှာ စိတ်ပူပါတယ်ခင်ဗျ။ အားလုံးလည်း အမြော်အမြင်ကြီးကြီးနဲ့ ရှေ့ရေး၊ ပြည်သူတွေရဲ့ ငယ်ရွယ်တဲ့မျိုးဆက်တွေရဲ့ အနာဂတ်၊ အဲဒါတွေကို မျှော်ကိုးပြီး အရင်လို အခြေအနေမျိုး မရောက်အောင် အားလုံး ဝိုင်းဝန်းပြီး ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့ အနာဂတ်မပျောက်ဖို့အတွက် မတရားထိန်းသိမ်းထားတဲ့ လူတွေကို လွှတ်ဖို့၊ ရွေးကောက်ခံအစိုးရကို အာဏာပြန်အပ်ဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ဒီမိုကရေစီလမ်းကို ဆက်လျှောက်လှမ်းသွားနိုင်မှပဲ ကျနော်တို့နိုင်ငံ အနာဂတ်အတွက် မျှော်လင့်ချက်ရှိမှာပါ။ ဒါကြောင့် အမြန်ဆုံး ကျော်လွှားသွားနိုင်ဖို့ ဆုတောင်းနေပါတယ်။”

မေး - “ကျနော် မေးတဲ့ မေးခွန်းတွေထဲမှာ မေးသင့်ပြီး ကျန်ခဲ့တဲ့ မေးခွန်းတွေ၊ သံအမတ်ကြီးအနေနဲ့ အရေးကြီးပြီး ပြောသင့်တယ်ဆိုတဲ့ စကားလုံးတွေရှိတယ်ဆိုရင် ပြောပေးပါဦး။”

ဖြေ - “ညီအစ်ကို မောင်နှမ သွေးချင်းသားချင်းတွေ အကုန်လုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲဆောင်ရွက်နေတာကိုလည်း ကျေးဇူးတင်တယ်။ ဆက်လက်ဆောင်ရွက်သွားဖို့ ကျနော် မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

မေး - “တကယ်လို့များ စစ်ကောင်စီဘက်က သံအမတ်ကြီးကို မြန်မာပြည် ပြန်လာခဲ့ဖို့ ခေါ်ခဲ့သော် သံအမတ်ကြီးအနေနဲ့ ပြန်လာဖို့ရှိပါသလား။ ဒီကို ပြန်ရောက်လာရင် နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ရှိပါသလား။”

ဖြေ - “ဒါကတော့ အခု ဖြစ်လာမယ့်အနေအထားကို ကြည့်ပြီးတော့ ကျနော် ဆောင်ရွက်သွားဖို့ ရှိတော့ ဒီအခြေအနေမှာ ကျနော့်အနေနဲ့ ဖြေဖို့ခက်နေသေးတယ်။ တိုးတက်လာတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အနာဂတ်မှာ ကျနော် ဆုံးဖြတ်သွားဖို့ ရှိပါတယ်။”

10 hours Ago

လှည်းတန်းတွင် ကားပိတ်နေ၍ ရပ်ထားသည့် YBS ယာဥ်မောင်း ၂ ဦးကို ရဲက ဖမ်းဆီး

လှည်းတန်းမှာ ကားပိတ်လို့ ရပ်ထားတဲ့ YBS ယာဥ်မောင်းနှစ်ယောက်ကို လမ်းပိတ်အောင်လုပ်တယ်ဆိုပြီး ရဲက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

လှည်းတန်းလမ်းမ​ပေါ်မှာ မနက် ၉ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံးဖြိုခွင်းချိန် YBS ၃၈ နဲ့  ၆၀ ကားပေါ်က ယာဥ်မောင်းနှစ်ယောက်ကို လမ်းပိတ်ဆို့တယ်ဆိုကာ ရဲကလက်ထိတ်ခတ်ပြီး ဖမ်းခေါ်သွားတာလို့ မျက်မြင်တွေက ပြောပါတယ်။

ကားလေးတွေက ရှေ့မှာပိတ်နေလို့ ရပ်ထားတာဖြစ်ကြောင်း ယာဥ်ထိန်းရဲတချို့က လာရောက်ဖျန်ဖြေပေးခဲ့ပေမယ့် မရခဲ့ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကို အသလွတ်ပိတ်ပြီး ကာထားပေးတာဆိုပြီး ရဲအရာရှိကယောက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ကားရှေ့က သေနတ်နဲ့ချိန်ပြီး တံခါးဖွင့်ခိုင်းတာမရလို့ ခရီးသည်အပေါက်ကနေ ဝင်ပြီးဖမ်းခေါ်သွားကြောင်း မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

လှည်းတန်းလမ်းပေါ် ဒီမနက်ကစပြီး ဆန္ဒပြသူတွေကို ရဲက အင်းအားသုံး ပစ်ခတ်ဖမ်းဆီးမှုအတွင်း သတင်းထောက် ၂ ယောက်အပါအဝင် လူ ၅ ယောက်နဲ့အထက် ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

10 hours Ago

စစ်အာဏာရှင် ဆန့်ကျင်ရေး ကလေးမြို့ အထွေထွေသပိတ် မြင်ကွင်း

စစ်အာဏာရှင် ဆန့်ကျင်ရေး ကလေးမြို့ အထွေထွေသပိတ်ကို ရက် ၂၀ မြောက်အဖြစ် လမ်းလျှောက်သပိတ် အင်အား သောင်းကျော်နဲ့ ဆင်နွှဲခဲ့ကြပါတယ်။

မနက် ၉ နာရီမှာ မိုးဟိုတယ်ရှေ့ကနေ စတင်ထွက်ခွာပြီး ကလေးမြို့ မြို့နယ်ခန်းမရှေ့မှာ ထိုင်သပိတ်ဆင်နွှဲနေကြပါတယ်။

10 hours Ago

ယင်းမာပင်မြို့ ဆန္ဒပြသူ​များ ရဲအင်အားအလုံးအရင်းဖြင့် ပိတ်ဆို့တားဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့က အာဏာသိမ်းစစ်​​ကောင်စီ အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲသူတွေကို ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တားဆီးခဲ့တယ်လို့ သိရပါတယ်။

