WHO တိုက်တွန်း

January 28, 2020

ကိုရိုနာဗိုင်းရပ်စ်အရေး ဆောင်ရွက်သည့် ကျန်းမာရေးလုပ်သားများကို ကာကွယ်ရန် WHO တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရုတ်နိုင်ငံအတွင်း လူ ၁၀၆ ယောက် သေဆုံးပြီး ၄၅၁၅ ယောက် ကူးစက်ခံထားရကြောင်း တရုတ်အစိုးရက ကြေညာထားချိန်မှာ ကျန်းမာရေး လုပ်သားတွေကို ကာကွယ်ပေးဖို့ အရေးကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇန်နဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ “ဆေးရုံတွေမှာ ကူးစက်မှု ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေ လုံလောက်အောင် လုပ်တာ သေချာစေရေးဟာ အတိမ်းအစောင်း မခံလောက်အောင် တကယ့်ကို အရေးကြီးတယ်။ ကူးစက်မှု ဟန့်တား ထိန်းချုပ်ရေး စံချိန်စံညွှန်းတွေကို တချိန်လုံး လိုက်နာစောင့်ထိန်းရမယ်။ ကျန်းမာရေးလုပ်သားတွေကို ကာကွယ်ပေးဖို့က တကယ့်ကို အရေးကြီးတယ်”လို့ WHO ရဲ့ ထွန်းသစ်စ ရောဂါဌာနအကြီးအကဲ မာရီယာဗန်ကာခို့ဗ်က ပြောပါတယ်။ ရောဂါပိုး စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ ခရီးထွက်လာကြတဲ့လူတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံပေါင်း တဒါဇင်လောက်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ရှိနေပြီလို့ အတည်ပြုထားပါတယ်။ အမေရိကန် အာဏာပိုင်တွေကတော့ သူတို့ရဲ့ ပြည်နယ် ၂၆ ခုမှာ ကူးစက်ခံ သံသယရှိသူ အယောက် ၁၁၀ ကို စောင့်ကြည့် စစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဥရောပတိုက်မှာ ဒုတိယမြောက် ကူးစက်ခံနိုင်ငံအနေနဲ့ ဂျာမနီနိုင်ငံထဲမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ တယောက်ရှိနေပြီလို့ ဂျာမနီအစိုးရက ဇန်နဝါရီ ၂၈ ရက်မှာ ကြေညာပါတယ်။ အနောက်အာဖရိကဒေသ အိုင်ဗရီကို့စ်နိုင်ငံမှာလည်း တရုတ်မှာ ငါးနှစ်ကြာ ကျောင်းတက်နေပြီး ပေကျင်းမြို့ကနေ ပြန်လာတဲ့ ကျောင်းသူကို ကူးစက်ခံလို့ သံသယရှိတာကြောင့် စစ်ဆေးနေတယ်လို့ အစိုးရက ပြောပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု စကတည်းက အာဖရိကတိုက်က နိုင်ငံအတော်များများဟာ တရုတ်ကနေ ရောက်လာတဲ့ လေကြောင်းခရီးစဉ်တွေကို ပိုပြီး စစ်ဆေးနေခဲ့ကြတယ်လို့ ဘီဘီစီ သတင်းဌာနက အစီရင်ခံပါတယ်။ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင် (NHC) ရဲ့ ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်ချက် အရ တရုတ်နိုင်ငံတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ခရိုင်စုစုပေါင်း ၃၀ မှာ ကူးစက်လူနာတွေ ရှိတယ်လို့ အတည်ပြုထားပြီး လူနာ အယောက် ၆၀ က ကုသပြီးစီးလို့ ဆေးရုံက ပြန်ဆင်းသွားပါပြီ။ ကူးစက်လူနာအသစ်လို့ သံသယရှိသူ ၂၀၇၇ ယောက်ကို စမ်းသပ် စစ်ဆေးနေပါတယ်။ ဖျားနာ လူနာ စုစုပေါင်း ၄၄၀၀၀ ကျော်ကတော့ လောလောဆယ် ဆေးကုသမှု ခံယူနေပါတယ်။ တရုတ်ပြည်မကြီးရဲ့ ပြင်ပမှာ ကူးစက်ခံ အတည်ပြုထားသူတွေကတော့ ဟောင်ကောင်မှာ ၈ ယောက်၊ မကာအိုမှာ ၇ ယောက်နဲ့ ထိုင်ဝမ်မှာ ၅ ယောက် ရှိတယ်လို့ (NHC) က သတင်းထုတ်ပြန်ထားပါတယ်။
1 year Ago
Up