YBS ယာဉ်မောင်း

November 25, 2020

YBS ယာဉ်မောင်း ၇ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS 37 ယာဉ်မောင်း ၃ ဦးအပါအဝင် ယာဉ်မောင်း ၇ ဦးအထိ ရောဂါပိုးကူးစက်ခံနေရပါတယ်။ ကိုဗစ် ၁၉ ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုနှုန်းမြင့်တက်နေချိန်  YBS 37 ယာဉ်မောင်း  ၃ ဦးနဲ့ YBS 96 ကယာဉ်မောင်းတစ်ဦး အပါအဝင် YUPT ကုမ္ပဏီက ယာဉ်မောင်း ၃ ဦးနဲ့ စုစုပေါင်းယာဉ်မောင်း ၇ ဦးမှာ ကိုဗစ်ကူးစက်မှုခံလိုက်ရတာပါ။  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရတဲ့ယာဉ်မောင်း ၇ ဦးစလုံး ကျန်းမာရေးကောင်းမွန်နေပြီး တချို့ကျန်းမာရေးထောက်ခံချက်နဲ့ ယာဉ်ကိုပြန်လည်မောင်းနှင်နေပြီလို့ YRTA တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှအောင်က ပြောပါတယ်။  အခု နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ပေါ့စတစ်အဖြေထွက်ရှိခဲ့တဲ့ YBS 40 ယာဉ်မောင်းကတော့ လတ်တလောဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ YRTA အနေနဲ့တော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ YBS ယာဉ်လုပ်သား ၆,၈၀၀ ကျော်ကို ဆန် (၈) ပြည်နဲ့ ဆီတစ်ပိဿာ ဒုတိယအကြိမ်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။ ကိုဗစ်ပေါ့စတစ်ဖြစ်သွားတဲ့ ယာဉ်မောင်းတွေကိုတော့ ကုမ္ပဏီဘက်ကနေ on duty အဖြစ်သတ်မှတ်ကာ ယာဉ်မောင်းအခေါက်ကြေးကိုအပြည့်အဝပေးထားတယ်လို့ YUPT ကုမ္ပဏီ တာဝန်ရှိသူကပြောပါတယ်။ ကိုဗစ်-၁၉ ဒုတိယလှိုင်းပြည်တွင်းကူးစက်မှုမြင့်တက်နေချိန် အောက်တိုဘာ ၄ ရက်နေ့က  YBS စီးနင်းတဲ့ခရီးသည် ၆၀,၀၀၀ ကျော်ပဲရှိပြီးစံချိန်တင်ကျဆင်းခဲ့ပါတယ်။ အခုအခါမှာ စက်ရုံတွေပြန်ဖွင့်တာနဲ့ လုပ်ငန်းတချို့လည်ပတ်လာတဲ့အတွက် YBSစီးနင်းတဲ့ခရီးသည်တနေ့တခြားတိုးလာပြီး နိုဝင်ဘာ ၂၄ ရက် တစ်ရက်တည်းမှာ  စီးနင်းတဲ့ခရီးသည်အရေအတွက် ၄၄၀,၀၀၀ ကျော်ထိရှိလာပါတယ်။
11 months Ago