ရဲအင်အားအလုံးအရင်းနဲ့ တားဆီးခံရတာကြောင့် ဆန္ဒပြပြည်သူတွေကလည်း လူစုခွဲပြီး​ လုံခြုံ​ရေးတပ်ဖွဲ့​တွေကို ​ရှောင်ကွင်းကာ မြို့​တွင်းက လွတ်လပ်​ရေး​ကျောက်တိုင်ထိသွားပြီး ဆန္ဒထုတ်​ဖော်ခဲ့ကြတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ယင်းမာပင်မြို့မှာ ပြီးခဲ့တဲ့​နေ့​တွေ ဆန္ဒပြစဉ်က အတားအဆီးမရှိ ဆန္ဒထုတ်​ဖော်ခွင့် ရရှိခဲ့တာဖြစ်ပြီး ဒီက​နေ့  ၂၇ ရက်​နေ့မှာ တားဆီးပိတ်ဆို့ခံရတာဖြစ်ပါတယ်။

10 hours Ago

စစ်အာဏာရှင်ဆန့်ကျရေး ခန္တီးမြို့က ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီး

 စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက်  ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတဦးက “ကျနော်တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ခန္တီးမြို့တွင်း လှည့်လည်ဆန္ဒပြပြီး ခန္တီးမြို့ မြို့မဘုန်းကြီးကျောင်းရှေ့မှာ ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့ပါတယ်။  ငြိမ်းချမ်းစွာဆန္ဒထုတ်နေတာ ရဲတပ်ဖွဲ့ရောက်လာပြီး ဆန္ဒပြတဲ့လမ်းတွေ ပိတ်ထားခဲ့တယ်။ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ ဆန္ဒပြသူတွေညှိနိုင်းခဲ့ပြီး ဆန္ဒပြသူတွေ လူစုခွဲခဲ့ပါတယ်။” လို့ ပြောပါတယ်။

ခန္တီးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြည်သူတွေက နေ့စဉ်လိုလို ကျင်းပနေတာလည်း ဖြစ်ပါတယ်။

အောင်ဆန်းမြင့်

11 hours Ago

မန္တလေးတွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသူများကို စစ်တပ်နှင့်ရဲက လိုက်လံဖမ်းဆီးနေ

မန္တလေးမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက စတင်ပြီး အာဏာရှင်ပြုတ်ကျရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေပါတယ်။

၃၅ လမ်း ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်းရုံးအနီးမှာ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တဲ့အပြင် ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း ကရိန်းတွေနဲ့ တင်သွားတာကို တွေ့ရပါတယ်။

ဒါ့အပြင် မြတောင်ကျောင်းတိုက်ရှေ့မှာလည်း စစ်ကားတွေ၊ ရဲကားတွေနဲ့ ပိတ်ထားကြပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့က လူစုလူဝေးကို ခွဲကာ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြ အပါအဝင် ပါတီဝင်တချို့ကို ဖမ်းခေါ်သွားခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့ သတင်းမီဒီယာသမားတွေ ဓာတ်ပုံရိုက်သူတွေကို လေးခွနဲ့ ပစ်တာတွေလည်း ရှိပါတယ်။

11 hours Ago

မကွေးတွင် သတင်းထောက် ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက သစ္စာလမ်းပေါ်မှာ သတင်းရယူနေတဲ  အမျိုးသမီးသတင်းထောက်တစ်ဦး အပါအဝင် ဆန္ဒပြသူ ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့သူဟာ မကွေးအခြေစိုက် (မြေလတ်ဂျာနယ်) အမျိုးသမီးသတင်းထောက် ဇာဇာ(မကွေး) ဖြစ်ပြီး ဆန္ဒပြရမှာပါဝင်ခြင်းမရှိဘဲ သတင်းရယူနေတာဖြစ်လို့ မနက် ၁၀ နာရီကျော်လောက်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

မကွေးမြို့ သစ္စာလမ်းပေါ်မှာ လူစုလူဝေးမလုပ်ဖို့ ရဲတပ်ဖွဲ့က ကားနဲ့ လိုက်လံကြော်ငြာတာတွေ လုပ်ဆောင်ခဲ့ပြီး မျက်ရည်ယိုဗုံးတွေနဲ့ပစ်ဖောက်ကာ လူစုခွဲပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ဒါအပြင် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုအောင်မျိုးနိုင်အပါအဝင် ပရဟိတ အသင်းဝင် ၃ ယောက်ကိုလည်း ရဲတပ်ဖွဲက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

မကွေးမြို့ခံ ရှေ့နေများအဖွဲ့ကတော့ ဖမ်းဆီးထိမ်းသိမ်းခံထားရသူတွေနဲ့ ပတ်သက်လို့ လိုက်ပါကူညီနိုင်အောင် ဖြစ်စဥ်အခြေအနေတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

မင်းထီး

11 hours Ago

အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုရန် ကုလအထူးကိုယ်စားလှယ်ပြော

စစ်တပ်ဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာကြောင့် အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက ပြောလိုက်တာပါ။

 “တည်ဆဲဥပဒေယန္တရားတွေကို ကျင့်သုံးရမယ့်အစား စစ်တပ်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု တရားဝင်စေဖို့ မတူခြားနားတာတွေကို လိုသလို အသုံးချပြီး အကြောင်းပြခဲ့တယ်။ ကျမက “ကြိုးပမ်းမှု” လို့ ပြောရတဲ့အကြောင်းကတော့ အာဏာလွှဲယူမှုဟာ တည်ငြိမ်မှုမရှိတဲ့အပြင် လူထုက ပစ်ပစ်ခါခါ ပယ်ချနေပုံရှိပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီအာဏာသိမ်းအစိုးရအပေါ် တရားဝင်မှု မပေးဖို့ အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်။ ကျမက “အာဏာသိမ်းမှု” လို့ ပြောရတာကတော့ သူတို့ ဘယ်လိုပြောနေပါစေ အရေးအပေါ် အခြေအနေကြေညာပြီး စစ်တပ်က အာဏာလွှဲယူမှုဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အခြေခံဥပဒေနဲ့အညီ ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းခဲ့တယ်ဆိုတာလည်း သူက ပြောပါတယ်။

“ဒီလွှတ်တော်အမတ်တွေဟာ သူတို့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် သူတို့အတွက် ပါဝင်ဆွေးနွေးဖို့ စင်္ကြံတခုပေးဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

11 hours Ago

မန္တလေး မြတောင်ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း ဖြိုခွင်းခံရ

