Vogue မဂ္ဂဇင်း

May 6, 2020

နာမည်ကျော် Vogue မဂ္ဂဇင်းရဲ့ အသက်အကြီးဆုံး မျက်နှာဖုံးရှင် ၈၅ နှစ်အရွယ် မင်းသမီးကြီး

နာမည်ကျော် ဗြိတိန်ဖက်ရှင်မဂ္ဂဇင်းတခုဖြစ်တဲ့ British Vogue မဂ္ဂဇင်းရဲ့ ဇွန်လထုတ် မျက်နှာဖုံးရှင်ကတော့ အသက် ၈၅ နှစ်အရွယ် မင်းသမီးကြီး Judi Dench ဖြစ်ပါတယ်။ ဒါဟာ ဖက်ရှင်နဲ့ အလှအပရေးရာ မဂ္ဂဇင်းတစောင်အနေနဲ့ ငယ်ရွယ်တက်ကြွတဲ့ သရုပ်ဆောင် မော်ဒယ်တွေကိုသာ မျက်နှာဖုံးရှင်အဖြစ် အသားပေးဖော်ပြလေ့ရှိတဲ့ မဂ္ဂဇင်းအတွက် အသက်အကြီးဆုံး မျက်နှာဖုံးရှင် ဖြစ်လာခဲ့တာပါ။ ဒီအသက်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အပြုံးနဲ့ မင်းသမီးကြီးနဲ့ ဓာတ်ပုံရိုက်ကူးမှုကိုတော့ COVID-19 ကပ်ဘေး လော့ခ်ဒေါင်းကာလမတိုင်ခင် မေလ ၇ ရက်နေ့က ရိုက်ကူးရင်း Surrey မြို့နေအိမ်မှာ self-isolating လုပ်တဲ့အကြောင်းတွေနဲ့အတူ သူ့ ရဲ့ ဖြတ်သန်းမှုတွေအကြောင်း တွေ့ဆုံမေးမြန်းထားတယ်လို့ ဆိုပါတယ်။ ၁၉၆၀ ပြည့်လွန်ကာလတွေကတည်းက ရုပ်ရှင်နယ်ပယ်မှာ ဖြတ်သန်းလျှောက်လှမ်းခဲ့သူ မင်းသမီးကြီး Judi Dench ဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိ အချိန်ထိလည်း ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ မင်းသမီးကြီးဟာ ၁၉၉၈ ခုနှစ်ထွက် Shakespeare in Love ရုပ်ရှင်ကားနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်အော်စကာဆုအပါအဝင် ရွှေကမ္ဘာလုံးဆု ၃ ဆုနဲ့ ဆုပေါင်း ၅၀ ကျော် ဆွတ်ခူးရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ သိပ်ထင်ထင်ပေါ်ပေါ် နေလေ့မရှိတဲ့ မင်းသမီးကြီးဟာ ပြီးခဲ့တဲ့လတုန်းကတော့ သမီးဖြစ်သူ Finty Williams တွစ်တာလူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တဲ့ ရုပ်သံဗွီဒီယိုတခုမှာ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းခွဲနီးပါး ရှိနေခဲ့တာပါ။
11 months Ago
Up