Y-8 လေယာဉ်ပျက်ကျ

July 3, 2017

Y-8 လေယာဉ်ပျက်ကျမှု မှန်မှန်ကန်ကန်စုံစမ်းစစ်ဆေးမည်ဟု ကာချုပ်ကတိပေး

  တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 (၅၈၂၀) ပျက်ကျမှုနဲ့ ပတ်သက်ပြီး  စုံစမ်းစစ်ဆေးမှုတွေကို မှန်မှန်ကန်ကန် လုပ်ဆောင်ပြီး အမှန်အတိုင်း သတင်းထုတ်ပြန်ပေးမယ်လို့  ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေးပြောကြားလိုက်ပါတယ်။ Y-8 လေယာဉ် ပျက်ကျခဲ့မှုနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအခြေအနေတွေကို ဒီကနေ့ မနက်က နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးမှာ  ပြောသွားတာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ယင်းဖြစ်စဉ်တွင် အသက်ဆုံးရှုံးသွားရသူ အားလုံးအား လူတစ်ယောက်ချင်းကို အသက်တစ်ချောင်း ဆုံးရှုံးမှုဟု ယူဆပါကြောင်း၊ ၀ိုင်းဝန်းကူညီ၍ ရေငုပ်ရှာဖွေရာတွင် သေဆုံးခဲ့ရသည့် ဦးစောနောင်ကိုပါ ထည့်သွင်းေ ဆာင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရာသီဥတု အခြေအနေပေးသည်နှင့်အမျှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း”မှာကြားသွားတယ်လို့  တပ်မတော် သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဇွန်၇ရက်က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ တပ်မတော်ပိုင် Y8  လေယာဉ်ဟာ ထားဝယ်ကမ်းရိုးတန်း ပင်လယ်ပြင်မှာပျက်ကျသွားခဲ့တာကြောင့် တပ်မတော်အရာရှိ၊ စစ်သည် မိသားစုဝင်တွေနဲ့ လေယာဉ်အမှုထမ်းတွေ အပါအ၀င် စုစုပေါင်း ၁၂၂ ဦး သေဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ကို ရှာဖွေရေးလုပ်ငန်းတွေ လုပ်နေဆောင်နေရာမှာ ဇူလိုင် ၂ ရက်အထိ  လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ Black Box အပါအ၀င် အစိတ်အပိုင်း ၂၆၁ ခုကို ဆယ်ယူရရှိထားပြီဖြစ်ပေမယ့် လေယာဉ်ပျက်ကျရတဲ့ အဓိကအကြောင်းရင်းကိုတော့ တပ်မတော်က ကြေညာနိုင်ခြင်းမရှိသေးပါဘူး။ ဓာတ်ပုံ-ကာကွယ်ရေးဦးစီးချုပ်ရုံး
5 years Ago
Up