မန္တလေး မဟာအောင်မြေမြို့နယ် ၃၈ လမ်း ၈၆ လမ်း ငွေတောင်တိုက်မကြီးမှာ ဒီနေ့မနက်က စုရပ်လုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ မြတောင်ငြိမ်းချမ်းရေး စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ ဖြိုခွင်းခဲ့တာကြောင့် လူစုခွဲခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးသဘင်ပညာရှင်တွေ၊ မြန်မာ့မီးရထားဝန်ထမ်းပေါင်းစုံနဲ့ မဟာအောင်မြေကျောက်မျက်ရတနာ အချောထည်အကြမ်းထည်၊ ပန်ပုလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဝန်းရံပြည်သူတွေ ထောင်ချီကာ စစ်အာဏာရှင် ဆန်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။

မြတောင်ငြိမ်းချမ်းရေးစစ်ကြောင်းဟာ ချမ်းအေးသာစံမြို့နယ် ၈၈ လမ်း ၃၃ လမ်းမှာ စစ်ကားတွေ၊ ရဲကားတွေ၊ အင်အားအလုံးအရင်းနဲ့ ပတ်ပတ်လည်ဝိုင်းပြီး ပိတ်ဆို့ထားတဲ့အတွက် သပိတ်မှောက်ပြည်သူတွေ လူစုခွဲခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

စစ်အာဏာရှင်ကျဆုံးရေး၊ စစ်အာဏာရှင်အလိုမရှိ၊ အမေစုနဲ့သမ္မတကြီး လွှတ်ပေးရေး၊ ဖမ်းဆီးထားသူအားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး အရေးတော်ပုံအောင်ရမည် စတဲ့ကြွေးကျော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

12 hours Ago

ချမ်းအေးသာစံမြို့နယ်တွင် ပညာရေးဝန်ထမ်းအချို့ ဖိအားပေးခံနေရ

မန္တ‌လေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ အခြေခံပညာ ဆရာ ဆရာမတွေကို စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကျောင်းအုပ်တချို့က လစာထုတ်ရာမှာ ဖိအားပေးခဲ့တယ်လို့ ဆရာဆရာမတွေဆီက သိရပါတယ်။

ဆရာ ဆရာမတွေ အနေနဲ့ CDM လှုပ်ရှားမှုကို မလုပ်ဆောင်ကြဖို့၊ လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်တာမျိုးတွေ မရေးကြဖို့၊ ဖေ့စ်ဘွတ်ခ်အကောင့်တွေမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ profile တွေ မတင်ကြဖို့နဲ့ ဝန်ထမ်းစည်းမျဉ်းကို သိရှိကြောင်း လက်မှတ်ထိုးမှသာ လစာထုတ်ပေးဖို့ မြို့နယ်အတွင်းရှိ စစ်တပ်မိသားစုဝင်တွေရှိတဲ့ အထက်တန်းကျောင်းအုပ်ဆရာမကြီးတချို့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဝန်ခံကတိရေးထိုးရမယ့် စာရွက်တွေကို ဓာတ်ပုံမှတ်တမ်းရိုက်ကူးယူဖို့ လုပ်ဆောင်ကြတာကိုလည်း တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်ရှိ၊ အထက်တန်းကျောင်းတချို့က ကျောင်းအုပ်တွေနဲ့ ဆရာ ဆရာမတွေအကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့နောက်မှာတော့ လစာတွေ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဆရာ ဆရာမတွေ အနေနဲ့ ဝန်ထမ်းစည်းမျဉ်းကို လိုက်နာဖို့ ဝန်ခံကတိပြုစာမှာ လက်မှတ်ထိုးပေးလိုက်ရသူတချို့ရှိတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့က အခြေခံပညာ ဆရာ ဆရာမတွေအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံကြောင်း နေ့စဉ်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာလည်း ဖြစ်ပါတယ်။ 

ဆရာ ဆရာမတွေအနေနဲ့ မဲရုံတာဝန်ကို သမာသမတ်ကျကျ ထမ်းဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီအတွက် စစ်အာဏာရှင်စနစ်ကျဆုံးဖို့ကိုလည်း သစ္စာပြု တိုင်တည်တာတွေ လုပ်ဆောင်နေကြပါတယ်။

ထိန်ထိန်လင်း

12 hours Ago

ရွှေဘိုမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အင်အားရာချီ ထိုင်သပိတ်ပြုလုပ်

ရွှေဘို ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဦးဆောင်ပြီး အင်အားရာချီ ထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။

မနက် ၁၀ နာရီအချိန်ကစတင်ကာ မြို့တွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ သပိတ်စစ်​ကြောင်းတွေ စုပေါင်းပြီး ထိုင်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ရွှေဘိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းတွေ၊ မြန်မာ့မီးရထား၊ ရွှေဘိုပိုက်ကျော်ခြင်းညီကိုများ၊ ရေဆင်းစိုက်ပျိုးရေး၊ ဆေးကုမ္ပဏီများအဖွဲ့၊ ပဲကုန်သည်များအသင်းကုန်စည်ဒိုင်၊ ဘုန်းဘွဲ့ကျေးရွာ အုပ်စု သပိတ်စစ်ကြောင်းတွေ ပေးပေါင်းကာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး မြို့တွင်လည်းလမ်းမတော် တစ်လျှောက် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့တယ်။

ချိုသဲကြည်

12 hours Ago

ခင်ဦးမြို့က CDM ဝန်ထမ်း‌များကို ဆန်အပါအဝင်ရိက္ခာများ ပေးဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့က စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေကြတဲ့ CDM ဝန်ထမ်းတွေကို ဆန်နဲ့ကုန်ခြောက်တွေ တပတ်စာကြိုက်သလောက်ယူ ပေးဝေနေတယ်လို့ သိရပါတယ်။

လူငယ်ပရဟိတအဖွဲ့နဲ့အမေများနေ့လူငယ် တီးဝိုင်းအဖွဲ့တို့က ဦးဆောင်အလှူခံပြီး ပေးဝေနေကာ ဝန်ထမ်းတစ်ဦးရဲ့မိသားစု တပတ်စာကုန်သလောက် ဆန်ကို အဓိကထားပေးဝေတာဖြစ်ပြီး အခြား ဟင်းချိုမှုန့်၊ ခေါက်ဆွဲခြောက် စတဲ့ကုန်ခြောက်မျိုးစုံလည်း ပါဝင်ပါတယ်။

