WTO

May 26, 2022

နိုင်ငံတကာအဖွဲ့အစည်းများမှ နုတ်ထွက်ရန် စဉ်းစားနေဟု ရုရှားလွှတ်တော် ဒုဥက္ကဋ္ဌပြော

ရုရှားအစိုးရဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကနေ နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ ရုရှား ဒူးမားလွှတ်တော် ဒုဥက္ကဋ္ဌ ပျယ်တာ တော်စတွိုင်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက မေ ၂၅ ရက်မှာ ကြေညာပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ ရုရှားအပေါ် ကျင့်သုံးရမယ့် တာဝန်တွေကို လျစ်လျူရှုထားတယ်လို့လည်း သူက မေ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။

အဲဒီ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ တရားဝင် စာရွက်စာတမ်းတွေကို ရုရှားရဲ့ လက်ရှိအကျိုးစီးပွားနဲ့ ကိုက်ညီမှုရှိမရှိ သိနိုင်ရေး အကဲဖြတ်ဖို့ လွှတ်တော်မှာ သက်ဆိုင်ရာ ကော်မတီတွေ ဖွဲ့ဖို့ စီစဉ်နေတယ်လို့လည်း တော်စတွိုင်းက ပြောပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခနောက်ပိုင်းမှာ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ ဂျပန် အပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံတချို့က ရုရှားကို အထူးအခွင့်အရေးခံနိုင်ငံဆိုတဲ့ ကုန်သွယ်ရေး အဆင့်အတန်းကနေ ပြန်ရုပ်သိမ်းခဲ့ကြပါတယ်။ တချို့နိုင်ငံတွေကတော့ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ကြတာပါ။

ဒါတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားက ကုန်သွယ်ရေးအဖွဲ့ကနေ နုတ်ထွက်ဖို့ ဆွေးနွေးနေပါတယ်။

ရုရှားနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့တာနဲ့ ဥပဒေမဲ့ ပိတ်ဆို့အရေးယူတာတွေဟာ WTO စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ရုရှားထုတ်ကုန်တွေရဲ့ ဈေးကွက်ကို ပိတ်ဖို့ လှုံ့ဆော်မှုလည်းဖြစ်တယ်၊ ဒါတွေဟာ WTO စည်းမျဉ်းတွေနဲ့ ဆန့်ကျင်ဘက်ပဲလို့လည်း တော်စတွိုင်းက ပြောပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်တွေကို ရုရှားက အကဲဖြတ်မှာဖြစ်ပြီး တကယ်လို့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေရင် ပယ်ချသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရုရှားဟာ သူတပါးရဲ့ အကျိုးစီးပွားကို ထိခိုက်မှာမဟုတ်တဲ့နည်းနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လုပ်သွားမယ်၊ ဒါပေမဲ့ တချိန်တည်းမှာပဲ အထူးသဖြင့် နိုင်ငံရေး ကန့်သတ်ချက်လိုမျိုး ဘယ်လိုကန့်သတ်ချက်မှ မပါဘဲ ရုရှားနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်သွားမယ်လို့လည်း တော်စတွိုင်းက ပြောခဲ့ပါတယ်။

4 months Ago

April 13, 2018

ကမ္ဘာ့စီးပွားရေး ပြန်နာလန်ထူရန် အာရှစီးပွားရေး အင်အားကြီးနိုင်ငံများ အဓိကကျဟု WTO ပြော

ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူဖို့ အာရှ စီးပွားရေး အင်အားကြီးနိုင်ငံတွေက အဓိက အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO က ပြောလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ အာရှ စီးပွားရေးအင်အားကြီးနိုင်ငံတွေနဲ့အတူ ပြန်နာလန်ထမယ့် အားကောင်းတဲ့ လက္ခဏာတွေကို ပြနေတယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO က ဧပြီ ၁၂ ရက်နေ့မှာ ပြောလိုက်တာပါ။ ကမ္ဘာ့ကုန်စည် ကုန်သွယ်ရေးဟာ မနှစ်က ၄.၇ ရာခိုင်နှုန်း တိုးလာပြီး ၆ နှစ်အတွင်း အမြန်ဆုံး တိုးတက်လာတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း WTO ရဲ့ ညွှန်ချုပ် ရိုဘာတို အာဇေဗေဒိုက ပြောပါတယ်။ “ဒီကနေ့ ထုတ်ပြန်တဲ့ ခန့်မှန်းချက် အလားအလာက အတော်လေး အပြုသဘော ဆောင်တယ်၊ ပိုအားကောင်းတဲ့ စီးပွားရေး တိုးတက်မှုကို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာရော ဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာပါ မြင်နေရတယ်။ ဆက်ပြီး ဖွံ့ဖြိုးဦးမယ်လို့ ဟောကိန်းထုတ်ထားတယ်” လို့ သူက ဆက်ပြောပါတယ်။ အဓိက ထည့်ဝင်အားပေးတဲ့ နိုင်ငံတွေဟာ အာရှစီးပွားရေး နိုင်ငံကြီးတွေလို့လည်း သူက ပြောပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ၂၀၁၇ မှာ ကမ္ဘာ့အကြီးဆုံး ပြည်ပ တင်ပို့ကုန်နိုင်ငံဖြစ်ပြီး ဒုတိယအကြီးဆုံး ပြည်တွင်းတင်သွင်းတဲ့ နိုင်ငံလည်း ဖြစ်နေပါတယ်။ တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံ ကုန်သွယ်ရေး ပမာဏကတော့ ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကျော် ရှိနေတာပါ။ တရုတ်ရဲ့ တံခါးဖွင့်မူဝါဒကို ပိုတိုးချဲ့ဖို့ အသေးစိတ်စီမံချက်လေးရပ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘိုအောင် ဖိုရမ်မှာ အဆိုပြုခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ တရုတ်ရဲ့ ဈေးကွက်လက်လှမ်းမီမှု တိုးချဲ့ဖို့ အကြီးစား လုပ်ဆောင်ချက်တွေ ပါပါတယ်။ “ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးဟာ ကုန်သွယ်မှုကန့်သတ်ချက် ဖြေလျှော့ရေး အတွက် အလုပ်လုပ်နေတယ်။ ဒါဟာ လူတွေ အလုပ်အကိုင် ရရှိရေးနဲ့ လူမှုရေး၊ စီးပွားရေးအရ ပိုတိုးတက် လာစေရေး ကူညီပေးတယ်။ တရုတ်နိုင်ငံအတွင်း ကုန်သွယ်မှု ကန့်သတ်ချက် ပိုဖြေလျှော့ပေးမယ့် ကြေညာချက်ဟာ အင်မတန်ကြိုဆိုရမယ့်ကိစ္စပဲ။ WTO ကသာမက နိုင်ငံတကာ လူ့အဖွဲ့ အစည်းကပါ ကြိုဆိုမယ်ဆိုတာ သေချာတယ်” လို့ အာဇေဗေဒိုက ပြောခဲ့ပါတယ်။
4 years Ago
Up