ယောကာကွယ်ရေးတပ် YDF လက်အောက်ခံတပ်ဖွဲ့ တဖွဲ့ဖြစ်တဲ့ YDF တပ်ရင်း ၅ ဟာ ဇန်နဝါရီ ၂၁ ရက်က စပြီး YDF ဗဟိုကနေ နုတ်ထွက်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်ရင်း (၅) တာဝန်ရှိသူတွေပါဝင်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ နုတ်ထွက်တာ ဖြစ်ပြီး အာဏာရှင် စနစ်တော်လှန်ရေးမှာတော့ ယောကာကွယ်ရေးတပ်(YDF) နဲ့ မဟာမိတ်ညီနောင်တွေ အဖြစ်ရပ်တည်မယ်လို့ ယောဒေသကာကွယ်ရေးတပ် (YDF) တပ်ရင်း ၅ က သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
ကောင်းမွန်တဲ့ အရွေ့တခု ဖြစ်ထွန်းတိုးတက်ဖို့ အခုလို နုတ်ထွက်လိုက်တာဖြစ်ပြီး ဘယ်လက်အောက်အနေနဲ့ ရပ်တည်မယ်ဆိုတာမျိုးတော့ မဆုံးဖြတ်ရသေးဘူးလို့ တပ်ရင်း ၅ ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး YDF (ဗဟို)ကတော့ မကြာခင်မှာ YDF အနေနဲ့ အစီရင်ခံစာ ထုတ်ပြန်သွားပါမယ်လို့ YDF (ဗဟို) ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ယောကာကွယ်ရေးတပ် YDF လက်အောက်ခံတပ်ဖွဲ့တခုဖြစ်တဲ့ YDF (ကျော) တပ်ဖွဲ့ကလည်း YDF ဗဟိုကနေ နုတ်ထွက်ပြီး NUG လက်အောက်ခံတပ်ရင်းတခုအဖြစ် ဖွဲ့စည်းရပ်တော့မယ်လို့ အဲဒီတပ်ဖွဲ့ တပ်ရင်းက ထုတ်ပြန်ထားပါသေးတယ်။
YDF ဟာ ယောဒေသဖြစ်တဲ့ ဆော၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဂန့်ဂေါစတဲ့ မြိုနယ် ၅ ခုနဲ့ ဖွဲစည်းထားတာဖြစ်ပြီး လက်ရှိမှာတော့ သဘောထားမတိုက်ဆိုင်တာတွေရှိတဲ့အတွက် လက်အောက်ခံ တပ်ရင်းတွေ ခွဲထွက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း တက်ကြွလှုပ်ရှားသူ တွေက ပြောပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇာဟောကျေးရွာတောင်ဘက် ဇာဟော-အုတ်လှလမ်းပေါ်မှာ နိုဝင်ဘာ ၂၂ ရက်က စစ်ကောင်စီတပ် ခလရ ၅၀ တပ်တဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေကို ဘေးလွတ်ရာ ကူညီကယ်ထုတ်ပေးနေတဲ့ ယောကာကွယ်ရေးတပ်-YDF တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံခဲ့ရပါတယ်။
ပစ်ခတ်ခံခဲ့ရတာကြောင့် YDF တပ်ဖွဲ့ဝင် ရဲဘော် အောင်နိုင်၊ ရဲဘော် အောင်ကျော်မိုးနဲ့ ရဲဘော် အောင်ကိုကိုတို့ ထိမှန်ခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က ထုတ်ပြန်ပါတယ်။
ရဲဘော် အောင်နိုင်ဟာ ရင်ညွန့်နဲ့ နံကြားမှာ ကျည်ထိမှန်ပြီး နေရာမှာ ပွဲချင်းပြီး ကျဆုံးခဲ့ကာ ရဲဘော် အောင်ကျော်မိုးကတော့ ဘယ်ဘက်လက်မောင်းမှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် အောင်ကိုကိုကတော့ ပစ်ခတ်ခံရပြီးနောက် လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ YDF တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ဇဟောရွာသား ၃ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ ပြောပါတယ်။
ဇဟောရွာသားတဦးကို စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းတည့်တည့် ကျည်ထိမှန် သေဆုံးခဲ့ကာ စပါးရိတ်နေတဲ့ ဇဟောရွာသား နှစ်ယောက်ကိုလည်း အကြောင်းမဲ့ ပစ်သတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇဟောကျေးရွာက ဒေသခံတွေနဲ့ YDF အဖွဲ့ဝင်တွေ ကျဆုံးမှုအတွက် လွန်စွာစိတ်မကောင်းဖြစ်မိပြီး ကျဆုံးခဲ့ရသူတွေအတွက် လက်တုံ့ပြန်သွားမယ်လို့ ဂန့်ဂေါ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဇဟောကျေးရွာနဲ့ အနီးအနားက ကျေးရွာဒေသခံတွေကတော့ ဘေးလွတ်ရာ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။