တပတ်တကြိမ်ပေးဝေသွားမှာဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြား ဌာနဆိုင်ရာ ဝန်ထမ်း စုစုပေါင်း ၈၅၀ ကျော်ကို ပေးဝေခဲ့တာလို့ သိရပါတယ်။

အောင်စံလင်း

12 hours Ago

မြေနီကုန်းနှင့် လှည်းတန်းတွင် ရဲက ပစ်ခတ်ဖမ်းဆီး​နေ

ရန်ကုန် ၊ မြေနီကုန်းလမ်းဆုံနဲ့ လှည်းတန်းလမ်းမတ​လျှောက်မှာ ဒီ​နေ့မနက်ကစ ဆန္ဒပြသူတွေကို ရဲကအင်းအားသုံးဖြိုခွင်းပြီး ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ 

ရန်ကုန်၊ လှည်းတန်းလမ်းမှာလည်း ​အသံဗုံး​ပစ်​ဖောက်တာ၊ ​သေနတ်ပစ်ခတ်တာ​တွေလည်း ရှိခဲ့ပြီး သတင်း​ထောက် ၂ ​ယောက် အဖမ်းခံခဲ့ရပါတယ်။ 

၁၁ နာရီ​လောက်မှာလည်း ​မြေနီကုန်းလမ်းဆုံအနီး Live လွှင့်နေတဲ့ သတင်း​ထောက်တစ်​ယောက်ကို ဖမ်းဆီးသွားပါ​သေးတယ်။ 

​မနက် ၁၁ နာရီ​ကျော်အထိ လှည်းတန်းလမ်းမ​ပေါ်မှာလည်း စစ်ကား​တွေရပ်ထားပြီး လမ်းသွယ်​တွေထိပ်မှာ ရဲ​တွေ​စောင့်​နေတုန်းပါ။ 

ရန်ကုန်မှာ ​ဖေ​ဖော်ဝါရီ ၂၆ ရက်​နေ့ကစလို့ ရဲ​တွေက ဆန္ဒပြသူ​တွေနဲ့ အရပ်သား​တွေအပြင် သတင်း​ထောက်​တွေကိုပါ ရိုက်နှက်ဖမ်းဆီးတာ​တွေ လုပ်လာနေတာပါ။

ညီငယ်

13 hours Ago

ရေးမြို့နယ် ဆန္ဒပြပွဲပြီးမှ ရဲအင်အားအလုံးအရင်းဖြင့် လာရောက်လူစုခွဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ၁၉ ရက်မြောက်အဖြစ် ဒီနေ့မနက် ၉ နာရီက စတင်ပြီးတော့ ရပ်ကွက်နဲ့ကျေးရွာတွေက ဒေသခံအင်အား ၃၀၀၀ နဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းအချို့ ပူးပေါင်းပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြ လှည့်လည်ပွဲအပြီးမှာတော့ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀လောက် ရောက်ရှိလာပြီး လူစုခွဲခဲ့ပါတယ်။

သတင်း-ဝင်းနိုင်သက်၊ ဓာတ်ပုံ-အံ့မှူးမဟာ

13 hours Ago

NLD လွှတ်​တော်အမတ် ​ဒေါ်ဝင်းမြမြနှင့် တိုင်းအလုပ်အမှု​ဆောင် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ဝင်ရောက်အရွေးခံပြီး အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဒေါ်ဝင်းမြမြကို ​ဖေ​ဖော်ဝါရီ ၂၇ ရက်​နေ့  မနက်ပိုင်းမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မန္တ​လေးမြို့၊ ၆၂ လမ်း​ပေါ်က ပါတီရုံး​ရှေ့မှာ​ ထိုင်​နေစဥ် မနက် ၁၀ နာရီ​ကျော်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်​တွေ လာ​ရောက်ပြီး ဒေါ်ဝင်းမြမြနဲ့အတူ တိုင်းအလုပ်အမှု​ဆောင် ဦး​အေးသိန်းကိုပါ  အမည်နဲ့တကွ လာ​ရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ထိန်ထိန်လင်း

13 hours Ago

ပခုက္ကူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ပစ်ခတ်ဖမ်းဆီး၊ ၁၅ ဦးခန့် ဖမ်းဆီးခံရ

ရက် ၂၀ မြောက် ပခုက္ကူမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြတဲ့ သပိတ် စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လူစုခွဲပြီး ၁၅ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်လာသူ တစ်ဦး၊ ကျောင်းဆရာ/ဆရာမတွေ အပါအဝင် ကြက်ခြေနီ အဖွဲ့ဝင်တွေလည်း ဖမ်းဆီးခံရပြီး အချုပ်ကားပေါ် ဆွဲတင်သွားတယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ရှိနေသူတဦးက “ခုချိန်ထိတော့ မှန်တဲ့သူတွေတော့ မရှိသေးဘူး။ တောက်လျှောက်ထောင်ဖောက်ပြီး လူတောထဲကို ကျော်ပစ်နေတယ်။ လူတော့မှန်တဲ့သူ မရှိသေးဘူး။ ဆွဲတဲ့သူတွေတော့ တော်တော်များသွားပြီ၊ ဆရာမတွေကတော့ တော်တော်များတယ် ဆယ်ဦးလောက်အထိပါသွားတယ်။ ပထမဆုံးအဆွဲခံရတာကတော့ တပ်ဦးက တစ်ယောက်ဆွဲသွားတာ။ ရဲရော စစ်တပ်ကော၊ အရင်ဆုံး သံပုံးတွေ ပစ်ဖောက်ပြီး တောက်လျောက်ဝင်ဆွဲတော့တာပဲ" လို့ ပြောပါတယ်။

စစ်တပ်နဲ့ ရဲပူးပေါင်းပိတ်ဆို့မှုတွေကို ပခုက္ကူမြို့ရဲ့ အာဇာနည်လမ်း၊ ဗိုလ်ချုပ်လမ်းမကြီး ထောင့်နေရာမှာ မနက်ခင်းကတည်းက ပိတ်ဆို့ စောင့်ကြည့်နေခဲ့ကြလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ရှိနေသူ ကိုချစ်မင်းလှိုင်က  "သီဟိုရ်ရှင် ဘုရားကြီးနားမှာတော့ ၆ ယောက်လောက်ပါသွားတယ်ခင်ဗျ။ ဆရာမတွေ စစ်ကြောင်းမှာတော့ ၇ ယောက် ၈ ယောက်လောက်တော့ ဆွဲတယ်" လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်မှုကို ပခုက္ကူမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ကာ နေ့စဉ် မနက် ၉ နာရီ ကစပြီး ပြည်သူတွေ ဆန္ဒဖော်ထုတ်နေကြတာလည်း ဖြစ်ပါတယ်။

