အရင်နှစ်တွေက လူတွေစိတ်ဝင်စားအောင်မြင်ခဲ့တဲ့ လမ်းလျှောက်ပြီး ရေသေနတ်တွေနဲ့ ဆော့ကစားတဲ့ Yangon Splash Walk ကို ဒီနှစ်မှာတော့ ကန်တော်ကြီးထဲမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
သိမ်ဖြူကားမောင်းကွင်းဝင်ပေါက်နားမှာ လူစုပြီး ကန်တော်ကြီးထဲမှာ ခေတ်အဆက်ဆက် သင်္ကြန်ပွဲတွေကို ဖြတ်ကျော်ဆင်နွှဲဖို့ စီစဉ်ထားတယ်လို့ ဦးဆောင်စီစဉ်သူ တယောက်ဖြစ်တဲ့ ကိုကောင်းစည်သူက ပြောပါတယ်။
“ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်နဲ့ မျက်မှောက်ခေတ် သင်္ကြန်တွေရဲ့ တူရိယာဖျော်ဖြေမှုနဲ့ ဝတ်စားဆင်ယင်ပုံတွေကို မြင်ရမှာပေါ့။ အဲဒီမှာ အုန်းလက်မဏ္ဍပ်တွေ ရှိမယ်။ ဖျော်ဖြေရေးမှာတော့ ဆရာ ဓီရာမိုရ်တို့ တာဝန်ယူထား ပါတယ်” လို့ ပြောပါတယ်။
Yangon Splash Walk ကို ၂၀၁၆ ခုနှစ်ကစပြီး ဖေ့စ်ဘွတ်ခ်ကနေ လူတွေကို စုရုံး စတင်ခဲ့တာပါ။ အဲဒီတုန်းက မဟာဗန္ဓုလ ပန်းခြံလမ်းမှာ စုရုံးပြီး ပတ်ဝန်းကျင်လမ်းတွေကို လျှောက်သွားခဲ့ကြတာပါ။ လူ ၂ ထောင်လောက်ပါဝင်ခဲ့ပြီး ရေသေနတ်တွေ၊ ရေပြွတ်တွေနဲ့ ပက်ကစားခဲ့တာကြောင့် မြို့တော်ဝန်ရဲ့ ဂုဏ်ပြုမှတ်တမ်းကိုလည်း ရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာလည်း မြို့လယ်မှာပဲ ပြုလုပ်ခဲ့ကြပြီး ဒီနှစ်မှာတော့ ဖျော်ဖြေရေးတွေပါလာပြီး သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းရတာ ကြန့်ကြာလို့ ကန်တော်ကြီးထဲကို ပြောင်းပြီး လုပ်ရတာလို့ ကိုကောင်းစည်သူက ပြောပါတယ်။
၂၀၁၈ Yangon Splash Walk ကို လုပ်နေကျအတိုင်း သင်္ကြန်အတက်နေ့၊ နေ့လယ် ၂ နာရီမှာ လူစုပြီး ညနေ ၅ နာရီအထိ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
လာရောက်ပူးပေါင်းသူတွေအနေနဲ့ ရေသေနတ်တွေ၊ ရေပြွတ်တွေ ယူလာကြဖို့၊ မရှိရင်လည်း ရေသန့်ဘူးကို အဖုံး အပေါက်ဖောက်ပြီး ယူလာဖို့ စီစဉ်သူတွေက နှိုးဆော်ထားပါတယ်။
3 years Ago