Yangon water Bus

August 1, 2020

Yangon Water Bus လမ်းသစ်- ဆာပါချောင် ပြန်လည်ပြေးဆွဲ

Yangon Water Bus လမ်းသစ်- ဆာပါချောင် လိုင်း(၁)ကို ဒီနေ့ ပြန်လည်ပြေးဆွဲလိုက်ပြီး ဖွင့်တဲ့အထိမ်းအမှတ်အ‌နေနဲ့ ပထမဆုံးနေ့မှာ ခရီးသည်တွေကို အခမဲ့စီးနင်းခွင့် ပြုလိုက်ပါတယ်။ နောက်‌နေ့‌တွေမှာတော့ Yangon water busကို အရင်ကစီးတဲ့နှုန်းအတိုင်း ကျပ် ၃၀၀ နှုန်း စီးနင်းရမှာဖြစ်ပြီး နောက်ပိုင်းမှာ smart phone နဲ့ ငွေပေးချေတဲ့စနစ်ကို လုပ်ဆောင်ဖို့ရှိပါတယ်။  Yangon Water Bus ကို မနက် ၆ နာရီကနေ ညနေရုံးဆင်းချိန်အထိ တနေ့ကို ၁၆ ခေါက်ကနေ အခေါက် ၂၀ အထိ ပြေးဆွဲဖို့ရှိတယ်လို့ Yangon water bus တာဝန်ရှိသူ ဒေါ်တင့်တင့်လွင်က ပြောပါတယ်။ ရေယာဉ်အနေနဲ့ ၈၅ ယောက်ဆံ့ပေမယ့် ကိုဗစ်ကျန်းမာရေး စည်းကမ်း social distancing အရ ၆၀ လောက်ပဲ စီးခွင့်ပြုမှာလို့ သိရပါတယ်။ “ကလေးတွေ ကျောင်းပို့ကျောင်းကြိုအနေနဲ့ water bus က အဆင်ပြေတယ်၊ မိုးနဲ့လေနဲ့ကျတော့” လို့ ခရီးသည်တဦးက ပြောပါတယ်။ အခုလောလောဆယ်မှာတော့ လိုင်း ၁ အနေနဲ့ ရန်ကုန်ဘက်ကမ်း လမ်းသစ်နဲ့ ဒလဘက်ကမ်း ဆာပါချောင်ကို စတင်ပြေးဆွဲ‌နေတာတာပါ။ လိုင်း ၁ နဲ့ လိုင်း ၃ ကို ရန်ကုန်ဘက်က ဗိုလ်တထောင်-ပန်းဆိုးတန်း နဲ့ ဒလဘက်က အံ့ကြီး-သမ္မတကို ပတ်ပြီး ပြေးဆွဲမှာပါ။  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ Mask တပ်ထားသူတွေသာ စီးနင်းခွင့်ရမှာဖြစ်ပြီး ရေယာဉ်ပေါ် တက်ရောက်တဲ့ ဝင်ပေါက်မှာ‌တော့ အဖျားတိုင်းတာ‌တွေ လက်သန့်‌ဆေးနဲ့‌ ဆေးတာ‌တွေကို လုပ်ဆောင်မှာပါ။  Yangon water bus ကို ၂၀၁၉ စက်တင်ဘာလက စတင်ပြေးဆွဲရာကနေ ရပ်နားခဲ့ပြီး အခု တဖန် ပြန်လည်ပြေးဆွဲတာ ဖြစ်ပါတယ်။
11 months Ago