ခင်ပြည့်စုံဝင်း

13 hours Ago

လှည်းတန်းတွင် တရက်တည်း အင်အားသုံးဖြိုခွင်း ဖမ်းဆီးခံရသူ ၂၀ ကျော်ရှိ

စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့က လှည်းတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားအများအပြားနဲ့ သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူတွေက ရှောင်တိမ်းလူစုခွဲခဲ့ကြပေမယ့်  တရက်တည်းမှာ ဖမ်းဆီးခံခဲ့ရသူ ၂၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်မှာ ဆန္ဒပြသူတွေကို သေနတ်ပစ်ဖော်ဖြိုခွင်းမှုတွေ နေရာအတော်များများမှာ ပြုလုပ်ခဲ့ပြီး ဆန္ဒပြရာသူတွေနဲ့ သတင်းသမားတွေလည်း  ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

MPA - Photo

13 hours Ago

Hledan Center နှင့် တံတားအောက် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီး

Hledan Center နဲ့ လူကူးတံတားအောက်က ဒီနေ့မနက် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ လိုက်လံရိုက်နှက် ဖမ်းဆီးနေပါတယ်။

အဲဒီနေရာတွေမှာ မနက်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတာဖြစ်ပြီး ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေတာပါ။ ရုပ်သံဖိုင်တခုမှာတော့ ဆန္ဒပြအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

ဒါ့အပြင် အမေရိကန်သံရုံး အပါအဝင် သံရုံးတွေရှိရာ လမ်းတစ်လျှောက်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်တည်ရှိတဲ့ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာလည်း လုံခြုံရေးတွေ အင်အားအလုံးအရင်း ချထားတယ်လို့ သိရပါတယ်။

13 hours Ago

စစ်ကိုင်းပြည်သူများ လှူထားသည့် ဆေးပစ္စည်းများကို ရဲနှင့်စစ်တပ်က ဝင်ရောက်သိမ်းဆည်း

စစ်ကိုင်း ခုတင် ၂၀၀ ဆေးရုံကို မြို့ခံပြည်သူတွေ လှူဒါန်းထားတဲ့ ဆေးပစ္စည်းတွေ သိမ်းဆည်းထားတဲ့အိမ်ကို ရဲနဲ့စစ်တပ်က ဝင်စီးပြီး ဆေးပစ္စည်းတွေ ယူဆောင်တာကို ဒေသခံတွေက ဝိုင်းဝန်းပိတ်ဆို့ ဟန့်တားခဲ့တယ်လို့  သိရပါတယ်။

စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်၊ နန်းတော်ရာရပ် တာရိုးကြီးလမ်းအနီးရှိ ဇာနည်ဆေးတိုက် နေအိမ်ကို ရဲနဲ့ စစ်တပ်ကနေ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁၀ နာရီလောက်က ဝင်စီးပြီး ဆေးပစ္စည်းတွေကို လာရောက်သိမ်းဆည်းခဲ့တာကြောင့် မြို့ခံပြည်သူတွေ သိရှိသွားပြီး ဟန့်တား ပိတ်ဆို့ခဲ့တာပါ။

မြို့ခံပြည်သူတွေက ဆေးပစ္စည်းတွေ တင်တဲ့ကားတွေကို ရပ်ကွက်ထဲက ထွက်မရအောင် မနက် ၁၀ နာရီကစတင်ပြီး နေ့လယ် ၂ နာရီအထိ လမ်းတွေကို သစ်ကိုင်းတွေနဲ့ ပိတ်ဆို့ကာ ဆန္ဒပြ ဟန့်တားခဲ့ကြပါတယ်။

“လူတွေတော့ အန္တရာယ်ဒုက္ခပေးတာ မရှိပါဘူး။ ဒေါ်ဖြူဖြူစစ်ကလည်း အိမ်မှာ မရှိတော့ ဖမ်းတာဆီးတာမရှိခဲ့ပါဘူး။ ရဲကား၊ စစ်ကား စုစုပေါင်း ၈ စီးလောက် ရှိမယ်ထင်တယ်။ ပါသွားတဲ့ပစ္စည်းတွေက အောက်စီဂျင်ဘူးတွေရယ် မက်စ်၊ ဟန်းဂျယ် PPE ဝတ်စုံတွေရယ်၊ နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူထားတဲ့ ဆေးပစ္စည်းတွေ ပါတယ်။ စုစုပေါင်း သေတ္တာ ၅၆ လုံးလောက်ရှိတယ်။ ကားနှစ်စီးတိုက်လောက် ရှိတယ်” လို့ အိမ်နီးနားချင်းဖြစ်သူ ဦးခင်မောင်စိုးက ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးနိုင်က “ကျနော်တို့က ဒီဆေးပစ္စည်းတွေကို ဆေးရုံပြန်ဖွင့်တဲ့အခါကျရင် ဆေးရုံကို လွှဲပြောင်းပေးသွားမှာပါ။ အခုကလည်း ရှာဖွေဝရမ်းနဲ့ ဥပဒေနဲ့အညီ လာရောက်သိမ်းဆည်းခဲ့တာပါ” လို့ ပြောပါတယ်။

ရဲနိုင်ဆွေ

14 hours Ago

ထားဝယ်ဆန္ဒပြစစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်း၊ ဆက်လက်ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။

ဒီနေ့မနက် ဆန္ဒပြဖို့ ဥတ္တတားကြီးမှာ လူစုဖို့ လုပ်ခဲ့ပေမယ့် ရဲအင်အား အလုံးအရင်းနဲ့ စောင့်ဆိုင်းနေတာကြောင့် ဗုမ္မော်ရပ်ကွက်မှာစုပြီး ကရပ်ပြင်ရပ်ကွက်ဘက် ချီတက်ဆန္ဒပြခဲ့ကြစဉ် ကရပ်ပြင်လမ်းဆုံအရောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာလို့ ဆိုပါတယ်။

