VAR စည်းမျဉ်း

July 8, 2020

အန်ခီးတီးယား၏အနီကတ် VAR စည်းမျဉ်းကို ဇဝေဇဝါဖြစ်မိဟု အာတီတာ ပြော

လက်စတာအသင်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး အက်ဒီအန်ခီးတီးယား ထုတ်ပယ်ခံခဲ့ရတဲ့ VAR နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေအပေါ် ဇဝေဇဝါဖြစ်မိတယ်လို့ အာဆင်နယ်နည်းပြ မီခေးအာတီတာက ပြောပါတယ်။  အန်ခီးတီးယာဟာ အိမ်ရှင်သင်းအတွက် ပွဲချိန် ၇၁ မိနစ်မှာ လူစားလဲ ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ၄ မိနစ်အကြာမှာ အနီကတ်ပြခံခဲ့ရတာပါ။ သူ့ရဲ့အနီကတ်ကို ကွင်းလယ်ဒိုင် ခရစ္စကာဗန်နက်က VAR ကို အသုံးပြု ဆုံးဖြတ်ခဲ့တာ  ဖြစ်ပါတယ်။  နည်းပြ အာတီတာက “ကျနော် စည်းမျဉ်းစည်းကမ်းတွေကို နားမလည်မိပါဘူး။ ဒိုင်လူကြီးအနေနဲ့ ဒီလိုရုပ်ပုံတွေကို ပြန်လည်စစ်ဆေးတာမျိုးကိုလည်း မမြင်ခဲ့မိပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ ကျနော် ဘာမှလုပ်လို့ မရတော့ပါဘူး။ ဒါဟာ စည်းမျဉ်းပဲ ဖြစ်ပါတယ်။ ကျနော်တို့ ၂ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ နောက်ပြီးတော့ အက်ဒီကိုလည်း ပွဲစဉ်တချို့မှာ ဆုံးရှုံးရပါတော့မယ်” လို့  SkySports ကို ပြောပါတယ်။  အာဆင်နယ်အသင်းဟာ ပွဲချိန် ၁၅ မိနစ်လောက် တစ်ယောက်လျော့ အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ပွဲပြီးခါနီးမှာတော့ လက်စတာအသင်းရဲ့ ချေပဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီလိုမျိုး အရေးကြီးနေချိန်မှာ အမှတ်ဆုံးရှုံးမှု ဖြစ်ခဲ့ရပေမဲ့ အာတီတာကတော့ အာဆင်နယ်အသင်း ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။  ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး အန်ခီးတီးယားဟာ လက်စတာ ကစားသမား ဂျိမ်းစ်ဂျက်စတင်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး အာတီတာကတော့ သူ့ကစားသမားဟာ ငယ်ရွယ်သူမို့ အမှား ကျူးလွန်မိခဲ့တာလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။  ဒါ့အပြင် လက်စတာ ကစားသမားတွေဟာလည်း ပွဲချိန် မိနစ် ၄၀ နဲ့ ၄၅ မိနစ်တို့မှာ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့လည်း သူက သုံးသပ်သွားပါတယ်။
10 months Ago
Up