X-Files ဇာတ်လမ်းတွဲ မင်းသမီး အန်ဒါဆင် ဟောလိဝုဒ်ကျော်ကြားသူများ ဆုတံဆိပ် ရရှိ

January 10, 2018

X-Files ဇာတ်လမ်းတွဲ မင်းသမီး အန်ဒါဆင် ဟောလိဝုဒ်ကျော်ကြားသူများ ဆုတံဆိပ် ရရှိ

နာမည်ကျော် "X-Files" တီဗွီဇာတ်လမ်းတွဲ မင်းသမီး ဂီလီယန် အန်ဒါဆင်ဟာ ဟောလိဝုဒ် ကျော်ကြားသူများ ဆုတံဆိပ် ရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အတွင်း စတင်ပြသခဲ့တဲ့ "X-Files" တီဗွီဇာတ်လမ်းတွဲဟာ အခုအခါ Season ၁၁ အထိ ရောက်ရှိခဲ့ပြီး လက်ရှိမှာ ဖောက်စ် (Fox) ရုပ်သံကနေ ပြသလျက်ရှိပါတယ်။ အဲဒီဇာတ်လမ်းတွဲမှာ အေးဂျင့် ဒေနာစကာလီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီး အန်ဒါဆင်ဟာ ဇန်နဝါရီ ၈ ရက်နေ့က ဟောလိဝုဒ် ကျော်ကြားသူများ ဆုတံဆိပ်ကို ရရှိခဲ့တာပါ။ မင်းသမီး အန်ဒါဆင်က “လွန်ခဲ့တဲ့ ၂၅ နှစ်က ကျမဟာ ရုပ်ရှင်မင်းသမီးလုပ်ဖို့ လော့စ်အိန်ဂျလိစ်မြို့ကို ပြောင်းလာပါတယ်။ နောက်တော့ ကံကောင်းထောက်မပြီး ခရစ်ကာတာရဲ့ တီဗွီရုပ်သံမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက် "X-Files" ရုပ်သံစီးရီးမှာ အလုပ်ဇွဲကြီးပြီး အမှီအခိုကင်းတဲ့၊ ရဲရင့်ထက်မြက်တဲ့ ဒေနာကတ်သရင်း စကာလီ ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ အဲဒီ အခမ်းအနားကို အန်ဒါဆင်နဲ့ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသား ဒေးဗစ် ဒက်ကော့ဖ်နီကတော့ တက်ရောက်နိုင်ခြင်း မရှိပါဘူး။ “ဒေးဗစ် ဒက်ကော့ဖ်နီရေ ရှင်ဘယ်မှာပဲရှိပါစေ၊ နှစ်ပေါင်းများစွာ ကျမကို မိတ်ဆွေအနေနဲ့ အဖော်ပြုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမဘဝရဲ့ ၂၅ နှစ်တာကာလမှာ ရှင့်ထက် ပိုကောင်းတဲ့၊ ပိုချစ်စရာကောင်းတဲ့ ပါတနာကို မလိုချင်ခဲ့ပါဘူး။ ၂၅ နှစ်လုံးလုံး ကျမတို့ အတူတူ သရုပ်ဆောင်နေရုံတင် မကဘဲ ဟောလိဝုဒ် လျှောက်လမ်းထက်မှာလည်း ထာဝရ အတူတူ လျှောက်လှမ်းနိုင်တယ်ဆိုတာကို ဘယ်သူကများ မှန်းဆနိုင်မှာလဲ” လို့ အန်ဒါဆင်က ဆိုပါတယ်။ မင်းသမီး ဂီလီယန် အန်ဒါဆင် သရုပ်ဆောင်ထားပြီး ထင်ရှားတဲ့ တခြားဇာတ်ကားတွေကတော့ ဘီဘီစီရုပ်သံက ထုတ်လွှင့်တဲ့ "War and Peace" နဲ့ "The Fall" ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။ မင်းသမီး အန်ဒါဆင်ဟာ ၁၉၉၇ ခုနှစ်တုန်းက "X-Files" ဇာတ်လမ်းတွဲနဲ့ပဲ အမ်မီဆုကိုလည်း ရရှိခဲ့ပါသေးတယ်။
3 years Ago
Up