“ရဲအင်အား ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့ စစ်ကြောင်း ကရင်ပြင်လမ်းဆုံ ရောက်တဲ့အချိန်မှာ သေနတ်ကျည်အစစ်နဲ့ မိုးပေါ်ထောင်ပစ်တာလည်း လုပ်တယ်၊ လူတွေကြားထဲတော့ ရာဘာကျည်တွေနဲ့ ပစ်တယ်။ ပြီးတော့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲတာ၊ လောလောဆယ် ထိခိုက်ဒဏ်ရာရသူတော့ မတွေ့ရသေးဘူး” လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။

လောလောဆယ်မှာတော့ စစ်ကြောင်းတွေကို ပြန်စုပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။

မနေ့ညကလည်း ရဲတပ်ဖွဲ့က ထားဝယ်မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ကာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး အများပြည်သူနဲ့ဆိုင်တဲ့လမ်းတွေမှာ လူ ၅ ယောက်ထက် ပိုမစုဖို့နဲ့ ပိုစုပါက အင်အားသုံးဖြိုခွင်းမယ်ဆိုပြီး အသံချဲ့စက်နဲ့ လိုက်လံသတိပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး နေ့စဉ် လူသိန်းချီဆန္ဒပြနေကြတာပါ။

ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တချို့ကို လိုက်လံဖမ်းဆီးတာတွေ ရှိပေမယ့် ဒီနေ့အထိ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းကာကွယ်ပေးကြလို့ ဖမ်းဆီးခံရတာမျိုး မရှိသေးဘူးလို့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တဦးက ပြောပါတယ်။

သတင်း - ကိုရန်နိုင်(ထားဝယ်)၊ ဓာတ်ပုံ-ထူးမြတ်လွင်

14 hours Ago

ပုသိမ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ အမျိုးသမီး ၁ ဦး ထပ်မံဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ အမျိုးသမီး ၁ ဦး ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ သမီးဖြစ်သူနဲ့အတူ စျေးဝယ်သွားပြီးပြန်လာချိန်မှာ ဆိုင်ကယ်ရှေ့က ကားပိတ်ရပ်ပြီး အမျိုးသား ၃ ဦးက အတင်းဆွဲခေါ်ကာ ကားပေါ်ကိုတွန်းတင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဖမ်းဆီးခံရသူရဲ့ သမီးဖြစ်သူက ပြောပါတယ်။ 

“ကားကို ဆိုင်ရှေ့က ပိတ်မောင်းပြီး ရပ်ခိုင်းလို့ ရပ်ပေးလိုက်မိတယ်၊ နောက်က အမျိုးသား ၂ ယောက်ရောက်လာပြီး အမေ့ကို ချိုင်းအောက်က မပြီးအတင်းဆွဲခေါ်သွားတာ၊ ဘာလုပ်တာလဲ မေးတော့ ပါးစပ်ပိတ်ထားလို့ ပြန်ပြောသွားတယ်။” 

ပုသိမ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ ၇ ဦးထိ ရှိလာပြီဖြစ်ပြီး မိဘဆွေမျိုးတွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ မြို့ခံနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မင်းထက်မုန်း(ပုသိမ်)

15 hours Ago

ပုသိမ်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ကလူစုခွဲခိုင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၁ ရက်မြောက်နေ့အဖြစ် ဒေသခံ ပြည်သူတွေနဲ့ ဆရာဆရာမတွေ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ပုသိမ်မြို့က ပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားတွေ  ပူးပေါင်းပြီး အမက ၂၄ ရှေ့မှာ စတင်လူစုချိန်မှာ ရဲတပ်ဖွဲ့ကလူစုခွဲဖို့ အမိန့်ပေးခဲ့ပေမယ့် ဆက်လက်ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြတဲ့ လူတွေကို ဒေသခံပြည်သူတွေက ထောက်ခံကြိုဆိုခဲ့ကြသလို ရေသန့်ဘူး၊ အအေးနဲ့ မုန့်တွေဝေကာ လက်ခုပ်တီးအားပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ပြုလုပ်လာခဲ့တာ ၂၁ ရက်မြောက်ရှိလာပြီဖြစ်ပြီး ဖမ်းဆီးခံရသူ ၇ ဦးထိရှိလာပြီလည်း ဖြစ်ပါတယ်။

မင်းထက်မုန်း

15 hours Ago

သာပေါင်းစက္ကူပျော့ဖက်စက်ရုံက CDM ဝန်ထမ်းများ လစာဖြတ်တောက်ခံရ

သာပေါင်းမြို့ စက္ကူပျော့ဖက်စက်ရုံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေ လစာအပြည့်မရ တာတွေ ရှိနေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

CDM ပါဝင်ခဲ့လို့ လစာအပြည့်မရရှိတဲ့ ဝန်ထမ်းတွေကတော့ သာပေါင်း စက္ကူပျော့ဖက်စက်ရုံဖြစ်တဲ့ တန် ၂၀ စက်ရုံနဲ့ တန် ၆၀ စက်ရုံက ဝန်ထမ်း ၃၂ ဦးရှိတယ်လို့ သိရပါတယ်။

"စက်ရုံမှူးက စစ်တပ်က ပြောင်းလာတဲ့လူပါ၊ ဖိအားပေးတာမျိုးတွေလည်း ရှိတယ်၊ လစာထုတ်တော့လည်း CDM စပါတဲ့နေ့က စပြီး လစာမရတော့ဘူး၊ ပျက်တဲ့နေတွေကို ခွင့်လို့ရေးထားပြီး နေ့နဲ့တွက်ပြီး အကုန်နုတ်ယူထားလိုက်တာ လောလောဆယ် ခက်အခဲတော့ နည်းနည်းရှိလာတာပေါ့'' လို့ သာပေါင်းစက္ကူပျော့ဖက်စက်ရုံက CDM ပါဝင်သူ ဝန်ထမ်း ၁ ဦးက DVB ကို ပြောပါတယ်။

သာပေါင်းစက္ကူပျော့ဖက်စက်ရုံက ဝန်ထမ်း ၃၂ ဦးဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ကာ CDM မှာပါဝင်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလ ၂၆ ရက် လစာထုတ်ချိန်မှာ ၆ ရက်စာသာ ရရှိတယ်လို့ ဆိုပါတယ်။

CDM ပါဝင်ခဲ့လို့ လစာဖြတ်တောက်ခံရတဲ့ ဝန်ထမ်းတွေအတွက် ထောက်ပံ့တာတွေ ပြုလုပ်ပေးဖို့ စေတနာရှင်တွေကို ချိတ်ဆက်ပြီး ပြင်ဆင်နေပြီလို့ CDM  ဝန်ထမ်းတွေကို ကူညီပေးနေတဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။

