YBS ဘတ်စ်ကားပေါ်တက်၍ ခြိမ်းခြောက်

August 24, 2017

YBS ဘတ်စ်ကားပေါ်တက်၍ ခြိမ်းခြောက် ငွေတောင်းသူ ၂ ဦးကို ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးမှာ သြဂုတ် ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်က YBS 20 ခရီးသည်တင် ဘတ်စ်ကားပေါ် တက်လာပြီး တုတ်ကိုင်ဆောင် ခြိမ်းခြောက် ငွေတောင်းခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ပါတယ်။ မီးခွက်ဈေးမှတ်တိုင်မှာ ခရီးသည် အတင်အချ ပြုလုပ်နေစဉ် အမည်မသိအမျိုးသား ၂ ဦးက ဝါးလုံးတုတ် ကိုင်ဆောင်ပြီး ယာဉ်ပေါ်ကို တက်လာကာ ယာဉ်မောင်းထံမှ ငွေ ၁၀၀၀ ကျပ် တောင်းရာ ယာဉ်မောင်းက သူ့ဆီမှာ မရှိကြောင်းနဲ့ ပိုက်ဆံပုံးအထဲသာ ထည့်စီးရကြောင်း ပြောဆိုရာ အမျိုးသား ၂ ဦးက ပိုက်ဆံမပေးရင် ရိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး ခရီးသည် ၂ ဦးဆီက ၂၀၀ ကျပ်တန် ၂ ရွက်ကို ယူဆောင်သွားခဲ့တာပါ။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့အတွက် လှိုင်သာယာမြို့မရဲစခန်းက စုံစမ်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၃ ရက်ညနေမှာ  လှိုင်သာယာမြို့နယ်၊ (၁၄) ရပ်ကွက်နေ ရန်ရှင်း (၂၁-နှစ်)နဲ့ ထန်းတပင်မြို့နယ်နေ သီဟစိုး  (၃၀-နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိသူ ရန်ရှင်းနဲ့ သီဟစိုးတို့ ၂ ဦးကို စစ်ဆေးနေပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
4 years Ago
Up