YBS ယာဉ်လိုင်း ၄၂ ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက် ၃ ဦး ဖမ်းမိ

February 24, 2019

YBS ယာဉ်လိုင်း ၄၂ ပေါ်မှ ဆင်းလာသည့် ခါးပိုက်နှိုက် ၃ ဦး ဖမ်းမိ

မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံး ကားမှတ်တိုင်မှာ YBS ယာဉ်လိုင်း ၄၂ ပေါ်မှာ ဆင်းလာတဲ့ ခါးပိုက်နှိုက် ၃ ဦး ဖမ်းဆီးမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ည ၆ နာရီခွဲလောက်က မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အမှတ် ၃ လမ်းမကြီး၊ အမှတ် ၃ လမ်းဆုံ ကားမှတ်တိုင်မှာ YBS ယာဉ်လိုင်းအမှတ်(၄၂ ပေါ်မှ ဆင်းလာတဲ့ မသင်္ကာသူ၃ ဦးကို စစ်ဆေးရာကနေ ဖမ်းဆီးမိခဲ့တာပါ။ ကိုကိုလတ်(ခ)လင်းလင်းထွန်း၊ ချစ်ထွန်း၊ ဆန်းထိုက်ဦး(ခ)ဆန်းထိုက်(ခ)ဆင်မတို့ ၃ ဦးအား ခေတ္တထိန်းသိမ်း စစ်ဆေးရာမှာ ကိုကိုလတ်(ခ) လင်းလင်းထွန်းလွယ်ထားသည့် JIA JAL ALE စာတန်းပါ အနက်ရောင်ကျောပိုးအိတ်အတွင်းမှ Grand Royal စာတန်းပါ ညို/၀ါရောင် ခေါက်ပိုက်ဆံအိတ်အတွင်း မောင်ဆန်းမင်းလှိုင်အမည်ပါ နိုင်ငံသား စိစစ်ရေး ကတ်ပြား ၁ ခု၊ ဦးဆန်းမင်းလှိုင်အမည်ပါ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနစိစစ်ရေးကတ်ပြား ၁ ခု၊ ဆန်းမင်းလှိုင်အမည်ပါ ယာဉ်မောင်းလိုင်စင် ၁ ခု၊ ဆန်းမင်းလှိုင်အမည်ပါ AYA Bank ATM ကတ် ၁ ခု၊ ငွေ ၄၅၀၀၀ ကျပ်တို့အား ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်အရ YBS ယာဉ်လိုင်းအမှတ် ၄၂ ယာဉ်ပေါ်ပါ အသက် ၄၀ နှစ်အရွယ် အမျိုးသားတဦးရဲ့ ကျောပိုးအိတ်အား ချစ်ထွန်း၊ ဆန်းထိုက်ဦးတို့က လူကာပေးပြီး ကိုကိုလတ် ဇစ်ဖွင့် နှိုက်ယူခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူ ၃ ဦးအား ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပြီး အခြားပြစ်မှုတွေနဲ့ ပြစ်ချက်ဟောင်း ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
2 years Ago
Up