မင်းထက်မုန်း

15 hours Ago

ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၏ ပြောကြားချက်

သဘာပတိကြီးခင်ဗျား

ကျွန်တော့်အနေနဲ့ ကုလသမဂ္ဂအထူးသံတမန် မစ္စစ်ခရစ္စတင်း ရှရေးနားဘာဂီနားကို ရှင်းလင်းပြတ်သားတဲ့ သူ့ရဲ့ပြောဆိုချက်အတွက်ရော မြန်မာပြည်အပေါ် အစဉ်တစိုက် အားပေးကူညီတဲ့အတွက်ရော အထူး ကျေးဇူးတင်ကြောင်းပြောပါရစေ။

ကျွန်တော်အနေနဲ့ ဦးစွာပထမ အခိုင်အမာပြောကြားချင်တာကတော့ ကျွန်တော်ဟာ မြန်မာပြည်သူများက ရွေးကောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဦးဆောင်တဲ့ အစိုးရကို ကိုယ်စားပြုတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ( CRPH)ကို လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ မကြာခင်ကမှ ကျင်းပခဲ့တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အ ထွေထွေရွေးကောက်ပွဲမှာ မြန်မာပြည်သူများက ဒီမိုကရေစီစနစ်နဲ့အညီ ရွေးကောက်တင်မြှောက် ခဲ့သူများ ဖြစ်ပါတယ်။ သဘာပတိကြီးခင်ဗျား ဒီအချက်တွေကြောင့် ကျွန်တော့်အနေနဲ့ CRPH ရဲ့ ပါးလိုက်တဲ့ သတင်းစကားများကို ဒီညီလာခံကြီးမှာ ပြောကြားရတာကို အထူးဂုဏ်ယူမိပါတယ်။

သဘာပတိကြီးခင်ဗျား

မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်ဟာ အစပျိုးတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့ က ကျင်းပခဲ့တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေး ကောက်ပွဲကြီးဟာ ကျွန်တော်တို့သမိုင်းမှာ အလွန်အရေးပါတဲ့ မှတ်တိုင်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအထွေထွေရွေးကောက်ပွဲကြီးကို ပြည်သူတွေက ချမှတ်ပြဋ္ဌာန်းတာ  ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများဟာ ဒီရွေးကောက်ပွဲကြီး အတွင်းမှာ ဆန္ဒမဲများထည့်ပေးခဲ့ခြင်းနည်းနဲ့ ဒီမိုကရေစီစနစ်ကို သူတို့ဘယ်လောက်အားသန်သလဲ၊ ဘယ်လောက်တပ်မက်သလဲဆိုတာကို ပြသခဲ့ပါတယ်။  ဒီမိုကရေစီတန်ဖိုးများ ဖွံ့ဖြိုးစည်ပင်နိုင်မယ့် အမျိုးသားနိုင်ငံတစ်ခုကို  တည်ဆောက်လိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒကို ထင်ထင်ရှားရှားပြသခဲ့ပါတယ်။ နိုင်ငံတည်ဆောက်ရေးမှာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့လူတိုင်း ပါဝင်ခွင့်ရမယ့် နိုင်ငံတစ်ခု တည်ဆောက်လိုတဲ့ သူတို့ဆန္ဒကို ပြသခဲ့ပြီလည်း ဖြစ်ပါတယ်။ 

အထွေထွေရွေးကောက်ပွဲကြီးအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။ ဒီအချက်က   ဒီမိုကရေစီတန်ဖိုးများကို စံထားတဲ့၊ ငြိမ်းချမ်းသာယာတဲ့၊ စည်ပင်ဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ခုဆီ သွားရာခရီးစဉ်မှာ ဘယ်လိုအဟန့်အတားမျိုးကိုမဆို ကျော်လွှားဖို့အတွက် မြန်မာပြည်သူများအနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်မှာ စည်းလုံးခိုင်မာစွာ လိုက်ပါမယ်ဆိုတာကို ထင်ထင်ရှားရှား ပြသနေပါတယ်။

သဘာပတိကြီးခင်ဗျား

တပ်မတော် (စစ်တပ်)ဟာ  မြန်မာပြည်သူများရဲ့ အလိုဆန္ဒကို လုံးဝလျစ်လျူရှုပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနေ့ဟာ လွှတ်တော်အသစ်ကို စတင်ကျင်းပမယ့် နေ့ ဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်၊ နိုင်ငံရေးခေါင်းဆောင်များနဲ့ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အဲ့ဒီက စပြီး လူတန်းစား အလွှာအသီးသီးက ပြည်သူများဟာ နိုင်ငံတစ်ဝန်းကလမ်းတွေပေါ်ထွက်ပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ခံအစိုးရကတစ်ဆင့် ပြည်သူများထံကို နိုင်ငံတော်အာဏာပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာပြည်သူများဟာ သူတို့ရဲ့ တောင်းဆိုမှုများရရှိဖို့အတွက် လုံးဝသန္နိဋ္ဌာန်ချထားသူများဖြစ်ပါတယ်။ ယနေ့ခေတ်သစ်ကာလကြီးအတွင်းမှာ စစ်အာဏာသိမ်းခြင်းဆိုတာကို ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး၊ ဒါကြောင့် စစ်အာ ဏာသိမ်းခြင်းဟာ ရှုံးနိမ့်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသွားတဲ့စကားကို ကျွန်တော်လည်း လုံးဝသဘောတူပါတယ်။

စစ်အာဏာသိမ်းတာကို အဆုံးသတ်စေဖို့၊ မတရား ဖမ်းဆီးထားတဲ့သူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ နိုင်ငံတော်အာဏာကို ပြည်သူထံ ပြန်လည်ပေးအပ်ဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည်ရရှိလာစေဖို့အတွက် မြန်မာပြည်သူများဟာ  စည်းလုံးညီညွတ်စွာနဲ့ မဆုတ်မနစ် တိုက်ပွဲဝင်နေကြပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ယနေ့အထိ နောက်မဆုတ်စတမ်း ဆန့်ကျင်ဆန္ဒပြနေတာတွေက ဒီအချက်ကို အခိုင်အမာ သက်သေပြနေပါတယ်။

