WannaCry ကွန်ပျူတာဗိုင်းရပ်စ်တိုက်ခိုက်မှု မြောက်ကိုရီးယားနှင့် ပတ်သက်နိုင်ဟု ပြော

May 16, 2017

WannaCry ကွန်ပျူတာဗိုင်းရပ်စ်တိုက်ခိုက်မှု မြောက်ကိုရီးယားနှင့် ပတ်သက်နိုင်ဟု ပြော

ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ က ကွန်ပျူတာအလုံး ၃ သိန်းကျော်ကို ကူးစက်ခဲ့တဲ့ WannaCry "ransomware" အမျိုးအစား ကွန်ပျူတာဗိုင်းရပ်စ် တိုက်ခိုက်မှုဟာ မြောက်ကိုရီးယားနဲ့ ပတ်သက်နိုင်တယ်လို့ ဆိုက်ဘာလုံခြုံရေး သုတေသနပညာရှင်တွေက ပြောလိုက်ပါတယ်။ WannaCry ဆော့ဖ်ဝဲရဲ့ အစောပိုင်း ဗားရှင်းတွေဟာ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာ ဖောက်ထွင်းစစ်ဆင်ရေးလို့ သတ်မှတ်ထားတဲ့ လာဇာရပ်စ်အုပ်စုကသုံးတဲ့ ပရိုဂရမ်တွေထဲမှာ ပေါ်လာခဲ့ပြီးပြီလို့ စီမဲန်းတက်ခ် (Symantec) နဲ့ ကပ်စ်ပါးစကီး လက်ဘ် (Kaspersky Lab) ဆိုက်ဘာလုံခြုံရေး ဌာနချုပ်တွေက မေလ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ သက်သေတွေအရ ဒီတိုက်ခိုက်မှုမှာ မြောက်ကိုရီးယားကပါတယ်လို့ ပြောဖို့ စောလွန်းသေးကြောင်း စီမဲန်းတက်ခ်နဲ့ ကပ်စ်ပါးစကီးလက်ဘ် ၂ ဖွဲ့လုံးက ပြောခဲ့တယ်လို့လည်း ဂူဂယ်ရဲ့ လုံခြုံရေး သုတေသနပညာရှင် နီးလ်မေတာက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ မေလ ၁၂ ရက်နေ့က စပြီး ၁၅ ရက်နေ့မှာ နှေးကွေးသွားတဲ့ ဒီတိုက်ခိုက်မှုတွေဟာ မှတ်တမ်းတင်ထားသမျှထဲမှာ အမြန်ဆုံး ပျံ့နှံ့ခဲ့တဲ့ ဗိုင်းရပ်စ်စာရင်းထဲမှာ ပါတယ်လို့လည်း မီဒီယာတွေက အစီရင်ခံပါတယ်။ သုတေသန ဆုံးဖြတ်ချက်တွေကို ကမ္ဘာတလွှားက ဥပဒေ အာဏာတည်ရေး အဖွဲ့အစည်းတွေက နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆိုက်ဘာ ရာဇဝတ်သားတွေဟာ တရားခံတွေ ဖြစ်နိုင်တယ်လို့ အမေရိကန်သမ္မတရဲ့ ပြည်တွင်းလုံခြုံရေး အကြံပေးက မေလ ၁၅ ရက်နေ့မှာ ပြောပါတယ်။ ကုတ်တွေကို ပိုလေ့လာဖို့ လိုသေးတယ်လို့လည်း လုံခြုံရေး အဖွဲ့အစည်း ၂ ရပ်က ပြောပါတယ်။ တခြားလူတွေကိုလည်း စစ်ဆေးအကဲဖြတ်ရာမှာ ကူညီဖို့ ဆော်သြပါတယ်။ တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ပြောဖို့ စောလွန်းသေးပေမယ့် မြောက်ကိုရီးယားကို သံသယရှိသူအဖြစ် မသတ်မှတ်သေးဘူးလို့ အမေရိကန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ကြပါတယ်။
4 years Ago
Up