အေဂျက်အသင်းဟာ အောက်တိုဘာ ၂၄ ရက်က ကစားခဲ့တဲ့ နယ်သာလန်လိဂ်ပွဲစဉ်မှာ ပြိုင်ဘက် VVV ဗန်လိုအသင်းကို ၁၃ ဂိုး အထိသွင်းယူကာ လိဂ်ရဲ့ အကြီးမားဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။
ဒီပွဲမတိုင်ခင်မှ အေဂျက်အသင်းဟာ ပီအက်စ်ဗွီအသင်းရဲ့နောက် ၁ မှတ်အကွာမှာ ရှိနေတာဖြစ်ပြီး စံချိန်တင်နိုင်ပွဲကြောင့် ၄ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အေဂျက်နဲ့ အဆင့် ၁၀ နရာက VVV ဗန်လိုအသင်းတို့ တွေ့ဆုံမှုမှာ အေဂျက်က အနိုင်ရရှိဖို့ ရေပန်းစားခဲ့ပေမဲ့ ၁၃ ဂိုးအထိသွင်း ယူနိုင်လိမ့်မယ်လို့တော့ ဘယ်သူကမှ မထင်ခဲ့ပါဘူး။
ပွဲအစ ၁၃ မိနစ်မှာတင် အေဂျက်အသင်းအတွက် အဖွင့်ဂိုးကို ဂျာဂန်အကီလန်ကမ့်က သွင်းယူခဲ့ပြီး လက်ဆနာထရာအိုရေးက အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့သလို တာဒစ်ရဲ့သွင်းဂိုး ၁ ဂိုး ကြောင့်လည်း ပထမပိုင်းမှာတင် ၄ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းစပြီး ၆ မိနစ်မှာတင် VVV အသင်းရဲ့ နောက်ခံလူတဦး ထုတ်ပယ်ခံခဲ့ရပြီး ဒီ အခြေအနေက အသင်းရဲ့ ခြေစွမ်းကို ပိုမိုဆိုးရွားစေခဲ့ကာ အေဂျက်အသင်းရဲ့ နောက်ထပ်ဂိုးတွေကို ထပ်မံခွင့်ပြုပေးခဲ့ရပါတယ်။
အေဂျက်ကစားသမားတွေဟာ ဒုတိယပိုင်း ၃၂ မိနစ်အတွင်း နောက်ထပ် ၉ ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ကာ ပွဲချိန် ၃ မိနစ်ခွဲတိုင်းမှာ ၁ ဂိုးနှုန်း နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။
ထရာအိုရေးက နောက်ထပ်သွင်းဂိုး ၃ ဂိုးရရှိခဲ့တာကြောင့် သူဟာ ဒီပွဲမှာ သွင်းဂိုး ၅ ဂိုး အထိရှိခဲ့ပြီး အကီလန်ကမ့်က ၁ ဂိုး၊ ဘရာဇီးကွင်းလယ်လူ အန်တိုနီယိုက ၁ ဂိုး သွင်းယူခဲ့ပါတယ်။
ဂိုးပြတ်အနိုင်ရရှိနေချိန်မှာ အေဂျက်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ဟန်တဲလ်လားကို ထည့်သွင်းခဲ့ပြီး ဒီကစားသမားက ပင်နယ်တီ ၁ ဂိုး အပြင် ၂ ဂိုးသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ လူစားဝင်ကစားသမား မာတီနက်ဇ်ကလည်း ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။
အေဂျက်အသင်းဟာ ဒီပွဲမှာ ဂိုးကန်သွင်းမှု ၄၅ ကြိမ်ရှိခဲ့ပြီး ၂၃ ကြိမ်က ဂိုးပေါက်တည့်ကာ ၁၃ ကြိမ်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။
စနေနေ့အနိုင်ရလာဒ်ကြောင့် အေဂျက်အသင်းဟာ ဗွီတက်ဆီအသင်းကို ၁၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၁၉၇၂ ခုနှစ်စံချိန်ကို ချိုးဖျက်ကာ နယ်သာလန်လိဂ်ရဲ့ အကြီးမားဆုံး ဂိုးပြတ် အနိုင်ရလဒ်ဆိုတဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။
2 years Ago