ကျွန်တော်တို့ မြန်မာပြည်သူပြည်သားများဟာ ယခင်အတိတ်ကာလက နေထိုင်ခဲ့ရတဲ့ စနစ်မျိုးဆီကို ပြန်မသွားချင်ဘူးဆိုတာလည်း အလွန်ထင်ရှားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားကို ပြန်ပြောချင်ပါတယ်။  ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေးဆိုတဲ့ စာအုပ်ထဲမှာ ပြောခဲ့တာပါ။ 

“အခြေခံလူ့အခွင့်အရေးများကိုပင် ငြင်းပယ်ထားတဲ့စနစ်တစ်ခုအတွင်းမှာ ကြောက်ရွံ့ခြင်းဆိုတာက လူတိုင်းကျင့်သုံးရမယ့် ဓလေ့တစ်ခုဖြစ်နေလိမ့်မယ်” တဲ့။

သဘာပတိကြီးခင်ဗျား

ဒီလိုအရေးကြီးလှတဲ့အနေအထားမှာ နိုင်ငံတကာအသိုင်းအဝိုင်းထံက စဉ်ဆက်မပြတ် ထက်သန်လှတဲ့ အားပေးကူညီမှုတွေဟာ စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေရတဲ့ မြန်မာပြည်သူများအတွက် အလွန်တရာ အရေးပါလှပါတယ်။ မြန်မာပြည်သူများကို ထောက်ခံအားပေးခဲ့ကြတဲ့ နိုင်ငံအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ယခုလိုအခွင့်ရသခိုက်မှာ ပြောကြားချင်ပါတယ်။ မြန်မာနိုင်ငံကို ထောက်ခံအားပေးနေကြတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့တကွ ကုလသမဂ္ဂအထူးသံတမန်ကို‌ရော၊ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စား လှယ်ကိုရော ကျေးဇူးအထူးတင်ပါတယ်။

ဒါပေမဲ့လည်း မြန်မာပြည်သူများဟာ ယခုအချိန်အထိ ကူကယ်ရာမဲ့သလို ခံစားနေရဆဲဖြစ်ပါတယ်။ 

သဘာပတိကြီးနဲ့ တကွ ကိုယ်စားလှယ်တော်ကြီးများခင်ဗျား 

စစ်အာဏာသိမ်းတာကို ချက်ချင်းအဆုံးသတ်ဖို့အတွက်၊ အပြစ်မရှိတဲ့ပြည်သူများအပေါ် ဖိနှိပ်နေတာတွေကို ရပ်တံ့ဖို့အတွက် ၊ နိုင်ငံတော်အာဏာကို ပြည်သူထံ ပြန်လည်ပေးအပ်ဖို့ အတွက်၊ ဒီမိုကရေစီ ပြန်လည်ရရှိစေဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယခု ပေးနေ တဲ့ ထောက်ပံ့ကူညီမှုများအပြင် ပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။ 

အဖွဲ့ဝင်နိုင်ငံများအားလုံးနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို အောက်ပါအတိုင်း ကျွန်တော် အနူးအညွတ်မေတ္တာရပ်ခံပါတယ်။

၁) စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုတ်ချတဲ့ ကြေညာချက်တွေ ထုတ်ပြန်ပေးရန်။

၂) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ စစ်အစိုးရကို လုံးဝအသိအမှတ်မပြုရန်။

၃) လွတ်လပ်ပြီးတရားမျှတတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့  ရလဒ်ကို လေးစားဖို့ စစ်အစိုးရကို တွန်းအားပေးရန်။

၄)နိုင်ငံတော်အာဏာကို ရွေးကောက်ခံအစိုးရမှတစ်ဆင့် ပြည်သူထံ ပြန်လည်ပေးအပ်တဲ့အချိန်အထိ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်။

၅)ငြိမ်းချမ်းစွာဆန္ဒပြနေသူများအပေါ်လုံခြုံရေးတပ်ဖွဲ့များက ရက်ရက်စက်စက်အကြမ်းဖက်တာမျိုးတွေကို ရပ်တံ့သွားစေဖို့နဲ့ စစ်အာဏာသိမ်းမှုကို ချက်ချင်းအဆုံးသတ်စေဖို့ ပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံး အစွမ်းကုန်အရေးယူပေးရန်

၆) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံရန်။

သဘာပတိကြီးခင်ဗျား

နိဂုံးချုပ်အနေနဲ့ ကျွန်တော်ပြောလိုတာကတော့ ကျွန်တော်တို့ဟာ ပြည်သူတွေအတွက် ပြည်သူတွေကရွေးချယ်တဲ့ ပြည်သူ့အစိုးရတစ်ရပ်ပေါ်ပေါက်လာအောင် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ပြည်သူများနဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့အစိုးရဟာ မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခု ဖြစ်အောင် ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးစေမှာဖြစ်ပါတယ်။ 

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လက်ရှိအားပေးထောက်ပံ့မှုများကို ပိုပြီးတိုးမြှင့်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

သဘာပတိကြီးခင်ဗျား

ယခုကျင်းပနေတဲ့ အစည်းအဝေးကို  ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတွေဟာ အင်တာနက်အွန်လိုင်းကတစ်ဆင့် အထူးစိတ်ဝင်တစား စောင့်ကြည့်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။  သူတို့အတွက် မြန်မာလို စကားအနည်းငယ်ပြောခွင့်ပြုစေလိုပါတယ်။

မင်္ဂလာပါ။ ညီအစ်ကို မောင်နှစ်မများနှင့် သွေးချင်းညီနောင်များခင်ဗျား။ မိမိတို့ဆောင်ရွက်နေတဲ့ စစ်တပ်အာဏာသိမ်းမှု ချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နှင့် အခြားမတရားထိန်းသိမ်းခံထားရသူများချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံတော်အာဏာ ပြည်သူထံရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ၊ ဒီအရေးတော်ပုံအောင်မြင်ရေးတို့ကို မိမိတို့အလွှာအသီးသီးမှ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းပါတယ်ခင်ဗျား။ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည် ဖြစ်ပါသည်ခင်ဗျား။ - - ပြည်သူသာ အဓိက၊ အရေးတော်ပုံ - အောင်ရမည်။

ကျေးဇူးအထူးတင်ရှိပါတယ် သဘာပတိကြီးခင်ဗျား။

( ဒီဗွီဘီ၏ ဘာသာပြန်မူ) 

15 hours Ago
More News
Up