wfp

August 12, 2021

မြန်မာနိုင်ငံသား ၁၂ သိန်းခွဲကို စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ဟု WFP ကြေညာ

မြန်မာနိုင်ငံရဲ့ မြို့ပြဒေသတွေနဲ့ ကျေးလက်ဒေသတွေက ပြည်သူ ၁၂ သိန်းခွဲအတွက် ၂၀၂၁ ခုနှစ်အတွင်း   စားနပ်ရိက္ခာ၊ ငွေသားနဲ့အာဟာရ အထောက်အပံ့တွေ ပေးအပ်ထောက်ပံ့နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။

WFP ဟာ မြို့ပြစားနပ်ရိက္ခာ အထောက်အပံ့စီမံချက်တစ်ခုကို မေလမှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး အခုသြဂုတ်လအထိ ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်တို့က ထိခိုက်လွယ်သူ လူဦးရေပေါင်း  ၆၅၀,၀၀၀ အတွက် တိုက်ရိုက်ကူညီပံ့ပိုး ပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထောက်ပံ့တာကတော့ မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့လည်း ဆိုပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် မစ္စတာ စတီဖင်အန်ဒါဆန်က  “မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုဟာ ပိုမိုတိုးများလာသလို ပိုဆိုးရွားလာတာကို ကျနော်တို့ တွေ့မြင်နေရပါတယ်။ ရန်ကုန်မြို့တစ်ဝိုက်က ပျံကျရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၉၀ ရာခိုင်နှုန်း နီးပါးဟာ ငွေချေးယူပြီး အစားအစာဝယ်ယူနေကြရပါတယ်။ သူတို့ ဝင်ငွေဟာလည်း တော်တော်လေးကို ကျဆင်းသွားပါတယ်။”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

ပြီးတော့ မကြာသေးခင်က နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေမငြိမ်သက်မှုတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူ လူပေါင်း ၁၇,၅၀၀ ကိုလည်း ထောက်ပံ့ကူညီနိုင်ခဲ့ပြီး  နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူတွေကို အခုသြဂုတ်လထဲမှာ တိုးချဲ့ကူညီသွားဖို့လုပ်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အသက်ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဆက်လုပ်နိုင်ဖို့ အခုလကစပြီး  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အထိ ကြားကာလ အရေးပေါ် ရန်ပုံငွေလိုအပ်ချက် အမေရိကန်ဒေါ်လာ ၈၆ သန်းရရှိနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

5 months Ago

July 6, 2021

WFP လုပ်ငန်းများအတွက် တောင်ကိုရီးယားအစိုးရက ဒေါ်လာ ၈ သိန်း လှူဒါန်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) လုပ်ငန်းတွေအတွက် တောင်ကိုရီးယားအစိုးရက အမေရိကန်ဒေါ်လာ ၈ သိန်း လှူဒါန်းခဲ့ပါတယ်။

ဒီရန်ပုံငွေတွေဟာ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်ပြည်နယ်ရှိ  လူဦးရေ ၃ သိန်း ၂ သောင်းရဲ့ လစဉ် အစားအစာအထောက်အပံ့တွေ ပေးနေရတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ WFP ကို အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

အရင်ရှိထားပြီးသား ဆင်းရဲနွမ်းပါးမှု၊ ကိုဗစ်-၁၉ နဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံရှိ  လူဦးရေ ၃ ဒသမ ၄ သန်းနဲ့ အထူးသဖြင့် မြို့ပြနေ ဆင်းရဲနွမ်းပါးသူတွေ အစားအစာ မလုံလောက်မှုတွေ ကြုံနေရတာပါ။

ဒါ့အပြင် ဖေဖော်ဝါရီလကစပြီး နိုင်ငံအနှံ့အပြားရှိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။

ဘင်္ဂလားဒေ့ရ်ှမှာတော့ ကိုရီးယားရဲ့ အလှူငွေတွေကို ကော့ဘဇားစခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၈ သိန်း ၆ သောင်းကျော်အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေအတွက် WFP က ဆက်လက် ကူညီသွားမှာ ဖြစ်ပါတယ်။ 

WFP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်အေးလိဇ်က “ရိုဟင်ဂျာ အားလုံးနီးပါးဟာ ပြင်ပအကူအညီတွေအပေါ် လုံးလုံးမှီခိုနေကြရတာပါ။ WFP ရဲ့ပံ့ပိုးမှုနဲ့ ရိုဟင်ဂျာမိသားစုအားလုံးဟာ ခုအခါ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ လက်လီရောင်းချတဲ့ဆိုင်တွေမှာ လတ်ဆတ်ပြီး အဓိကကျတဲ့ အစားအစာတွေကို ပြန်လည်ဝယ်ယူနိုင်တဲ့ အီလက်ထရောနစ်ဘောက်ချာတွေ ရရှိနေကြပါပြီ။ ဒီနှစ်နိုင်ငံစလုံးရဲ့ အရေးတကြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကိုရီးယားသမ္မတနိုင်ငံကနေ အချိန်မီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိတယ်”လို့  ပြောပါတယ်။

မနှစ်တုန်းက ဒေသတွင်းမှာ လူပေါင်း ၁၄ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ပြီး အခုနှစ်မှာတော့ ကိုဗစ် ဖြစ်ပွားမှုတွေ များလာတာနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေလို အမျိုးမျိုးသော လှုပ်ခတ်မှုတွေဟာ WFP ရဲ့ ထောက်ပံ့မှုတွေဟာ ပိုပြီးအရေးကြီးတဲ့အဓိပ္ပာယ်လို့လည်း  ဆိုပါတယ်။

WFP နဲ့ အာရှ၊ ပစိဖိတ်ရှိ ပြည်သူတွေအတွက် ရပ်တည်ပေးခဲ့တဲ့အတွက် ကိုရီးယားလူမျိုးတွေကို အထူးကျေးဇူးတင်ရှိတယ်လို့လည်း ပြောကြားသွားပါတယ်။

7 months Ago
More News
Up