Wonder Woman

July 15, 2020

စပိုင်ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ရန် Wonder Woman စတား Gal Gadot ဆွေးနွေးနေ

စပိုင်ရုပ်ရှင်ကားတကားမှာ ပါဝင်ဖို့ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသမီး Gal Gadot နဲ့ ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Skydance နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ Discussing Film မှာ ဖော်ပြတဲ့ သတင်းမှာတော့ အဆိုပါ ရုပ်ရှင်ကားဟာ အမျိုးသမီး ဇာတ်ကောင် ဦးဆောင်တဲ့ Spy Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုက်ကူးမယ့် ဒါရိုက်တာ၊ ဇာတ်ဝင်ခန်းတွေ အသေးစိတ်ကိုတော့ မသိရသေးဘဲ ဒီကားကို နက်ဖလစ်စ် နာမည်ကြီးရုပ်ရှင် The Old Guard ရဲ့ ဇာတ်ညွှန်းရေးဆရာ Greg Rucka က တာဝန်ယူသွားမှာလို့ သိရပါတယ်။ လတ်တလောမှာတော့ ဒီကားကို လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ် ရောဂါ အခြေအနေကြောင့် အခုနှစ်နှောင်းပိုင်းလောက်မှာမှ ရိုက်ကူးသွားနိုင်ဖွယ် ရှိတယ် လို့ သတင်းက ဆိုပါတယ်။ အသက် ၃၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး Gal Gadot ကိုတော့ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးရရှိတဲ့ သရုပ်ဆောင်တွေထဲက တယောက်အဖြစ် အားလုံးက သိထားကြပါတယ်။ သူဟာ အသက် ၁၈ နှစ်အရွယ် ၂၀၀၄ ခုနှစ်မှာ အစ္စရေးနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာ အလှမယ်တယောက် ဖြစ်ခဲ့ပြီးနောက် စစ်တပ်မှာ ကာယနည်းပြတယောက်အနေနဲ့ ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးပညာ အထူးပြုဘွဲ့ရရှိခဲ့ပြီး မော်ဒယ်နဲ့ သရုပ်ဆောင်လောကထဲ ခြေချခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးတယောက်အနေနဲ့ နိုင်ငံတကာက အသိအမှတ်ပြုခံခဲ့ရတဲ့ Gal Gadot ရဲ့ ပထမဆုံးရုပ်ရှင်ကတော့ ၂၀၀၉ ခုနှစ်ထွက် Fast & Furious ရုပ်ရှင်ဖြစ်ပြီး ဆက်တိုက်ဆိုသလို ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး Wonder Woman(2017) နဲ့ Batman v Superman: Dawn of Justice (2016) ရုပ်ရှင်ကားတွေ ဟာ ထင်ရှားတဲ့ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ သူဟာ တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်တဲ့ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရင် ရုပ်ရှင်ကားရဲ့ Sequel ရုပ်ရှင်ကားတကားအနေနဲ့ ထပ်မံ ရိုက်ကူးထားတဲ့ Wonder Woman 1984 ကို ရုံတင်ပြသဖို့ ရှိနေတာပါ။ လတ်တလော ကိုဗစ်ကာလမို့ ရုံတင်ရက်အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရခဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၇၅ သန်း အကုန်အကျခံ ရိုက်ကူးထားပြီး လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ရုံတင်သွားမယ်လို့ ကြေညာထားပါတယ်။
1 year Ago
Up