YBS ယာဉ်မောင်း

November 11, 2018

YBS ယာဉ်မောင်းကို သံတုတ်ဖြင့် ရိုက်ခဲ့မှု အပြန်အလှန်တရားစွဲ(ရုပ်သံ)

ဒလ-တွံတေးပြေးဆွဲတဲ့ YBS ကားကယာဉ်မောင်းကို တက္ကစီယာဉ်မောင်းက သံတုတ်နဲ့ ရိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ နှစ်ဖက် အပြန်အလှန် အမှုဖွင့်ထားတယ်လို့ ဒလ-တွံတေး YBS ယာဉ်လိုင်းကို ပြေးဆွဲနေတဲ့ စံဝေလအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။ တွံတေးရဲစခန်းမှာ YBS ယာဉ်မောင်း ဦးကျော်မင်းအောင်ရဲ့ တိုင်တန်းချက်အရ တက္ကစီယာဉ်မောင်းကို ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု ပုဒ်မ-၂၉၄၊ ရိုက်မှုပုဒ်မ ၃၂၅ တို့နဲ့ အမှုဖွင့်ထားပြီး တက္ကစီယာဉ်မောင်းက YBS ယာဉ်မောင်းကို ညစ်ညမ်းစွာ ဆဲဆိုမှု ပုဒ်မ-၂၉၄ နဲ့ ပြန်အမှုဖွင့်ထားပါတယ်။ TAXI ယာဉ်မောင်းအနေနဲ့ အာမခံလျောက်ထားရရှိထားပြီး YBS ယာဉ်မောင်း ဦးကျော်မင်းအောင် အာမခံရယူဖို့ကို ဆောင်ရွက်ပေးသွားမယ်လို့  ကုမ္ပဏီဥက္ကဋ္ဌက ပြောပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့က ဒလမြို့ သင်္ဘောဆိပ် ကားကြီးကွင်းကနေထွက်ခွာလာတဲ့ YBS ယာဉ်မောင်း ဦးကျော်မင်းအောင်ကို တက္ကစီယာဉ်မောင်းက သံတုတ်နဲ့ ရိုက်ခဲ့တာပါ။ ဒလ-တွံတေးလမ်းကြောင်းကို စံဝေလကုမ္ပဏီက ၂၀၁၈ ဇူလိုင်က စတင်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ (အာကာ)
2 years Ago

November 9, 2018

YBS ယာဉ်မောင်းအား သံတုတ်ဖြင့် ရိုက်ခဲ့သူကို အမှုဖွင့်မည် (ရုပ်သံ)

ဒလ-တွံတေးပြေးဆွဲတဲ့ YBS ကားက ယာဉ်မောင်းအား သံတုတ်နဲ့ ရိုက်ခဲ့တဲ့ တက္ကစီယာဉ်မောင်းကို တွံတေးရဲစခန်းမှာ အမှူဖွင့်သွားမယ်လို့ အဲဒီယာဉ်လိုင်းကို ပြေးဆွဲနေတဲ့ စံဝေလအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ဒလမြို့ သင်္ဘောဆိပ် ကားကြီးကွင်းကနေ ထွက်ခွာလာတဲ့ ယာဉ်မောင်း ဦးကျော်မင်းအောင် မောင်းနှင်တဲ့ (1L-6541) YBS ယာဉ်ကို တက္ကစီယာဉ်အမှတ် (9K-9124) ယာဉ်မောင်းက သံတုတ်နဲ့ ရိုက်ခဲ့တာပါ။ ဦးသန်းလွင်က “မနေ့က ကျနော်တို့အမှုဖွင့်တော့ သက်သေစုံမှဖွင့်ဖို့ပြောလို့ IT ပညာရှင်နဲ့ CCTV မှတ်တမ်းကို သေချာပြန်စစ်ဆေးပြီး ဒီနေ့အမှုသွားဖွင့်မှာပါ။ မနေ့ကတည်းက တက္ကစီယာဉ်မောင်းနဲ့ ရဲစခန်းမှာ တွေ့ပါတယ်။ တောင်းပန်လိုက်ရင် ကျေအေးလို့ ရနိုင်ပေမယ့် သူမရိုက်ဘူး၊ ကားကိုလည်း သူမထိပါဘူး လို့ ငြင်းနေတဲ့အတွက် အခုလိုသက်သေနဲ့တကွ အမှုဖွင့်ရတာပါ” လို့ ပြောပါတယ်။ အရိုက်ခံရတဲ့ ယာဉ်မောင်းကို ရန်ကုန်ဆေးရုံကြီးမှာ ဆေးမှတ်တမ်းရယူပြီး ဆေးဝါးကုသပေးထားပါတယ်။ သံတုတ်နဲ့အရိုက်ခံရတဲ့ ယာဉ်မောင်း ဦးကျော်မင်းအောင်က “ဒလ-တွံတေးလမ်းက နဂိုကတည်းက ကျဉ်းတယ်။ သူ့ကားက နောက်ကပါတယ်။ ကျနော်လည်း အောက်ကြောက မောင်းပေမယ့် သူ့ကို ပိတ်မောင်းတယ်လို့ ယူဆသွားပုံရပါတယ်။ ကျနော်ကားကို ပိတ်ရပ်ပြီး ဆင်းလာတုန်းက အဲလောက်လုပ်လိမ့်မယ် မထင်ခဲ့ဘူး။ နောက်လက်ထဲမှာ သံတုတ်ကိုတွေ့တော့ ကျနော်လည်း ယာဉ်မောင်းဘေးတံခါးနဲ့ အဆင်းအတက်တံခါးကို ပိတ်လိုက်ပေမယ့် ယာဉ်မောင်းခုံနောက်က ပြတင်းပေါက်ကို ခရီးသည်က ဖွင့်ထားတော့ အဲ့အပေါက်ကနေ လှမ်းရိုက်သွားတာ။ ဂျိုစောင်းကိုပါ။ သွေးမထွက်ဘူး။ဖုသွားတယ်။ ခေါင်းက မူးမူးနေတယ်” လို့ ပြောပါတယ်။ ဒလ-တွံတေးလမ်းကြောင်းကို စံဝေလ ကုမ္ပဏီက ၂၀၁၈ ဇူလိုင်က စတင်ပြေးဆွဲပေးနေတာဖြစ်ပါတယ်။
2 years Ago
Up