February 15, 2020

ဆီကြွေးကျန် မပေးပါက Yangon Water Bus ကုမ္ပဏီကို တရားစွဲမည်ဟု ကြေညာ

Yangon Water Bus ဟာ ဒီဇယ်ဆီတွေ ဝယ်ယူပြီး ကြွေးကျန် ကျပ်သိန်း ၈၀၀ လောက် ကျန်ရှိနေပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးသတ်မှတ်ရက်အထိ မပေးချေပါက  တရားစွဲသွားမယ်လို့ ဆီရောင်းချထားတဲ့ ကုမ္ပဏီက နိုင်ငံပိုင်သတင်းစာကတဆင့် ဒီနေ့ ကြေညာလိုက်ပါတယ်။ Tint Tint Myanmar Group of Companies ဟာ သူတို့ရဲ့ Yangon Water Bus တွေ ပြေးဆွဲဖို့ Petro & Trans Group of Companies Limited ဆီကနေ ဒီဇယ်ကို အကြွေးစနစ်နဲ့ ဝယ်ယူခဲ့ပြီး ခုတော့ ကြွေးကျန်တွေမဆပ်ဘူးလို့ Petro & Trans ကုမ္ပဏီရှေ့နေ ဦးသန်းထွန်းက ပြောပါတယ်။ “ဝယ်တဲ့လရဲ့ နောက်လကုန်ပြီး ၁၀ ရက်အတွင်း ငွေချေမယ်ဆိုပြီး ဝယ်တယ်။ နောက်တော့ လဆန်း ၁၀ ရက်အတွင်း မဟုတ်တော့ဘူး။ နောက်ကျလာတယ်။ နောက်တော့ မပေးတော့ဘူး။” ၂၀၁၈ ခုနှစ် စက်တင်ဘာ ၄ ရက်ကနေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်အတွင်း ဝယ်ယူခဲ့တာတွေကနေ ကျပ်သိန်းပေါင်း ၇၇၀ ကျော်ပေးဖို့ ကျန်နေတယ်လို့ ဦးသန်းထွန်းက ဒီနေ့ သတင်းစာတွေထဲမှာ ထည့်သွင်းကြေညာထားပါတယ်။ ဒီငွေတွေကို ၂၀၁၉ ခုနှစ် သြဂုတ် ၁၅ ရက်မှာ အကြေပေးချေမယ်လို့ Tint Tint Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က လက်မှတ်ရေးထိုးကတိပြုခဲ့ပြီး ကုမ္ပဏီပိုင် သင်္ဘောတစီးရဲ့ စာရွက်စာတမ်း ၅ မျိုးကိုလည်း ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မပေးတာကြောင့် နို့တစ်စာပေးခဲ့ပေမယ့် စာပို့လို့မရခဲ့ပါဘူး။  Petro & Trans ကုမ္ပဏီရှေ့နေ ဦးသန်းထွန်းက “ကုမ္ပဏီလိပ်စာ ပြောင်းသွားတယ်ဆိုပြီး စာက ပြန်ရောက်လာတယ်။ ဖုန်းတွေလည်း ဆက်လို့မရဘူး။ ပြောချင်တာကတော့ သူတို့အနေနဲ့ ပြောထားတာ(ငွေချေမယ့်ကတိ) ကို ဆောင်ရွက်ပေးသင့်တယ်။ မဆောင်ရွက်ရင်လည်း လာရောက် ညှိနှိုင်းသင့်တယ်။ ဥပေက္ခာတော့မလုပ်သင့်ဘူး” လို့ ပြောပါတယ်။ ဒီဗွီဘီအနေနဲ့ Tint Tint Myanmar ကုမ္ပဏီဘက်က ချေပစရာတွေကို မေးမြန်းဖို့ ဒေါ်တင့်တင့်ရဲ့ဖုန်း၊ Yangon Water Bus ရဲ့ဖုန်းတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းတွေပိတ်ထားတာကြောင့် မေးမြန်းလို့ မရခဲ့ပါဘူး။ Yangon Water Bus ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး ဆိပ်ကမ်းတွေ ပြင်ဆင်ဖို့၊ ရေယာဉ်တွေ အကြီးစားပြုပြင်ဖို့၊  ငမိုးရိပ်ချောင်းမှာ ပြေးဆွဲမယ့်ရေယာဉ်တွေ တင်သွင်းဖို့၊ ငမိုးရိပ်ချောင်းဆိပ်ကမ်းတွေ ဆောက်လုပ်ခွင့်ရဖို့၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ဖို့၊ ငွေပေးချေစနစ်သစ်အတွက် စက်တွေ တပ်ဆင်ဖို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ ရပ်နားမယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးတော့ သတင်းတွေထွက်နေတဲ့ ဒီဇယ်ဆီကိစ္စဟာလည်း ငွေကြေး မလျော်မကန် လုပ်သူ ဝန်ထမ်းတွေကို အရေးယူထားတယ်လို့ ဆိုပါတယ်။
1 year Ago
More News
Up