August 17, 2020

လုပ်အားခ အရင်အတိုင်းပြန်ပေးရန် YBS ယာဉ်မောင်းများတောင်းဆို  

YBS ယာဉ်မောင်းတွေဟာ အရင်လုပ်ခနှုန်းထား မရတဲ့အတွက်  YUPT ကုမ္ပဏီက ယာဉ်လိုင်းတချို့မှာ ယာဉ်တွေရပ်နားထားလိုက်ပြီး  လုပ်ခပြန်တိုးပေးဖို့ တောင်းဆိုနေပါတယ်။ YUPT ကုမ္ပဏီအနေနဲ့ ကိုဗစ်-၁၉ စခဲ့တဲ့ကာလကနေ လက်ရှိအချိန်အထိ ယာဉ်မောင်းတွေကို အရင်လုပ်ခလစာမပေးတဲ့အပေါ် YBS ၃၆ နဲ့ YBS ၇ စတဲ့ယာဉ်လိုင်းတချို့မှာ ယာဉ်မောင်းတွေ အလုပ်မဆင်းတော့ဘဲ ယာဉ်တွေရပ်နားပြီး လုပ်ခတိုးပေးဖို့ တောင်းဆိုနေတာပါ။  ရွှေပေါက်ကံနဲ့ ဆူးလေကို ပြေးဆွဲနေတဲ့ YBS ၃၆ ယာဉ်လိုင်းမှာ ယာဉ်အစီးရေ ၄၀ လောက်ရှိတဲ့အထဲက ယာဉ်မောင်း ၂ ယောက်ပဲ အလုပ်ဆင်းပြီး ကျန်တဲ့ယာဉ်မောင်းအားလုံးဟာ အရင်မောင်းကြေး ကျပ် ၄၅၀ဝ ပြန်ရဖို့ အလုပ်မဆင်းဘဲ တောင်းဆိုနေပါတယ်။ ကုမ္ပဏီအနေနဲ့ ကိုဗစ်-၁၉ စဖြစ်တဲ့အချိန်က တခေါက်ကို မောင်းကြေး ၁၅၀၀   ပေးခဲ့သလို အဲဒီကနေ တခေါက် ၃၀၀၀ နဲ့ လက်ရှိမှာတော့ တခေါက် ၃၇၅၀ သာရနေတဲ့အပေါ် အရင်လုပ်ခရရှိဖို့ အခုလို တောင်းဆိုနေတာလို့ ယာဉ်မောင်းတွေက ပြောပါတယ်။ YUPT ကုမ္ပဏီအနေနဲ့ ခရီးအနီးအဝေးကိုလိုက်ပြီး အသွားအပြန် ယာဉ်တခေါက် ပြေးဆွဲတိုင်း ငွေကျပ် ၇၅၀ ကနေ ၄၅၀၀ ကျပ်အထိ လုပ်ခနှုန်းထား သတ်မှတ်ထားသလို ယာဉ်မောင်းတစ်ဦးကို တနေ့ ထမင်းဖိုးကျပ် ၃၀၀၀ ပေးထားတယ်လို့ ဆိုပါတယ်။  ကိုဗစ်ကာလမှာ ခရီးသည်စီးနင်းမှု ကျဆင်းခဲ့တာကြောင့် အလုပ်သမားတွေနဲ့ ညှိနှိုင်းကာ လုပ်ခလျှော့ချခဲ့တာတွေ ရှိခဲ့ပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့မှာ လုပ်ခထပ်တိုးပေးဖို့ လုပ်နေပေမယ့် ယာဉ်မောင်းတွေက ကားပြေးဆွဲမှု ရပ်နားလိုက်တာကြောင့် လူစားထိုး ပြေးဆွဲမှုတွေ လုပ်ပေးနေတယ်လို့ YUPT ကုမ္ပဏီဥက္ကဋ္ဌက  ပြောပါတယ်။ ရွှေပေါက်ကံနဲ့ ဆူးလေကို ပြေးဆွဲနေတဲ့ YBS36 ယာဉ်မောင်းတွေအကုန်နီးပါး မမောင်းတော့တာကြောင့် စောင့်ရတာလဲ ကြာသလို စီးရတာ စိုးရိမ်မှုလည်းရှိတယ်လို့ ရွှေပေါက်ကံမြို့နယ်နေ ခရီးသည်တစ်ဦးက ပြောပါတယ်။ ယာဉ်မောင်းတွေ တောင်းဆိုတဲ့ အရင်လုပ်ခအပေါ် ကုမ္ပဏီတွေအနေနဲ့လည်း အရင်လို ပုံမှန်ဝင်ငွေမရသေးတာကြောင့် တဖြည်းဖြည်း ညှိနှိုင်းပေးတာတွေ လုပ်နေသလို ယာဉ်တွေ မထွက်နိုင်တဲ့အပေါ် ခရီးသည်တွေ အခက်အခဲမဖြစ်ဖို့ ယာဉ်တွေထွက်အောင် လုပ်ပေးနေတယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ YUPT ကုမ္ပဏီဟာ ရန်ကုန်တိုင်းအစိုးရက ရှယ်ယာအများဆုံး ထည့်ဝင်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်သလို ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ကုမ္ပဏီတွေထဲမှာ ယာဉ်အစီးရေ အများဆုံးရှိတဲ့ ကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။ 
1 year Ago
More News
Up