ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးငယ်တယောက်ဟာ ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းက Wave Money ဆိုင်မှာ ငွေသွားလွှဲရာမှာ ကျပ် ၁၀,၀၀၀ တန်အတုတွေဖြစ်နေတဲ့အတွက် ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အမှတ် ၁၁ ရပ်ကွက်၊ စံပယ်လမ်း၊ လိုင်းခန်းတခုမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်ဟာ မိဘနေမကောင်းလို့ ငွေသွားလွှဲရာမှာ ကျပ် ၁၀,၀၀၀ တန် အတုတွေ ဖြစ်နေလို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကလေးမလေးက ငွေဘယ်လောက်သွားလွှဲလဲ မသိဘူး။ အတုက ၂၆ ရွက်ပါတယ်ဆိုပြီး အဖမ်းခံရတာ။ အတုတွေမှန်းသိရင် ဘယ်သူက မှတ်ပုံတင်ယူပြီး သွားလွှဲမှာလဲ။”
ငွေလာလွှဲတဲ့ ၁၀,၀၀၀ တန်ငွေစက္ကူထဲမှာ ၂၆ ရွက်ဟာ ငွေစက္ကူအတုတွေဖြစ်နေလို့ ဆိုင်ရှင်က ရဲစခန်းကို အကြောင်းကြားလိုက်တဲ့အတွက် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ငွေတုပြဿနာကို သေချာမရှင်းနိုင်သရွေ့ မသိနားမလည်တဲ့သူတွေ အခုလို ဒုက္ခရောက်နေမှာပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း ငွေစက္ကူအတုတွေမိတာ အများကြီး။”
ဖမ်းဆီးခံရတဲ့ မိန်းကလေးကို သောင်ကြီးနယ်မြေ ရဲစခန်းက ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်ကလည်း လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ၅ ရပ်ကွက်က လိုင်းခန်းတခုမှာ နေထိုင်တဲ့ စက်ရုံအလုပ်သမားတဦးဟာ လစာထုတ်ပြီး အကြွေးသွားဆပ်ရာ ကျပ် ၁၀,၀၀၀ တန် ငွေအတုနှစ်ရွက် ပါနေလို့ ဖမ်းဆီးခံခဲ့ရပါတယ်။
ငွေစက္ကူအတုတွေကို ၂၀၂၂ ခုနှစ်က ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ မွန်နဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ ဖမ်းဆီးရမိခဲ့တာ ရှိပါတယ်။
ငွေဝင်ငွေထွက်များတဲ့ wave pay/ kpay အကောင့်တွေအား ရဲစခန်းခေါ်ယူစစ်ဆေးဖို့ စစ်တပ်က အဖွဲ့အစည်းအသီးသီးကို ညွှန်ကြားထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
NUG၊ CRPH၊ CDM နဲ့ PDF တွေကို လှူဒါန်းတာ မပြုလုပ်နိုင်ဖို့ စစ်တပ်က ဗဟိုဘဏ်ကို ညွှန်ကြားထားပြီး ဗဟိုဘဏ်တဆင့် ဌာနဆိုင်ရာရုံးတွေကို စာပေးပို့ စစ်ဆေးခိုင်းတာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အခုက အကောင့်ပိတ်တဲ့ အဆင့်မဟုတ်တော့ဘူး။ တယောက်ယောက်က မလိုလို့တိုင်ရင် အဲ့ဒီ KPay အကောင့်တို့၊ Wave အကောင့်တို့ကို ရဲစခန်းက ခေါ်စစ်တာ။”
ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း Online Shop ရောင်းချသူတဦးအား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် Kpay အကောင့် အပိတ်မခံရပေမဲ့ ရဲစခန်းကို ၁၅ သိန်းပေးပြီးမှ ပြန်လွတ်လာတယ်လို့ ခေါ်ယူစစ်ဆေးခံရသူက ပြောပါတယ်။
“ကျနော်ကို ရဲစခန်းက စာနဲ့ခေါ်တယ်။ ဟိုရောက်တော့ ရဲစခန်းမှာ မစစ်ဘူး၊ စစစ ရုံးမှာစစ်တာ၊ ဘဏ်မန်နေဂျာလည်း ပါတယ်။ သူတို့စွပ်စွဲချက်တွေ တခုမှမတွေ့တော့ ပြီးခဲ့တဲ့နှစ်က Share ထားတဲ့ သတင်းတခုကို ဖုန်းမှာတွေ့ပြီး ရစ်နေလို့ ဆယ့်ငါးသိန်းလောက် ကုန်သွားတယ်၊ အဲဒါမှ ပြန်လွှတ်ပေးတယ်။”
ငွေဝင်ငွေထွက်များတဲ့ wave pay/ kpay acc များကို ရဲစခန်းက ခေါ်ယူစစ်ဆေးရာမှာ နိုင်ငံရေးနဲ့ဆက်နွှယ်မှုမရှိတဲ့ အကောင့်တွေကို ပြန်မလွှတ်ဘဲ ငွေရမှာသာ ပြန်လွှတ်ပေးတယ်လို့ တောင်ဥက္ကလာမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျမ အစ်မ Wave Pay အကောင့်ဆိုရင် ဆန်ဆိုင်ဆိုတော့ ငွေဝင်တာများတာပေါ့၊ အဲဒါကို ရဲက စောက်ကျင့်ယုတ်ပြီး စခန်းခေါ်စစ်တယ်။ ဘဏ်ကို ပိတ်ခိုင်းတယ်။ Wave အကောင့် အပိတ်မခံရအောင်ရယ်၊ အဖမ်းမခံရအောင် လိုက်လုပ်တာ သိန်းငါးဆယ်လောက်ကုန်တယ်" လို့ ပြောပါတယ်။
ငွေဝင်ငွေထွက်များတဲ့ wave pay / kpay acc တွေကို ရဲစခန်းခေါ်ယူစစ်ဆေးဖို့ ဗဟိုဘဏ်မှ ညွှန်ကြားထားတာမရှိသလို ထုတ်ပြန်ထားတာလည်း မရှိဘူးလို့ ဗဟိုဘဏ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ရဲစခန်းတွေက ခေါ်ယူစစ်ဆေးရာမှာ စစ်ကောင်စီရဲ့ မိသားစုဝင်တွေပါ စစ်ဆေးခံနေရတဲ့အတွက် ထုချေလွှာပေးနေရတဲ့ မြို့မရဲစခန်းတွေလည်း ရှိနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့လတွေက NUG၊ CRPH၊ CDM နဲ့ PDF စတဲ့ အဖွဲ့အစည်းအသီးသီးကို လှူဒါန်းလို့မရအောင် wave pay / kpay acc တွေကို ပိတ်သိမ်းခဲ့တဲ့အပြင် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်တွေလည်းရှိပါတယ်။